News @ M-Media

Author: Ko Lay

  • မော်စကိုတွင် သမိုင်းဝင် ဗလီဝတ်ကျောင်းတော် တစ်လုံး ပြန်လည် ဖွင့်လှစ်တော့မည်

    မော်စကိုတွင် သမိုင်းဝင် ဗလီဝတ်ကျောင်းတော် တစ်လုံး ပြန်လည် ဖွင့်လှစ်တော့မည်

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    russia

    – ရုရှားနိုင်ငံ မြို့တော်မော်စကိုတွင် ပြန်လည်ဆောက်လုပ်နေသည့် သမိုင်းဝင် ကက်သဒယ် ဗလီဝတ်ကျောင်းတော်မှာ ပြီးစီးလုနီးပါး ဖြစ်နေပြီး ဖွင့်ပွဲအခမ်အနားသို့ မွတ်စလင်ခေါင်းဆောင်များနှင့် အခြားသော ဘာသာများမှ ခေါင်းဆောင်များလည်း
    တက်ရောက်ကြလိမ့်မည်ဟု ရုရှားမွတ်စလင်ဘုတ်အဖွဲ့က ပြောကြားလိုက်သည်။

    “(အစ္စလာမ့်မစ်နိုင်ငံတွေက) ထိပ်တန်းအရာရှိတွေ လုံးဝ တက်ရောက်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ငြိမ်းချမ်းတဲ့အချိန်မှာရော အတိဒုက္ခရောက်နေတဲ့အချိန်မှာရော ကျွန်တော်တို့တိုင်းပြည်အပေါ်မှာ မပြောင်းမလဲ ဆက်ဆံခဲ့သူတွေ၊ ကျွန်တော်တို့ တိုင်းပြည်အပေါ်
    ရင်းရင်းနှီးနှီးရှိခဲ့တဲ့ တိုင်းပြည်တွေက ခေါင်းဆောင်တွေကိုလည်း အသေအချာကို ဖိတ်မန္တက ပြုသွားမှာပါ” ဟု ရုရှား၏ ဥရောပဘက်ခြမ်း မွတ်စလင်ဘုတ်အဖွဲ့ ပထမလက်ထောက် ဥက္ကဌဖြစ်သူ ဒါမီရန် ဂီဇာတူလင်က Interfax-Religion သို့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “ကမ္ဘာပေါ်က ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မွတ်စလင်တွေသာမကဘဲ ကျွန်တော်တို့ရဲ့ ညီရင်းအစ်ကို၊ မောင်ရင်းနှမတွေဖြစ်ကြတဲ့ အော်သိုဒေါ့စ်ခရစ်ယာန်တွေ၊ ဂျူးတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း ဖိတ်ကြားသွားမှာပါ”

    မော်စကိုရှိ အဆိုပါ သမိုင်းဝင် ကက်သဒယ်ဗလီဝတ်ကျောင်းတော်ကို ၁၉၀၄ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဖြိုချခဲ့ပြီးနောက် ပြန်လည်ဆောက်လုပ်နေခြင်းဖြစ်သည်။

    ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါ အခမ်းအနားမှာ မွတ်စလင်နိုင်ငံများမှ နိုင်ငံရေးနှင့် ဘာသာရေးနယ်ပယ်မှ ခေါင်းဆောင်များကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။

    “ဒီအခမ်းအနားက ရုရှားကို အစ္စလာမ်ကမ္ဘာနဲ့ ပိုပြီး နီးစပ်စေမှာဖြစ်ပြီး ရုရှားနိုင်ငံနဲ့ နိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ ဥပမကောင်းအဖြစ်လည်း မြင်ရမှာဖြစ်ပါတယ်” ဟု ဂီဇာတူလင်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ဧပြီလကလည်း နှစ်ပေါင်းများစွာ ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်အဖြစ် ပြောင်းလဲခြင်းခံခဲ့ရသည့် Red Juma ဗလီဝတ်ကျောင်းတော်ကို ရုရှားမွတ်စလင်များက ပြန်လည်ပြုပြင်ကာ ဖွင့်လှစ်နိုင်ခဲ့သည်။

    မော်စကိုမြို့တော်၏ လူဦးရေ ၁၂.၅ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်မှာ ၁.၅ သန်းရှိနေသည်ဟု နိုင်ငံရေး လေ့လာဆန်းစစ်သူ အလက်ဇီ မာလက်ရှန်ကိုက ပြောကြားခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၊ ၂၀၁၅)

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    ပျောက်ဆုံး မလေးလေယာဉ်မှဟု ယူဆရသည့် အစိတ်အပိုင်း ပြင်သစ်သို့ ရောက်ရှိ
    …………………………….
    အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့ရပြီး ပြီးခဲ့သည့်နှစ်မတ်လက ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်း၏ MH370 မှဟု ယူဆရသော လေယာဉ်တောင်ပံ အစိတ်အပိုင်းတစ်ခုမှာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ပြစ်သစ်နိုင်ငံ တူးလော့စ်မြို့သို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်။ အဆိုပါ အပိုင်းအစမှာ ဘိုးအင်း ၇၇၇ မှ အစိတ်အပိုင်းဖြစ်မည်ဟု ကျွမ်းကျင်သူများက ဟောကိန်းထုတ်ထားကြပြီး ထိုအမျိုးအစားမှာ MH370 ၏ လေယာဉ်အမျိုးအစားလည်း ဖြစ်သည်။ စစ်ဆေးမှုများကို လာမည့်သီတင်းပတ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    ဂျပန်တွင် အပူလှိုင်းကြောင့် လူ ၃ ဦးသေဆုံး
    ………………………..
    ဂျပန်နိုင်ငံတွင် ကျရောက်နေသည့် အပူလှိုင်းကြောင့် ယနေ့တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၆၀၀ ကျော်ကို ဆေရုံများသို့ တင်ပို့ခဲ့ရသည်။ အပူလှိုင်းဒဏ်ကို တစ်နိုင်ငံလုံး ခံစားရခြင်းဖြစ်ပြီး အချို့ဒေသများတွင် အပူချိန်မှာ ၃၉ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရှိနေသည်။ ဆေးရုံတင်ထားရသူများတွင် ၁၂ ဦးမှာ စိုးရိမ်စရာကောင်းသည့် အခြေအနေ ရှိနေသည်။ အပူလှိုင်းမှာ ဇူလိုင်လ အစောပိုင်းကတည်းက ဂျပန်နိုင်ငံသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် နေရိပ်သောနေရာတွင် နေထိုင်ရန်၊ ဓာတ်ဆားရည်နှင့် အေးသော အရည်များသောက်ရန် ဆရာဝန်များက ညွှန်ကြားထားသည်။ ပြီးခဲ့သည့်နှစ် အပူလှိုင်းအတွင်း ဂျပန်နိုင်ငံတွင် လူ ၃၀ သေဆုံးခဲ့ကာ ၃၅၀၀၀ ခန့် ဆေးကုသမှု ခံယူခဲ့ရသည်။

    ဗင်နီဇွဲလားတွင် စူပါမားကတ်များအား ပြည်သူများ ၀င်လု
    ………………………………….
    ဆန်၊ နို့နှင့် ဂျုံအပါအ၀င် အဓိက စားသောက်ကုန်ပစ္စည်းများ ရှားပါးမှုကြောင့် ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်း စီအူဒက်မြို့ရှိ စူပါမားကတ်များတွင် ယမန်နေ့က လုယက်မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ နှိမ်နှင်းမှုအတွင်း ၁ ဦးသေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ အဖမ်းခံခဲ့ရသည်။ သမ္မတ နီကိုလက်စ် မာဒူရိုကမူ အဆိုပါ မငြိမ်မသက်ဖြစ်မှု၏ နောက်ကွယ်တွင် အမေရိကန်ပါဝင်သည်ဟု
    ဆိုသည်။ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်မှ တပ်မှူး ဗိုလ်ချုပ် ဂျွန်ကဲလီက ဗင်နီဇွဲလားနိုင်ငံတွင် ဇူလိုင်လ၌ လူမှုရေးဆိုင်ရာ မတည်မငြိမ်ဖြစ်မည်ဟု ဖေဖော်ဝါရီလက ပြောကြားမှုကို ကိုးကား၍ မာဒူရိုက ထိုကဲ့သို့ စွပ်စွဲခဲ့ခြင်းဖြစ်သည်။

    Ref: News Agencies

  • တောင်တွင်းကြီးမှ အစ္စလာမ်ဘာသာဝင်များလည်း ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း

    တောင်တွင်းကြီးမှ အစ္စလာမ်ဘာသာဝင်များလည်း ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    IMG_73782230987530

    မကွေးတိုင်းဒေသကြီးက ရေဘေးအန္တရာယ်ကို အဆိုးဝါးဆုံး ခံစားနေရတဲ့ ပွင့်ဖြူ၊ စေတုတ္တရာ၊ စကု၊ ငဖဲ စတဲ့မြို့တွေက ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနိုင်ဖို့ တောင်တွင်းကြီးမြို့က အစ္စလာမ်ဘာသာဝင်တွေဟာ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။

    ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ပေးဖို့ စုရပ်လုပ်ထားတဲ့ မြို့ပေါ်က တိုက်သစ်ကျောင်းကို ဒီနေ့မှာ သွားရောက်လှူဒါန်းခဲ့တာပါ။ အဲဒီစုရပ်ကနေ ပရဟိတအဖွဲ့ပေါင်းစုံက လာရောက်လှူဒါန်းထားတာတွေကို မကွေးတိုင်းဒေသကြီးက ရေဘေးသင့်ဒေသတွေကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေ လှူဒါန်းပေးပို့ခဲ့တာတွေကတော့ အ၀တ်အစား ဆာလာအိတ် (၁၆) လုံး၊ ပန်းကန်ခွက်ယောက် ဆာလာအိတ် ၂ လုံး (ရေခွက်၊ ဖလား၊ ဇလုံများ ပါဝင်သည်)၊ ဆန် ၅ အိတ်၊ ဆပ်ပြာမှုန့်အထုပ် ၁၀၀ ပါ အထုတ်ကြီး ၂ ထုပ်၊ ရေသန့်ဘူးကြီး ၃၄ ကဒ် (၂၀၄ လုံး)၊ ခေါက်ဆွဲခြောက် ၂၀ ဖာ (အထုတ် ၆၀၀)၊ ကိတ်ခြောက် အထုတ် ၄၀ ပါ တစ်ဖါ ဖြစ်ပါတယ်။

    နောက်ထပ် LED မီးအိမ် အခု ၄၀၊ နာရီစင်ဓာတ်ခဲ အလုံး ၁၂၀၊ ဂက်စ်မီးခြစ် အလုံး ၁၀၀ တို့ကိုလည်း ဒီကနေ့ညမှာ သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

    တောင်းတွင်းကြီးမြို့က ပရဟိတအဖွဲ့တွေ စုပေါင်းပြီး အခြားရေဘေးသင့်ဒေသတွေကိုလည်း သွားရောက်လှူဒါန်းဖို့ အစီအစဉ်ရှိနေပြီး အစ္စလာမ်ဘာသာဝင်များကလည်း ထပ်မံလှူဒါန်းဖို့ ပြင်ဆင်နေကြပါတယ်။

    (ပုံများနှင့် အချက်အလက်များကို ကို Soemyint Lay ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်)

  • အသံထက်မြန်သည့် F35 တိုက်လေယာဉ် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်ပြီဟု အမေရိကန်ကြေညာ

    အသံထက်မြန်သည့် F35 တိုက်လေယာဉ် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်ပြီဟု အမေရိကန်ကြေညာ

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    jet

    – မကြာခဏ ပြဿနာများနှင့် ရင်ဆိုင်နေရသည့် F35B တိုက်လေယာဉ်များထဲမှ ၁၀ စင်းမှာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်ဟု အမေရိကန်မရိန်းတပ်ဖွဲ့မှ ပြောကြားလိုက်သည်။

    အဆိုပါ တိုက်လေယာဉ်များမှာ မရိန်းတပ်ဖွဲ့၏ ကိုယ်ပိုင် တိုက်လေယာဉ်များဖြစ်ပြီး စစ်သင်္ဘောနှင့် လေယာဉ်တင်သင်္ဘောများမှ ပျံတက်နိုင်ကာ ရဟတ်ယာဉ်ကဲ့သို့ ဆင်းသက်နိုင်သည့် လေယာဉ်မျိုး ဖြစ်သည်။

    ထိုလေယာဉ်များ အဆင်သင့်ဖြစ်ကြောင်းကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အကြီးဆုံး လက်နက်အစီအစဉ်အတွက် အဓိက သမိုင်းမှတ်တိုင်လည်း ဖြစ်သည်ဟု ပင်တဂွန်က ပြောကြားခဲ့သည်။ ထိုအစီအစဉ်အတွက် ကန်ဒေါ်လာ ဘီလီယံ ၄၀၀ နီးပါး ကုန်ကျခဲ့ပြီး လွန်ခဲ့သည့် ၁၅ နှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

    ထို့ပြင် အသံထက်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် F-35 ၏ ကနဦး စစ်ဆင်နိုင်စွမ်းရှိသော ပထမဆုံး စစ်ဘက်ဌာနခွဲအဖြစ် မရိန်းတပ်ဖွဲ့က ကြေညာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ မရိန်းတပ်ဖွဲ့မှာ F-35 တိုက်လေယာဉ်များ၏ B မော်ဒယ်နှင့် C မော်ဒယ် စုစုပေါင်း အစင်း ၄၂၀ ကို ၀ယ်ယူရန်လည်း စီစဉ်ထားသည်။

    ပထမဆုံး F-35B လေယာဉ်အုပ်ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီတွင် ဂျပန်နိုင်ငံ အီဝါကူနီသို့ စေလွှတ်ရန် မရိန်းတပ်ဖွဲ့က စီစဉ်ထားသည်။ သို့သော်လည်း အဆိုပါ တိုက်လေယာဉ်များမှာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ဖြစ်ပွားသော ပြဿနာများကို တုန့်ပြန်နိုင်သည်ဟု မရိန်းတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။

    လွန်ခဲ့သည့် နှစ်များအတွင်း အဆိုပါ တိုက်လေယာဉ်များမှာ ပြန်လည်ပြင်ဆင်မှုနှင့် နှောင့်နှေးမှု မြောက်များစွာ ရှိခဲ့သည်။

    Ref: RT

  • ဘားအံ့ရေးဘေးသင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာဝင်များ ရိက္ခာများလှူဒါန်း

    ဘားအံ့ရေးဘေးသင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာဝင်များ ရိက္ခာများလှူဒါန်း

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    IMG_61983653198225

    – ဖားအံမြို့နဲ့ ပတ်ဝန်းကျင်ရှိ အခြားမြို့နယ်များတွေမှာ ရေလွှမ်းမိုးမှုဒဏ် ခံစားနေရတဲ့ ပြည်သူတွေအတွက် မြို့မ ဂျာမေဗလီ(ဈေးကြီးဗလီ) ရှေ့ဆောင်အီမာမ်က ဦးဆောင်ပြီး ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ပါတယ်။

    မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၈ ခုကို ဆန်အိတ် ၇၅ အိတ်နဲ့ မာမားခေါက်ဆွဲခြောက် ၁၁၄ ဖာ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး အဲဒီလိုလှူဒါန်းနိုင်ဖို့ အစ္စလာမ်ဘာသာဝင်တွေက စုပေါင်းပြီး ထည့်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ (မန္တလေးတိုင်းဒေသကြီး အဖွဲ့ခွဲ) ကလည်း စစ်ကိုင်းတိုင်းဒေသကြီးက ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းဖို့ အစီအစဉ်ရှိနေပြီး သြဂုတ်လ ၃ ရက်နေ့မတိုင်ခင် အလှူငွေ၊ စားသောက်ကုန်၊ အ၀တ်အထည်စတဲ့ လိုအပ်နေသည်များကို လှူဒါန်းနိုင်ဖို့ အစ္စလာမ်ဘာသာဝင်တွေကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွေမှာ ကပ်ထားခဲ့ပါတယ်။

    ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများ ပေးအပ်နိုင်ရေး ထောက်ပံ့လှူဒါန်းကြဖို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ဗလီဝတ်ကျောင်းတော် ရှေ့ဆောင်အီမာမ်တွေကလည်း ပြီးခဲ့တဲ့ သောကြာဒေသနာမှာ ထည့်သွင်း တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။