News @ M-Media

Author: Ko Lay

  • ဂျူးများ၏ အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာခြင်းအတွက် အစ္စရေးနှင့် ပါလက်စတိုင်းပြည်သူများ ဆန္ဒပြ

    ဂျူးများ၏ အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာခြင်းအတွက် အစ္စရေးနှင့် ပါလက်စတိုင်းပြည်သူများ ဆန္ဒပြ

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    – နိုင်ငံအတွင်း အမုန်းအခြေခံသော တိုက်ခိုက်မှုများ မြင့်တက်လာမှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးပြည်သူ ထောင်ပေါင်းများစွာမှာ ယမန်နေ့က ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ကြာသာပတေးနေ့က လိင်တူချစ်သူများ၏ ချီတက်မှုအတွင်း အစွန်းရောက် အော်သိုဒေါ့စ် ဂျူးဘာသာဝင်တစ်ဦးက ဓားဖြင့်ထိုးခဲ့သောကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး သောကြာနေ့တွင် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း၌ တရားမ၀င် အခြေချနေထိုင်ကြသည့် ဂျူးများက ပါလက်စတိုင်း နေအိမ်များအား မီးရှို့ခဲ့ကာ အသက် ၁၈ လအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

    ထိုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများကို မကျေနပ်ကြသည့် အစ္စရေးပြည်သူများက ယမန်နေ့တွင် တလ်အဗီး၌ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူဦးရေ ၂၀၀၀ ၀န်းကျင်ခန့် ရှိခဲ့သည်။

    “အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေပေါ် ထိထိရောက်ရောက် အရေးယူဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချက်ခြင်းပြန်စဖို့ အစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အဆိုပါ ချီတက်ဆန္ဒပြပွဲကို စီစဉ်သည့် Peace Now အဖွဲ့မှ ဒါရိုက်တာ ယာရစ်ဗ် အိုပန်ဟေမာက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဂျေရုစလင်တွင်လည်း လူရာပေါင်းများစွာက အမုန်းအခြေပြု ရာဇ၀တ်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး အစ္စရေးနိုင်ငံတစ်ဝှမ်းရှိ အခြားမြို့များတွင်လည်း ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

    “လိင်တူချစ်သူ ချီတက်မှုကို တိရစ္ဆာန်ချီတက်မှုလို့ တစ်ချို့က ခေါ်နေတဲ့အချိန်မှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓားထိုးခံရတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီလိုပဲ အစ္စရေးက အာရပ်တွေအပေါ် တစ်ချို့တွေက အမုန်းတရားလှုံ့ဆော်နေတဲ့အချိန်မှာ
    ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေ မီးရှို့ခံရတာ၊ ကလေးငယ်လေးတောင်မှ သေသည်အထိ မီးရှို့ခံရတာ အံ့သြစရာတော့ မဟုတ်ပါဘူး” ဟု အစ္စရေး သမ္မတဟောင်း ရှီမွန်ပဲရီးစ်က တဲလ်အဗီး ချီတက်ဆန္ဒပြမှုတွင် ပြောကြားခဲ့သည်။

    အနောက်ဘက်ကမ်းရှိ ဒူးမားရွာ၌ ပါလက်စတိုင်းနေအိမ် မီးရှို့ခံရမှုတွင် သေဆုံးသွားခဲ့သည့် ၁၈ လအရွယ် အလီ စအဒ် ဒါဝါဘက်ရှ်၏ မိဘများနှင့် အသက် ၄ နှစ်အရွယ် အစ်ကိုဖြစ်သူတို့မှာ မီးလောင်ဒဏ်ရာများကို ဆိုးရွားစွာခံနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ မီးရှို့ခံရမှုကို မကျေနပ်သည့်အတွက် ဒူးမားရွာတွင် ပါလက်စတိုင်း ၂၀၀ ခန့်က ယမန်နေ့တွင် ဆန္ဒပြခဲ့ကြပြီး အစ္စရေးရဲတပ်ဖွဲ့ဝင်များက အင်အားသုံး နှိမ်နင်းခဲ့သောကြောင့် ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။

    ဂါဇာကမ်းမြှောင်တွင်လည်း ရာပေါင်းများစွာသော ပါလက်စတိုင်းများမှာ ယမန်နေ့ညနေပိုင်းက ဒါဝါဘက်ရှ်အတွင် စုပေါင်း ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

    Ref: Channelnewsasia, Aljazeera

  • ဗြိတိန်၌ လေယာဉ်တစ်စီးပျက်ကျမှုအတွင်း ဘင်လာဒင်၏ ဆွေမျိုး ၃ ဦး သေဆုံးခဲ့

    ဗြိတိန်၌ လေယာဉ်တစ်စီးပျက်ကျမှုအတွင်း ဘင်လာဒင်၏ ဆွေမျိုး ၃ ဦး သေဆုံးခဲ့

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    bin

    – အင်္ဂလန်တောင်ပိုင်း၌ ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီး ပျက်ကျမှုအတွင်း သေဆုံးသွားသော လူ ၄ ဦးတွင် အိုစမာဘင်လာဒင်၏ ဆွေမျိုး ၃ ဦး ပါဝင်ခဲ့သည်ဟု ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အဆိုပါ လေယာဉ်ငယ်မှာ လန်ဒန်အနောက်ပိုင်း ဟမ့်ရှိုင်းယားရှိ ဘက်ဘူရှီလေဆိပ်ပိုင် နယ်မြေမှ ကားလေလံတင်သည့်နေရာအနီးတွင် သောကြာနေ့က ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဟမ့်ရှိုင်းယား မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃ ဦးနှင့် လေယာဉ်မှူး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကာ ခရီးသည်များမှာ ဘင်လာဒင်၏ ဆွေမျိုးများဖြစ်ပြီး လေယာဉ်ပိုင်ရှင်၏ မိခင်၊ ညီမနှင့် ယောက်ဖတို့ဖြစ်ကြသည်ဟု ဟမ့်ရှိုင်းယားရဲတပ်ဖွဲ့က ဆိုသည်။

    သို့သော်လည်း သေဆုံးသွားသူများ၏ အမည်နှင့် လေယာဉ်ပိုင်ရှင်၏ အမည်များကို ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိဘဲ ဘင်လာဒင်၏ မိသားစုဝင်များမှာ ယူကေသို့ အပျော်ခရီး ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

    ယူကေ၏ လေကြာင်း မတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဌာန AAIB က ၎င်းတို့မှာ ထိုအဖြစ်အပျက်ကို စုံစမ်းရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်း မရှိချေ။ အဆိုပါအဖွဲ့မှာ မနေ့ကအထိ
    အခင်းဖြစ်ရာနေရာတွင် ရှိနေခဲ့သည်။

    လေယာဉ်ပျက်ကျမှုတွင် မြေပြင်ပေါ်၌ ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ချေ။ လေယာဉ်မှာ ဆော်ဒီတွင် မှတ်ပုံတင်ထားသော Embraer 505 Phenom 300 ဖြစ်ပြီး၊ ဗြိတိန်ဆိုင်ရာ ဆော်ဒီသံအမတ် မင်းသား မိုဟာမက် ဘင် နာဝဖ် အလ် ဆာအွဒ်ကလည်း သေဆုံးသူများအတွက် ၀မ်းနည်းကြောင်း သောကြာနေ့ညပိုင်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။ သို့သော်လည်း သေဆုံးသွားသူများ၏ အမည်များကို ဖော်ပြခဲ့ခြင်းမရှိချေ။

    Ref : CNN

  • အိုဇေးလ်မှာ ယခုနှစ်တွင် ပိုကောင်းလာမည်ဟု ၀င်းဂါးပြော

    အိုဇေးလ်မှာ ယခုနှစ်တွင် ပိုကောင်းလာမည်ဟု ၀င်းဂါးပြော

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    ozil

    – အသင်းရှိ ဂျာမန်အလယ်တန်းလူ မီဆု အိုဇေးလ်မှာ ပို၍ တောင့်တင်းလာသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပြီး ယခုရာသီတွင် တောက်ပမည့် ကြယ်ပွင့်များထဲမှ တစ်ပွင့်ဖြစ်သည်ဟု ဆိုသည်။

    လွန်ခဲ့သည့် ၂ နှစ်အရင် ရီးယဲလ်မှ ကလပ်စံချိန်တွင် ပြောင်းရွှေ့ကြေး ယူရို ၄၂.၅ သန်းဖြင့် ရောက်ရှိလာပြီးကတည်းက အိုဇေးလ်မှာ ၎င်း၏ စွမ်းဆောင်ရည်များအတွက် ချီးကျူးမှုများကို ခံခဲ့ရသလို၊ ဝေဖန်မှုများကိုလည်း ခံခဲ့ရသည်။

    သို့သော်လည်း ၀င်းဂါးကမူ လာမည့် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် အိုဇေးလ်ထံမှ ၎င်း၏ ပုံမှန် ဖန်တီးမှုဖြစ်သော ဖြတ်တင်ဘောများနှင့် လှုပ်ရှားမှုကို တွေ့မြင်ရခြင်းအပြင် ဂိုးများလည်း သွင်းနိုင်မည်ဟု မျှော်လင့်နေသည်။

    “အရင်ကထက် ပွဲကို မောင်းနှင်ဖို့ လုပ်ပိုင်ခွင့် ပိုလာတယ်ဆိုတာကို သူက ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ သူ့ရဲ့ ဖြတ်တင်ဘောစွမ်းရည်ကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ ကစားပုံကို မာကျောစေဖို့ ထပ်ပြီးဖြစ်လာတဲ့ အခြေအနေပါပဲ။၂၀၁၅-၁၆ ဘောလုံးရာသီမှာ သူဟာ ကြီးကျယ်တဲ့ ကစားသမားတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၀င်းဂါးက အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အိုဇေးလ်မှာ ပွဲတစ်ပွဲ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ကစားပြီး၊ ဂိုးများသွင်းခြင်းဖြင့် အသင်းအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ လွန်ခဲ့သည့်နှစ်များတွင် ၎င်းမှာ ရာသီအကြိုပြင်ဆင်မှု အားနည်းခဲ့ပြီး ယခုအချိန်တွင် အင်္ဂလန်၌ ပိုမို၍ အခြေကျခဲ့ပြီဖြစ်ကြောင်း ၀င်းဂါးက
    ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • တရုတ်ငါးဈေးကွက်တွင် ကျွဲကော်ထည့်ထားသော ပုဇွန်များတွေ့ရှိ

    တရုတ်ငါးဈေးကွက်တွင် ကျွဲကော်ထည့်ထားသော ပုဇွန်များတွေ့ရှိ

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    chian

    – ပုဇွန်များအား ကြီးမားစေရန်နှင့် အလေးချိန်စီးစေရန်အတွက် ပုဇွန်ခန္ဓာကိုယ်အတွင်း ကျွဲကော်များ ထည့်သွင်းခြင်းကို တရုတ်နိုင်ရှိ ရေထွက်ပစ္စည်းဈေးကွက်များတွင် တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    နိုင်ငံအနောက်မြောက်ပိုင်း ကူမင်းမြို့နှင့် အရှေ့ပိုင်း ၀မ်ဇူးမြို့ရှိ ဈေးကွက်များတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ပျံကျဈေးသည်များမှာ ပုဇွန်များထဲသို့ ကျွဲကော်များထည့်ကာ တရုတ်နိုင်ငံတစ်ဝှမ်းလုံးသို့ တင်ပို့ရောင်းချရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

    ပုဇွန်ထဲတွင် ကော်ကဲ့သို့အရာများကို ထည့်သွင်းရောင်းချပါက ဈေးသည်များမှာ တစ်ကီလိုလျှင် ၄၃ ယွမ် အမြတ်ပိုရရှိပြီး ၃၀ ရာခိုင်နှုန်း အမြတ်ပိုရခြင်းလည်း ဖြစ်သည်။ ဈေးသည်များမှာ ပုဇွန်အပြင် ရေနဂါးနှင့် ပြည်ကြီးမျှော့များတွင်လည်း အဆိုပါ ကျွဲကော်များ ထည့်ထားသည်ကို တွေ့ရှိခဲ့ရသည်။

    အစားသောက်များတွင် ထိုကဲ့သို့ အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများ ထည့်သွင်းမှုကို တရုတ်အစိုးရက တရားမ၀င်ဟု သတ်မှတ်ထားပြီး နှိမ်နှင်းမှုများလည်း ပြုလုပ်နေသည်။

    Ref: en.people.cn

  • ပရော်ဖက်ရှယ်နယ်ကစားသမား ဖြစ်လာမည်ဟု လုံးဝမထင်ခဲ့ကြောင်း ရော်နယ်ဒိုပြော

    ပရော်ဖက်ရှယ်နယ်ကစားသမား ဖြစ်လာမည်ဟု လုံးဝမထင်ခဲ့ကြောင်း ရော်နယ်ဒိုပြော

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    ronaldo

    – မိမိအနေဖြင့် ဘောလုံး စကစားခဲ့ခြင်းမှာ ပျော်ရွှင်မှုအတွက်ဖြစ်ပြီး ယနေ့ကဲ့သို့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြောင်း ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ၀န်ခံပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ ၎င်းမွေးဖွားကြီးပြင်းရာ မာဒီရာကျွန်းရှိ အန်ဒိုရင်ဟာမြို့တွင် ၎င်း၏ လူငယ်ဘောလုံးသမားဘ၀ကို စတင် လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် ဘောလုံးပါရမီရှိကြောင်း မစဉ်းစားခဲ့မိပေ။

    “ကျွန်တော့်ရဲ့မိသားစုမှာ အားလုံးက ဘောလုံးကို ချစ်မြတ်နိုးပါတယ်။ တစ်နေ့ ကျွန်တော် လမ်းပေါ်မှာ ဘောလုံးကစားနေတုန်း အဖေက “ငါအလုပ်သွားတုန်း မင်းဘာဖြစ်လို့ ကလပ်အသင်းတစ်ခုမှာ သွားမကျင့်တာတုန်း” လို့ ပြောတာကို ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော်က “ဟုတ်ကဲ့။ ဘာ့ကြောင့် မသွားရမှာလဲ” လို့ ပြန်ဖြေခဲ့ပြီး အဲဒီမှာ စပြီး ကစားတော့တာပါပဲ” ဟု ရော်နယ်ဒိုက
    Herbalife သို့ ပြောကြားခဲ့သည်။

    “နေ့တိုင်း ကျွန်တော် လေ့ကျင့်ဖို့သွားခဲ့ပြီး အသင်းမှာ ပါဝင်ရတာကို ကျွန်တော် ပျော်လာခဲ့ပါတယ်။ ကျွန်တော့်အတွက် အဖေက အမြဲတမ်းရှိနေခဲ့တာပါ”

    ထို့ပြင် ရော်နယ်ဒိုက မိမိမှာ အခြားကလေးများထက် ထူးခြားနေသည်ကို ခံစားခဲ့ရပြီး ဖရော်ဖက်ရှင်နယ် ကစားသမားဖြစ်ကာ မန်ယူ၊ ရီးယဲလ်နှင့် စပို့တင်းတို့သို့ ပြောင်းရွှေ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြောင်း၊ ထိုစဉ်က မိမိအနေဖြင့် ပျော်ရွှင်မှုအတွက်သာ ကစားခဲ့ခြင်းဖြစ်ပြီး ပါရမီရှိသည်ဟု မထင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    သို့သော်လည်း နှစ်အနည်းငယ်ကြာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိပ်တန်းအဆင့်တွင် ကစားရန် စဉ်းစားခဲ့သည်ဟု ရော်နယ်ဒိုက ၀န်ခံခဲ့သည်။

    “၃၊ ၄ နှစ်လောက်နောက်ပိုင်းမှာ “ငါ အဲဒီအဆင့်မှာ ကစားချင်တယ်” လို့ စပြီး အတွေးဝင်လာပါတယ်။ ပွဲတွေအားလုံးကို ကျွန်တော်ကြည့်ခဲ့ပြီး အဲဒီအသင်းတွေရဲ့ ဂျာစီတွေကိုဝတ်ဖို့ စိတ်ကူးယဉ်ခဲ့ပါတယ်”

    Ref: Goal