News @ M-Media
Author: Ko Lay
  • ဗြိတိန်ဝန်ကြီးချုပ် အရှေ့တောင်အာရှခရီးစဉ် စတင်
    ဗြိတိန်ဝန်ကြီးချုပ် အရှေ့တောင်အာရှခရီးစဉ် စတင်
    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media
    uk
    – ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှာ ၎င်း၏ အရှေ့တောင်အာရှ အလည်အပတ်ခရီးကို ယနေ့တွင် စတင်လိုက်ပြီး IS အဖွဲ့အား တွန်းလှန်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသအတွင်း ထောင်တက်လာသော စီးပွားရေးနှင့်အတူ ကုန်သွယ်မှု ခိုင်မာရန်အတွက် လာရောက်ခြင်းလည်း ဖြစ်သည်။
    လေးရက်တာကြာမြင့်မည့် အဆိုပါခရီးစဉ်တွင် ကင်မရွန်းမှာ အင်ဒိုနီးရှား နိုင်ငံသို့ ပထမဆုံး ၀င်ရောက်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ကုန်သွယ်ရေးဝန်ကြီးနှင့် ဗြိတိန်စီးပွားရေးခေါင်းဆောင် ၃၀ ခန့် လိုက်ပါလာမည်ဖြစ်သည်။ ထို့နောက် စင်ကာပူ။ ဗီယက်နမ်နှင့် မလေးရှားသို့ သွားရောက်မည်ဖြစ်သည်။
    အဆိုပါ ခရီးစဉ်အတွင်း အင်ဒိုသမ္မတ ဂျိုကို ၀ီဒိုဒို၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဘုံရန်သူ IS အစွန်းရောက်များအကြောင်း ဆွေးနွေးမည်ဖြစ်သည်။
    အရှေ့တောင်အာရှသို့ ကင်မရွန်း၏ ခရီးစဉ်မှာ မေလက ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ဥရောပအပြင်ဘက်သို့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး မထွက်ခွာမီ ပြောကြားသောမှတ်ချက်၌ ကင်မရွန်းက ကမ္ဘာကြီးရင်ဆိုင်နေရသော အကြီးဆုံးခြိမ်းခြောက်မှုမှ တစ်ခုအကြောင်းကို အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။
    အရှေ့တောင်အာရှဒေသမှာ ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုးမှု အကြီးမားဆုံးဒေသများမှ တစ်ခုဖြစ်ပြီး ဗြိတိန်မှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေသအတွင်း စီးပွားရေးလုပ်ငန်းများ ပိုမို ပူးပေါင်းဆောင်ရွက်ရန် ကိစ္စကိုလည်း ကင်မရွန်းနှင့် အဖွဲ့က ဆွေးနွေးသွားမည်ဖြစ်သည်။
    Ref: Channelnewsasia
  • Ballon d’Or နောက်ဆုံး ၃ ဦးတွင် ပါဝင်ခွင့်ရလျှင်ပင် ဂုဏ်ယူမည်ဟု နေးမာပြော
    Ballon d’Or နောက်ဆုံး ၃ ဦးတွင် ပါဝင်ခွင့်ရလျှင်ပင် ဂုဏ်ယူမည်ဟု နေးမာပြော
    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media
    baca
    – ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ၏ နောက်ဆုံး ၃ ဦး စာရင်းတွင် ပါဝင်လျှင်ပင် မိမိအနေဖြင့် ပျော်ရွှင်မိမည်ဖြစ်ပြီး မက်ဆီနှင့် ရော်နယ်ဒိုတို့နှင့်အတူ ပါဝင်ခွင့်ရလျှင်လည်း ဂုဏ်ယူမည်ဟု ဘာစီလိုနာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။
    ဘာစီလိုနာအသင်း၏ ဖလားသုံးလုံးအောင်ပွဲတွင် အဓိကနေရာမှာ ပါဝင်ခဲ့ပြီးနောက် ဘရာဇီးလ်အသင်း၏ အားထားရသည့် တိုက်စစ်မှူးဖြစ်သူ နေးမာမှာ ၂၀၁၆ ခုနှစ်တွင် ပေးအပ်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် အဓိကစိန်ခေါ်သူ ဖြစ်လာခဲ့သည်။
    သို့သော်လည်း နေးမာကမူ ၎င်းမှာ ၂၀၀၇ ခုနှစ်တွင် ကာကာပြီးနောက် မက်ဆီနှင့် ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ ပထမဆုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးနိုင်မည့် အခွင့်အရေးကို ပယ်ချခဲ့သည်။
    “နောက်ဆုံးဇကာတင် ၃ ဦးစာရင်းမှာ ပါဝင်ခွင့်ရရင်ပဲ ကျွန်တော့်အတွက် ကြီးကျယ်တဲ့ အောင်မြင်မှု ဖြစ်မှာပါ။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ဘေးမှာ ကျွန်တော်ရှိဖို့ဆိုတာ အိပ်မက်ဖြစ်ပြီး၊ ကြီးမားတဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်” ဟု နေးမာက TV Globo သို့ ပြောကြားခဲ့သည်။
    နေးမာမှာ ဘာစီလိုနာတွင် မက်ဆီနှင့် တွဲကစားနေသော်လည်း ၂၀၁၃ ခုနှစ်က ဘာစီလိုနာသို့ စရောက်ပြီးနောက်ပိုင်း အသင်း၌ နေသားတကျဖြစ်ရန် အကူညီပေးခဲ့သည့် မက်ဆီအား ကျေးဇူးတင်သည်ဟု ဆိုသည်။
    “ကျွန်တော်တို့ဟာ ယှဉ်ပြိုင်ရမယ်၊ မက်ဆီက ကျွန်တော့်ကို ဘောလုံးပေးမှာမဟုတ်ဘူးလို့ သူတို့က ပြောကြပါတယ်။ ဒါပေမယ့် သူ (မက်ဆီ) က ကျွန်တော့်ကို မယုံနိုင်စရာနည်းလမ်းနဲ့ ကြိုဆိုခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘ၀မှာ သူဟာ ပိုပြီး အကူအညီပေးခဲ့သူတစ်ယောက် မဟုတ်လားဗျာ။ ကျွန်တော့်အတွက်တော့ လီယိုဟာ သူငယ်ချင်းလည်းဖြစ်သလို၊ အတုယူစရာ သူရဲကောင်းလည်း ဖြစ်ပါတယ်” ဟု နေးမာက ထပ်လောင်းပြောကြားခဲ့သည်။
    Ref : Goal
  • အစွန်းရောက်တိုက်ဖျက်ရေး အရှေ့အလယ်ပိုင်းနိုင်ငံများ ညီညွတ်ရန် အီရန်တိုက်တွန်း
    အစွန်းရောက်တိုက်ဖျက်ရေး အရှေ့အလယ်ပိုင်းနိုင်ငံများ ညီညွတ်ရန် အီရန်တိုက်တွန်း
    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media
    – ဒေသအတွင်း စစ်သွေးကြွဝါဒကို တိုက်ဖျက်ရေးအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ပေါင်းစည်းကြရန် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် တိုက်တွန်း ဆော်သြလိုက်သည်။
    အင်အားကြီး ၆ နိုင်ငံနှင့် နျူကလီးယား သဘောတူညီချက် ရပြီးနောက်ပိုင်း ပထမဆုံး ဒေသတွင်း ခရီးစဉ်အဖြစ် ကူဝိတ်နိုင်ငံသို့ ရောက်ရှိနေသော ဂျာဗဒ်ဇာရစ်ဖ်က အီရန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လိုခြိမ်းခြောက်မှုမျိုးမဆို အားလုံးအတွက် ခြိမ်းခြောက်မှုပါပဲ။ ဒေသတွင်းပြဿနာတွေကို အခြားနိုင်ငံတွေရဲ့ အကူအညီမပါဘဲနဲ့ ဘယ်နိုင်ငံကမှ မဖြေရှင်းနိုင်ပါဘူး” ဟု ဇာရစ်ဖ်က ဆိုသည်။
    ဇာရစ်ဖ်မှာ စောစောပိုင်းတွင် ကူဝိတ်ခေါင်းဆောင် အမီရ် ရှိခ်ဆာဘာဟ် အလ်-အဟ်မဒ် အလ်- ဆာဘာဟ်၊ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သည်။
    ပင်လယ်ကွေ့နိုင်ငံများကမူ ဇူလိုင် ၁၄ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့သည့် နျူသဘောတူစာချုပ်က အီရန်နှင့် အမေရိကန်တို့အကြား တင်းမာမှုကို လျော့ကျစေပြီး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် သဘောထားခြင်းမတူကြသည့် အရှေ့အလယ်ပိုင်းမဟာမိတ်များအတွက် အီရန်၏ ထောက်ခံအားပေးမှုကို ရဲဆေးတင်ပေးသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေသည်။
    “အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနဲ့ ဂိုဏ်းဂဏ၀ါဒတွေရဲ့ ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့ ဒေသတွင်းက ပြည်သူတွေရဲ့နောက်မှာ အီရန်က ရပ်တည်နေပါတယ်။ ဒေသတွင်းနိုင်ငံတွေကို ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားကတော့ အားလုံး ညီတူမျှတူ ရင်ဆိုင်နေရတဲ့ ဒီစိန်ခေါ်မှုကို ကျွန်တော်တို့ အတူတကွ တွန်းလှန်သင့်တယ် ဆိုတာပါပဲ” ဟု ဇာရစ်ဖ်က ထည့်သွင်းပြောကြားခဲ့သည်။
    ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်လည်ပတ်ခြင်းမပြုခင် ဇာရစ်ဖ်မှာ သောကြာနေ့နှောင်းပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ စစ်သွေးကြွအဖွဲ့ IS အား တွန်းလှန်တိုက်ခိုက်ရန် ဆီးရီးယားနှင့် အီရတ်ရှိ မဟာမိတ်များအား အီရန်က ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
    “အီရန်ဟာ ဖိနှိပ်ခံနေရတဲ့နိုင်ငံအားလုံးကို ပံ့ပိုးသွားမှာပါ။ အီရန်ကြောင့်သာမဟုတ်ရင် အာရ်ဘီနဲ့ ဘဂ္ဂဒတ်တို့ဟာ (IS) အကြမ်းဖက်သမားတွေလက်ထဲ ကျရောက်ခဲ့ပြီးပါပြီ။ ဒါဟွက်၊ အာရ်ဘီလ်နဲ့ (အီရတ်ရှိ ကာ့ဒ်ဒေသမှ) ဆူလေမန်နီယာဟ်ဒေသတွေကို ကျွန်တော်တို့ ကာကွယ်ခဲ့သလို၊ ဒေသတွင်းက ဘယ်နိုင်ငံမဆို ကျူးကျော်ခံရရင်လည်း အီရန်နိုင်ငံဟာ ဖိနှိပ်ခံရသူတွေကို
    ကာကွယ်သွားမှာပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော အဆိုပါ ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်မှာ ကူဝိတ်ပြီးနောက် ကာတာနှင့် အီရတ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။
    Ref: Reuters
  • ကရှ်မီးယားတွင် ဟိန္ဒူဘုရားဖူးများ၏ အသက်ကို မွတ်စလင်များ ကယ်တင်ပေးခဲ့
    ကရှ်မီးယားတွင် ဟိန္ဒူဘုရားဖူးများ၏ အသက်ကို မွတ်စလင်များ ကယ်တင်ပေးခဲ့
    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media
    india
    – အိန္ဒိယပိုင် ကရှ်မီးယားဒေသတွင် ဟိန္ဒိုများ၏ ဘုရားဖူးပွဲတော် ကျင်းပနေစဉ် ရုတ်တရက် ရေကြီးလာမှုအတွင်း အသက်အန္တရာယ် ကြုံတွေ့ခဲ့ရသူများကို အိန္ဒိယမွတ်စလင်များက သက်စွန့်ဆံဖျား ကယ်တင်ခဲ့ကြသည်ဟု သိရသည်။
    “ကျွန်တော် မြင်ခဲ့ရတာကို ပြောပြဖို့ စကားလုံးတောင်မရှိပါဘူး” ဟု ပန်ဂျပ်ပြည်နယ်မှ ဘုရားဖူးလာရောက်သူ အယာထရီက ရေကြီးမှုနှင့်ပတ်သက်၍ Kashmir Media Service သို့ ဇူလိုင် ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
    အယာထရီမှာ နှစ်စဉ်ပြုလုပ်နေကြဖြစ်သော ဟိန္ဒူတို့၏ အထွဋ်အမြတ်ထားရာ Amarnath ဂူဗိမာန်သို့ ဘုရားဖူးလာရောက်ကြသည့် ရာပေါင်းများစွာသော ဟိန္ဒူဘုရားဖူးများထဲမှ တစ်ဦးလည်းဖြစ်သည်။ ဂန်ဒါဘဲလ်ခရိုင်ရှိ အဆိုပါဗိမာန်အနီး ဘုရားဖူးများ စခန်းချနေထိုင်ရာ နေရာများတွင် သောကြာနေ့က ရုတ်တရက် ရေကြီးလာခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် စစ်သားများကိုယ်တိုင် အသက်လု၍ ပြေးခဲ့ရသည်။
    သို့သော်လည်း ထိုဒေသရှိ မွတ်စလင်များက ဟိန္ဒူဘုရားဖူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့ကြသည်။
    “ရုတ်တရက် ရေကြီးလာမှုက တဲတွေနဲ့ အခြားပစ္စည်းတွေသာ မကဘဲ၊ လူတွေကိုလည်းမြစ်ထဲဆွဲခေါ်သွားတာပါ။ ကျွန်တော်တို့ အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။ လူတိုင်းက ဘေးလွတ်ရာကို ပြေးနေကြပါတယ်” ဟု အယာထရီက အန္တာရာယ်နှင့်ကြုံတွေ့ခဲ့ရသော အခိုက်အတန့်ကို ပြောကြားခဲ့သည်။
    “တစ်ချိန်တည်းမှာ ကရှ်မီးယားဒေသခံတွေက ပေါ်လာပြီး ကလေးငယ်နှစ်ယောက်အပါအ၀င် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို ကယ်တင်ခဲ့ပါတယ်။ သူတို့ကို ကျွန်တော် ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး။ ကျွန်တော့်မှာ စကားလုံးမရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    အူတာပရာဒက်ရှ်ပြည်နယ် မာသူရာဒေသမှ အခြား ဟိန္ဒူဘုရားဖူးတစ်ဦးကလည်း ဟိန္ဒူအဖွဲ့အစည်းများအတွင်း နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် အစ္စလာမ်အပေါ် ယူဆချက်အမှားများကို မွတ်စလင်များက ဖယ်ရှားခဲ့သည်ဟု ဆိုသည်။
    “ကျွန်မတို့မုန်းတီးတဲ့ လူတွေက ကျွန်မတို့ရဲ့ ကယ်တင်ရှင်တွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်မနဲ့ ကျွန်မယောက်ျားဟာ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး” ဟု အားနည်းနေပြီး ဆာလောင်မွတ်သိပ်နေသော ပရာသီဘာ ဒေ၀ီက ပြောကြားခဲ့သည်။
    “အိန္ဒိယမီဒီယာတွေက ကရှ်မီးယားပြည်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုပဲ ဖော်ပြနေပါစေ၊ ဒါတွေဟာ မုသားတွေပဲဆိုတာ (ရေကြီးမှုဖြစ်ပွားတဲ့) သောကြောနေ့ ညနေခင်းမှာ ကျွန်မတို့ သိခဲ့ရပါတယ်။ ဟိန္ဒူအဖွဲ့အစည်းတွေတောင်မှ ဒီမှာနေတဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး အဖျက်သဘောဆောင်တဲ့ ၀ါဒဖြန့်မှုတွေကို ခွင့်ပြုနေပါတယ်။ ကရှ်မီးယားပြည်သူတွေဟာ သတ္တိရှိသူတွေသာမကဘဲ၊ ကူညီတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်” ဟု ဒေ၀ီက ထည့်သွင်းပြောကြားခဲ့သည်။
    ရေကြီးမှုဖြစ်ပွားစဉ်တွင် ကိုယ်လွတ်ရုန်းပြေးခဲ့ကြသည့် အိန္ဒိယရဲတပ်ဖွဲ့နှင့် စစ်တပ်များမှာလည်း ဝေဖန်ခံခဲ့ရပြီး ဟိန္ဒူဘုရားဖူးများကမူ ၎င်းတို့၏ အသက်မှာ ကက်ရှ်မီးယား မွတ်စလင်များပေးသော အသက်ပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ၁၉ နှစ်အရွယ်သားလေးရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဒေသခံမွတ်စလင်တွေကို လက်စုံမိုးပြီးတော့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့အပေါ် ကရှ်မီးယားပြည်သူတွေ ကမ်းပေးခဲ့တဲ့ လက်တစ်စုံကို ကျွန်တော်တို့ဘ၀မှာ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး” ဟု နယူးဒေလီမှ အန်နီလ် ကန်နာက ပြောကြားခဲ့သည်။
    ကရှ်မီးယားဒေသမှာ အိန္ဒိယအုပ်ချုပ်သောဒေသနှင့် ပါကစ္စတန်အုပ်ချုပ်သောဒေသဟူ၍ ၂ ပိုင်းကွဲနေပြီး ၁၉၄၇ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထိုဒေသပိုင်ဆိုင်မှုအတွက် စစ်ပွဲများလည်း ဖြစ်ပွားခဲ့သည်။
    Ref: Onislam
  • IS မှ ဂျီဟာဒီ ဂျွန် ထွက်ပြေးနေရ
    IS မှ ဂျီဟာဒီ ဂျွန် ထွက်ပြေးနေရ
    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media
    – IS က အကျဉ်းသားများအား ခေါင်းဖြတ်သတ်ဖြတ်သည့် ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မကောင်းသတင်းဖြင့် ကျော်ကြားသည့် ဂျီဟာဒီ ဂျွန်မှာ ၎င်း၏ ကျော်ကြားမှုကြောင့် အဆုံးစီရင်ခံရမည်ကို ကြောက်ရွံ့၍ IS ထိန်းချုပ်ထားသော ဒေသမှ ထွက်ပြေးသွားခဲ့သည်ဟု
    သတင်းများက ဖော်ပြကြသည်။
    ကူဝိတ်ဖွား မိုဟာမက် အမ်ဝါဇီဆိုသူဖြစ်ပြီး ဗြိတိန်၏ မကောင်းသတင်းဖြင့် အကျော်ကြားဆုံး အကြမ်းဖက်သမားများထဲမှ တစ်ဦးလည်း ဖြစ်သည်။ ၎င်းမှာ ဗြိတိန်အကူအညီပေးရေး ၀န်ထမ်း ဒေးဗစ်ဟိန်းနှင့် အလန်ဟန်နင်း၊ အမေရိကန်ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးနှင့် ဆော့လ်လုဖ်တို့အား သတ်ဖြတ်သည့်ဗီဒီယိုများတွင် ပါဝင်ခဲ့ပြီးနောက် အာဏာပိုင်များက အသေရရ၊ အရှင်ရရ လိုချင်နေသောသူလည်း ဖြစ်သည်။
    သို့သော်လည်း ယခုတွင်မူ ကမ္ဘာကိုတုန်လှုပ်သွားစေသော ဗီဒီယိုများဖြင့် ကျော်ကြားခဲ့သော ၎င်းမှာ IS အဖွဲ့၏ လိုက်လံရှာဖွေမှုကို ခံနေရပြီး ထွက်ပြေးနေရသည်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။
    အမ်ဝါဇီမှာ ၎င်းအား မနာလိုဖြစ်နေသော အကြမ်းဖက်သမားများက သတ်ဖြတ်မှုကို ကြောက်ရွံ့နေရပြီး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများ၊ ဂျပန်နိုင်ငံသား ဟာရူနာ ယူကာဝါနှင့် ကင်ဂျီဂိုတိုတို့အား သတ်ဖြတ်မှုတွင် ၎င်း၏ အခန်းကဏ္ဍအတွက် အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၏ ရှာဖွေမှုကိုလည်း သတိထားနေရသည်ဟု သတင်းစာသို့ ပြောကြားခဲ့သည့် သတင်းရင်းမြစ်က
    ဆိုသည်။
    “သူတို့အတွက် အသုံးမလိုတော့ဘူးလို့ ယူဆရင် IS က ကျောက်ခဲတစ်လုံးလို ဒါမှမဟုတ် ဒီထက်ပိုဆိုးတဲ့ ပုံစံမျိုးနဲ့ လွှင့်ပစ်လိုက်ပါလိမ်မယ့်။ ဒါ့ကြောင့် သူအဆုံးစီရင်ခဲ့တဲ့ လူတွေရဲ့ ကံကြမ္မာမျိုး သူကိုယ်တိုင် ကြုံတွေ့ပြီး အဆုံးသတ်သွားတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” ဟု အဆိုပါသတင်းရင်မြစ်က ထည်သွင်းပြောကြားခဲ့သည်။
    ဂျီဟာဒီ ဂျွန်မှာ ဆီးရီးယားရှိ ပို၍ လူသိနည်းသော အကြမ်းဖက်အဖွဲ့ထံ ထွက်ပြေးသွားကာ ကိုယ်ယောင်ဖျောက်နေရန် ကြိုးစားနေသည်ဟု ယုံကြည်ရသည်။ သို့သော်လည်း ပြီးခဲ့လတွင် အမေရိကန်ထောက်လုံးရေး ရင်းမြစ်က Sunday Express သို့ ပြောကြားရာ၌ ဂျီဟာဒီ ဂျွန်မှာ လူမြင်ကွင်းမှ ပျောက်ကွယ်ရန် လစ်ဗျားသို့ သွားရောက်ပုန်းအောင်နေသည်ဟု ဆိုသည်။
    လန်ဒန်၌ နေထိုင်နေသည့် အမ်ဝါဇီ၏ မိခင်ဖြစ်သူကမူ ဂျီဟာဒီဂျွန်၏ အသံမှာ သူမ၏သား အမ်ဝါဇီ၏ အသံဖြစ်သည်ဟု မတ်လတွင် ပြောကြားခဲ့သည်။
    Ref : RT