News @ M-Media

Author: Ko Lay

  • အိန္ဒိယသမ္မတဟောင်းနှင့် ထင်ရှားသည့် သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်

    အိန္ဒိယသမ္မတဟောင်းနှင့် ထင်ရှားသည့် သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံ၏ သမ္မတဟောင်းဖြစ်ပြီး ထင်ရှားသည့် သိပ္ပံပညာရှင်လည်းဖြစ်သူ ဒေါက်တာ အေပီဂျေ အဘ်ဒူလ် ကလာမ်မှာ ဆိုးရွားသော ကျန်းမာရေးအခြေအနေကြောင့် မဂ်ဟာလာယာပြည်နယ် ရှီလောင်းမြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အသက် ၈၄ နှစ်အရွယ်ရှိ ဒေါက်တာ ကလာမ်မှာ ရှိလောင်းမြို့ရှိ အိန္ဒိယစီမံခန့်ခွဲရေးဌာန IIM တွင် ဘွဲ့လွန်ကျောင်းသားများအား ယမန်နေ့က သင်ကြားမှုပြုလုပ်နေစဉ် ည ၇ နာရီခန့်က ရုတ်တရက် လဲကျသွားခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ရခြင်း ဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ အဘ်ဒူလ်ကလာမ်မှာ အိန္ဒိယနိုင်ငံ၏ ၁၁ ယောက်မြောက် သမ္မတဖြစ်ပြီး ၂၀၀၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့အထိ သမ္မတာဝန်ကို ထမ်းဆောင်ခဲ့သည်။

    ထို့ပြင် ဒေါက်တာ ကလာမ်မှာ အိန္ဒိယနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ လေးစားရသည့် ထင်ရှားကျော်ကြားသော သိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO၊ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO တို့တွင် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ကာ နိုင်ငံ၏ အာကာသအစီအစဉ်နှင့် မစ်ဆိုင်းဒုံးကျည်
    ထုတ်လုပ်ရေးအစီအစဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

    အိန္ဒိယသမ္မတ မိုဒီကမူ ကြီးကျယ်သည့် သိပ္ပံပညာရှင်၊ အံ့သြဖွယ်ကောင်းသည့် သမ္မတနှင့် လေးစားအားကျဖွယ်ကောင်းသူ တစ်ယောက်ကို ဆုံးရှုံးရခြင်းဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ထို့ပြင် အိန္ဒိယအစိုးရကလည်း ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းဖွယ်နေ့ကို ၇ ရက်တိတိပြုလုပ်မည်ဟု ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အဘ်ဒူလ်ကလာမ်၏ ရုပ်အလောင်းအား ဈာပနအခမ်းအနားကျင်းပရန် နယူးဒေလီသို့ နိုင်ငံတော်အခမ်းအနားဖြင့် ယူဆောင်သွားခဲ့ပြီဖြစ်သည်။

    ဒေါက်တာ အဘ်ဒူလ်ကလာမ်ကို တမီလ်နန်ဒူးပြည်နယ် ရာမက်စ်ဝါရမ်မြို့တွင် ဆင်းရဲသော မွတ်စလင်မိသားစုမှ ၁၉၃၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မွေးဖားခဲ့သည်။

    မိသားစု စားဝတ်နေရေး မပြေလည်သောကြောင့် အဘ်ဒူလ်ကလာမ်မှာ ငယ်စဉ်ကတည်းကပင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ အထက်တန်းကျောင်းကို သာမန်အဆင့်ဖြင့်သာ ပြီးခဲ့သော်လည်း ဥာဏ်ကောင်းပြီး ကြိုးစားအားထုတ်မှုရှိသည်ဟု အသိအမှတ်ပြုခြင်းခံရသည့် အဘ်ဒူလ်ကလာမ်မှာ ရူပပေဒ၊ လေကြောင်းနှင့် အာကာသ အင်ဂျင်နီယာ ပညာရပ်တို့တွင် ထူးချွန်ထက်မြက်ခဲ့ပြီး လေးစားလောက်သည့် သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

    ထို့နောက် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာကာ သမ္မဖြစ်သည်အထိ အောင်မြင်ခဲ့သူဖြစ်ကာ လူချစ်လူခင်လည်း ပေါများခဲ့သည်။

    Ref: Times of India

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၇၊ ၂၀၁၅)

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    မြောက်ကိုရီးယားနျူအရေး အမေရိကန်က ပြောင်းလွယ်ပြင်လွယ်သော သဘောထားရှိ
    …………………………
    မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးရန် ဆန္ဒရှိပါက အမေရိကန်၏ သဘောထားမှာလည်း ပြင်လွယ်ပြောင်းလွယ်ဖြစ်သည်ဟု အီရန်နှင့် နျူးအရေး ဆွေးနွေးခဲ့သည့် အမေရိကန် အထူးကိုယ်စားလှယ် ဆစ်ဒနီ စီလာက ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် ၎င်းက အီရန်အရေးကိုလည်း ထောက်ပြခဲ့သည်။ မြောက်ကိုရီးယားကမူ
    မိမိတို့အနေဖြင့် အီရန်ကဲ့သို့ ဆွေးနွေးမှုမျိုး ပြုလုပ်သွားမည်မဟုတ်ဟု စောစောပိုင်းက ပြောကြားထားသည်။

    အိန္ဒိယတွင် သေနတ်သမားများက ရဲစခန်းကို စီးနင်းပစ်ခတ်မှုဖြစ်ပွား
    ……………………………….
    အိန္ဒိယနိုင်ငံ ဂါဒက်စ်ပူးရ်ပြည်နယ် ဒီနာနာဂါရ်မြို့၌ သေနတ်သမားများက ယနေ့တွင် ဘတ်စ်ကားတစ်စီးနှင့် ရဲစခန်းတစ်ခုကို ၀င်ရောက်စီးနင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ထို့နောက် အိန္ဒိယရဲတပ်ဖွဲ့နှင့် ၁၂ နာရီကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သေနတ်သမား ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၃ ဦး အပါအ၀င် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့သည်။

    မက္ကဆီကိုတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့်နေရာများ တွေ့ရှိ
    …………………………………
    ပြီးခဲ့သည့်နှစ် စက်တင်ဘာက မူးယစ်ဂိုးဏ်တစ်ခု၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသော ကျောင်းသား ၄၃ ဦးအား ရှာဖွေမှုအတွင်း မက္ကဆီကို အာဏာပိုင်များမှာ လူသေများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ ၆၀ ကို တွေ့ရှိခဲ့ရပြီး ရုပ်အလောင်း ၁၂၉ လောင်းကို တူးဖော်ရရှိခဲ့သည်။ သို့သော်လည်း ရရှိခဲ့သည့် ရုပ်အလောင်းများမှာ ပျောက်ဆုံးသွားသည့် ကျောင်းသားများ၏ ရုပ်အလောင်းများမဟုတ်ဟု တာဝန်ရှိသူများက ဆိုသည်။ တရားလိုရှေ့နေများကမူ အဆိုပါ ကျောင်းသား ၄၃ ဦးမှာ မူးယစ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ ရုပ်အလောင်းများမှာလည်း မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။

    Ref: News Agencies

  • သားဖြစ်သူအား အသက်ဘေးမှ ကယ်တင်ရင်း စက်လှေကားတွင် တရုတ်အမျိုးသမီးတစ်ဦး  အသက်စွန့်ခဲ့ရ

    သားဖြစ်သူအား အသက်ဘေးမှ ကယ်တင်ရင်း စက်လှေကားတွင် တရုတ်အမျိုးသမီးတစ်ဦး အသက်စွန့်ခဲ့ရ

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံအလယပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် အမျိုးသမီးတစ်ဦးမှာ ၎င်း၏သားအား စက်လှေခါးအတွင်းသို့ မပြုတ်ကျစေရန် ကယ်တင်ခဲ့ပြီးနောက် သူမကိုယ်တိုင် ပြုတ်ကျ၍ သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ဟူဘီပြည်နယ် ဂျင်ဇူးမြို့တွင် ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးကင်မရာတွင် မှတ်တမ်းတင်ထားမှုအရ အမျိုးသမီးမှာ သားဖြစ်သူနှင့်အတူ စက်လှေကားဖြင့် အပေါ်သို့တက်လာစဉ် ထိပ်ဆုံးအရောက်၌ စက်လှေကားအား ဖုံးထားသော သတ္တုအဖုံးမှာ ကွာသွားသည်ကို တွေ့ခဲ့ရသည်။

    ထို့ကြောင့် သားအမိနှစ်ဦးမှာ စက်လှေကားအတွင်းသို့ ပြုတ်ကျလုဆဲဆဲ ဖြစ်နေစဉ် မိခင်က သားဖြစ်သူအား သံမသလင်းရှိရာ အရှေ့သို့ တွန်းလိုက်သောကြောင့် လွတ်သွားခဲ့သော်လည်း သူမကိုယ်တိုင်မှာ စက်လှေကားအတွင်းသို့ ပြုတ်ကျ သေဆုံးသွားခဲ့သည်။

    ဒေသတွင်းမီဒီယာများကမူ အဆိုပါ အမျိုးသမီးမှာ အသက် ၃၀ အရွယ်ရှိ ဇီယန် လွီဂျန်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဈေးဝယ်စင်တာမှ ၀န်ထမ်းများကမူ အဆိုပါအမျိုးသမီးအား ဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း စက်လှေကားမှာ ရပ်တန့်ခြင်းမရှိသောကြောင့် လွီဂျန်မှာ အောက်သို့ညပ်၍ ပါသွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပြီး ၄ နာရီခန့်အကြာမှ သူမ၏ အလောင်းကို ကယ်ဆယ်ရေးသမားများက ထုတ်ယူနိုင်ခဲ့သည်။

    ထိုဖြစ်အပျက်အတွက် ဈေးဝယ်စင်တာမှ မှတ်ချက်မပေးခဲ့သော်လည်း ဒေသ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။

    အတည်မပြုနိုင်သော သတင်းများအရ ထိုစက်လှေကားကို မကြာသေးမီကမှ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း လုပ်ဆောင်ထားခြင်းဖြစ်ပြီး အလုပ်သမားများမှာ ဓာတ်လှေကား အဖုံးအား စကူကြပ်ရပ် မေ့ခဲ့ခြင်းဖြစ်သည်ဟု Wuhan Evening သတင်းစာတွင် ဖော်ပြထားသည်။

    အဆိုပါအဖြစ်အပျက်က တရုတ်ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး ဈေးဝယ်စင်တာကို ဝေဖန်မှုများလည်း ရှိခဲ့သည်။ ထို့ပြင် ကလေးငယ်၏ အသက်ကို ကယ်တင်ခဲ့သည့် မိခင်၏ လုပ်ရပ်ကိုလည်း ချီးကျူးခဲ့ကြသည်။

    တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း စက်လှေကားနှင့် ဆက်နွယ်သည့် မတော်တဆမှုများကို မြင်တွေ့လာရပြီး ၂၀၁၄ ခုနှစ်က ရှန်ဟိုင်းမြို့ရှိ စက်လှေကားတစ်ခုမှာ ရုတ်တရက် လားရောပြောင်းပြန် ဖြစ်သွားခြင်းကြောင့် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်ကလည်း ဘေဂျင်းရှိ စက်လှေကားတစ်ခု ချို့ယွင်းမှုကြောင့် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့သည်။

    Ref: BBC

  • စတာလင် မန်စီးတီးပြောင်းရွှေ့မှုကို တယ်ရီထောက်ခံ

    စတာလင် မန်စီးတီးပြောင်းရွှေ့မှုကို တယ်ရီထောက်ခံ

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    man

    – ရဟီးမ်စတာလင်အား ခေါ်ယူနိုင်ခဲ့ခြင်းမှာ မန်စီးတီးအသင်း၏ ပြောင်မြောက်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး သုံးစွဲခဲ့ရသည့် ငွေကြေးကို မေ့ထားရမည်ဟု ချယ်ဆီးဝါရင့်နောက်ခံလူ တယ်ရီက ပြောကြားလိုက်သည်။

    လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြခဲ့သော စတာလင်မှာ အသင်းနှင့် သက်တမ်းတိုးရန် အဆင်မပြေဖြစ်ပြီးနောက် မန်စီးတီးက ပေါင် ၄၉ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထိုပြောင်းရွှေ့ကြေးအတွက် ဘောလုံးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများ ရှိခဲ့သော်လည်း တယ်ရီကမူ ထိုက်တန်သည့် တန်ဖိုးဖြစ်သည်ဟု ဆိုသည်။

    “စတာလင်ဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ပြီးခဲ့တဲ့နှစ်က သူနဲ့ ကျွန်တော် ဆုံဖူးပါတယ်။ သူက တော်တော်လေး ဒုက္ခပေးတဲ့သူပါ။ သူတို့ (မန်စီးတီး)အတွက်တော့ သူဟာ ထင်ရှားတဲ့ကစားသမားတစ်ယောက် ဖြစ်လာတော့မှာပါ။ ပိုက်ဆံကတော့ သိပ်များတာပေါ့။ ဒါပေမယ့် တစ်ခြား အင်္ဂလိပ်ကစားသမားတစ်ယောက်ကို ဘယ်လိုရှာပြီး ၀ယ်နိုင်မလဲ။ ကျွန်တော့်အတွက်တော့ သူဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါပဲ” ဟု တယ်ရီက မီဒီယာသို့ ပြောကြားခဲ့သည်။

    စတာလင် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ချန်ပီယံလိဂ်တွင် ပါဝင်ကစားလိုခြင်းက အကြောင်းအရင်းတစ်ရပ် ဖြစ်နေပြီး တယ်ရီကလည်း လီဗာပူးလ်မှာ ထိုအဆင့်ကို မရောက်ခဲ့သောကြောင့် စတာလင်၏ဆန္ဒမှာ မမှားယွင်းဟုဆိုသည်။

    “သူဘယ်ကလာပြီး သူ့ဆန္ဒဘယ်လိုရှိလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ ထိပ်တန်း အင်္ဂလိပ်ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်ထင်လို့ပါပဲ။ ပိုက်ဆံအကြောင်း မေ့လိုက်စမ်းပါ”

    Ref: Goal

  • မိမိ၏ရွေးချယ်မှုအတွက် ရော်နယ်ဒိုစိတ်ဆိုးလည်း ဂရုမစိုက်ဟု အင်နီတက်ဇ်ပြော

    မိမိ၏ရွေးချယ်မှုအတွက် ရော်နယ်ဒိုစိတ်ဆိုးလည်း ဂရုမစိုက်ဟု အင်နီတက်ဇ်ပြော

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    real

    – မိမိနှင့် ရော်နယ်ဒိုတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်သော်လည်း အသင်းအားကောင်းမွန်အောင် ဆောင်ရွက်မှုအတွင်း ရော်နယ်ဒို၏ စိတ်ဆိုးမှုကိုလည်း ဂရုမစိုက်ဟု ရီးယဲလ်နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။

    မန်စီးတီးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ခြေစမ်းပွဲတွင် ရော်နယ်ဒိုမှာ အညှာအတာမဲ့သည့် စွမ်းဆောင်ရည်မျိုး ပြသခဲ့သော်လည်း လေ့ကျင့်ခန်းအစီအစဉ်တွင် ၎င်းမှာ နည်းပြဘင်နီတက်ဇ်နှင့် မကျမလည်ဖြစ်ခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။

    သို့သော်လည်း ဘင်နီတက်ဇ်ကမူ သတင်းများတွင် ဖော်ပြသကဲ့သို့ ပြဿနာမျိုးမရှိဟု ဆိုသည်။

    “သူနဲ့ ဆက်ဆံရေးက ကောင်းပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ တစ်ယောက်ယောက်က စိတ်ဆိုးရင် စိတ်ဆိုးပါစေ။ သူ့အလုပ်သူလုပ်မယ်ဆိုရင် ပြဿနာမဟုတ်ပါဘူး။ အေးဆေးပါပဲ” ဟု ဘင်နီတက်ဇ်က တရုတ်နိုင်ငံတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ကြံ့ခိုင်မှုပြည့်ဝနေသော ဂျိမ်းစ်ရော်ဒရီဂက်ဇ်နှင့် အစ္စကိုတို့ ရှိနေခြင်းက ရာသီသစ် အသင်း၌ လူရွေးချယ်ရာတွင် ခက်ခဲမည်ဟု ၎င်းက ၀န်ခံခဲ့ပြီး ထိုကဲ့သို့ အကြပ်ရိုက်ခြင်းကိုလည်း ကြိုဆိုသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နည်းပြတစ်ယောက်အနေနဲ့ ဒီလိုအရည်အချင်းရှိတဲ့ ကစားသမားတွေရှိတာကို ၀မ်းသာမိပါတယ်။ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက် သူတို့ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိဖို့ လိုပါတယ်။ အဲဒီနောက်မှာ ကျွန်တော်က ဆုံးဖြတ်ချက်ချမှာပါ။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့်ရဲ့အလုပ်ကို
    ပိုပြီးခက်ခဲစေမှာပါ”

    Ref: Goal