News @ M-Media
Author: Ko Lay
  • ချစားမှုဖြင့်ဖမ်းဆီးထားသော ဖီဖာတာဝန်ရှိသူများကို အမေရိကန်သို့ လွှဲပြောင်း
    ချစားမှုဖြင့်ဖမ်းဆီးထားသော ဖီဖာတာဝန်ရှိသူများကို အမေရိကန်သို့ လွှဲပြောင်း
    ဇူလိုင် ၁၆၊ ၂၀၁၅
    M-Media
    fifa
    – ပြီးခဲ့သည့် မေလအတွင်းက ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထားသည့် ဖီဖာတာဝန်ရှိသူများထဲမှ ပထမအသုတ် ၇ ဦးကို အမေရိကန်သို့ လွှဲပြောင်းပေးလိုက်ပြီဟု ဆွစ်ဇာလန်အာဏာပိုင်များက ပြောကြားခဲ့သည်။
    ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်အကျဉ်းချုပ်၌ ထိုကဲ့သို့ ရေးသားဖော်ပြထားခြင်းဖြစ်ပြီး ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆွစ်ဖက်ဒရယ်တရားရေးရုံးက ဆိုသည်။သို့သော်လည်း မည်သူမည်ဝါအား လွှဲပြောင်းပေးအပ်ခဲ့သည်ဆိုသည်ကို ဖော်ပြခြင်းမရှိချေ။
    ပြီးခဲ့သည့်တစ်ပတ်က သတင်းရင်းမြစ်တစ်ခုမှ Reuters သို့ ပြောကြားရာတွင် ဖီဖာဒုတိယဥက္ကဌဟောင်းဖြစ်ပြီး ကွန်ကာကပ်ဖ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဂျက်ဖရီဝက်ဘ်ကို အမေရိကန်အာဏာပိုင်များထံ လွှဲပြောင်းပေးရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။
    Ref: Aljazeera
  • အင်တာတွင် ဖလားသုံးလုံးရသည့် မော်ရင်ဟိုအား မနာလိုဟု မန်စီနီပြော
    အင်တာတွင် ဖလားသုံးလုံးရသည့် မော်ရင်ဟိုအား မနာလိုဟု မန်စီနီပြော
    ဇူလိုင် ၁၅၊ ၂၀၁၅
    M-Media
    inter
    – နည်းပြမော်ရင်ဟို အင်တာမီလန်နှင့် ဖလား ၃ လုံးရရှိခဲ့မှုကို မိမိအနေဖြင့် သ၀န်တိုမိပြီး အင်တာသို့ ဒုတိယံမိ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း ပေါကြောင်ကြောင်နိုင်သည်ဟု မန်စီးတီးနည်းပြဟောင်း မန်စီနီက ပြောကြားလိုက်သည်။
    အင်တာတွင် ပထမအကြိမ် နည်းပြစဉ်က စီးရီးအေဖလားကို ၃ နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း မန်စီနီမှာ ၂၀၀၈ ခုနှစ်တွင် ထုတ်ပယ်ခံလိုက်ရကာ မော်ရင်ဟိုနှင့် အစားထိုးခံခဲ့ရသည်။
    “အထုတ်ခံရမယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး။ မနက်ကျမှ ကျွန်တော် ဆောင်းပါးဖတ်ရပြီး ကျွန်တော့်စိတ်ထဲမှာ သံသယတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ မိုရက်တီက ကျွန်တော့်ကို ဖုန်းခေါ်ပြီး ဆုံးဖြတ်ချက်ကို သူချခဲ့တာလို့ ပြောပါတယ်” ဟု မန်စီနီက GazzettaTV သို့ ပြောကြားခဲ့သည်။
    မိုရက်တီက မော်ရင်ဟိုအား အစားထိုးမည်ဆိုသည်ကို ပြောခဲ့သလားဟု မေးမြန်းရာ မန်စီနီက မပြောခဲ့ကြောင်း၊ မိမိဘ၀၏ အရေးအကြီးအဆုံးအချိန်တွင် အင်တာအား နည်းပြခွင့်ပေးသည့်အတွက် မိုရက်တီကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    မော်ရင်ဟိုလက်ထက်တွင် အင်တာမှာ တစ်နှစ်အတွင်း ဖလား ၃ လုံးကို ဆွတ်ခူးရရှိနိုင်ခဲ့သည်။
    “သူက နည်းပြကောင်းတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဖလား ၃ လုံးအတွက် မနာလိုဖြစ်လားလို့မေးရင်တော့ – ဒါက သဘာဝပါပဲ” ဟု မန်စီနီကဆိုသည်။
    အင်တာမှထွက်ခွာခဲ့ပြီးနောက် မန်စီးတီးကို နည်းပြခဲ့သည့် မန်စီနီမှာ အသင်းအတွက် ၄၄ နှစ်ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်ဖလားကို ရရှိရန် ဦးဆောင်နိုင်ခဲ့ပြီး၊ နောက်နှစ်တွင် ဒုတိယနေရာဖြင့် ရာသီသိမ်းခဲ့သောကြောင့် အထုတ်ခံခဲ့ရကာ ဂါလာတာစာရေးသို့ ပြောင်းရွှေ့ခဲ့သည်။
    သို့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာတွင် အင်တာသို့ အံအားသင့်ဖွယ် ပြန်လည်ရောက်ရှိခဲ့သည်။
    “အီတလီကိုပြန်ဖို့ထက် နိုင်ငံရပ်ခြားက ခေါ်ဆိုမှုကို ကျွန်တော် စောင့်နေခဲ့တာပါ။ အင်တာကိုပြန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ လူတွေဟာ ဘ၀မှာ ပေါကြောင်ကြောင်အလုပ်တွေ တော်တော်များများကို လုပ်ကြပါတယ်။ ကျွန်တော်လည်း ဒီလို လုပ်ခဲ့တာပါပဲ”
    Ref: Goal
  • အီရန်၏ နျူအရေးသဘောတူညီချက်အတွက် အီရန်ပြည်သူများ အောင်ပွဲခံ
    အီရန်၏ နျူအရေးသဘောတူညီချက်အတွက် အီရန်ပြည်သူများ အောင်ပွဲခံ
    ဇူလိုင် ၁၅၊ ၂၀၁၅
    M-Media
    iran
    – အီရန်နိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့မှုများနှင့် ဆယ်စုနှစ်များကြာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ သီးသန့်ဖြစ်နေမှုကို အဆုံးသတ်သွားမည်ဟု မျှော်လင့်ရသော ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူအရေးသဘောတူညီချက်အတွက် အီရန်ပြည်သူများက ယမန်နေ့က လမ်းများပေါ်သို့ထွက်၍ အောင်ပွဲခံခဲ့ကြသည်။
    လပေါင်းများစွာ ကြာမြင့်ခဲ့သည့် အဆိုပါဆွေးနွေးပွဲကို အီရန်ပြည်သူ သန်းပေါင်းများစွာက မျှော်လင့်ချက်ဖြင့် အနီးကပ် စောင့်ကြည်ခဲ့ကြပြီး ယမန်နေ့က သဘောတူညီချက်ကို တရားဝင်ကြေညာပြီးနောက် မြို့တော်တီဟီရန်အတွင်း ထောင်ပေါင်းများစွာသော ပြည်သူများမှာ လမ်းပေါ်သို့ထွက်၍ ကားဟွန်းများတီးကာ၊ သီချင်းများဖွင့်၍ အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။
    အချို့မှာ သကြားလုံးများကို လမ်းသွားလမ်းလာများထံ ဝေငှခဲ့ကြပြီး လူငယ်များမှာ နိုင်ငံတော်အလံကို ၎င်းတို့၏ ပုခုံးပေါ်၌ ရစ်ပတ်ကာ “သမ္မတရူဟာနီရေ – ကျေးဇူးပါ” ဆိုသည့် ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။
    သဘောတူညီချက်အတွက် သတင်းစာရှင်းလင်းပွဲနှင့် သမ္မတအိုဘားမား၏ မိန့်ခွန်းများကို အီရန်နိုင်ငံပိုင်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင်ပြသခဲ့ပြီး ပြည်သူများကလည်း ၎င်းတို့၏ အိမ်များ၊ ဈေးဆိုင်များတွင် ကြည့်ရှုခဲ့ကြသည်။
    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ အဆိုပါ သဘောတူညီချက်အတွက် အစ္စရေးမှလွဲ၍ ကမ္ဘာ့ခေါင်းဆောင်များကလည်း ချီးကျူးခဲ့ကြပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားကမူ ထိုသဘောတူညီချက်မှာ တီဟီရန်နှင့် တင်းမာသော ဆက်ဆံရေးကို ပြန်လည်သတ်မှတ်ရန်အတွက် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ဆိုသည်။
    “နျူကလီးယားလက်နက်ဆီသွားတဲ့ လမ်းကြောင်းတိုင်းကို ဖျက်တောက်လိုက်ပါပြီ” ဟု အိုဘားမားက ပြောကြားခဲ့ပြီး လားရာအသစ်သို့ ရွေ့လျားရန် အခွင့်အရေးတစ်ခုဖြစ်ကာ မိမိတို့အနေဖြင့် ထိုအခွင့်အရေးအား ဖမ်းဆုပ်သင့်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အီရန်၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာမှ ပိတ်ဆို့မှုများကို ဖယ်ရှားပေးရမည့် အဆိုပါ သဘောတူညီချက်ကို အမေရိကန်ကွန်ဂရက်က အတည်ပြုရန် လိုအပ်နေပြီး အိုဘားမားကမူ ထိုသဘောတူညီချက်အား မည်သည့်ဆန့်ကျင်မှုမျိုးမဆို ဗီတိုသုံး၍ ပယ်ချသွားမည်ဟု ပြောကြားခဲ့သည်။
    ရုရှားသမ္မတ ပူတင်ကမူ အဆိုပါ သဘောတူညီချက်မှာ သက်သာရာရမှုကြီးဖြစ်သည်ဟု ဆိုပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ သမိုင်းဝင်အမှားတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အီရန်၏အဓိပတိ အယာတိုလာခါမေနီက နိုင်ငံ၏ ဆွေးနွေးညှိနှိုင်းမှုအဖွဲ့မှာ ရိုသား၍ ပြင်းထန်သည့် အားထုတ်ကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့သည်ဟု Twitter စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့သည်။
    အီရန်၏ သဘောတူညီချက်မှာ အပြုသဘောဆောင်သည့် စေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်ချက်များကို ပြသနေကြောင်း၊ မလိုအပ်သော ပြဿနာကိုဖြေရှင်းခြင်းနှင့်အတူ အလင်းရောင်သစ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သမ္မတ ဟာဆန်ရူဟာနီက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    “ကျွန်တ်ာတို့ အလှူခံတာမဟုတ်ပါဘူး။ တရား၊ မျှတပြီး နှစ်ဖက်စလုံးမနာရတဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုးကို တောင်းဆိုခဲ့တာပါ”
    အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက အီရန်၏ နျူကလီးယားအစီအစဉ်မှာ လက်နက်ထုတ်လုပ်ရန်အတွက်ဖြစ်သည်ဟု စွပ်စွဲထားသော်လည်း အီရန်ကမူ အရပ်ဘက်အတွက်သာဖြစ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့သည်။
    Ref: Reuters, Aljazeera
  • မလေးရှားမှာ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လိုအပ်နေသည်ဟု အန်ဝါရ် အီဗရာဟင်ပြော
    မလေးရှားမှာ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လိုအပ်နေသည်ဟု အန်ဝါရ် အီဗရာဟင်ပြော
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    – နိုင်ငံတွင် ၀န်ကြီးချုပ်အသစ်တစ်ယောက် လိုအပ်နေသည်သာမကဘဲ အုပ်ချုပ်ရေးနှင့် စီမံခန်ခွဲရေးတွင် အလုံးစုံသော ပြောင်းလဲမှု လိုအပ်နေသည်ဟု မလေးရှားအတိုက်အခံနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း အန်ဝါရ် အီဗရာဟင်က ပြောကြားလိုက်သည်။
    လိင်တူဆက်ဆံမှုဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် အီဗရာဟင်မှာ ၀န်ကြီးချုပ် နာဂျစ်ဘ်ရာဇတ်၏ ချစားမှုစွပ်စွဲချက် ထွက်ပေါ်လာပြီးနောက်  ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် စိုးရိမ်မိသည်ဟုဆိုသည်။
    “ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးအဖြစ် တာဝန်ထမ်းဆောင်ဆဲ ၀န်ကြီးချုပ်ဟာ တိုင်းပြည်ရန်ပုံငွေ မလျော်မကန်ပြုမှုအတွက် စုံစမ်းစစ်ဆေး ခံနေရပါတယ်။ ဒီသံတိုင်နောက်နေ ကျွန်တော် စိုးရိမ်မကင်းဖြစ်မိပြီး၊ ကျွန်တော့်တိုင်းပြည်အတွက်လည်း သောကရောက်ပါတယ်” ဟု မစ္စတာအန်ဝါရ်က ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။
    အန်ဝါရ်မှာ ၎င်း၏ ပါတီ Keadilan Rakyat မှတစ်ဆင့် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ပြီး အကြွေးနွံနစ်နေသော အစိုးရကျောထောက်နောက်ခံပြု ဖွံ့ဖြိုးရေးကုမ္ပဏီ 1MDB မှ ၀န်ကြီးချုပ် ရာဇတ်၏ ဘဏ်အကောင့်သို့ ကန်ဒေါ်လာ သန်း ၇၀၀ လွှဲပြောင်းပေးခဲ့သည်ဟူသော စွပ်စွဲချက်များကို ရည်ညွှန်းထားသည်။
    ပါဝင်သည့် အထူးလုပ်ငန်းအဖွဲ့မှာ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။
    အန်ဝါရ်ကမူ အာဏာရ ညွန့်ပေါင်းအဖွဲ့မှာ လက်ရှိ နိုင်ငံ့ရေးရာများကို အပြည့်အ၀ တာဝန်ယူရန် လိုအပ်သည်ဟု ဆိုသည်။
    “သူတို့ရဲ့ချစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အသိဥာဏ်မဲ့မှုနဲ့ အုပ်ချုပ်ရေး ဆိုးဆိုးရွားရွား ညံ့ဖျင်းမှုတွေက မလေးရှားကို ဒီအခြေအနေမျိုးရောက်အောင် ခေါ်ဆောင်လာခဲ့တာပါပဲ။ ဂရိရဲ့ စီးပွားရေး လုံးဝ ပြိုလဲသွားတာဟာ ကျွန်တော်တို့
    ချစ်လှစွာသောတိုင်းပြည်ကြီးလည်း ဒီလိုဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက် ဖြစ်ပါတယ်”
    ထို့ပြင် တရားစီရင်ရေးနှင့် ရဲတပ်ဖွဲ့ကဲ့သို့ နိုင်ငံ၏ အဓိက အသင်းအဖွဲ့များ ပြုပြင်ပြောင်းလဲခြင်း၊ ရွေးကောက်တင်မြှောက်သည့်စနစ် ပြုပြင်ပြောင်းလဲခြင်းတို့အပါအ၀င် နိုင်ငံအတွင်း ပြောင်းလဲရေးလုပ်ငန်းများကို ချက်ခြင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီကို လမ်လွဲစေပြီး
    ပြည်သူလူထု၏အသံများကို ထွက်မရအောင်လုပ်ထားသော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ အားလုံးကိုလည်း ပြုပြင်ရန် အန်ဝါရ်က တိုက်တွန်းခဲ့သည်။
    Ref: Channelnewsasia
  • ထောင်ဖောက်ပြေးသည့် မက္ကဆီကို မူးယစ်ရာဇာ၏ ဓာတ်ပုံများ ထွက်ပေါ်လာ
    ထောင်ဖောက်ပြေးသည့် မက္ကဆီကို မူးယစ်ရာဇာ၏ ဓာတ်ပုံများ ထွက်ပေါ်လာ
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    mx 2
    – ပြီးခဲ့သည့် စနေနေ့မနက်ပိုင်းက ထောင်ဖောက်သွားသည့် မက္ကဆီကို မူးယစ်ရာဇာ၏ ထွက်ပြေးပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် ဓာတ်ပုံ ၂ ပုံကြောင့် ၎င်းထွက်ပြေးရာ အကျဉ်းထောင် အုပ်ချုပ်ရေးမှူးကို ထုတ်ပယ်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီး မီဂွဲ အိန်ဂျယ် အိုဆိုရီယို ချောင်က ပြောကြားခဲ့သည်။
    ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန် ထွက်ပြေးသွားပြီးနောက် ၂ ရက်ကြာ ယမန်နေ့တွင် ဘီယာသောက်နေသည့်ပုံနှင့် လေယာဉ်စီးနေသည့်ပုံများ ထွက်ပေါ်လာခြင်းဖြစ်ကာ ထို့နောက်တွင် အလ်တီပါလ်နို အကျဉ်းထောင်မှ အုပ်ချုပ်ရေးမှူးမှာ
    ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။
    မူးယစ်တိုက်ဖျက်ရေး အေဂျင်စီက ယမန်နေ့တွင် ထုတ်ပြန်သည့် စာရွက်စာတမ်းများ၌ အမေရိကန်မှာ ဂူဇ်မန် ထောင်ဖောက်ပြေးမည့် အစီအစဉ်နှင့်ပတ်သက်၍ လွန်ခဲ့သည့် ၁၆ လကတည်းက မက္ကဆီကို အာဏာပိုင်များသို့ သတိပေးထားသည်ဟု ဖော်ပြထားသည်။
    အိုဆိုရီယိုချောင်က ဂူဇ်မန် ထောင်ဖောက်မပြေးခင် ၎င်းအချုပ်ခန်း၏ အခြေအနေများအား ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို မကြာမီ ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
    ယခုလက်ရှိတွင် ဂူဇ်မန်အား သတင်းပေးနိုင်သူကို ပီဆို သန်း ၆၀ (ကန်ဒေါ်လာ ၃.၈ သန်း) ပေးအပ်သွားမည်ဟု မက္ကဆီကိုအာဏာပိုင်များက ဆုကြေးငွေထုတ်ထားသည်။
    ဂူဇ်မန်၏ ဓာတ်ပုံများကို ၎င်း၏ သားတစ်ဦးက မက္ကဆီကိုရှိ မူးယစ်စစ်ပွဲများကို စောင့်ကြည့်နေသော ဘလော့ El Blog de Narco သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထောင်မှထွက်ပြေးပြီးနောက် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများဟုဆိုသည်။
    rx
    အကျဉ်းထောင်ထဲမှ ဓာတ်ပုံတွင် ဂူဇ်မန်မှာ ခေါင်းတုံး တုံးထားပြီး ၎င်း၏ အမှတ်သညာဖြစ်သော နှုတ်ခမ်းမွှေးကိုလည်း ရိတ်ထားသည်။ သို့သော်လည်း ယခုထွက်ပေါ်လာသည့် ဓာတ်ပုံတွင် ထူထဲသော ဆံပင်နှင့် နှုတ်ခမ်းမွှေးကို တွေ့မြင်ရသည်။
    ထို့ပြင် မက္ကဆီကိုဆန့်ကျင်သည့် သဘောထားများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသော အမေရိကန်မှ နာမည်ကြီးသူဌေး ဒေါ်နဲလ်ထရမ့်အနေဖြင့် ၎င်း၏ ပြောဆိုမှုများကို ရပ်တန့်ရန် ဂူဇ်မန်က Twitter မှတစ်ဆင့် ခြိမ်းခြောက်ခဲ့သည်။
    Ref: Dialymail