News @ M-Media
Author: Ko Lay
  • ၀င်းဂါးကြောင့် တူရကီသို့ပြောင်းရွှေ့ခြင်းဟု ပိုဒေါစကီးဆို
    ဇူလိုင် ၉၊ ၂၀၁၅
    M-Media
    podol
    – နည်းပြအာဆင်ဝင်းဂါးက တိုက်တွန်းခဲ့သောကြောင့် ဂါလာတာစာရေးသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ပိုဒေါစကီးက ပြောကြားခဲ့ပြီး လာမည့်နှစ် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို အာဆင်နယ်မှာ စိန်ခေါ်နိုင်မည်ဟုလည်း တစ်ပေးခဲ့သည်။
    အာဆင်နယ်အသင်းတွင် ၃ နှစ်ကြာ ကျင်လည်ခဲ့ရသည့် ပိုဒေါစကီးမှာ ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ယမန်နှစ် ဒုတိယ ရာသီဝက်တွင် အင်တာမီလန်သို့ အငှားချထားခြင်း ခံခဲ့ရသည်။ ထို့နောက် ပြီးခဲ့သည့်တစ်ပတ်တွင် တူရကီကလပ် ဂါလာတာစာရေးသို့ ပြောင်းရွှေ့ခဲ့ပြီး ၀င်းဂါက အသင်းမှထွက်ခွာရန် စွဲဆာင်သောကြောင့်ဖြစ်သည်ဟု ပိုဒေါစကီးက ဆိုသည်။
    “၀င်းဂါးနဲ့ ပွင့်ပွင့်လင်းလင်း ကောင်းကောင်းမွန်မွန် ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ အပြောင်းအလဲက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျွန်တော် ကောက်ချက်ချခဲ့တာပါပဲ။ ဂါလာတာစာရေးဟာ ကျွန်တော့်ကို ရဖို့ ၅ နှစ်လောက် အသည်းအသန် ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အားလုံး အထမြောက်ခဲ့ပါတယ်” ဟု ပိုဒေါစကီးက Sport Blid သို့ ပြောကြားခဲ့သည်။
    တူရကီအမှတ်ပေးချန်ပီယံဖြစ်ပြီး နိုင်ငံအတွင်း သြဇာကြီးမားသည့် ဂါလာတာစာရေးနှင့် အနာဂတ်အတွက် ပိုဒေါစကီးက စိတ်လှုပ်ရှားနေသည်။
    “(တူရကီ) လိဂ်က ပရီးမီးယားလိဂ်လို၊ ဘွန်ဒစ်လီဂါလိုအဆင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဂါလာတာစာရေးဟာ ချန်ပီယံလိဂ်မှာ အမြဲတမ်း ပါဝင်ခွင့်ရတဲ့အသင်းပါ။ ပြီးတော့ ကမ္ဘာကျော်တဲ့ ၀က်စလေ စနိုက်ဒါတို့လို နာမည်ကြီးကစားသမားတွေလည်း ရှိပါတယ်”
    ထို့ပြင် ၎င်း၏ Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့သည့် ဗီဒီယို၌ ပိုဒေါစကီးက အာဆင်နယ်ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အာဆင်နယ်အသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်အား ဆွတ်ခူးရရှိနိုင်မည်ဟု တစ်ပေးခဲ့သည်။
    ဂျာမန်တိုက်စစ်မှူး ပိုဒေါစကီးမှာ ဘောလုံးလောကမှ အနားမယူခင် မွေးရပ်မြေကလပ် Koln အသင်းတွင် နောက်ဆုံး ကစားသွားရန် အစီအစဉ်ရှိနေသည်။
    Ref: Goal
  • မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်းပြရန် ယူကေရှိ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး  ဥပုသ်သီလဆောက်တည်
    မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်းပြရန် ယူကေရှိ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ဥပုသ်သီလဆောက်တည်
    ဇူလိုင် ၉၊ ၂၀၁၅
    M-Media
    bt
    – ရမ်ဇာန်ဥပုသ်လ၏ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရကို အားကျသည့်အနေဖြင့် အင်္ဂလန်မှ သင်းအုပ်ဆရာတစ်ဦးမှာ ရမ်ဇာန်လအတွင်း ဥပုသ်သီလ ဆောက်တည်ခဲ့ပြီး ယူကေမွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့ကာ ဒုက္ခရောက်နေသူများအတွက် ရန်ပုံငွေလည်း ရှာဖွေပေးခဲ့သည်ဟု သိရသည်။
    “အယူဝါဒနှစ်ခုအကြားမှာ နားလည်မှု တိုးမြှင့်ဖို့ ပြီးတော့ ဥပုသ်သီလဆောက်တည်ခြင်းရဲ့ ရှုထောင့်တွေ၊ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းတစ်ခုချင်းဆီက အစားသောက်၊ အပျော်အပါး ရှောင်ရှားရတာတွေကို မျှဝေဖို့ ဒါဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းပါပဲ။ ကျွန်တော်တို့ရဲ့ အယူဝါဒနှစ်ခုအကြားက ခြားနားမှုတွေကိုလည်း ကျွန်တော်တို့ သတိမူမိသလို၊ လူ့အဖွဲ့အစည်းကို
    ချစ်ခြင်းမေတ္တာနဲ့ အလုပ်အကျွေးပြုဖို့ ကျွန်တော်တို့ရဲ့ ဘုံဆန္ဓကိုလည်း သိရှိစေပါတယ်” ဟု ဘာမင်ဂမ် All Saints Church မှ ဘုန်းတော်ကြီး အန်သိုနီ မာလေးက ပြောကြားခဲ့သည်။
    ထို့ပြင် တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှု မြှင့်တင်ခြင်း၊ မျှဝေသင်ယူခြင်းနှင့် စစ်မှန်သော ဆက်ဆံရေး တည်ဆောက်ခြင်းတို့ ဆောင်ရွက်နိုင်ပါက ကောင်းမွန်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    မာလေး၏ ထိုလှုပ်ရှားမှုမှာ ၎င်း၏ ဘုရားကျောင်း အနီးအနားရှိ ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်မှ အဖွဲ့ဝင်များက Lent ဟုခေါ်သည့် ခရစ်ယာန်တို့၏ ရက် ၄၀ ဥပုသ်တွင် ပါဝင်ခဲ့မှုကို အားကျသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ရက် ၄၀ ဥပုသ်တွင် ခရစ်ယာန်တို့မှာ မွတ်စလင်များကဲ့သို့ မကောင်းသော အလေ့အထများအား ရှောင်ကျဉ်ရသည်။
    ထိုကဲ့သို့ ဥပုသ်သီလဆောက်တည်ခြင်းအပြင် မာလေးမှာ အီရတ်နိုင်ငံရှိ ငြှင်းပမ်းနှိပ်စက်ခံ မွတ်စလင်များနှင့် ခရစ်ယာန်များအား အကူအညီပေးနေသည့် Human Felief ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရရှိရန်လည်း ဆောင်ရွက်ပေးခဲ့သည်။
    မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် ရမ်ဇာန်လတွင် ဥပုသ်သီလဆောက်တည်သည့် ခရစ်ယာန်ဘာသာဝင်များမှာ မာလေးတစ်ယောက်တည်း မဟုတ်ချေ။
    ယခုလအစောပိုင်းက ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန်ဘာာဝင်များမှာ #Christian4Ramadan ဟု အမည်ပေးထားသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး မြင့်မြတ်သော ရမ်ဇာန်ဥပုသ်လ၏ အနှစ်သာရကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များနှင့်အတူ မျှဝေခံစားခဲ့ကြသည်။
    ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များကလည်း ခရစ်ယာန်တို့၏ ရက် ၄၀ ဥပုသ်တွင် ပါဝင်ကာ စည်းလုံးညီညွတ်မှုကို ပြသရန် #Muslims4Lent မည်ရသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
    ဘုန်းတော်ကြီး မာလေး၏ ထိုကဲ့သို့ ဥပုသ်သီလဆောက်တည်မှုကို မွတ်စလင်များက ချီးကျူးခဲ့ကြသည်။
    “ရက် ၄၀ ဥပုသ်ကို ဆောက်တည်ခဲ့ကြတဲ့ All Saints Church က ဒေသခံတွေနဲ့အတူ စည်းလုံးညီညွတ်မှုကိုပြဖို့ ဒါဟာ အကောင်းဆုံး လက္ခဏာလို့ ကျွန်တော်ထင်ပါတယ်” ဟု ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်မှ ဘာသာပေါင်းစုံကိစ္စများကို ဆောင်ရွက်နေသူ နာဆရင် ရှားက ပြောကြားခဲ့သည်။
    ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်နှင့် All Saints Church တို့၏ ဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ် ခရစ္စမတ်တွင် ဗလီဝတ်ကျောင်းတော်မှ ဘုရားကျောင်းအား ချောကလတ်သေတ္တာ လက်ဆောင်ပေးပြီးနောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားကျောင်းကလည်း အီဒ်းနေ့လက်ဆောင်ကို ဗလီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
    ထို့ပြင် အဆိုပါဘုရားကျောင်းနှင့် ဗလီတို့က ပူးပေါင်း၍ ဒေသခံများအား အခမဲ့ ကားရေဆေးပေးခြင်း၊ ဒေသစီတွင်းစီမံကိန်းအတွက် အစည်းအဝေးများလုပ်ခြင်း၊ ၀တ်ပြုရာနေရာများသို့ သွားရောက်လေ့လာနိုင်ရန် စီစဉ်ပေးခြင်း စသည့်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။
    Ref: Onislam
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၈၊ ၂၀၁၅)
    ဇူလိုင် ၈၊ ၂၀၁၅
    M-Media
    ဗီယက်နမ်ကွန်မြူနစ်အကြီးအကဲတစ်ဦး အိမ်ဖြူတော်တွင် အိုဘားမားနှင့်တွေ့ဆုံ
    …………………………….
    ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ အထွေထွေအတွင်းရေးမှူး ငုယင် ပူသရောင်မှာ ယနေ့တွင် အိမ်ဖြူတော်၌ သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးကိစ္စများ၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် အငြင်းပွားနေသည့် ပိုင်နက်ကိစ္စများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ဗီယက်နပ်စစ်ပွဲပြီးနောက် ပူသရောင်၏ ယခု အမေရိကန်ခရီးစဉ်မှာ သမိုင်းဝင်ခရီး ဖြစ်ခဲ့ပြီး အိုဘားမားကလည်း နှစ်နိုင်ငံဆက်ဆံရေးကို ချီးကျူးခဲ့ကာ သိပ်မကြာခင်အချိန်တွင် ဗီယက်နမ်သို့ လာရောက်လည်ပတ်မည်ဟု ပြောကြားခဲ့သည်။
    တာလီဘန်နှင့် အာဖဂန်အစိုးရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး
    ………………………………….
    အာဖဂန်အစိုးရနှင့် တာလီဘန်တို့ ပါကစ္စတန်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သြဂုတ်လဒုတိယပတ်အတွင်း ဒိုဟာ၌ နောက်ထပ်တစ်ကြိမ်တွေ့ဆုံရန် သဘောတူညီချက်ဖြင့် ပြီးဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။
    ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်ကမူ အဆိုပါ ဆွေးနွေးပွဲမှာ အခက်အခဲများကို ကျော်ဖြတ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
    IS အားတိုက်ရန် ဆီးရီးယားတွင် အမေရိကန်က လူ ၆၀ သာ လေ့ကျင့်ပေးခဲ့
    …………………………..
    IS အား တွန်းလှန်ရေးအတွက် ဆီးရီးယားအတိုက်အခံ တိုက်ခိုက်ရေးသမားများအား အမေရိကန်က လေကျင့်ပေးသည့် အရေအတွက်မှာ ၆၀ သာရှိသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ကွန်ဂရက်စ်သို့ ယနေ့တွင် ၀န်ခံပြောကြားခဲ့သည်။ ဂျော်ဒန်နှင့် တူရကီတို့တွင် ပြီးခဲ့သည့် မေလက စတင်ခဲ့သည့် အဆိုပါ လေ့ကျင့်ရေးမှာ တစ်နှစ်လျှင် တိုက်ခိုက်ရေးသမား ၅၄၀၀ ကျော် မွေးထုတ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
    ချီလီကွင်းလယ်လူ ဗီဒဲလ် အရက်မူးပြီး ကားမောင်းမှုဖြင့် လိုင်စင် ၂ နှစ် ပိတ်သိမ်းခံရ
    ………………………..
    ကိုပါအမေရိက အုပ်စုအဖွင့်ပွဲစဉ်ပြီးနောက် ကားတိုက်မှုဖြစ်ခဲ့သည့် ချီလီကွင်းလယ်လူ အာတူရိုဗီဒဲလ်မှာ အရက်မူးပြီး ကားမောင်းသည့်အမှုဖြင့် ကားမောင်းခွင့် ၂ နှစ် ပိတ်ပင်ခံခဲ့ရသည်။ ထို့ပြင် အခင်းဖြစ်ပွားမှုတွင် ထိခိုက်ခဲ့သည့် ဒေသအတွက် လှူဒါန်းမှုများ ပြုလုပ်ရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ အခင်းဖြစ်ပွားရာနေရာသို့ လာရောက်သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဗီဒဲလ်က စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။
    Ref: News Agencies
  • အမေရိကန်ကြည်းတပ်အင်အား လျှော့ချမည်
    အမေရိကန်ကြည်းတပ်အင်အား လျှော့ချမည်
    ဇူလိုင် ၈၊ ၂၀၁၅
    M-Media
    us
    – အမေရိကန်စစ်တပ်၏ ကြည်းတပ်အင်အားမှ လာမည့် ၂ နှစ်အတွင်း စစ်သား ၄၀၀၀၀ ကို လျှော့ချရန် စီစဉ်နေပြီး လျှော့ချသူများတွင် ပြည်တွင်းနှင့် နိုင်ငံရပ်ခြားတို့၌ တာဝန်ထမ်းဆောင်နေသူများအားလုံး အကျုံးဝင်မည်ဟု USA Today သတင်းစာက ဖော်ပြခဲ့သည်။
    စစ်ဘက်ဆိုင်ရာနယ်ပယ်မှ ရရှိသည့် အထောက်အထားများကို ကိုးကား၍ အဆိုပါ သတင်းစာက ထိုကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်ပြီး ငွေကြေးကုန်ကျမှုကို ကာမိစေရန်အတွက် ပြုလုပ်သော အဆိုပါလျှော့ချမှုမှာ ယခုတစ်ပတ်အတွင်း စတင် အသက်ဝင်မည်ဟု ဆိုသည်။
    စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော အရပ်ဘက်ဝန်ထမ်း ၁၇၀၀၀ မှာလည်း ထိုလျှော့ချမှုတွင် ပါဝင်မည်ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး USA Today ၏ ဖော်ပြမှုကိုလည်း အတည်ပြုခဲ့သည်။
    ထိုလျှော့ချမှု အစီအစဉ်အရ ၂၀၁၇ ဘဏ္ဍာရေးနှစ်အကုန်တွင် အမေရိကန်စစ်တပ်၌ စစ်သာစုစုပေါင်း ၄၅၀၀၀၀ ရှိမည်ဖြစ်သည်။အင်အားကို ၄၅၀၀၀၀ အောက်အထိ လျှော့ချရေးနှင့် ပတ်သက်သော ဘတ်ဂျက်ဆိုင်ရာ စာရွက်စာတမ်းများကို ၂၀၁၃ ခုနှစ်တွင် ကြည်းတပ်က ကန့်ကွက်ခဲ့သည်ဟုလည်း အဆိုပါ သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။
    အီရတ်နှင့် အာဖဂန်တို့အား ကျူးကျော်တိုက်ခိုက်မှု အထွတ်အထိပ်ရောက်ချိန်တွင် အမေရိကန်၏ ကြည်းတပ်အင်အားမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်းအင်အား ၅၇၀၀၀၀ ခန့် ရှိခဲ့သည်။
    Ref: Aljazeera
  • ထိုင်းအစိုးရမှ ပြုလုပ်သည့် ၀ါဖြေ ညစာစားပွဲကို ၀န်ကြီးချုပ်ပရာယွတ် တက်ရောက်
    ထိုင်းအစိုးရမှ ပြုလုပ်သည့် ၀ါဖြေ ညစာစားပွဲကို ၀န်ကြီးချုပ်ပရာယွတ် တက်ရောက်
    ဇူလိုင် ၈၊ ၂၀၁၅
    M-Media
    11041120_909177215791416_83467982053563222_n– နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင်လူ့အဖွဲ့အစည်း အပေါ်ချစ်ကြည် ရင်းနှီးမှုကို ဖော်ပြရန် အတွက် ထိုင်းအစိုးရက ရမ်ဇာန် ညစာစားပွဲ တစ်ခုကို ဇွန်လ ၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ တက်ရောက်ခဲ့သည်ဟု သိရသည်။
    .
    အစိုးရအိမ်တော်ရှိ Santi Maitree အဆောက်အဦးတွင် ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ ထိုင်း ကတ်ဘိနက်အဖွဲ့ဝင်များ၊ ထိုင်း မွတ်စလင် အမျိုးသားခေါင်းဆောင် ချွာလာရာဂျာ မွန်ထရီး အာစစ် ပီတက်ကမ်ပိုလ်၊ မွတ်စလင်နိုင်ငံများမှ သံတမန်များ၊ ထိုင်းအစ္စလာမ် သာသနာရေးရာကောင်စီ ဗဟိုမှ ကော်မတီအဖွဲ့ဝင်များ၊ ထင်ရှားသည့် မွတ်စလင်ခေါင်းဆောင်များ၊ အစိုးရ အရာရှိများနှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
    .
    .
    ထို့ပြင် တိုင်းပြည်အရေး ဆောင်ရွက်ရာတွင် မွတ်စလင်ခေါင်းဆောင် ချွာလာရာဂျာမွန်ထရီး အပါအ၀င် အခြားသော မွတ်စလင်ခေါင်းဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သည် ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    .
    နောက်ဆုံးတွင် ၀န်ကြီးချုပ် ပရာယွတ်က ထိုင်းနိုင်ငံ အတွင်းရှိ မွတ်စလင်များ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ် ထံတော်မှ ကောင်းချီးမင်္ဂလာအပေါင်း ကျရောက်ပါစေကြောင်း၊ လူမှုဘ၀၊ လုပ်ငန်း ကိုင်တာများတွင် တိုးတက်မှုရရှိကာ၊ လုပ်ကိုင်သမျှ အောင်မြင် ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
    .
    ထိုင်းမွတ်စလင်ခေါင်းဆောင် ချွာလာရာဂျာမွတ်ထရီးကလည်း အစိုးရမှ ပြုလုပ်ပေးသည့် အဆိုပါ ညစားစားပွဲအတွက် ကျေးဇူးတင်မိသည်ဟု ပြောကြားခဲ့ကာ ၀ါမဖြေမီ အလျှင် ဆုမွန် ဒိုအာ တောင်းပေးခဲ့သည်။ တက်ရောက်လာကြအသည့် အစ္စလာမ်ဘာသာဝင်များမှာ အစိုးရ အိမ်တော်တွင် မဂ်ရစ်ဘ်ဆွလာသ် (နေ၀င်ပြီးဝတ်ပြုမှု) ကို ၀တ်ပြု ဆောက်တည်ခဲ့ကြသည်။
    .
    ဇွန်လ ၂၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲ တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး သံတမန်များ မွတ်စလင်ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။
    .
    Ref: Royal Thai Government’s Website
    11009216_909177219124749_4933690481886006321_n  11692602_909176959124775_2373614200844527391_n 11693973_909176939124777_5601879819391082533_n 11695003_909176945791443_2488438865365827474_n