News @ M-Media
Author: Ko Lay
  • ဂျာမနီ အစိုးရက တည်ခင်းပြုလုပ်တဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲ ၀န်ကြီးချုပ်မာကဲလ် တက်ရောက်
    ဂျာမနီ အစိုးရက တည်ခင်းပြုလုပ်တဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲ ၀န်ကြီးချုပ်မာကဲလ် တက်ရောက်
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    germany
    – အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန် ဥပုသ်လကို ဂုဏ်ပြုသည့်အနေဖြင့် ဂျာမနီအစိုးရမှ ကြီးမှူး ကျင်းပသော အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲတွင် ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ် ပထမဆုံး အကြိမ် တက်ရောက်ခဲ့ပြီး အစ္စလာမ် သာသနာမှာ ဂျာမနီ၏ အစိတ်အပိုင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။
    .
    ဘာလင်ရှိ နိုင်ငံခြားရေး ၀န်ကြီးရုံး၏ ဧည့်ဂေဟာတွင် အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ် အပါအ၀င် အစိုးရအကြီးတန်း တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံရေးနှင့် လူမှုရေးလောကမှ ထင်ရှားကျော်ကြား သူများ တက်ရောက်ခဲ့ကြသည်။
    .
    “အစ္စလာမ်ဟာ ဂျာမနီနဲ့ သက်ဆိုင်ပြီး ဒီအတိုင်းပဲ ဆက်ရှိသွားမှာပါ” ဟု ၀န်ကြီးချုပ် မာကဲလ်က အဆိုပါ အစ်ဖ်သာရ် ၀ါဖြေပွဲ ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    .
    ဂျာမနီအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဆေးဘာ့တ်ကမူ ၀န်ကြီးချုပ်မှာ အစ်ဖ်သာရ် ၀ါဖြေပွဲအား နှစ်စဉ်နှစ်တိုင်း တက်ရောက်သွားရန် အစီအစဉ်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    .
    မာကဲလ်က မွတ်စလင်များ ဥပုသ်သီလဆောက်တည်ကြသော ရမ်ဇာန်ဥပုသ်မှာ မွတ်စလင်များ ၎င်းတို့၏ဘ၀များကို ပြန်လည်သုံးသပ်စစ်ဆေးရန် အချိန်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဂျာမနီရှိ မွတ်စလင် အများစုမှာ ဥပဒေကို လေးစား လိုက်နာသည့် နိုင်ငံသားများ ဖြစ်ကြသည် ဟု ပြောကြားခဲ့သည်။
    .
    နိုင်ငံရပ်ခြားမှ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် ဂျာမနီနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဗလီဝတ်ကျောင်းတော်များမှာ ပစ်မှတ်ထားခြင်း ခံလာရသည်။ ပြီးခဲ့သည့်လများ အတွင်း PEGIDA ဟုခေါ်သည့် အဖွဲ့တစ်ခုက မွတ်စလင်ဆန့်ကျင်ရေး ချီတက် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။
    .
    သို့သော်လည်း မာကဲလ်က အခြားသောသူ၏ လုပ်ရပ်များ အတွက်ကြောင့် မွတ်စလင်များ အပေါ် သံသယရှိခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ကို ပြုလုပ်သည်မှာ မှန်ကန်မှု မရှိဟု ပြောကြားခဲ့ကာ ဂျာမနီမှာ ခွဲခြားမှု မရှိဘဲ မတူညီသော ဘာသာတရားများ စုစည်းရာ ရိပ်မြုံ တစ်ခုဖြစ်ပြီး ၀တ်ပြုရာနေရာများအား အကြမ်းဖက်ဖျက်ဆီးခြင်းကိုလည်း ရှုတ်ချခဲ့သည်။
    .
    ဂျာမနီမွတ်စလင်များအပေါ် ခွဲခြားဆက်ဆံမှုများကို လက်ခံမည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။
    .
    “အမုန်းတရား၊ လူမျိုးရေးခွဲခြားမှုနဲ့ အစွန်းရောက်မှုတွေအတွက် ဒီတိုင်းပြည်မှာ နေရာ မရှိပါဘူး။ ကျွန်မတို့ တိုင်းပြည်ဟာ ဒီမိုကရေစီ၊ သည်းခံမှုနဲ့ ကမ္ဘာကြီးအတွက် ပွင့်ပွင့်လင်းလင်း ရှိမှုကို အခြေခံတဲ့ တိုင်းပြည်ပါပဲ”
    .
    ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၄ သန်းနီးပါးရှိပြီး မြို့တော် ဘာလင်တွင်ပင် ၂၂၀၀၀၀ ခန့်ရှိနေသည်။
    .
    “ကျွန်မတို့တိုင်းပြည်မှာ မွတ်စလင်လေးသန်းလောက် နေထိုင်နေကြပြီး အစ္စလာမ့် ဓမ္မသင်ခန်းစာတွေကိုလည်း စာသင်ကျောင်းတွေမှာ သင်ပေးနေပါတယ်”
    .
    Ref: Onislam
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၂၊ ၂၀၁၅)
    နိုင်ငံတကာ သတင်းတို (ဇူလိုင် ၂၊ ၂၀၁၅)
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    ဖိလစ်ပိုင်တွင် ခရီးသည်တင်သင်္ဘောမှောက်၊ ၃၀ ကျော်သေဆုံး
    ……………………………….
    ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် လူ ၂၀၀ နီးပါး တင်ဆောင်သွားသည့် သင်္ဘောတစ်စင်းမှာ ကြီးမားသော လှိုင်းဒဏ်ကြောင့် ယနေ့တွင် နစ်မြုပ်သွားခဲ့ပြီး အနည်းဆုံး ၃၆ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း အများစုမှာ အသက်ရှင်ခဲ့ပြီး
    ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ ၁၂၇ ဦး အသက်ရှင်ခဲ့ကာ ၂၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။ ကျွန်းပေါင်း ၇၁၀၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် သင်္ဘောများတိမ်းမှောက်မှုကြောင့် ရာပေါင်းများစွာ သေဆုံးလေ့ရှိသည်။
    အီရတ်မြောက်ပိုင်းရှိ IS များအပေါ် စစ်တပ်အသာရနေ
    ……………………………..
    အီရတ်နိုင်ငံမြောက်ပိုင်း ဘိုင်ဂျီမြို့၏ ဧရိယာအများစုမှ IS တပ်များကို အီရတ်စစ်တပ်က ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး အနီးအနားရှိ ရေနံသန့်စင်စက်ရုံမှ IS တပ်ဖွဲ့များကိုလည်း မကြာမီ မောင်းထုတ်နိုင်တော့မည်ဟု ရှီအိုက် ပြည်သူ့စစ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။ ဘိုင်ဂျီမြို့အား အီရတ်စစ်တပ်မှ ထိန်းချုပ်နိုင်ခဲ့ပါက IS များ သိမ်းပိုက်ထားသော မူဆိုးလ်မြို့ကို ထိုးစစ်ဆင်ရန် အခွင့်သာမည်ဖြစ်သည်။
    BBC မှ အလုပ်အကိုင် ၁၀၀၀ လျှော့ချမည်
    …………………………………..
    လိုင်စင်ကြေးရရှိမှု ဘက်ဂျက်တွင် ပေါင် သန်း ၁၅၀ ခန့် ကွာဟနေသောကြောင့် ဌာနအတွင်း အလုပ်အကိုင် ၁၀၀၀ ခန့်ကို လျှော့ချမည်ဟု BBC မှ အထွေထွေဒါရိုက်တာ တိုနီဟောလ်က ယနေ့တွင် ပြောကြားလိုက်သည်။ ထိုသို့ လျှော့ချမှုမှ ပေါင် သန်း ၅၀ ခန့် ထွက်လာမည်ဖြစ်ပြီး နောက်ထပ် လျှော့ချမှုများကိုလည်း ပြုလုပ်သွားမည်ဟု ဟောလ်က ထည့်သွင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဘက်ဂျက်ကွာဟချက်မှာ တိုက်ရိုက်ထုတ်လွှင်သည့် ရုပ်သံလိုင်းကို မကြည့်ဟုပြောကာ လိုင်စင်ကြေးမပေးသည့် အိမ်များ တိုးလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
    ဗာတီကန်တွင် ပါလက်စတိုင်သံရုံးဖွင့်မည်
    ……………………………….
    လာမည့်နွေရာသီအကုန်တွင် ဗာတီကန်၌ ပါလက်စတိုင်းသံရုံးဖွင့်ရန် စီစဉ်နေသည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယဒ်မာလီကီက ယနေ့တွင်ပြောကြားခဲ့သည်။ ဗာတီကန်မှာ ပါလက်စတိုင်းအား ပြီးခဲ့သည့်လက လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။
    Ref: News Agencies
  • တိုရွန်တိုရှိ ဂျူးဘုရားကျောင်းတွင် မွတ်စလင်များအတွက် စုပေါင်းဝါဖြေပွဲ ပြုလုပ်
    တိုရွန်တိုရှိ ဂျူးဘုရားကျောင်းတွင် မွတ်စလင်များအတွက် စုပေါင်းဝါဖြေပွဲ ပြုလုပ်
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    aaa
    – ဥပုသ်သီလဆောက်တည်သည့် ဓလေ့နှင့်ပတ်သက်၍ အပြန်အလှန် သင်ယူလေ့လာနိုင်ရန်အတွက် ကနေဒါရှိ သြဇာလွှမ်းမိုးမှုအရှိဆုံး ဂျူးဘုရားကျောင်းများမှ တစ်ခုဖြစ်သော Holy Blossom က မွတ်စလင်များအတွက် အစ်ဖ်သာရ် စုပေါင်းဝါဖြေပွဲတစ်ခုကို စီစဉ်ပေးခဲ့သည်ဟု သိရသည်။
    “ဘာသာတရားတွေ အချင်းအချင်းမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ လူတွေ အတူတကွ ပညာသင်ကြတဲ့အခါ၊ အတူတကွ စားကြသောက်တဲ့အခါ ဖြစ်လာတာလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အဆိုပါ ဂျူးဘုရားကျောင်းမှ ဘုန်းတော်ကြီး မိုက်ကယ် ဆတ်ဇ်က ပြောကြားခဲ့သည်။
    ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ ၀ါဖြေညစာစားပွဲကို ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးရန် ရည်ရွယ်သည့် အကျိုးအမြတ်မယူသော Intercultural Dialogue Institute အဖွဲ့က ပူးပေါင်းစပွန်ဆာပေးခြင်း
    ဖြစ်သည်။
    “ဒီအစ်ဖ်သာရ်ဝါဖြေပွဲဟာ ပိုမိုနားလည်မှုရှိဖို့၊ နာမ်ပိုင်းဆိုင်ရာ အသိပေးဖို့၊ ပြီးတော့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက် ဒီညမှာ ကျွန်တော်တို့အားလုံးကို အတူတကွ စုစည်းစေခဲ့ပါတယ်” ဟု ကော်ဒိုဘာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစင်တာ၏ ဒါရိုက်တာဖြစ်သူ မူနီဘ် နစီးရ်က အဆိုပါဝါဖြေပွဲတွင် ပြောကြားခဲ့သည်။
    ၁၈၅၆ ခုနှစ်က တည်ထောင်ခဲ့သည့် အဆိုပါ Holy Blossom ဂျူးဘုရားကျောင်းမှာ ကနေဒါရှိ အကြီးဆုံး ပြုပြင်ပြောင်းလဲရေး ဘုရားကျောင်းဖြစ်ပြီး အဖွဲ့ဝင် ၇၀၀၀ ခန့်ရှိကာ တိုရွန်တိုတွင် သက်တမ်းအရင့်ဆုံး ဂျူးဘာသာရေး အဖွဲ့အစည်းလည်းဖြစ်သည်။
    ယခုသီတင်းပတ် အစောပိုင်းက ဂျူးဘုန်းတော်ကြီးဖြစ်သူ ဒေါင် မာရ်မူရ်က “မတူညီတဲ့အယူဝါတွေက လူတွေနဲ့အတူ စားသောက်ခြင်းစိတ်ဓာတ်က သာမန် ဘာသာပေါင်းစုံပွဲတွေမှာ စုစည်းတာထက်ကို ပိုပြီး တာသွားပါတယ်။ ကျွန်တော်တို့ ဘာတွေစားတာ၊ ဘယ်လိုစားတာတွေက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို ရောင်ပြန်ဟပ်တာကြောင့် ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ကို ဖော်ပြတာဟာ ပိုပြီး အဆင်ချောမယ်လို့ Intercultural Dialogue Institute က ထင်ပုံရပါတယ်။ မွတ်စလင်မိတ်ဆွေတွေနဲ့ အစ်ဖ်သာရ်ဝါဖြေပွဲ ကျင်းပဖို့ သူတို့ရဲ့ ဖိတ်ကြားမှုဟာ ကနဦးခြေလှမ်းပဲလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု Toronto Star သတင်းစာတွင် ရေးသားခဲ့သည်။
    စည်းလုံးညီညွတ်ခြင်း
    bbb
    “အစ္စလာမ်ရဲ့ ဥပုသ်သီလဆောက်တည်မှု အဓိကရည်ရွယ်ချက်ကတော့ တစ်ဦးတစ်ယောက်ရဲ့ဘ၀မှာ နာမ်ပိုင်းဆိုင်ရာ အသိတရား ပိုမိုရရှိရေး ဘုရားသခင်ကို ဦးစားပေးရင်းနဲ့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုမှုကို ပိုပြီး ရရှိစေဖို့ပါပဲ။ ကျွန်တော်တို့ရဲ့ သုံးစွဲမှု အမူအကျင့်တွေ၊ နေ့စဉ်ဘ၀ စည်းချက်ကျကျ လှုပ်ရှားမှုတွေကို ရပ်တန့်ခြင်းအားဖြင့် ဘ၀ရဲ့အဓိပ္ပါယ်နဲ့ အရေးပါမှုတွေဆီ
    ပြန်လှည့်ဖို့ ကျွန်တော်တို့ရဲ့ သာမန်ဘ၀တွေကို တစ်လတာ အနားပေးလိုက်ကြပါတယ်” ဟု မူနီဘ်နစီးရ်က ပြောကြားခဲ့သည်။
    Intercultural Dialogue Institute အဖွဲ့မှာ နှစ်စဉ် ရမ်ဇာန်ဥပုသ်လ၌ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲကို ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်လည်း စုပေါင်ဝါဖြေပွဲ ၁၁ ခု ပြုလုပ်သွားရန် စီစဉ်ထားသည်။
    “အစ်ဖ်သာရ် ညစာစားပွဲတွေဟာ မတူညီတဲ့ အယူဝါဒနဲ့ လူမျိုးစု၊ ယဉ်ကျေးမှုနောက်ခံမျိုးစုံက လူတွေကို အတူတကွ ပေါင်းစည်းစေပါတယ်။ ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေကိုအားပေးတာနဲ့ အပြန်အလှန် အသိအပေးရေး နည်းလမ်းလည်း ဖြစ်ပါတယ်” ဟု အဆိုပါ အင်စတီကျုမှာ ဒုတိယ ဥက္ကဌဖြစ်သူ ဖာတီဟ် ယီဂူလ်က ပြောကြားခဲ့သည်။
    Ref: Onislam
  • ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ်နှင့် လက်နက်ကိုင်များ တိုက်ပွဲဖြစ်
    ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ်နှင့် လက်နက်ကိုင်များ တိုက်ပွဲဖြစ်
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    egypt
    – ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း လက်နက်ကိုင် ၁၀၀ ကျော်နှင့် စစ်သား ၁၇ ဦး သေဆုံးခဲ့သည်ဟု အီဂျစ်စစ်တပ်က ပြောကြားလိုက်ပြီး ထိုက်တိုက်ခိုက်မှုမှာ နှစ်များစွာအတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။
    လုံခြုံရေးတပ်ဖွဲ့များရှိရာ နေရာ ၁၅ ခုကို တိုက်ခိုက်ရေးသမားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး IS အား သစ္စာခံသည့်အဖွဲ့က ထိုတိုက်ခိုက်မှုများကို ၎င်းတို့ လုပ်ခဲ့သည်ဟု တာဝန်ယူခဲ့သည်။
    အချို့သော လုံခြုံရေးဆိုင်ရာ ရင်းမြစ်များကမူ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုမှာ တရားဝင်ထုတ်ပြန်မှုထက် ပိုများမည်ဟု ဆိုသည်။
    အီဂျစ်စစ်တပ်နှင့် တိုက်ခိုက်ရေးသမားများကြား တစ်ရက်တာ ကြာမြင့်ခဲ့သော အဆိုပါ တိုက်ခိုက်မှုများတွင် F16 တိုက်လေယာဉ်များ အပါချီရဟတ်ယာဉ်များကို စစ်တပ်က အသုံးပြုခဲ့ပြီး ကျွန်းဆွယ်အတွင်း အကြမ်းဖက်အဖွဲ့များ စုစည်းမှုအားလုံး ရှင်းလင်းသွားသည်အထိ စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
    စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဆာနီးရ်က နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားရာတွင် ဗုဒ္ဓဟူးနေ့ ညပိုင်းက ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီဟု ဆိုသည်။
    သမ္မတမော်စီကို စစ်တပ်အကြီးအကဲ အဘ်ဒဲလ် ဖာတာ အလ်စီစီက ဖြုတ်ချခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်ရှိ လက်နက်ကိုင်များမှာ တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
    Ref: Aljazeera
  • ကိုပါ အမေရိကဖလားတွင်  ဂိုးပေါက်ပျောက်မှု မစိုးရိမ်ဟု မက်ဆီပြော
    ကိုပါ အမေရိကဖလားတွင် ဂိုးပေါက်ပျောက်မှု မစိုးရိမ်ဟု မက်ဆီပြော
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    messi
    – ကိုပါအမေရိကတွင် ဂိုးပေါက်ပျောက်နေမှုအတွက် မိမိအနေဖြင့် သောကရောက်ခြင်းမရှိဟု အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်ပြီး အသင်းဖော်များ၏ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့သည်။
    ပြိုင်ပွဲတစ်လျှောက် တစ်ဂိုးသာ သွင်းယူထားနိုင်သည့် မက်ဆီမှာ ပါရာဂွေးအသင်းနှင့် ယမန်နေ့မနက်က ကစားခဲ့ပြီး အာဂျင်တီးနားက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိချေ။ သို့သော်လည်း ထိုဂိုးများထဲမှ ၃ ဂိုးကို ဖန်တီးပေးခဲ့ပြီး ထိုပွဲ၏
    အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။ ၎င်းကမူ အသင်း၏ အမှားအယွင်းမရှိခြင်းက မိမိဂိုးမရမှုကို အစားထိုးခဲ့သည်ဟု ဆိုသည်။
    “တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော် သောကမရောက်ပါဘူး။ ကျွန်တော်တို့ အမှားအယွင်းမရှိ ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေတုန်းက လုပ်သလိုပဲ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာပါ။ တူညီတဲ့ အိုက်ဒီယာကိုပဲ ကျွန်တော်တို့ လိုက်ပါတယ်။ နောက်ထပ်ဖိုင်နယ်ရောက်ရမယ်ဆိုတဲ့ ပထမရည်မှန်းချက် ကျွန်တော်တို့ ပြည့်ဝသွားပါပြီ။ ကျွန်တော်တို့ ချန်ပီယံဖြစ်နိုင်တယ်ဆိုတာအတွက် စိတ်လှုပ်ရှားနေပါတယ်” ဟု မက်ဆီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    အာဂျင်တီးနားမှာ ဇူလိုင်လ ၄ ရက်နေ့တွင် အိမ်ရှင်ချီလီအသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မက်ဆီကမူ ခက်ခဲသည့် တွေ့ဆုံမှုဖြစ်မည်ဟု ဆိုသည်။
    “ဒါဟာ နောက်ဆုံးဗိုလ်လုပွဲဖြစ်ပြီး ကျွန်တော် မျှော်လင့်ချက်ထားပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်မှာပါ။ ကိုပါအမေရိကဖလားကို ရရှိခြင်းဟာ ကြီးကျယ်ခမ်းနားတဲ့ ပြည့်စုံမှု ဖြစ်ပါလိမ့်မယ်။ နိုင်ငံအသင်းနဲ့အတူ ကျွန်တော် တစ်ခုခုကို ဗိုလ်စွဲချင်ပါတယ်”
    Ref: Goal