News @ M-Media
Author: Ko Lay
  • ဟဂ်ျနှင့် အွမ္မရာဟ်ပြုသူများအတွက် Tawaf App ကို ဆော်ဒီ ဖြန့်ချီ
    ဟဂ်ျနှင့် အွမ္မရာဟ်ပြုသူများအတွက် Tawaf App ကို ဆော်ဒီ ဖြန့်ချီ
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    tawaf
    – မက္ကာမြို့ရှိ ကအ်ဘာကျောင်းတော်၌ ဟဂ်ျနှင့် အွမ္မရာ ပြုလုပ်ရာတွင် အဆင်ပြေစေမည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ဆော်ဒီ တက္ကသိုလ်တစ်ခုက ထုတ်လုပ်ဖြန့်ချီလိုက်သည်ဟု သိရသည်။
    Tawaf ဟု အမည်ပေးထားသည့် အဆိုပါ အက်ပလီကေးရှင်းမှာ ကအ်ဘာကျောင်းတော်အား လက်ဝဲရစ် သ၀ါးဖ်လှည့်ရာတွင် အကြိမ်အရေအတွက်ကို အလိုအလျောက် မှတ်သားပေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အကြိမ်အရေအတွက် ပြည့်သွားသည့်အခါ အသိပေးမည်ဖြစ်သည်။
    အဆိုပါအက်ပလီကေးရှင်းကို Google Play တွင် အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်မည်ဖြစ်ကာ ဖုန်းအတွင်း ထည့်သွင်းပြီးပါက ကအ်ဘာကျောင်းတော်ရှိ စနစ်များနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။
    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်၏ သတင်းအချက်အလက်နှင့် နည်းပညာဒါရိုက်တာဖြစ်သူ ဘန်ဒါ အလ်-ခါဇင်မ်က အဆိုပါ အက်ပလီကေးရှင်းကို အွမ် အလ်-ကူရာ တက္ကသိုလ်ရှိ နည်းပညာ တီထွင်ဆန်းသစ်ရေးစင်တာက တီထွင်ထုပ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်း မီဒီယာများသို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
    “Tawaf အက်ပလီကေးရှင်းဟာ သင့်ရဲ့ ပြီးဆုံးသွားတဲ့ သ၀ါးဖ်အရေအတွက်ကို မှတ်သားရာမှာ ကူညီမှာဖြစ်ပြီး အားလုံးပြီးဆုံးသွားတဲ့အခါ အကြောင်းကြားမှာဖြစ်ပါတယ်။ ဟရမ်ကျောင်းတော်အတွင်း ဘယ်နေရာမှာ တည်ရှိလဲဆိုတာကိုသိဖို့ Bluetooth၊ ၀ိုင်ဖိုင်နဲ့ လှုပ်ရှားမှု ဆင်ဆာတွေလို ဖုန်းအတွင်းက ဆင်ဆာတွေကို အသုံးပြုမှာဖြစ်ပါတယ်” ဟု Google Play တွင် ထုတ်လုပ်သူများက ဖော်ပြထားသည်။
    ထို့ပြင် GPS ထက် ဘတ္ထရီအစားသက်သာသည့် Bluetooth Low Energy နည်းပညာကို စမ်းသပ်နေသောကြောင့် လက်ရှိတွင် Bluetooth ကိုသာ အသုံးပြုနေကြောင်း ၎င်းတို့က ဆိုသည်။
    အလ်-ခါဇင်ကမူ ဘုရားဖူးလာသူများနှင့် ၀န်ထမ်းများအတွက် မိမိတို့၏ စင်တာမှာ အလ်-ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း အခမဲ့ ၀ိုင်ဖိုင်ကို စီစဉ်ပေးသွားမည်ဖြစ်ပြီး အစ်ဖ်သာရ် ၀ါဖြေအစီအစဉ်နှင့် အေသေကားဖ် (ရမ်ဇာန်ဥပုသ်လ နောက်ဆုံး ၁၀ ရက်တွင် တရားထိုင်ခြင်း) အစီအစဉ်ကိုလည်း စီစဉ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထိုအက်ပလီကေးရှင်းကို အာရဘီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ တူရကီ၊ အူရဒူနှင့် ဖာရ်စီ ဘာသာစကားများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
    အထူးအရေးပေါ်တပ်ဖွဲ့မှ အကြီးအကဲ ဗိုလ်ချုပ် ခါလစ်ဒ် ကွာရာ အလ်-ဟာဘီးကမူ ရမ်ဇာန်ဥပုသ်လ၏ ဒုတိယ ၁၅ ရက်တွင် ဘုရားဖူးလာရောက်ကြသူ အရေအတွက်မှာ ၈၀ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု မျှော်လင့်ရပြီး နောက်ဆုံး ၁၀ ရက်တွင် ပိုများမည်ဖြစ်ကာ မြင့်တက်လာသော လူဦးရေအတွက် အစီအစဉ်များကိုလည်း စီစဉ်ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    သ၀ါးဖ်ဆိုသည်မှာ ကအ်ဘာကျောင်းတော်အား လက်ဝဲရစ် ၇ ပတ် လှည့်ပတ်ခြင်းဖြစ်ပြီး ဟဂ်ျနှင့် အွမ္မရာ ဘုရားဖူးခရီးစဉ်များတွင် ဆောင်ရွက်ရသည်။ ထို့သို့ဆောင်ရွက်ခြင်းမှာ တစ်ဆူတည်းသော ဘုရားသခင်အား ၀တ်ပြုရာတွင် ယုံကြည်သူများ၏ စည်းလုံးညီညွတ်မှုကို ဖော်ပြခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
    Ref: Arabnews
  • ၀က်စ်ဟမ်းနည်းပြသစ် ပထမဆုံးပွဲတွင် ဝေဖန်ခံရ
    ဇွန် ၃၊ ၂၀၁၅
    M-Media
    wh
    – ကွင်းဘေးရှိ နည်းပြထိုင်ခုံတွင် မထိုင်ဘဲ ပွဲကြည့်စဉ်မှ သွားရောက်ကြည့်ရှုခဲ့သည့် ၀က်စ်ဟမ်းအသင်းနည်းပြမှာ မိမိတို့အသင်းအား လေးစားမှုမရှိဘဲ စိတ်ကြီးဝင်သူဖြစ်သည်ဟု အန်ဒိုရာကလပ် Lusitans အသင်းနည်းပြ ဇာဗီ ရူရာက ပြောကြားခဲ့သည်။
    ယူရိုပါလိဂ် ပထမအဆင့် ခြေစစ်ပွဲ ပထမအကျော့အဖြစ် ယနေ့နံနက်က ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်း၌ ကစားခဲ့သော အဆိုပါပွဲတွင် အိမ်ရှင်တို့က သက်တောင့်သက်သာ ကစားခဲ့ကာ ဆာခို၏ သွင်းဂိုး ၂ ဂိုး၊ ဂျိမ်းစ်တွမ်ကင်၏ သွင်းဂိုး ၁ ဂိုးဖြင့် ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
    ထိုပွဲမှာ နည်းပြ ဆာလ်ဗန် ဘီလစ်အနေဖြင့် ၀က်စ်ဟမ်းအသင်းနည်းပြအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ယှဉ်ပြိုင်ကစားသည့်ပွဲဖြစ်ပြီး ၎င်းကိုယ်တိုင် ကြီးကြပ်ခြင်း မပြုခဲ့ဘဲ အကယ်ဒမီမှ နည်းပြဖြစ်သူ တယ်ရီဝက်စ်လေအား တာဝန်ပေးကာ ၎င်းက ပွဲကြည့်စဉ်မှ ထိုင်ကြည့်ခဲ့သည်။
    ထို့ကြောင့် အန်ဒိုရာအသင်းငယ် Lusitans ၏ နည်းပြဖြစ်သူ ရူရာက ဒေါသထွက်ခဲ့ပြီး ဘီလစ်အား ဝေဖန်ခဲ့သည်။
    “အရန်ခုံမှာ မရှိတာဟာ ဆလာဗန် ဘီလစ် လေးစားမှုမရှိဘူးဆိုတာ ပြတာပါပဲ။ ကျွန်တော် စိတ်မကောင်းတော့ မဖြစ်ပါဘူး။ fair play ကို တီထွင်တဲ့နိုင်ငံမှာ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ သူက ကျွန်တော်တို့လိုအသင်းဟာ သူရှိဖို့ မလိုဘူးလို့ တွေးခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဆုဖလားတွေများကြီးများ ရခဲ့သလားဆိုပြီး ကျွန်တော် စဉ်းစားမိပါတယ်။ ပြီးတော့ သူက သူ့ကိုယ်သူ ‘စပါယ်ရှယ်ဝမ်း’ လို့ ထင်ကောင်းထင်နေမှာပါ” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရူရာက ပြောကြားခဲ့သည်။
    ထို့ပြင် ၀က်စ်ဟမ်းကဲ့သို့ အသင်းမျိုးမှာ နောက်ထပ် ထိုကဲ့သို့ လုပ်မည်မဟုတ်ဟု အနည်းဆုံး မိမိ မျှော်လင့်မိကြောင်း၊ ဒုတိယအကျော့ အန်ဒိုရာတွင် ကစားမည့်ပွဲတွင် ဘီလစ်မှာ နည်းပြခုံတွင် ရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    “နည်းပြတိုင်းက နည်းပြခုံမှာ မထိုင်ပါဘူး။ သူက (အိုင်ယာလန်) လေ့ကျင့်ရေးကမ့်ကနေ ခုမှ ပြန်ရောက်တာပါ။ ကျွန်တော်ကတော့ သူဟာ ပွဲကို လေးစားသမှုရှိတယ်၊ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်နေတယ်လို့ ထင်ပါတယ်။ ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ သူဟာ အ၀တ်လဲခန်းထဲမှာ ရှိနေခဲ့ပါတယ်”
    Ref: Dailymail
  • အီရတ်နှင့် ဆီးရီးယားရှိ သမိုင်းအမွေအနှစ် ပစ္စည်းများကို IS က လုယက်ရောင်းချနေ
    အီရတ်နှင့် ဆီးရီးယားရှိ သမိုင်းအမွေအနှစ် ပစ္စည်းများကို IS က လုယက်ရောင်းချနေ
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    is
    – အီရတ်နှင့် ဆီးရီးယားတစ်ဝှမ်းရှိ ရှေးဟောင်းနေရာများမှ သမိုင်းဝင်ပ္စည်းများကို IS က အကြီးအကျယ် လုယက်ယူငင်နေကြပြီး ငွေသားရရှိရန် ပွဲစားများမှ တစ်ဆင့် ပြန်လည်ရောင်းချနေကြသည်ဟု ကုလသမဂ္ဂ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီဖြစ်သော ယူနက်စကို
    အကြီးအကဲဖြစ်သူ ဘိုကိုဗာက ပြောကြားလိုက်သည်။
    အီရတ်နိုင်ငံမှ ကမ္ဘာကျော် သမိုင်းဝင်နေရာများဟု တရားဝင်သတ်မှတ်ထားသည့် နေရာ ၁၀၀၀၀ ခန့်မှ ငါးပုံတစ်ပုံမှာ လက်ရှိအချိန်တွင် IS ၏ ထိန်းချုပ်မှုလက်သို့ ရောက်ရှိနေပြီး အများစုမှာ ကျယ်ကျယ်ပြန့်ပြန့် လုယက်ခံနေရကာ အခြားသော သမိုင်းဝင်နေရာများ၏ အခြေအနေမှာလည်း မည်ကဲ့သို့ ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ယမန်နေ့က လန်ဒန်တွင်
    ပြုလုပ်ခဲ့သော ကျွမ်းကျင်ပညာရှင်များ အစည်းအဝေး၌ ဘိုကိုဗာက ထည့်သွင်းပြောကြားခဲ့သည်။
    ဆီးရီးယားရှိ အချို့နေရာများတွင် ဆိုးဆိုးဝါးဝါး လုယက်ခံခဲ့ရပြီး သမိုင်းဆိုင်ရာနှင့် ရှေးဟောင်း သုတေသနဆိုင်ရာ တန်ဖိုးရှိပစ္စည်းများ မရှိသလောက် ဖြစ်နေသည်။ ယူနက်စကိုမှာ လစ်ဗျားရှိ သမိုင်းဝင်နေရာများနှင့် ပတ်သက်၍လည်း စိုးရိမ်သည်ဟု သူမက ဆိုသည်။
    IS မှ ထိန်းချုပ်ထားသည့် နယ်မြေတွင် ကမ္ဘာပေါ်ရှိ ရှေဟောင်းသုတေသနဆိုင်ရာ သမိုင်းဝင်နေရာများဖြစ်သော အက်ဆီရီယန်အင်ပါယာက တည်ဆောက်ခဲ့သည့် မြို့ကြီးများ၊ ဂရေကို- ရိုမန် လူ့အဖွဲ့အစည်း သန္ဓေတည်ရာဒေသများ၊ မွတ်စလင်နှင့် ခရစ်ယာန်အဖွဲ့များ ရာစုနှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သည့် နေရာများ ပါဝင်ပြီး တန်ဖိုးမဖြစ်နိုင်သည့် ရှေးဟောင်းပစ္စည်းများ ကြွယ်ဝသည့်နေရာများလည်း ဖြစ်သည်။
    ထိုကဲ့သို့ သမိုင်းဆိုင်ရာအမွေအနှစ်များကို လုယက်ယူငင် ရောင်းချသည့်အပြင် IS မှာ အစ္စလာမ်၏ သမိုင်းဝင်နေရာများ အပါအ၀င် အချို့သော အမွေအနှစ်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။
    Ref: Aljazeera
  • ကိုပါအမေရိကတွင် ဗိုလ်စွဲခြင်းက ကမ္ဘာ့ဖလားအကြွေး ပြန်ဆပ်ခြင်းဖြစ်မည်ဟု အဂူရိုပြော
    ကိုပါအမေရိကတွင် ဗိုလ်စွဲခြင်းက ကမ္ဘာ့ဖလားအကြွေး ပြန်ဆပ်ခြင်းဖြစ်မည်ဟု အဂူရိုပြော
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    argentina
    – ၂၀၁၅ ကိုပါအမေရိကဖလား နောက်ဆုံးဗိုလ်လုပွဲတွင် အနိုင်ရရှိခြင်းက ကမ္ဘာ့ဖလားပွဲတွင် မိမိအပေါ် တင်ရှိခဲ့သည့် အကြွေးအား ပြန်လည်ပေးဆပ်ခြင်း ဖြစ်လိမ့်မည်ဟု အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ဖလားတွင် ဗိုလ်လုပွဲအထိ တက်ရောက်ကာ အချိန်ပိုဂိုးဖြင့် ဂျာမနီအား ရှုံးနိမ့်ခဲ့သည့် အာဂျင်တီးနား အသင်းတွင် အဂူရိုမှာ ကြံ့ခိုင်မှု မပြည့်ဝသောကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။
    သို့သော်လည်း ချီလီတွင် လက်ရှိကျင်းပနေသည့် ကိုပါအမေရိကဖလားတွင်မူ ခြေစွမ်းကောင်းများ ပြသနေပြီး ၃ ဂိုးသွင်းယူထားနိုင်ကာ ၎င်းက ဘရာဇီးတွင် စံချိန်မီ စွမ်းဆောင်ရည်ကို မပြနိုင်သောကြောင့် တင်ရှိနေသည်ဟု ခံစားရသော အကြွေးကို ပြန်လည်ပေးဆပ်နိုင်မည်ဟု မျှော်လင့်နေသည်။
    “ဘရာဇီးလ်မှာ ဘာဖြစ်ခဲ့လဲဆိုတာကို ကျွန်တော် အမြဲတမ်းပြောပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီမှာ ကျွန်တော် အကောင်းဆုံးအခြေအနေ မရခဲ့ဘဲ ခိုးလို့ခုလု ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ပိုကောင်းတယ်လို့ ကျွန်တော်ခံစားရပြီး ပိုကောင်းစွာနဲ့ ရောက်လာခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ကိုပါမှာ ပေးဆပ်ဖို့ ကြိုးစားရမယ့် အကြွေးပါပဲ။ ဂျာမနီနဲ့ ဖိုင်နယ်ပွဲအတွက် ကျွန်တော်တို့ဟာ အမြဲတမ်း ခါးသီးတဲ့အရသာကို ခံစားရပါတယ်။ ဒါပေမယ့် ကိုပါမှာအနိုင်ရခြင်းကတော့ ကျွန်တော်တို့ကို ပျော်ရွှင်စရာတစ်ပုံတစ်ပင် ပေးပါလိမ့်မယ်” ဟု La Nacion သို့ အဂူရိုက ပြောကြားခဲ့သည်။
    အဂူရိုမှာ ကိုပါအမေရိကပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းတွင် ဂိုးသွင်းအများဆုံး ဖြစ်နေပြီး အသင်းခေါင်းဆောင် မက်ဆီမှာ ၁ ဂိုးသာ သွင်းယူထားနိုင်သည်။ သို့သော်လည်း အဂူရိုကမူ မက်ဆီ၏ အသင်းအား ကူညီမှုအတွက် ကာကွယ်ပြောဆိုခဲ့သည်။
    “သူကတည်ငြိမ်တယ်။ တကယ်လို့ အသင်းနိုင်ရင် သူက အေးဆေးပါပဲ။ ဖြစ်နေတာက လူတိုင်းဟာ သူ့ကို လူကပ်ဖို့ သွားကြတယ်။ နောက်ခံလူ ၂ ယောက် ဒါမှမဟုတ် ၃ ယောက်လောက်ပေါ့။ ပြီးတော့ အခြားလူတွေကို လွှတ်ပေးထားတယ်။ လီယို (မက်ဆီ) ရှိတာ အမြဲတမ်းကောင်းပါတယ်။ ဂိုးကတော့ လာပါလိမ့်မယ်”
    အာဂျင်တီးနားမှာ ကိုပါအမေရိကဗိုလ်လုပွဲအဖြစ် ချီလီအသင်းနှင့် မနက်ဖြန်ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref: Goal
  • အလ်ကိုင်းဒါး သံသယရှိသူ ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
    အလ်ကိုင်းဒါး သံသယရှိသူ ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    bg
    – ဘာသာရေးအစွန်းရောက်မှုကို ဝေဖန်သည့် ဘလော့ဂါနှစ်ဦးကို သတ်ဖြတ်မှုအတွက် တာဝန်ယူသည့် အိန္ဒိယတိုက်ငယ် အလ်ကိုင်းဒါးအဖွဲ့ AQIS မှ အကြီးအကဲတစ်ဦးအပါအ၀င် စစ်သွေးကြွဟု သံသယရှိသူ ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များမှ ဖမ်းဆီးလိုက်သည်။
    ၎င်းတို့ ၁၂ ဦးအား ဇူလိုင် ၁ ရက်နေ့က မြို့တော်ဒါကာရှိ သီးခြားနေရာများအား စီးနင်းစဉ် ဖမ်းဆီးမီးခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်သော Rapid Action Battalion မှ လက်ထောက်ဒါရိုက်တာဖြစ်သူ မက်ဆူဒူ အလမ်က ပြောကြားခဲ့သည်။
    ဖမ်းဆီးခံရသူများတွင် AQIS ၏ ဘင်္ဂလားဒေ့ရှ် စီမံခန့်ခွဲရေးမှူး မိုင်နူလ်အစ္စလာမ်နှင့် ၎င်း၏ ထိပ်တန်းအကြံပေး ဇာဖာရ်အေမင်တို့ ပါဝင်ခဲ့သည်။
    “ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ၊ ဗုံးလုပ်တဲ့ ပစ္စည်းတွေ၊ ချွန်ထက်တဲ့ လက်နက်တွေနဲ့ လေ့ကျင့်ရေး လမ်းညွှန်စာအုပ်တွေကိုပါ သူတို့ဆီက သိမ်းဆည်းရမိပါတယ်” ဟု အလမ်က ပြောကြားခဲ့သည်။
    AQIS မှာ တောင်အာရှတွင် စစ်သွေးကြွလှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် အလ်ကိုင်းအဖွဲ့ခွဲလည်း ဖြစ်သည်။
    ဘာသာရေးအစွန်းရောက်မှုကို အွန်လိုင်းမှ ဝေဖန်သူ ၃ ဦးမှာ ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွင်း တောခုတ်ဓားကိုင်ဆောင် တိုက်ခိုက်သူများ၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ AQIS က အမေရိကန်-ဘင်္ဂလားဒေ့ရှ် ဘလော့ဂါတစ်ဦးအပါအ၀င် ထိုတိုက်ခိုက်မှုထဲမှ ၂ ခုကို တာဝန်ယူခဲ့သည်။
    မေလကလည်း ဘင်္ဂလားဒေ့ရှ်မှာ ကိုကာကိုလာကုမ္ပဏီခွဲမှ အိုတီမန်နေဂျာ တစ်ဦးအပါအ၀င် IS အဖွဲ့ဝင်ဟု သံသယရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။
    Ref: Reuters