News @ M-Media

Author: Ko Lay

  • အာဖဂန်တရားရုံးချုပ် တရားသူကြီးများစာရင်းတွင် အမျိုးသမီးတစ်ဦး ပထမဆုံး ပါဝင်လာ

    အာဖဂန်တရားရုံးချုပ် တရားသူကြီးများစာရင်းတွင် အမျိုးသမီးတစ်ဦး ပထမဆုံး ပါဝင်လာ

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    afag

    – နိုင်ငံ၏ တရားရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရမည့်သူများအဖြစ် အာဖဂန်သမ္မ အက်ရှ်ရက်ဖ် ဂါနီမှ ယမန်နေ့က တင်သွင်းခဲ့သော အမည်စာရင်းတွင် အမျိုးသမီးတရားသူကြီးတစ်ဦး ပါဝင်လာပြီး တိုင်းပြည်အတွင်း မကြံစဖူး ထူးခြားသည့် ဆောင်ရွက်မှုလည်း ဖြစ်သည်။

    အမည်စာရင်းတင်သွင်းခံရသူမှာ အာဖဂန်အမျိုးသမီး တရားသူကြီးများအသင်းမှ အကြီးအကဲဖြစ်သူ အန်နီဆာ ရာစူလီဖြစ်ပြီး ယခင်က လူငယ်တရားရုံးတွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းမှာ တရားသူကြီး ၉ ဦးပါဝင်သည့် ခုံရုံးအဖွဲ့အတွက် ဂါနီ၏ အမည်စာရင်းတင်သွင်းမှုတွင် ပါဝင်သည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။

    “တရားရုံးချုပ်အတွက် အမျိုးသမီးတစ်ဦးကို ပထမဆုံးအဖြစ် ကျွန်တော် အမည်စာရင်းတင်သွင်းတယ်လို့ ဂုဏ်ယူစွာနဲ့ ကြေညာလိုပါတယ်။ တရားရုံးချုပ်မှာ အမျိုးသမီးတစ်ဦးကို ခန့်အပ်တာဟာ တရားရေးစနစ်ကို ပြောင်းလဲလိုက်တာ မဟုတ်ပါဘူး။ ဒီအတွက် အိုလမာ (အစ္စလာမ်ဓမ္မပညာရှင်) တွေရဲ့ အပြည့်အ၀ထောက်ခံမှု ကျွန်တော်တို့မှာရှိပါတယ်” ဟု သံတမန်များနှင့် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်သော အခမ်းအနားတွင် သမ္မတဂါနီက ပြောကြားခဲ့သည်။

    ပါလီမန်၏ အတည်ပြုမှုလိုအပ်သည့် အဆိုပါ အမည်စာရင်းတင်သွင်းမှုမှာ ဂါနီနှင့် ၎င်း၏ အစိုးရအမှုဆောင်အကြီးအကဲ အဘ်ဒူလာ အဘ်ဒူလာတို့ ပြီးခဲ့သည့် စက်တင်ဘာလက ရုံးထိုင်ပြီးနောက်ပိုင်း အမျိုးသမီးများအား အဆင့်မြင့်ရာထူးများတွင် ပိုမိုတိုးမြှင့်ခန့်ထားရေး
    ညီညွသောအစိုးရမှ အားထုတ်မှုများ၏ အစိတ်အပိုင်းလည်းဖြစ်သည်။

    အာဖဂန်အခြေခံဥပဒေအရ တရားရုံးချုပ်မှ တရားသူကြီးများမှာ ၁၀ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလက ပါလီမန်မှာ အမျိုးသမီး ၄ ဦးပါဝင်သည့် ဂါနီ၏ ကတ်ဘိနတ်အဖွဲ့ အမည်စာရင်းတင်သွင်းမှုများကို အတည်ပြုခဲ့သည်။

    ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်ဟောင်းတစ်ဦးဖြစ်သူ ဂါနီမှာ နိုင်ငံတွင်းရှိ ဂေါရ်နှင့် ဒိုင်ကွန်ဒီပြည်နယ်များအတွက် အမျိုးသမီး အုပ်ချုပ်ရေးမှူး ၂ ဦးကို ခန့်ထားခဲ့ပြီး ထိုဆောင်ရွက်မှုကို လူ့အခွင့်အရေး လှုပ်ရှားသူများက ချီးကျူးခဲ့ကြသည်။

    ထို့ပြင် မိမိအနေဖြင့် ၀န်ကြီးဌာနအားလုံး၏ ဒုတိယ၀န်ကြီးနေရာများတွင် အမျိုးသမီးများကို ခန့်သွားရန် ဆန္ဒရှိသည်ဟု ဂါနီက အင်္ဂါနေ့တွင် ထည့်သွင်းပြောကြားခဲ့သည်။

    တာလီဘန်အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်းတွင် အာဖဂန်တွင် အမျိုသမီးများမှာ နေရာရလာခဲ့ပြီး ယခုအချိန်တွင် အမျိုးသမီး လွှတ်တော်အမတ်များ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရှိနေပြီဖြစ်သည်။

    Ref: Aquila-Style

  • အစ္စလာမ်ဘာသာရေးဆိုင်ရာ မေးမြန်းနိုင်မည့် အခမဲ့ဖုန်းလိုင်းတစ်ခုကို စင်ကာပူစီစဉ်ပေး

    အစ္စလာမ်ဘာသာရေးဆိုင်ရာ မေးမြန်းနိုင်မည့် အခမဲ့ဖုန်းလိုင်းတစ်ခုကို စင်ကာပူစီစဉ်ပေး

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    singapore

    – အစ္စလာမ်ဘာသာဝင်များ ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းနိုင်မည့် အခမဲ့ဖုန်းလိုင်းတစ်ခုကို စင်ကာပူအစိုးရက စီစဉ်ပေးခဲ့ပြီး များသောအားဖြင့် အစွန်းရောက်များက အလွဲသုံးစားလုပ်နေသော ဘာသာရေးဆိုင်ရာ အကြောင်းချင်းရာများကို ရှင်းရှင်းလင်းလင်း သိရှိစေရေး ဆောင်ရွက်မှုအဖြစ် ချီးကျူးခြင်း ခံခဲ့ရသည်။

    “လူတွေကို အစွန်းရောက်ခြင်းကနေ ကျွန်တော်တို့ ကယ်တင်ချင်ပါတယ်။ မကြာခင်က ဖမ်းဆီးထားတဲ့ အသက် ၁၇ နှစ်အရွယ်လိုမျိုး လူငယ်လေးတွေဟာ အွန်လိုင်းမှာ အစွန်းရောက်ဆိုင်ရာ လွှမ်းမိုးဖို့အတွက် အားနည်းသူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု
    ခဒီဂျဟ် ဗလီဝတ်ကျောင်းတော်၌ ယမန်နေ့က ၀ါဖြေချိန်မတိုင်မီ ပြုလုပ်သော အခမ်းအနားတွင် ဒုတိယ၀န်ကြီးချုပ် တီယို ချီ ဟီယန်းက ပြောကြားခဲ့သည်။

    အဆိုပါဖုန်းလိုင်းကို ဘာသာရေးပြန်လည်ထူထောင်ရေးအဖွဲ့ PRG က ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အစွန်းရောက်ဝါဒနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေသိရှိလိုသူများကို ပစ်မှတ်ထား ဆောင်ရွက်ခြင်းဖြစ်သည်။

    အဆိုပါဖုန်းလိုင်းမှာ အစွန်းရောက်အုပ်စုများ အလွဲသုံးစားလုပ်သည့် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဖြေရှင်းပေးခြင်းအပြင် အစွန်းရောက်များ၏ သိမ်းသွင်းခြင်း ခံလိုက်ရပြီဟု သံသယရှိသော မိသာစုဝင်များ၊ သူငယ်ချင်းများနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည်ကို ပြည်သူများအား အကြံဥာဏ်ပေးသွားမည်ဖြစ်သည်။

    PRG အဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ မိုဟာမက်အလီက ထိုဖုန်းလိုင်းမှာ လူငယ်များ မှားယွင်းသောရင်းမြစ်များမှ ဘာသာရေးဆိုင်ရာ သတင်းအချက်အလက်များကို ရယူခြင်းအား တားဆီးပေးနိုင်မည်ဖြစ်ပြီး သံသယများကို ချေဖျက်ပေးနိုင်မည်ဟု ဆိုသည်။

    ဇူလိုင် ၁ ရက် (ယနေ့တွင်) စတင်အသုံးပြုနိုင်မည့် အဆိုပါ ဖုန်းလိုင်းနံပါတ်မှာ 1800-774-7747 ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခေါ်ဆိုမေးမြန်းနိုင်မည်ဖြစ်ကာ ထိုအချိန်မတိုင်မီ မေးမြန်းသူများအနေဖြင့် မက်ဆေ့ခ်ျ ချန်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ထိုဖုန်းလိုင်းအတွက် Facebook စာမျက်နှာကိုလည်း ထားရှိပေးသွားမည်ဖြစ်သည်။

    စင်ကာပူနိုင်ငံ၏ လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းဝန်ကျင် ရှိနေသည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (ဇွန် ၃၀၊ ၂၀၁၅)

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    အင်ဒိုစစ်တပ်လေယာဉ် ပျက်ကျမှု လူ ၁၀၀ ကျော်သေဆုံး
    …………………………………
    အင်ဒိုနီးရှားလေတပ်မှ လူပေါင်း ၁၁၃ ဦး စီးနင်းလိုက်ပါသွားသည့် C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းမှာ ဆူမာတြားကျွန်းရှိ မီဒန်မြို့မှ ယနေ့တွင် ပျံတက်ပြီး မိနစ်အနည်းငယ်အကြာ မြို့တွင်းရှိ လူမရှိသော အိမ်ပေါ်သို့ ပျက်ကျခဲ့ပြီး
    လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကိုလည်း အင်ဒိုနီးရှား စစ်တပ်က ပြုလုပ်နေသည်။

    တိုကျိုကျည်ဆံရထားတွင် လူတစ်ဦး မီးရှို့သတ်သေ
    …………………………………..
    ဂျပန်နိုင်ငံ တိုကျိုမြို့မှ အိုဆာကာမြို့သို့ ပြေးဆွဲနေသည့် ကျည်ဆံရထားပေါ်၌ အမျိုးသားတစ်ဦးက သန့်စင်ခန်းတွင် မိမိကိုယ်ကို မီးရှို့မှုကြောင့် မီးလောင်သေဆုံးခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးမှာလည်း သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးရှို့သူမှာ ရထားပေါ်တွင် ပါလာသည့် ကားထဲမှ ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အခြား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
    မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဆောင်ရွက်ရသည်ကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

    ချွေတာရေးအစီအစဉ်ကို ကန့်ကွက်ရန် ဂရိပြည်သူများကို ၀န်ကြီးချုပ်တောင်းဆို
    ………………………………
    ကြွေးရှင်နိုင်ငံများက အဆိုပြုထားသည့် ချွေတာရေးအစီအစဉ်အတွက် မကြာမီ ပြုလုပ်တော့မည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် ဂရိဝန်ကြီးချုပ် အဲလက်ဇစ် တစီဆီပရက်စ်က ပြည်သူများအား တိုက်တွန်းပြောကြားလိုက်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သို့ ယနေ့တွင် နောက်ဆုံးထား၍ ပေးရမည်ငွေ ၁.၆ ဘီလီယံကို ဂရိက ပေးနိုင်ခြင်းမရှိတော့ဘဲ ပြည်သူ့ဆန္ဒခံယူပွဲအပြီး ကြွေးရှင်နိုင်ငံများနှင့် ဆက်လက်ဆွေးနွေးသွားမည့် အစီအစဉ်ရှိနေသည်။

    Ref: News Agencies

  • အသင်းဟောင်းအား ဖြုတ်ချခြင်းမှာ ခံတွင်းတွေ့သည့်အလုပ်မဟုတ်ဟု မာတီနိုပြော

    အသင်းဟောင်းအား ဖြုတ်ချခြင်းမှာ ခံတွင်းတွေ့သည့်အလုပ်မဟုတ်ဟု မာတီနိုပြော

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    martino

    – အသင်းဟောင်း ပါရာဂွေးအသင်းအား ကိုပါအမေရိကပြိုင်ပွဲမှ ဖြုတ်ချခြင်းမှာ မိမိခံတွင်းတွေ့သည့် အကြောင်းအရာမဟုတ်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    အုပ်စုတွင်း ၂ ဂိုးစီသရေကျခဲ့သည့် ၎င်းတို့ နှစ်သင်းမှာ ယနေ့တွင် ဆီမီးဖိုင်နယ်ပွဲအဖြစ် ကစားရမည်ဖြစ်သည်။ မာတီနိုမှာ ပါရာဂွေးအသင်းအား ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး လွန်ခဲ့သည် ၄ နှစ်က ကိုပါအမေရိကဖိုင်နယ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။

    ထို့ကြောင့် ဘရာဇီးလ်အား အနိုင်ကစားကာ ဆီမီးဖိုင်နယ် တက်ရောက်လာခဲ့သည့် ပါရာဂွေးအသင်းကို ဖြုတ်ချရန်မှာ မိမိအတွက် ၀မ်းနည်းစရာဖြစ်သည်ဟု ဆိုသည်။

    “ပါရာဂွေးနဲ့ မကစားရတာကို ကျွန်တော် ပိုကြိုက်ပါတယ်။ ကျွန်တော်တို့မှာ တူညီတာတွေ အများကြီးရှိပါတယ်။ ခံစားမှုတွေလည်း အများကြီးရှိပါတယ်။ အဲဒီမှာ ကျွန်တော် အချိန်ကြာကြီး လုပ်ခဲ့တယ်။ ကမ္ဘာ့ဖလား၊ ကိုပါအမေရိကတို့မှာ ကျွန်တော်တို့ဟာ လုပ်ငန်းစဉ်တစ်ခုကို စခဲ့ပြီး အဆုံးလည်း သတ်ခဲ့ပါတယ်။ အရမ်းကို နီးကပ်တဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ သူတို့ဆီက ကစားသမားအများအပြားကို ကျွန်တော် လေ့ကျင့်ပေးခဲ့ပြီး၊ သူတို့တွေကလည်း ကျွန်တော့်ကို နည်းပြတစ်ယောက်အဖြစ် ရင့်ကျင်အောင် ကူညီပေးခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့ နည်းပြဘ၀မှာ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိခဲ့ပါတယ်” ဟု မာတီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဖွင့်ပွဲ ပါရာဂွေးနှင့်ပွဲ ပထမပိုင်းတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင် အာဂျင်တီးနားမှာ ကျန် ၃ ပွဲနှင့် တစ်ဝက်တွင် ၂ ဂိုးသာ ထပ်သွင်းနိုင်ခဲ့ပြီး မာတီနိုကမူ အသင်းမှာ အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲပစ်ရန် လိုအပ်နေသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အဆုံးသတ်မှာ ပြဿနာရှိတယ်ဆိုတာ ရှင်းပါတယ်။ ပါရာဂွေးနဲ့ပွဲက လူအများမှတ်မိတဲ့ ဒုတိယပိုင်းမှာတင် မဟုတ်ပါဘူး။ ဥရုဂွေးနဲ့ပွဲရဲ့ နှစ်ပိုင်းစလုံးမှာရော အထူးသဖြင့် ဂျမေကာနဲ့ ပွဲမှာရောပေါ့ဗျာ”

    Ref: Goal

  • ကမ္ဘာတစ်ဝှမ်း ပညာမသင်နိုင်သည့် ကလေးအရေအတွက် ၅၈ သန်းခန့်ရှိနေ

    ကမ္ဘာတစ်ဝှမ်း ပညာမသင်နိုင်သည့် ကလေးအရေအတွက် ၅၈ သန်းခန့်ရှိနေ

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    အာဖဂန်မှ ကလေးငယ်များ

    – လက်နက်ကိုင်ပဋိ့ပက္ခများက ကမ္ဘာတစ်ဝှမ်း သန်း ၃၀ သော ကလေးငယ်များအတွက် ပညာရေးကို လက်မဲ့ဖြစ်စေပြီး အစိုးရများအနေဖြင့် စာသင်ကျောင်းများအား ပိုမိုလုံခြုံမှုရှိအောင် ဆောင်ရွက်ရေးတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်ကြရန် နော်ဝေ ၀န်ကြီးချုပ် အာရ်နာ ဆိုလ်ဘာ့ဂ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ၂၀၃၀ ကမ္ဘာကြီးဖွံ့ဖြိုရေး ရည်မှန်းချက်အသစ်များအတွက် အသိပညာပေးသော ကုလအဖွဲ့၏ တွဲဘက်ဥက္ကဌဖြစ်သူ ဆိုလ်ဘာ့ဂ်မှာ ပညာရေးအပေါ် ကြီးကြီးမားမား သုံးစွဲခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ၊ စီပွားရေးတိုးတက်မှုနှင့် အမျိုးသမီများ သာတူညီမျှမှုတို့ကိုလည်း ဖြစ်ထွန်းစေသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “ကျွန်မတို့မှာ ကလေး ၅၈ သန်းလောက်က ပညာရေးမရပါဘူး။ အဲဒီထဲက ထက်ဝက်လောက်ဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာတွေကပါပဲ” ဟု ကမ္ဘာ့တစ်ဝှမ်းမှ ပညာရေးနှင့် သက်ဆိုင်သူများ တက်ရောက်ခဲ့သည့် အခမ်းအနားအတွင် ဆိုလ်ဘာ့ဂ်က ပြောကြားခဲ့သည်။ ကုလမှာ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ကလေးငယ်များအားလုံး ပညာရေး အပြည့်အ၀ရရှိရန် ရည်မှန်းချက်ကို ၂၀၀၀ ခုနှစ်က ချထားခဲ့သည်။

    ပညာရေးမရရှိသည့် ကလေးငယ်များတွင် ယောက်ျားလေးအရေအတွက်ထက် မိန်းကလေး အရေအတွက် ပိုမိုများပြားဖွယ် ရှိနေသည်။

    နော်ဝေမှာ ပညာရေးတိုးတက်မှု၊ တာလီဘန်၊ ဘိုကိုဟရမ်တို့ကဲ့သို့ အဖွဲ့များမှ ခြိမ်းခြောက်မှုများကို လျော့ချရေးနှင့် ပတ်သက်သည့် နိုင်ငံတကာ အစည်းအဝေးတစ်ခုကို လာမည့် ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပပြုလုပ်ရန်ရှိနေပြီး ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်လည်း တက်ရောက်မည်ဖြစ်သည်။

    ဆွေးနွေးမည့် အဓိကအကြောင်းအရာများတွင် ပဋိပက္ခအတွင်း စာသင်ကျောင်းများမှာ ပစ်မှတ်ထား မခံရရေးလည်း ပါဝင်သည်ဟု ဆိုလ်ဘာ့ဂ်က ဆိုသည်။ ထို့ပြင် အကြမ်းဖက်သမားများ၏ သဘောထားအတွင်းသို့ မကျရောက်ရေးလည်း အရေးကြီးကာ သာမန်ဘ၀ ပြန်ရရေးအတွက် တိုက်ပွဲဝင်ချင်ပါက ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဆိုလ်ဘာ့ဂ်မှာ ပုဂ္ဂလိက စပွန်ပေးသူများအနေဖြင့် ကျန်းမာရေးလုပ်ငန်းတွင် ဆောင်ရွက်နေသကဲ့သို့ ပညာရေးကဏ္ဍတွင် ပိုမို ပါဝင်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Alarabiya