News @ M-Media

Author: Ko Lay

  • ဂါဇာတိုက်ခိုက်မှု အတွင်း မြင်သမျှ ပါလက်စတိုင်း အားလုံး ပစ်ရန် အစ္စရေး စစ်တပ် အမိန့်ပေးခဲ့ကြောင်း အစီရင်ခံစာထွက်

    ဂါဇာတိုက်ခိုက်မှု အတွင်း မြင်သမျှ ပါလက်စတိုင်း အားလုံး ပစ်ရန် အစ္စရေး စစ်တပ် အမိန့်ပေးခဲ့ကြောင်း အစီရင်ခံစာထွက်

    မေ ၅၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သားများမှာ မြင်မြင်သမျှကို ပစ်ခတ်ရန် အမိန့်ပေးခြင်း ခံခဲ့ရပြီး ဂါဇာပြည်သူများနေထိုင်ရာ နေရာများမှာလည်း တိကျမှုမရှိသော လက်နက်များဖြင့် တမင်တကာ ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု အစ္စရေး NGO အဖွဲ့တစ်ခုဖြစ်သော Breaking the Silence အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင်
    ဖော်ပြထားသည်။

    အစ္စရေးစစ်သားဟောင်းများက ဆောင်ရွက်နေသည့် အဆိုပါ NGO မှာ ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုပြီးနောက် ၈ လကြာ စုံစမ်းစစ်ဆေး မှုများ ပြလုပ်ခဲ့ပြီး ၂၃၇ မျက်နှာပါသော အဆိုပါအစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    ရက် ၅၀ ကြာမြင့်ခဲ့သည့် ဂါဇာတိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သော အစ္စရေး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များမှ ဗိုလ်မှူးအဆင့်အထိ စစ်သားများကို စုံစမ်းစစ်ဆေးမှု အတွင်း တွေ့ဆုံမေးမြန်းခဲ့သည်။ အစီရင်ခံစာတွင် လည်း စစ်သားများ၏ အဆင့်နှင့် တာဝန်ထမ်းဆောင်သည့် တပ်ဖွဲ့တို့ကိုသာ ဖော်ပြခဲ့ပြီး ၎င်းတို့၏ လုံခြုံမှုကို ကာကွယ်ရန် အမည်များကို ဖော်ပြခဲ့ခြင်း မရှိပေ။

    ဟာမက်စ်မှ ဒုံးကျည်များ ပစ်လွှတ်မှုအား တုံ့ပြန်သည်ဟုဆိုကာ ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားများ သေကြေပျက်ဆီးမှုကို ရှောင်ရှားရန် ဂရုစိုက်ခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း Breaking the Silence ၏
    တွေ့ရှိမှုများမှာ ထိုပြောကြားချက်နှင့် ကွဲလွဲနေသည်။ ဝေဖန်သူများကလည်း အစ္စရေးစစ်သားများမှာ မလျော်ကန်စွာ တုန့်ပြန်ခဲ့သည်ဟု ပြောကြားခဲ့ကြသည်။

    Breaking the Silence မှ စုဆောင်းရရှိခဲ့သည့် အစ္စရေးစစ်သားများ၏ ၀န်ခံမှုတွင် စစ်သားတစ်ဦးချင်းစီမှာ ဂါဇာပြည်သူများအား ပစ်သတ်ခြင်း၊ အခြားသော ဆောင်ရွက်မှုများကို လုပ်နိုင်သည့်အချိန်တွင် ပြည်သူများအ အသက်အန္တရာယ်ရှိစေသာ ကိစ္စများကို အစ္စရေးစစ်ဘက် ထိပ်တန်းအရာရှိများက ဆုံးဖြတ်ခြင်း စသည်တို့ ပါဝင်သည်။

    ထို့ပြင် ဂါဇာကမ်းမြှောင်အတွင်း တွေ့ရှိရသည့် မည်သူမဆို ရန်သူအဖြစ် ယူဆရမည်ဟု အစ္စရေးစစ်သားများအား ညွှန်ကြားထားကြောင်း၊ ထိုယူဆချက်ကြောင့် တပ်မှူးများကလည်း တွေ့ရှိသူတိုင်းကို ပစ်သတ်ရန် လက်အောက်ရှိ စစ်သားများအား အမိန့်ပေးထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    စစ်သားတစ်ဦကမူ စေ့စပ်မှုစည်းကမ်းများတွင် အစ္စရေးစစ်သားအချင်းချင်း ပြန်၍ မပစ်ခတ်ရဟူသော စည်းကမ်းချက်တစ်ခုသာရှိသည်ဟု ဆိုသည်။

    “တိုက်ပွဲစတိုင်းမှာ သူတို့က “မြင်မြင်သမျှ ပစ်သာပစ်” လို့ ကျွန်တော်တို့ကို ပြောပါတယ်။ IDF (အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့) က အဲဒီမှာ အရပ်သားတွေနေတယ်လို့ မယူဆပါဘူ” ဟု ၎င်းက ပြောကြားခဲ့သည်။

    အခြားစစ်သားတစ်ဦးက ချက်ခြင်းတိုက်ခိုက်မည်ဟူသော သတိပေး စာရွက်အား ဂါဇာတွင် ကြဲချခဲ့ပြီးသည့်နောက် ထိုဒေသအတွင်း ကျန်ရှိနေသူအားလုံးမှာ စစ်သွေးကြွများသာဖြစ်သည်ဟု မိမိတို့က ယူဆကြောင်း ပြောကြားခဲ့သည်။

    အဆောက်အဦးများအား ဗုံးကြဲမှုတွင်လည်း အစ္စရေးက မိမိတို့မှာ ဗုံးမကြဲခင် အရပ်သားများ တိမ်းရှောင်ချိန်ရရန်အတွက် သတိပေးဗုံးတစ်ခုကို ချပြီး ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုမှာ အနည်းဆုံး ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ထိုကဲ့သို့ မဟုတ်သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    အစ္စရေးစစ်သားတစ်ဦးက ခီရန်ဘတ် ခူဇာဒေသရှိ ၅ ထပ်အဆောက်အဦးအား ဗုံးကြဲရာတွင် သတိပေးဗုံးချပြီး ချက်ခြင်းဆိုသလိုပင် ဗုံးအစစ်ကို ချခဲ့ကြောင်း၊ အချိန် စက္ကန့် ၃၀နှင့် ၁ မိနစ်အတွင်း ပြည်သူများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ကြောင်း ၀န်ခံခဲ့သည်။

    Breaking the Silence ကမူ အစ္စရေးစစ်တပ်မှ လက်နက်ကြီးများ၊ မော်တာများကဲ့သို့ တိကျမှုမရှိသော လက်နက်များဖြင့် တိုက်ခိုက်ခြင်းကို ၎င်းတို့၏ အစီရင်ခံစာတွင် ရှုတ်ချခဲ့သည်။

    အစ္စရေးက ထိုအစီရင်ခံစာအား ပယ်ချခဲ့ပြီး ထိုအစီရင်ခံစာပါ အချက်များမှာ သက်သေမရှိဘဲ၊ မိမိတို့ကလည်း စုံစမ်းစစ်ဆေးမှု မပြုလုပ်နိုင်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုအစီရင်ခံစာမှာ အစ္စရေးက ဂါဇာအားတိုက်ခိုက်မှုအတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော ပါလက်စတိုင်း၏ တိုင်ကြားမှုအား ပိုမိုအားကောင်းသွားစေခဲ့သည်။

    Ref: RT, Aljazeera

    http://wp.me/p2QCYJ-awL

     

  • နိုင်ငံတကာ သတင်းတို

    နိုင်ငံတကာ သတင်းတို

    မေ ၄၊ ၂၀၁၅
    M-Media

    တမန်တော် ကာတွန်းပြပွဲ သေနတ်ပစ်ခံရ
    ————————-
    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော တမန်တော်မိုဟာမက် ကာတွန်းပြပွဲသို့ လူ ၂ ဦးက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ထိုသေနတ်သမားများအား အသေပစ်သတ်နိုင်ခဲ့သည်။ ထိုပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း အနည်းငယ် ဒဏ်ရာရှိခဲ့သည်။ အမေရိကန်ရှိ မွတ်စလင်အဖွဲ့အစည်းများကမူ ထိုသို့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တစ်ချိန်တည်းမှာပင် တမန်တော်မိုဟာမက်အား စော်ကားသော ရုပ်ပြောင်ရေးဆွဲပြသမှုကိုလည်း
    ကန့်ကွက်ခဲ့သည်။

    ပြင်သစ်တိုက်လေယာဉ်တွေ ကာတာဝယ်မယ်
    ———————-
    ပြင်သစ်နိုင်ငံမှ ထုတ်လုပ်သော Rafale တိုက်လေယာဉ် ၂၄ စင်းကို ကာတာမှ ၀ယ်ယူရန်အတွက် ကန်ဒေါ်လာ ၇.၀၂ ဘီလီယံတန် စာချုပ်တစ်ခုကို ကာတာခေါင်းဆောင် ရှိခ် တာမင် ဘင် ဟာမဒ် အလ် သာနီနှင့် ပြင်သစ် သမ္မတ ဟော်လန်ဒေးတို့ ယနေ့တွင် ချုပ်ဆိုခဲ့သည်။ အဆိုပါ စာချုပ်တွင် MBDA ဒုံးကျည်များ ၀ယ်ယူရန်၊ ကာတာ လေယာဉ်မှူး ၃၆ ဦးနှင့် စက်မှုပညာရှင် ၁၀၀ တို့ကို ပြင်သစ်စစ်တပ်မှ လေ့ကျင့်သင်ကြားပေးရန် တို့လည်း ပါဝင်သည်။ ဟော်လန်ဒေးကမူ ထိုသဘောတူညီချက်အတွက် ချီကျူးခဲ့သည်။

    ကင်ညာကျောင်းသားတွေအတွက် ဂျွန်ကယ်ရီ ပန်းခွေချ
    ———————–
    ၁၉၉၈ ခုနှစ် ကင်ညာရှိ အမေရိကန်သံရုံး ဗုံးခွဲခံရမှုတွင် သေဆုံးခဲ့သူများနှင့် ပြီးခဲ့သည့်လက တက္ကသိုလ်တစ်ခုအား အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ တက္ကသိုလ်ကျောင်းသားများအတွက် ကင်ညာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယနေ့နံနက်ပိုင်းတွင် လွမ်းသူ့ပန်းခွေ ချခဲ့သည်။ ထို့ပြင် အကြမ်းဖက်အဖွဲ့များအား ချေမှုန်းရေး အမေရိကန်က ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အကြမ်းဖက်သမားများမှာလည်း ကျဆုံးလိမ့်မည်ဟု ဂျွန်ကယ်ရီက ထည့်သွင်းပြောကြားခဲ့သည်။

    ရှာဖွေကယ်ဆယ်ရေးတွေ ရပ်ဖို့ နီပေါပြော
    ———————
    ပြီးခဲ့သည် ၉ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လာရောက်လုပ်ဆောင်နေသော နိုင်ငံရပ်ခြားမှ အဖွဲ့များအနေဖြင့် လုပ်ငန်းများ ရပ်တန့်ရန် နီပေါအစိုးရက တောင်းဆိုလိုက်သည်။ နီပေါတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော နိုင်ငံရပ်ခြားမှ အဖွဲ့များမှာ တစ်ဒါဇင်ကျော်ခန့်ရှိပြီး နီပေါအစိုးရက ကျွမ်းကျင်မှုရှိသောသူများသာ ဆက်နေနိုင်မည်ဟု ဆိုသည်။ ငလျင်ကြောင့် သေဆုံးသူများမှာ လက်ရှိအချိန်တွင် ၇၂၀၀ ကျော်သွားခဲ့ပြီး အပျက်အဆီးများကြားတွင်
    ပိတ်မိနေသူများမှာ အသက်ရှင်ဖွယ် မရှိတော့ပေ။

    ဟိန္ဒူဘာသာသို့ သွတ်သွင်းခံရသူ အစ္စလာမ်သို့ ပြန်ပြောင်း
    ——————————-
    လွန်ခဲ့သည့် ၅ လက ဟိန္ဒူတို့၏ ghar wapsi အခမ်းအနားတွင် ဟိန္ဒူဘာသာသို့ သွတ်သွင်းခံလိုက်ရသည့် အိန္ဒိယမြောက်ပိုင်း အူတာ ပရာဒက်ရှက်ပြည်နယ် အဂ္ဂရာမြို့မှ မိသားစုတစ်စုမှာ သောကြာနေ့က အစ္စလာမ်သို့ ပြန်လည် သက်ဝင်ခဲ့သည်။ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်များက ထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်ပေးခဲ့ပြီး အစ္စလာမ်ဘာသာမှ ထွက်သွားပြီးနောက် အလိုအလျောက် ပျက်ပြယ်သွားခဲ့သည့် ထိုမိသားစုမှ ဇနီးမောင်နှံ ၂ ဦး၏ လက်ထပ်မင်္ဂလာကိုလည်း ပြန်လည်ပြုလုပ်ပေးခဲ့သည်။

    Ref: News Agencies

  • ရခိုင်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် တစ်ခု နိုင်ငံခြား ကုမ္ပဏီများ လုပ်ပိုင်ခွင့်ရ

    ရခိုင်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် တစ်ခု နိုင်ငံခြား ကုမ္ပဏီများ လုပ်ပိုင်ခွင့်ရ

    မေ ၄၊ ၂၀၁၅
    M-Media

    my

    – ရခိုင်ကမ်းရိုးတန်းရှိ ကမ်းလွန် ရေနံနှင့် သဘာဓာတ်ငွေ လုပ်ကွက်တစ်ခုကို နိုင်ငံတကာ ရေနံကုမ္ပဏီများဖြစ်သော Statoil ကုမ္ပဏီနှင့် နှင့် ConocoPhillips ကုမ္ပဏီတို့အား မြန်မာအစိုးရက လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်ဟု နိုင်ငံပိုင်ကြေးမုံသတင်းစာက ဖော်ပြခဲ့သည်။

    အဆိုကုမ္ပဏီ၏ လက်ခွဲဖြစ်ပြီး စင်ကာပူတွင် မှတ်ပုံတင်ထားသော Statoil Myanmar Private Ltd နှင့် ConocoPhillips Myanmar E&P Ptd ကုမ္ပဏီများမှာ ရေနက်လုပ်ကွက် AD 10 တွင် ကန်ဒေါ်လာ ၃၂၃ သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

    လုပ်ပိုင်ခွင့်ကာလမှာ ၈ နှစ်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဦးစွာ လေ့လာရမည်ဟု သတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံမှာ ရေနံနှင့် သဘာဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းအတွက် ရေနက်လုပ်ကွက် ၁၀ ခုနှင့် ရေတိမ်လုပ်ကွက် ၁၀ ခုကို Royal Dutch Shell ကုမ္ပဏီ၊ Total ကုမ္ပဏီတို့နှင့် အခြား ကုမ္ပဏီ ၂ ခုကို ပေးအပ်ခဲ့သည်။

    ပြီးခဲ့သည့် မတ်လက ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၈ ဘီလီယံရှိခဲ့ပြီး ခန့်မှန်ထားသည့် ပမာဏထက် ၂ ဘီလီယံ ပိုခဲ့သည်။ ထိုအထဲမှ ၃၅ ရာခိုင်နှုန်းမှာ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်ဟု မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

    Ref: Reuters

  • ရီးယဲလ်မှထွက်ခွာမည့် အရိပ်အမြွက်ကို တိုက်စစ်မှူး ဟာနန်ဒက်ဇ် ဖွင့်ဟ

    ရီးယဲလ်မှထွက်ခွာမည့် အရိပ်အမြွက်ကို တိုက်စစ်မှူး ဟာနန်ဒက်ဇ် ဖွင့်ဟ

    မေ ၄၊ ၂၀၁၅
    M-Media

    hnd

    – အသင်း၌ ပါဝင်ကစားနေရသည့် လက်ရှိအချိန်တွင် မိမိအနေဖြင့် ပျော်ရွှင်သော်လည်း အရန်ခုံထိုင်နေရသည်ကို ရောင့်ရဲကျေနပ်နေမည့် ကစားသမားမျိုးမဟုတ်ဟု ရီးယဲလ်တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီက မန်ယူမှ အငှားဖြင့်ပြောင်းရွှေ့လာသည့် ဟာနန်ဒက်ဇ်မှာ ရီးယဲလ်တွင် ပုံမှန်ပါဝင်ကစားခွင့် မရရှိပေ။ အဓိကတိုက်စစ်မှူး ဘန်ဇီမာ ဒဏ်ရာရရှိခဲ့သည့်အတွက် ဟာနန်ဒက်ဇ်မှာ ပြီးခဲ့သည့် သီတင်းပတ်များတွင် အသင်း၌ ပြန်လည်ပါဝင်လာခဲ့ပြီး ဂိုးများလည်း သွင်းယူပေးနိုင်ခဲ့သည်။

    သို့သော်လည်း ဘန်ဇီမှာ ပြန်လည်သက်သာလာပြီး မိမိအား အရန်ခုံသို့ ပြန်ပို့ပါက ရီးယဲလ်တွင် ဆက်မနေဟု ဟာနန်ဒက်ဇ်က အရိပ်အမြွှက် ပြောကြားလိုက်သည်။

    “ဒီရာသီက သိပ်ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ဘောလုံးမှာ တစ်ခါတစ်ရံ ကံကြမ္မာက တော်တော်လေး မြန်ပါတယ်။ အခု ကျွန်တော် ပိုပြီး ပါဝင်ကစားနိုင်ခဲ့ပြီး ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မိဘတွေက စိတ်ရှည်သည်းခံတတ်ဖို့၊ ဇွဲကောင်းဖို့ဆိုတာ သင်ယူတတ်မြောက်မှုရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ သင်ပေးပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်ဟာ တော်တော်လေး ကျေနပ်ပါတယ်” ဟု ဟာနန်ဒက်ဇ်က Beln Sport France သို့ ပြောကြားခဲ့သည်။

    သို့သော်လည်း တစ်ခါတစ်ရံတွင် မိမိခံစားနေရသည့် စိတ်ပျက်မှုကို ဖော်ထုတ်တတ်ကြောင်း၊ ထို့ပြင် မိမိမှာ အရန်ခုံတွင် ထိုင်နေရသည်ကို ကျေနပ်ရောင့်ရဲမည့်သူ မဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ အသင်းအတွက် နောက်ဆုံးကစားပေးခဲ့သည့် ၆ ပွဲတွင် ၄ ဂိုးသွင်းပေးထားနိုင်ပြီး မနက်ဖြန်တွင် တူရင်၌ ကစားမည့် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေသည်။

    “ဂျူဗင်ပ်တပ်စ်ဟာ အဓိက လိပ်ပြိုင်ပွဲတစ်ခုက ထိပ်သီးအသင်းပါ။ သူတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို မတော်တဆ ရောက်လာတာတော့ မဟုတ်ပါဘူး။ သူတို့ဟာ တောင့်တင်းပြီး၊ သူတို့နဲ့ကစားတဲ့ ၂ ပွဲစလုံး ခက်ခဲမှာပါ” ဟု ဟာနန်ဒက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • မြောက်ကိုရီးယားမှ ဖမ်းထားသည့် တောင်ကိုရီးယားသားနှစ်ဦး သူလျှိုလုပ်သည်ဟု အင်တာဗျူးတွင် ၀န်ခံ

    မြောက်ကိုရီးယားမှ ဖမ်းထားသည့် တောင်ကိုရီးယားသားနှစ်ဦး သူလျှိုလုပ်သည်ဟု အင်တာဗျူးတွင် ၀န်ခံ

    မေ ၄၊ ၂၀၁၅
    M-Media

    150503032644-skoreans-detained-large-169

    – မြောက်ကိုရီးယားက ပြီးခဲ့သည့် မတ်လအတွင်း ဖမ်းဆီးထားသော တောင်ကိုရီးယားနိုင်ငံသား ၂ ဦးက ၎င်းတို့မှာ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီအတွက် အလုပ်လုပ်နေသည်ဟု CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
    ကင်မ် ကွက် ဂီနှင့် ချို ချန် ဂီလ်တို့ဖြစ်ကြပြီး ၎င်းတို့မှာ တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးအေဂျင်စီအတွက် တရုတ်နယ်စပ်ရှိ ဒန်ဒေါင်တွင် သူလျှိုအဖြစ် ဆောင်ရွက်နေသည်ဟု  မြောက်ကိုရီးယားက ဆိုသည်။ နိုင်ငံပိုင် မီဒီယာကလည်း ၎င်းတို့ထဲမှ တစ်ဦးမှာ မြေအောက် ခရစ်ယာန်အသင်းတော်တစ်ခုကို တည်ထောင်ကာ USB စတစ်များ၊ SD ကဒ်များဖြင့် နိုင်ငံရပ်ခြားမှ သတင်းများကို နိုင်ငံအတွင်း ဖြန့်ဖြူးနေသည်ဟု ပြောကြားခဲ့သည်။

    တောင်ကိုရီးယားကမူ ထိုစွပ်စွဲချက်အား အခြေအမြစ်မရှိဟု ငြင်းဆိုခဲ့သည်။ CNN က ၎င်းတို့နှစ်ဦးနှင့် မြောက်ကိုရီးယား အာဏာပိုင်များရှေ့တွင် သီးခြားစီ အင်တာဗျူးခွင့်ရခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း လွတ်လပ်စွာ မေးမြန်းဖော်ထုတ်ခွင့် မရခဲ့ဘဲ ၎င်းတို့၏ ပြောကြားမှုမှာလည်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနမှ မတ်လတွင် ထုတ်လွှင့်မှုနှင့် တူညီနေသည်ဟု CNN က ဆိုသည်။

    ချို ချန် ဂီလ်က ၎င်းမှာ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး သူလျှိုလုပ်နေသည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ် လုပ်ငန်းများနှင့် ဆက်နွယ်သည့် ပစ္စည်းသေတ္တာများကို ရယူရန် ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

    ကင်မ် ကွတ် ဂီကမူ ၎င်းမှာ သာသနာပြုတစ်ဦးဖြစ်ပြီး သူလျှိုလုပ်နေသည်မှာ ၉ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခေါင်းဆောင်များ လှည့်လည်သွားလာမှုနှင့် အခြားသတင်းအချက်အလက်များကို တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာနသို့ ပေးပို့ရကြောင်း ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ သူလျှိုဟုယူဆသူများကို ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် စနေနေ့ကလည်း မြောက်ကိုရီးယားက ၎င်းတို့မှာ အမေရိကန် ဂရင်းကဒ် ကိုင်ဆောင်ထားပြီး နယူးယောက်က တက္ကသိုလ်တွင် ကျောင်းတက်နေကာ တရုတ်နိုင်ငံရှိ ယာလူမြစ်မှ နိုင်ငံအတွင်းသို့ ၀င်ရောက်လာသော တောင်ကိုရီးယားနိုင်ငံသား တစ်ဦးကို ဧပြီ ၂၂ ရက်နေ့တွင် ဖမ်းဆီးထားသည်ဟု ကြေညာခဲ့သည်။

    Ref: Reuters