News @ M-Media

Author: Ko Lay

  • နျူးကမ့်သို့ ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟု ဂွါဒီယိုလာပြော

    နျူးကမ့်သို့ ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟု ဂွါဒီယိုလာပြော

    မေ ၆၊ ၂၀၁၅
    M-Media

    baca

    – နျူးကမ့်သို့ ပြန်လည်လာရောက်ခြင်းမှာ ဂုဏ်ပြုခံရန် လာရောက်ခြင်း မဟုတ်ဘဲ အသင်းဟောင်အား ဖြုတ်ချရန် လာရောက်ခြင်းဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    ဘိုင်ယန်မှာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘာစီလိုနာအသင်း၏ အိမ်ကွင်း၌ ယနေ့ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဘာစီလိုနာကို နှစ်များစွာ ကိုင်တွယ်ခဲ့ပြီး ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သည့် ဂွါဒီယိုလာမှာ ၂၀၁၂ ခုနှစ် ဘာကာမှ ထွက်ခွာပြီးနောက်ပိုင်း ယခု ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရင်ဆိုင်ရခြင်း ဖြစ်သည်။

    ပွဲအကြိုပြင်ဆင်မှုများတွင် ဂွါဒီယိုလာ နျူးကမ့်သို့ပြန်လည်လာရောက်မည့် ကိစ္စများကသာ လွှမ်းမိုးနေသည်။ ဂွါဒီယိုလာက အဆိုပါညမှာ စိတ်လှုပ်ရှားဖွယ်ကောင်းမည် ဖြစ်သော်လည်း ထိုခံစားမှုကို မိမိ၏ ရည်မှန်းချက် လမ်းကြောင်းအတွင်းသို့ ရောက်ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ပြန်လာရ သိပ်ကိုကောင်းပါတယ်။ ရှင်းရှင်းပြောရရင် ဒီအသင်းမှာ ကျွန်တော် နှစ်များစွာ ရှိခဲ့တာကြောင့် ကျွန်တော့်အတွက် သိပ်ကို ထူးခြားမှာပါ။ အခုတော့ ကျွန်တော်ဟာ ဘိုင်ယန် နည်းပြ ဖြစ်နေပါပြီ။ မနက်ဖြန်ပွဲအတွက် ကျွန်တော် ဒီမှာရှိနေပါတယ်။ ဒါဟာ
    ကျွန်တော့်အလုပ်ဖြစ်ပြီး အကောင်းဆုံး လုပ်ရမှာပါ” ဟု ဂွါဒီယိုလာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟုလည်း ဆိုသည်။

    “တကယ်လို့ ကျွန်တော်ဟာ အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ရင် ဒီကို ပြန်ရောက်နိုင်ချေရှိတယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ အခုအကြိမ်ကတော့ ပထမဆုံး အကြိမ်ပါပဲ။ ကျွန်တော် ဒီကို ဂုဏ်ပြုခံဖို့ လာတာ မဟုတ်ပါဘူး။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်ဖို့ပါ”

    ဂွါဒီယိုလာမှာ ကစားသမားနှင့် နည်းပြအဖြစ်ပါ ဘာစီလိုနာ၌ အောင်မြင်ခဲ့ပြီး လက်ရှိ ဘာစီလိုနာအသင်းတွင်လည်း ဂွါဒီယိုလာလက်အောက်တွင် အလုပ်လုပ်ခဲ့သည့် ကစားသမား အများအပြား ပါဝင်သည်။ ဂွါဒီယိုလာကမူ ဘာကာအကြောင်း သိထားမှုက တစ်ပန်းသာသည်ဟု ၀န်ခံပြောကြားခဲ့သည်။

    Ref: Goal

  • အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုအတွက် အာဖဂန်တွင် ယနေ့အမိန့်ချ၊ သေဒဏ် ၄ ဦး ပါဝင်

    အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုအတွက် အာဖဂန်တွင် ယနေ့အမိန့်ချ၊ သေဒဏ် ၄ ဦး ပါဝင်

    မေ ၆၊ ၂၀၁၅
    M-Media

    afgan

    – ပြီးခဲ့သည့် မတ်လအတွင်းက ကဘူးလ်မြို့တွင် ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအား လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်မှုတွင် အဓိကပါဝင်သူ ၄ ဦးကို အာဖဂန်တရားရုံးက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

    အသက် ၂၇ နှစ်အရွယ် ဖာ့က်ဟန်ဒါ အသတ်ခံရမှုအတွက် ရဲတပ်ဖွဲ့ဝင် ၁၉ ဦးအပါအ၀င် စုစုပေါင်း လူ ၄၉ ဦးကို ဖမ်းဆီးထားပြီး မေလ ၂ ရက်နေ့မှ စတင်ကာ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံရသူ ၄ ဦးအပါအ၀င် အခြား ၈ ဦးကို ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်ခဲ့ပြီး၊ ၁၈ ဦးကို သက်သေမခိုင်လုံသည့်အတွက်ကြောင့် လွှတ်ပေးခဲ့သည်။

    တရားသူကြီးမှာ ရုံးချိန်းကို စနေနေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ထိုနေ့တွင် ကျန်ရှိသည့် ၁၉ ဦးအား ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကာ ၎င်းတို့အားလုံးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ သေဒဏ်ချမှတ်ခံရသူ ၄ ဦးမှာ ကြိုးပေးကွပ်မျက်ခံရမည် ဖြစ်သည်။

    တရားစွဲဆိုမှုများတွင် လက်ရောက်ကျူးလွန်မှု၊ လူသတ်မှုနှင့် အခြားသူများအား ပါဝင်စေမှုတို့ ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်များကိုမူ တာဝန်ပျက်ကွက်မှုနှင့် တိုက်ခိုက်မှုကို တာဆီးရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ ပြစ်ဒဏ်ချမှတ်ခံရသူများမှာ အယူခံဝင်ခွင့် ရရှိမည်ဖြစ်သည်။

    ဖာ့က်ဟန်ဒါ၏ အကိုဖြစ်သူ မူဂျွဘ် အူလာ ဖာ့က်ဟန်ဒါကမူ အဆိုပါ ရလဒ်အား မကျေနပ်ဟု ပြောကြားခဲ့သည်။

    “သူတို့ ကျွန်တော်တို့ရဲ့ အချိန်တွေကို ဖြုန်းတီးတာပါ။ အစိုးရက ဖိအားပေးလို့ တရားစွဲဆိုမှု ဖြစ်လာတာပါ။ တကယ့် ကြိုးကိုင်သူတွေ အဲဒီအထဲမှာ မပါပါဘူး။ အစိုးရက တကယ့်လူသတ်သမားတွေကို မဖမ်းဆီးခဲ့ပါဘူး။ လမ်ပေါ်က အပြစ်မဲ့သူတွေကိုသာ ဖမ်းခဲ့ပါတယ်။
    အဲဒီအဖြစ်အပျက်မှာ လူ ၁၀၀ ကျော်လောက် ပါဝင်ခဲ့ပြီး သူတို့က ၄ ဦးကိုသာ သေဒဏ်ချခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တီဗက်ဇ်ရဲ့ ဂိုးနဲ့ ရီးယဲလ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဂျူဗီ

    တီဗက်ဇ်ရဲ့ ဂိုးနဲ့ ရီးယဲလ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဂျူဗီ

    မေ ၆၊ ၂၀၁၅
    M-Media

    champ

    – ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့အဖြစ် တူရင်မှာ ဒီနေ့မနက်ကစားတဲ့ ဂျူဗင်တပ်စ်နဲ့ ရီးယဲလ်တို့ရဲ့ ပွဲမှာတော့ တိုက်စစ်မှူး တီဗက်ဇ်ရဲ့ ပင်နယ်တီနဲ့ အိမ်ရှင်တို့ အနိုင်ရခဲ့ပါတယ်။

    ပွဲအစကတည်းက ခပ်သွက်သွက်စားခဲ့တဲ့ ဂျူဗီတို့ ၈ မိနစ်မှာပဲ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ရီးယဲလ်တိုက်စစ်မှူးဟောင်း မိုရာတာက ဂိုးဧရိယာအတွင်း အနီးကပ် ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ရီးယဲလ် ပြန်တင်ကစားလာခဲ့ပြီး ၂၇ မိနစ်မှာပဲ ရော်နယ်ဒိုက ခေါင်းတိုက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

    ရီးယဲလ်တို့က ဘောလုံးကို ကိုင်ပြီး ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားပေမယ့် ဂျူဗင်ပတ်စ်တို့က အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်လည်း ဂျူဗီက ပိုရခဲ့ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ဂိုးထပ်မရခဲ့တာပါ။ ဂျူဗီအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ၅၈ မိနစ်မှာ တီဗက်ဇ်က ပင်နယ်တီက တစ်ဆင့် သွင်းယူပေးသွားတာ ဖြစ်ပါတယ်။

    ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကတော့ အသင်းဟာ စိတ်ရှည်သည်းခံမှုမရှိဘဲ၊ စွမ်းဆောင်ရည်လည်း နိမ့်ပါးခဲ့တာကြောင့် ဒီလို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ မှန်ကန်တဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ရဖို့ ကြိုးစားခဲ့ပေမယ့် တစ်ပွဲလုံး မရခဲ့ပါဘူး။ ပွဲကိုထိန်းချုပ်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ ကံမကောင်းပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ရမှာဖြစ်ပေမယ့် ကျွန်တော်တို့က ပြန်ပေးလိုက်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြန်လာနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ကျွန်တော်တို့မှာ ဆက်ရှိနေတုန်းပါပဲ” လို့ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

    ဂျူဗီအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တဲ့ မိုရာတာကတော့ ရီးယဲလ်ကို အိမ်ကွင်းမှာ နိုင်တာဟာ ဘာမှ မဖြစ်လောက်ဖူးလို့ ဆိုပါတယ်။

    “ကျွန်တော်တို့ နိုင်တဲ့အတွက် ကျွန်တော်ပျော်ပါတယ်။ ရီးယဲလ်နဲ့ ကစားတဲ့အခါ အမြဲတမ်း ခက်ခဲပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ရလဒ်ပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ သဘောထားအရ ရီးယဲလ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်တာကြောင့် ကျွန်တော်တို့ အလုပ် ဆက်လုပ်ရပါမယ်။ သူတို့ကို ဖြုတ်ဖို့ဆိုတာ သိပ်ခက်မှာပါ” လို့ ဆိုပါတယ်။

    ရီးယဲလ်နဲ့ ဂျူဗီတို့ရဲ့ ဒုတိယအကျော့ကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ဘာနေဗျူးမှာ ကစားမှာ ဖြစ်ပါတယ်။

    Ref: UEFA.com, Goal

  • နိုင်ငံတကာသတင်းတို (မေ ၅၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၅၊ ၂၀၁၅)

    မေ ၅၊ ၂၀၁၅
    M-Media

    ထိုင်းမှာ လူကုန်ကူးစခန်းတစ်ခု ထပ်တွေ့
    ————————————-
    ပြီးခဲ့သည့် တစ်ပတ်က တွေ့ရှိခဲ့သည့် လူကုန်ကူးစခန်းနှင့် လူများအစုလိုက်အပြုံလိုက်မြှုပ်နှံထားရာ ထိုင်းနိုင်ငံ ဆွန်ခ်လာပြည်နယ်ရှိ မလေးရှားနယ်စပ်အနီး တောင်ပေါ်တွင် နောက်ထပ် လူကုန်ကူးစခန်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ စခန်းတွင် ၀ါးဖြင့်ပြုလုပ်ထားသည့် တဲ ၈ လုံး၊ အိပ်ရန်ဆောက်လုပ်ထားသည့် တဲ ၃ လုံးနှင့်
    ဖြစ်သလိုပြုလုပ်ထားသော မီးဖိုဆောင် ၂ ခု ပါဝင်ကာ လူသေများ မြှုပ်နှံထားသည့် နေရာ ၅ နေရာကိုလည်း တွေ့ရှိခဲ့သည်။ သို့သော်လည်း အလောင်းများအား တာဝန်ရှိသူများက တူးဖော်ရခြင်း မရှိသေးပေ။

    နယူးယောက်ရဲတစ်ဦး ပစ်သတ်ခံရ
    ————————————
    စနေနေ့က သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် နယူးယောက် ရဲတပ်ဌာနမှ တပ်ဖွဲ့ဝင် ဘရိုင်ယန်မိုးမှာ ယမန်နေ့က အဆိုပါ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။ မိုးနှင့် ၎င်း၏ လုပ်ဖ်ာကိုင်ဖက်ဖြစ်သူတို့ နယူးယောက်ရှိ ကွင်းရွာတွင့် အရပ်ဝတ်ဖြင့် ကားမောင်းသွားစဉ် အသက် ၃၅ နှစ်အရွယ် ဒီမီထရီယက်စ် ဘလက်ဝဲလ်ဆိုသူက သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။ ဘလက်ဝဲလ်မှာ ခါးပတ် စောင့်ဆွဲနေသည်ကို မြင်ရသောကြောင့် မိုးက မိမိမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ခါးတွင် မည်သည့်အရာရှိသည်ကို စစ်ဆေးချင်သည်ဟု ပြောကြားရာမှ ဘလက်ဝဲလ်က ခါးမှသေနတ်ထုတ်ကာ ပစ်ခတ်ခဲ့ပြီး မိုး၏ ပါးကို ထိမှန်ခဲ့သည်။ ဘလက်ဝဲလ်မှာ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းကို ခံထားရပြီး ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆို ခံထားရသည်။

    ဟောင်ကောင်ပြန်ပေးသမားတွေ တရုတ်တွင်ဖမ်းမိ
    ———————————
    အသက် ၂၉ နှစ်အရွယ် ဟောင်ကောင် အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲခဲ့ပြီး ၎င်း၏ မိသားစုမှ ပေးခဲ့သည့် ပြန်ပေးငွေ ဟောင်ကောင်ဒေါ်လာ ၂၈ သန်း (ကန်ဒေါ်လာ ၃.၆၁ သန်း) နှင့်အတူ ထွက်ပြေးလာခဲ့သည့် ပြန်ပေးသမား ၅ ဦးကို တရုတ်နိုင်ငံ ဂွမ်ဒုန်းပြည်နယ် ရှန်ဇန်းမြို့တွင် ပြန်ပေးငွေများနှင့်အတူ ယမန်နေ့က ဖမ်းမိခဲ့သည်။ ပြန်ပေးသမားမှာ ၆ ဦးဖြစ်ပြီး တစ်ဦးကို ဟောင်ကောင်အာဏာပိုင်များက နယ်စပ်တွင် စောစာပိုင်းက ဖမ်းဆီးရမိထားသည်။

    ဥရောပသို့ ၀င်လာသူအာဖရိကန်တွေကို လစ်ဗျားတွင် ထိန်းသိမ်း
    —————————————-
    ဥရောပသို့ ၀င်ရောက်ရန် ကြိုးစားစဉ် လစ်ဗျား ကမ်းခြေစောင့်တပ်ဖွဲ့မှ တနင်္လာနေ့တွင် ဖမ်းဆီးခဲ့သည့် အာဖရိကမှ ပြောင်းရွှေ့ အခြေချလာသူ ၅၀၀ ခန့်ကို လစ်ဗျားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများသို့ ယနေ့တွင် ပို့ဆောင်ခဲ့သည်။ သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ၃ ရက်တာအတွင်း ဥရောပသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ကြသည့် အာဖရိကန် ၆၇၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံး သူများလည်း ရှိခဲ့သည်။

    Ref: News Agencies

  • KFC ကြက်ကြော်ဆိုင် ရန်ကုန်တွင် မကြာမီ ဖွင့်လှစ်တော့မည်

    KFC ကြက်ကြော်ဆိုင် ရန်ကုန်တွင် မကြာမီ ဖွင့်လှစ်တော့မည်

    မေ ၅၊ ၂၀၁၅
    M-Media

    KFC

    – ကမ္ဘာတစ်ဝှမ်း ဆိုင်ခွဲအများဆုံး ဖွင့်ထားသည့် အသင့်စား စားသောက်ဆိုင်များမှ တစ်ခုဖြစ်သော အမေရိကန်အခြေစိုက် KFC ကြက်ကြော်ဆိုင်မှာ ရန်ကုန်မြို့လယ်ကောင်တွင် ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်တော့မည်ဟု မိတ်ဖက်အဖြစ် လုပ်ကိုင်ခွင့်ရထားသော Yoma Strategic က ယနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

    ထိုသို့ ဖွင့်လှစ်လိုက်ပါက မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သည့် ပထမဆုံး အမေရိကန် အသင့်စား စားသောက်ဆိုင် ဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း ကြေညာချက်တွင် ဖွင့်လှစ်မည့်နေ့ရက် အတိအကျကို ဖော်ပြထားခြင်း မရှိပေ။

    Yoma ကမူ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တွင် ဆိုင်ခွဲပေါင်းများစွာကို ယခုနှစ်အကုန်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။

    အနောက်နိုင်ငံများက ပိတ်ဆို့မှုများအား ရုပ်သိမ်းစေခဲ့သည့် ၂၀၁၁ ခုနှစ် အရပ်သားတစ်ပိုင်းအစိုးရ တက်လာပြီးနောက်ပိုင်းတွင် နိုင်ငံရပ်ခြားမှ လုပ်ငန်းများမှာ မြန်မာနိုင်ငံသို့ ဒလဟော ၀င်ရောက်လာခဲ့သည်။

    ကိုကာကိုလာအချိုရည်၊ ကားကုမ္ပဏီ Chevrolet နှင့် Ford တို့အပါအ၀င် အမေရိကန်မှ စီးပွားရေးလုပ်ငန်းအချို့မှာလည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။

    KFC မှာ ကမ္ဘာတစ်ဝှမ်းတွင် ဆိုင်ခွဲပေါင်း ၁၅၀၀၀ ကျော် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးပါက အရှေ့တောင်အာရှတွင် KFC စားသောက်ဆိုင်မရှိသည့်နိုင်ငံမှာ လာအိုတစ်နိုင်ငံတည်းသာ ရှိတော့မည်ဖြစ်သည်။

    KFC Myanmar ၏ Facebook စာမျက်နှာတွင် like လုပ်သူအရေအတွက် ၁၂၀၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်သည်။ တောင်ကိုရီးယားမှ Lotteria ဘာဂါစားသောက်ဆိုင်မှာလည်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် နိုင်ငံတစ်ဝှမ်း ဆိုင်ခွဲပေါင်း ၇ ဆိုင် ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

    Ref: GMA News