News @ M-Media

Author: Ko Lay

  • အကောင်းဆုံး အားထုတ်မှုတွေနဲ့ အစဉ်အလာကြီးတဲ့အသင်းတွေ ဆီမီးတက်သွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲများ

    အကောင်းဆုံး အားထုတ်မှုတွေနဲ့ အစဉ်အလာကြီးတဲ့အသင်းတွေ ဆီမီးတက်သွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲများ

    ဧပြီ ၂၃၊ ၂၀၁၅
    M-Media

    champion 2

    – ပြီခဲ့တဲ့တစ်ပတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ မထင်မှတ်ထားတဲ့ရလဒ်တွေ ထွက်လာခဲ့ပေမယ့် ဒီတစ်ပတ် ဒုတိအကျော့မှာတော့ အစဉ်အလာရှိတဲ့ အသင်းကြီးတွေက အနိုင်ရအောင် ကစားသွားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    ရီးယဲလ်မက်ဒရစ် ၁-၀ အက်သလက်တီကို (နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိဖြင့် ရီးယဲလ် ဆီမီးတက်)

    ပထမအကျော့ အဝေးကွင်းမှာ ဂိုးသမားအိုဘလက်ရဲ့ အစွမ်းပြမှုကြောင့် ကြိုးစားခဲ့သမျှ အရာမထင်ခဲ့တဲ့ ရီးယဲလ် ဒီမနက်မှာလည်း ဒီကံကြမ္မာအတိုင်း ခံစားခဲ့ရပြီး ဟာနက်ဒက်ဇ်ရဲ့ ၈၈ မိနစ်ဂိုးကြောင့်သာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်ဟာ ပထမပိုင်းမှာ ဖိကစားနိုင်ခဲ့ပြီး ဟာနန်ဒက်ဇ်၊ ရော်နယ်ဒို ရော်ဒရီဂက်ဇ်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေကို အက်သလက်တီကို ဂိုးသမား အိုဘလက် အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုကတော့ ရီးယဲလ်ရဲ့ စိုးမိုးမှုအောက်မှာ လိုက်ကစားခဲ့ရပြီး တစ်ပွဲလုံးမှ ဂိုးသွင်းခွင့် ၂ ကြိမ်လောက်သာ ရရှိခဲ့ပါတယ်။ ရီးယဲလ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဒီပွဲမှာ အကောင်းဆုံးဆု ရခဲ့တဲ့ ဟာနက်ဒက်ဇ်က ၈၈ မိနစ်မှာ ရော်နယ်ဒိုဆီက လွတ်လာတဲ့ဘောလုံးကို အပိုင် ကန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပျါတယ်။ နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး ဂိုးမရှိနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ ရီးယဲလ် ၅ နှစ်ဆက်တိုက် ဆီးမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    မိုနာကို ၀-၀ ဂျူဗင်တပ်စ် (နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိဖြင့် ဂျူဗင်တပ်စ် ဆီမီးတက်)

    ပထမအကျော့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားတာကြောင့် ဂျူဗင်တပ်စ်တို့ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေနဲ့စုဖွဲ့ထားတဲ့ မိုနာကိုတို့ ဒီနေ့မနက်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဂျူဗီနောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိတာကြောင့် ဆီးမီးတက်ခွင့်နဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

    ဘာစီလိုနာ ၂-၀ ပီအက်စ်ဂျီ (နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ဘာကာ ဆီမီးတက်)

    ပဲရစ်မှာကစားတုန်းက လူမစုံတဲ့ ပီအက်စ်ဂျီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘာကာ မနေ့က အိမ်ကွင်းမှာ သက်တောင့်သက်သာကစားပြီး နေးမာရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရကာ ရလဒ်ပြတ်သားစွာနဲ့ ဆီမီးတက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန်အတွက် ချန်ပီယံလိဂ် နောက်ဆုံး ၈ ရာသီမှာ ၇ ကြိမ်မြောက် ဆီမီးဖိုင်နယ်တက်နိုင်တာလည်း ဖြစ်ပါတယ်။

    ဘိုင်ယန် ၆-၁ ပေါ်တို (နှစ်ကျော့ပေါင်း ၇ ဂိုး ၄ ဂိုးဖြင့် ဘိုင်ယန် ဆီမီးတက်)

    ပထမအကျော့ ပေါ်တူဂီမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ ဘိုင်ယန်တို့ ဥရောပရဲ့ အသင်းကြီးတစ်သင်းဖြစ်ကြောင်း မနေ့က သက်သေပြနိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက အနိုင်ရရေး တင်ကစားခဲ့တဲ့ ဘိုင်ယန်တို့ ပထမပိုင်း မိနစ် ၄၀ အတွင်းမှာပဲ ၅ ဂိုးရခဲ့ပြီး အဖြေထွက်သွားခဲ့ပါတယ်။ အဲဒီ ၅ ဂိုးကို သီယာဂို အလ်ကန်တာရာ၊ ဘိုအာတင်း၊ မူလာတို့က တစ်လုံးစီနဲ့ လီဝန်ဒေါ့စကီးက ၂ လုံး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ၇၃ မိနစ်မှာ မာတီနက်ဇ်က မိုနာကိုအတွက် ချေပဂိုး ၁ ဂိုး ထပ်သွင်းပေးခဲ့ပေမယ့် အလွန်ဆိုက ၈၈  မိနစ်မှာ ဆဌမမြောက်ဂိုး သွင်းပေးခဲ့တာကြောင့် ဘိုင်ယန်တို့ ဆီမီးဖိုင်နယ်ကို ၄ နှစ်ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မဲခွဲမှုတွေကိုတော့ မနက်ဖြန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

  • ပွဲတိုင်းနိုင်ချင်ပါက နည်းပြအသစ်ရှာဟု ဘိုင်ယန်နည်းပြ ပြော

    ပွဲတိုင်းနိုင်ချင်ပါက နည်းပြအသစ်ရှာဟု ဘိုင်ယန်နည်းပြ ပြော

    ဧပြီ ၂၂၊ ၂၀၁၅
    M-Media

    gurdiola

    – ဘိုင်ယန်မြူးနစ်အနေဖြင့် ပွဲတိုင်း အနိုင်ရချင်ပါက နည်းပြအသစ်တစ်ယောက် လိုအပ်သည်ဟု ဂွါဒီယိုလာက ပြောကြားလိုက်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ရေး ကြိုးပမ်းခဲ့ကြသည့် အသင်းသားများကိုလည်း ချီးကျူးခဲ့သည်။

    ပြီးခဲ့သည်တစ်ပတ် ကွာတားဖိုင်နယ် ပထမအကျော့ အဝေးကွင်းတွင် ပေါ်တိုအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဘိုင်ယန်မှာ ယနေ့နံနက်အိမ်ကွင်း၌ ပထမပိုင်းသွင်းဂိုး ၅ ဂိုး အပါအ၀င် ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

    ပထမအကျော့ ရှုံးနိမ့်စဉ်က ဂွါဒီယိုလာမှာ ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ရပြီး ၎င်းက ယခုပွဲအပြီးတွင် ပြန်လည်ချေပခဲ့သည်။

    “သိပ်ကောင်းပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အဲလောက်မကောင်းပါဘူး။ ကစားသမားတွေကိုသာလျှင် ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ပထမပိုင်း ၄၅ မိနစ်ဟာ ပြီးခဲ့တဲ့အကျော့အတွက် တုန့်ပြန်မှုပါ။ ဒီလိုကစားသမားတွေကို နည်းပြရတာ ကျွန်တော် ကံကောင်းပါတယ်။ ဒါပေမယ့် တကယ်လို့ လူတွေက ဘိုင်ယန်ဟာ ပွဲတိုင်းနိုင်ရမယ်လို့ ထင်နေရင်တော့ သူတို့ နည်းပြအသစ် ရှာရပါမယ်” ဟု ပွဲအပြီးတွင် Sky သို့ ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းကြောင့် နည်းပြအဖြစ် တာဝန်ထမ်းဆောင်သည့် ၆ နှစ်အတွင်း နှစ်တိုင်း ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်သည့် စံချိန်ကိုလည်း ဂွါဒီယိုလာက ရရှိခဲ့သည်။

    ဂွါဒီယိုလာကမူ ပထမအကျော့ပြီးကတည်းက မိမိတို့မှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဟု ခံစားခဲ့ရကြောင်း ပေါ်တိုမှာ အိမ်ကွင်းတွင် ကောင်းသော်လည်း ယနေ့ပွဲတွင် မကောင်းခဲ့ကြောင်း၊ ဆီမီးဖိုင်နယ်တွင် ရီးယဲလ်၊ ဘာကာ၊ အက်သလက်တီကို၊ ဂျူဗင်တပ်စ်၊ မိုနာကို မည်သည့်အသင်းနှင့်တွေ့တွေ့ မိမိတို့မှာ အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဆယ်စုနှစ်များအတွင်း ပထမဆုံးနိုင်ငံခြားဘဏ် ရန်ကုန်တွင် ဖွင့်လှစ်

    ဆယ်စုနှစ်များအတွင်း ပထမဆုံးနိုင်ငံခြားဘဏ် ရန်ကုန်တွင် ဖွင့်လှစ်

    ဧပြီ ၂၂၊ ၂၀၁၅
    M-Media

    japan bank

    – ဂျပန်ဘဏ်တစ်ခုဖြစ်သည့် Tokyo-Mitsubishi UFJ (BTMU) မှာ ၎င်းတို့၏ ဘဏ်ခွဲကို ယနေ့တွင် ရန်ကုန်မြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ပြီး ဆယ်စုနှစ်များအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားဘဏ်တစ်ခု မြန်မာနိုင်ငံတွင် စတင်လည်ပတ်ခြင်းလည်း ဖြစ်သည်။

    ဖွင့်ပွဲအခမ်းအနားသို့ ဗဟိုဘဏ်အကြီးအကဲ ဦးကျော်ကျော်မောင်က တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ထိုသို့ဖွင့်လှစ်လိုက်ခြင်းက တိုင်းပြည်အတွင်း သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်ခြင်းဖြစ်ကာ ထိုဘဏ်က ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာငွေထောက်ပံ့ပေးခြင်းအားဖြင့် နိုင်ငံ၏ စီးပွားရေး ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ်ဖြစ်သော BTMU ကမူ အဆိုပါ ရန်ကုန်ဘဏ်ခွဲမှာ ငွေအပ်နှံခြင်း၊ ကာလရှည် ချေးငွေပေးခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်ခြင်းတို့ အပါအ၀င် မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်နေကြသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများကို အပြည့်အ၀ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    BTMU မှာ အခြား ဂျပန်ဘဏ်တစ်ခုဖြစ်သည့် Sumitomo Mitsui Banking Corporation (SMBC)၊ စင်ကာပူဘဏ် Oversea-Chinese Banking Corporation (OCBC) တို့နှင့်အတူ လုပ်ငန်းများ စတင်လုပ်ကိုင်ရန် ယခုလအစောပိုင်းက ခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။

    မနက်ဖြန်တွင် ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ရန် စီစဉ်ထားသည် OCBC က ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ချင်ကြသော ဖောက်သည် အသစ်အဟောင်များ၏ မေးမြန်းစုံစမ်းမှုများမှာ သိသိသာသာ တိုးလာသည်ဟု စောစောပိုင်းတွင် ပြောကြားထားသည်။ OCBC မှာ ၁၉၆၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နှစ် ၄၀ ကြာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ဖူးသည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း လုပ်ကိုင်ခွင့်လိုင်စင် ရထားသည့် အာရှ-ပစိဖိတ်ဒေသမှ အခြားသော နိုင်ငံခြားဘဏ် ၆ ခုမှာ လပိုင်းအတွင်း ၎င်းတို့လိုင်စင်အတွက် အပြီးသတ်လုပ်ငန်းများ ပြီးပြတ်မည်ဟု မျှော်လင့်ရသည်။

    ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းကာ နိုင်ငံအတွင်းရှိ လုပ်ငန်းများအားလုံးကို ပြည်သူပိုင်သိမ်းခဲ့ပြီးနောက် နိုင်ငံခြားဘဏ်များမှာ မြန်မာနိုင်ငံမှ ပျောက်ကွယ်သွားခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း ထိုအချိန်မှစ၍ တစ်ရှိန်ထိုး ကျဆင်းသွားခဲ့သည်။

    Ref: Gmanetwork

  • ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရမည်ဟု နေးမာဆို

    ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရမည်ဟု နေးမာဆို

    ဧပြီ ၂၂၊ ၂၀၁၅
    M-Media

    ney mar

    – ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည့် မိမိတို့အသင်းမှာ ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲသို့ ချီတက်ရမည်ဟု ဘာစီလိုနာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် ပဲရစ်တွင်ကစားခဲ့သည့် ကွာတားဖိုင်နယ် ပထမအကျော့တွင် ဆွာရက်ဇ်၏ ခြေစွမ်းပြမှုဖြင့် အနိုင်ရခဲ့သည့် ဘာစီလိုနာမှာ ယနေ့နံနက်က နျူးကမ့်တွင်ကစားခဲ့သည့် ဒုတိယအကျော့တွင်လည်း ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

    အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူခဲ့သည့် နေးမာက မိမိတို့မှာ ရှေ့ဆက်လျှောက်ရမည်ဟု ဆိုသည်။

    “အခုလက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်ပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလမ်းကြောင်းထဲမှာတော့ မဖြစ်မနေ ဆက်သွားနေရပါမယ်။ လာလီဂါမှာ ထိပ်ဆုံးရောက်နေတယ် ချန်ပီယံလိဂ်မှာလည်း အခြေအနေကောင်းနေတယ်။ ကျွန်တော်တို့ ဆက်သွားရပါမယ်” ဟု နေးမာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပထမဂိုးသွင်းယူနိုင်ရန် လှပစွာ ဖန်တီးပေးခဲ့သည့် ကွင်းလယ်လူ အင်နီယေစတာနှင့် အသင်းဖော်များ အားလုံးကိုလည်း နေးမာက ချီးကျူးခဲ့သည်။

    “ပဲရစ်မှာလိုပဲ ကျွန်တော်တို့ ကောင်းကောင်း ကစားခဲ့ပါတယ်။ ပြီးတော့ ပွဲကောင်းတစ်ပွဲကို ကစားပေးခဲ့တဲ့အတွက်လည်း အသင်းဖော်တွေအားလုံးကို ချီးကျူးချင်ပါတယ်။ ကျွန်တော်တို့ဟာ ၃ ဂိုး ၁ ဂိုးဆိုတဲ့ အသာနဲ့ ပွဲကို ဦးဆောင် ကစားခဲ့တာပါ။ ဒါပေမယ့် ဆီမီးအတွက် တိုက်ပွဲဝင်ရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ အဲဒါ (ပထမဂိုးအတွက် ဖန်းတီးပေးမှု) ဟာ အင်နီယေစတာဆီက ထူးခြားပြောင်မြောက်တဲ့ ပေးပို့မှုပါပဲ။ အဲဒီဖျက်တင်ဘောအပြီး ကျွန်တော်လုပ်ရတဲ့အလုပ်က ဂိုးထဲ တိုက်ရိုက် ကန်သွင်းရတာပါပဲ”

    Ref: Goal.com

  • အီသီယိုးပီးယား ခရစ်ယာန်များအား IS သတ်ဖြတ်မှု အလ်-အဇ်ဟာရ် ရှုတ်ချ

    အီသီယိုးပီးယား ခရစ်ယာန်များအား IS သတ်ဖြတ်မှု အလ်-အဇ်ဟာရ် ရှုတ်ချ

    ဧပြီ ၂၂၊ ၂၀၁၅
    M-Media

    IS

    – စွန်နီကမ္ဘာ၏ အကြီးဆုံး ဘာသာရေးတက္ကသိုလ်နှင့် အဖွဲ့အစည်းဖြစ်ပြီး အီဂျစ်နိုင်ငံတွင် တည်ရှိသည့် အလ်- အဇ်ဟာရ် တက္ကသိုလ်က ယခုသီတင်းပတ်အစောပိုင်း လစ်ဗျားနိုင်ငံ၌ အီသီယိုးပီးယား ခရစ်ယာန်များအား IS ၏ သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

    ၎င်းတို့၏ Facebook စာမျက်နှာတွင် “Daesh(IS) အကြမ်းဖက်အဖွဲ့ ကျူးလွန်တဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက် ရာဇ၀တ်မှုကို အလ်-အဇ်ဟာရ်က ရှုတ်ချပါတယ်။ Daesh နဲ့ အဲဒီလို အခြားအဖွဲ့အစည်းတွေဟာ ဘယ်လိုဘာသာတရားမျိုး၊ ဘယ်လို လူ့ကျင့်ဝတ်မျိုး၊ ဘယ်လို ဓလေ့ထုံးတမ်းမျိုးနဲ့မှ ကိုက်ညီခြင်း မရှိပါဘူး ” ဟု ရေးသားထားခြင်းဖြစ်ပြီး AFP သတင်းဌာနက ယမန်နေ့တွင် ပြန်လည်ဖော်ပြခဲ့သည်။

    IS အဖွဲ့က လစ်ဗျားတွင် အီသီယိုးပီးယားမှ ခရစ်ယာန်များအား ခေါင်းဖြတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းတို့ကို ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် အလ်-အဇ်ဟာရ်က ထိုကဲ့သို ရှုတ်ချခဲ့ခြင်းဖြစ်သည်။

    ထိုဗီဒီယိုအတွက် ကမ္ဘာတစ်ဝှမ်းမှ ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အလွန်အမင်း စိတ်ပျက်ဝမ်းနည်းမိသည်ဟု အများစုက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အီသီယိုးပီးယား ခရစ်ယာန်များအား လစ်ဗျားရှိ IS အဖွဲ့က သတ်ဖြတ်ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ၎င်းတို့မှာ အီဂျစ်ခရစ်ယာန် ၂၀ ကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်ကလည်း ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ဓမ္မပညာရှင်များနှင့် မွတ်စလင်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကာ အီဂျစ်ကလည်း ၎င်းတို့နိုင်ငံသားများ အသတ်ခံရသည့်အတွက် ချက်ချင်းပင် ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

    IS အဖွဲ့ ပေါ်ပေါက်ကာ အဖျက်လုပ်ငန်းများကို စတင်လုပ်ဆောင်စဉ်ကတည်းက ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များနှင့် အစ္စလာမ့်ဓမ္မပညာရှင်များက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အဆိုပါအဖွဲ့အား တိုက်ဖျက်ရေးအတွက် တိုက်တွန်းမှုများလည်း ပြုလုပ်ခဲ့ကာ လက်ရှိတွင် မွတ်စလင်များကပင် တို့အဖွဲ့အား ရင်ဆိုင် တိုက်ခိုက်လျက် ရှိနေသည်။

    စုပေါင်းတောင်းဆု

    အီသီယိုးပီးယားနိုင်ငံကမူ ၃ ရက်တာ ၀မ်းနည်းဖွယ်နေ့ သတ်မှတ်ခဲ့ပြီး နိုင်ငံအတွင်းရှိ ခရစ်ယာန်နှင့် မွတ်စလင်များမှာလည်း စုပေါင်း၍ ၀တ်ပြု ဆုတောင်းပြုမှုများ ပြုလုပ်ခဲ့ကာ ရိုင်းစိုင်းကြမ်းကြုတ်သော ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

    အဆိုပါ ၀တ်ပြုဆုတောင်းမှုကို အီသီယိုးပီးယား အစ္စလာမ့်ရေးရာ ဗဟိုကောင်စီမှ အကြီးအကဲဖြစ်သူ ရှိခ် မိုဟာမက် ဂျမာလ်က ဦးဆောင်ခဲ့ပြီး လူများအား ကြက်ကလေး၊ ငှက်ကလေး သတ်သကဲ့သို့ သတ်ဖြတ်မှုအတွက် အစ္စလာမ်တွင် နေရာမရှိဟု ပြောကြားခဲ့သည်။

    “တကယ်လို့ IS သာ ဘာသာတရားကို လိုက်နာမယ်ဆိုရင် သူတို့ လူတွေကို သတ်ဖြတ်မှာ မဟုတ်ပါဘူး။ ဒီလူငယ်လေးတွေ သေဆုံးခြင်းဟာ ကျွန်တော်တို့ မိသားစုထဲကတစ်ယောက်ယောက် အသတ်ခံရသလိုပါပဲ” ဟု အဆိုပါ ၀တ်ပြုဆုတောင်းမှုသို့ တက်ရောက်လာသည့် မွတ်စလင်တစ်ဦးဖြစ်သူ ကဒရ် ဟူစိန်က ပြောကြားခဲ့သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ထိုကဲ့သို့ အသတ်ခံရသူများအတွက် ၀မ်းနည်းကြောင်း သတင်းစကားကို အီသီယိုးပီးယား တီဝါဟီဒို အော်သိုဒေါ့စ်အသင်းတော် အကြီးအကဲသို့ ပေးပို့ခဲ့သည်။

    အသတ်ခံရသူများ၏ ဆွေမျိုးသားချင်းများကလည်း IS ၏ ထိုလုပ်ရပ်မှာ လူသားဆန်မှုအပြင်ဘက်မှ လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် တော်တော်လေးဝမ်းနည်းပါတယ်။ ကျွန်တော့်ရဲ့ညီကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ညီလေးပါ။ ဒါပေမယ့် အသက်တွေဆုံးရှုံးခဲ့ကြတဲ့ အီသီယိုးပီးယားနိုင်ငံသားတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ သမုဒ္ဒရာထဲကို ပစ်ချခံနေရပါတယ်။ ဒီကိစ္စ ဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတာ ဘုရားသခင်သာလျှင် သိပါတယ်” ဟု သေဆုံးသွားသူများထဲမှ တစ်ဦး၏ အကိုဖြစ်သူ တက်စ်ဖာယီက ၀မ်းနည်းခြင်း အခမ်းအနားသို့ လာရောက်ခဲ့သည့် ပရိတ်သတ်များကို ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ် အစိုးရ၏ သန်းခေါင်စာရင်းကောက်ယူမှုအရ အီသီယိုးပီးယားနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်မှာ ၃၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

    Ref: Onislam