News @ M-Media

Author: Ko Lay

  • နီပေါတွင် ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အဆီးနှင့် သေဆုံးမှုများပြား

    နီပေါတွင် ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အဆီးနှင့် သေဆုံးမှုများပြား

    ဧပြီ ၂၅၊ ၂၀၁၅
    M-Media

    nepal

    – နီပေါနိုင်ငံတွင် ဒေသစံတော်ချိန် ယနေ့ နေ့လည်ပိုင်းက ပြင်းအား ၇.၉ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်သွားသောကြောင့် ရှေးဟောင်းမြို့တော်ဖြစ်သော ခတ္တမန်ဒူတွင် အဆောက်အဦးများ ပြိုကျပျက်ဆီးခဲ့ကာ လူအများအပြား သေဆုံးခဲ့ကြသည်ဟု သိရသည်။

    အနည်းဆုံး လူ ၁၂၀ ကျော် သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားမှုကို ကိုးကား၍ ဒေသတွင်း ၀ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့သည်။ ရှေးဟောင်းဘုရားကျောင်းများ၊ မျှော်စင်များနှင့် အဆောက်အဦးများအပါအ၀င် ခတ္တမန်ဒူမြို့ရှိ အဆောက်အဦးအများအပြားမှာ ပြိုကျ ပျက်ဆီးခဲ့ကြပြီး ပိတ်မိနေသူများရှိနေကာ သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာဖွယ်ရှိနေသည်။

    မြို့လယ်ကောင်ရှိ ဆေးရုံတွင် ဒဏ်ရာရရှိသူများနှင့် ပြည့်နှက်နေပြီး တရုတ်နယ်စပ်မှ အသံလွှင့်ဌာနတစ်ခုက ငလျင်ကြောင့် နီပေါနှင့် တရုတ်နယ်စပ်တွင် တရုတ် ခရီးသွားတစ်ဦး သေဆုံးခဲ့သည်ဟု ကြေညာခဲ့သည်။

    ခတ္တမန်ဒူအနောက်မြောက်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ဒဏ်ကို ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တိဘက်နိုင်ငံတို့လည်း ခံစားခဲ့ကြရပြီး ထိုနိုင်ငံများတွင် အဆောက်အဦးများ ပြိုကျပျက်ဆီးကာ သေဆုံး ဒဏ်ရာရမှုများလည်း ရှိနေသည်။

    ခတ္တမန်ဒူတောင်ကြားမှာ လူနေထူထပ်သည့် ဒေသဖြစ်ပြီး လူပေါင်း ၂.၅ သန်းခန့် နေထိုင်သည်။ နီပေါနိုင်ငံတွင် ၁၉၃၄ ခုနှစ်က ပြင်းအား ၈.၃ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၈၅၀၀ ကျော် သေဆုံးခဲ့သည်။

    Ref: Reuters, AP

  • အာဆင်ဝင်းဂါးမှာ မိမိ၏ ပြိုင်ဘက်မဟုတ်ဟု မော်ရင်ဟိုပြော

    အာဆင်ဝင်းဂါးမှာ မိမိ၏ ပြိုင်ဘက်မဟုတ်ဟု မော်ရင်ဟိုပြော

    ဧပြီ ၂၅၊ ၂၀၁၅
    M-Media

    moriho

    – အာဆင်နယ်အသင်း၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးအား ပြိုင်ဘက်အနေဖြင့် မမြင်ကြောင်း ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ ဒုတိယနေရာမှ အာဆင်နယ်အား ၁၀ မှတ်ဖြတ်ကာ ဦးဆောင်ထားပြီး ၎င်းတို့နှစ်သင်းမှာ မနက်ဖြန်တွင် ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်သည်။ အာဆင်ဝင်းဂါးနှင့် မော်ရင်ဟိုတို့မှာ ယခင်က စကားစစ်ထိုးမှုများကို ပြုလုပ်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် မော်ရင်ဟိုက ၎င်းမှာ အာဆင်ဝင်းဂါးနှင့် ယှဉ်ပြိုင်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော့်အတွက်တော့ သူဟာ ပြိုင်ဘက်မဟုတ်ပါဘူး။ ဒီလိုလည်း မခံစားရပါဘူး။ သူဟာ တူညီတဲ့ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်နေထိုင်အလုပ်လုပ်တဲ့ မြို့တွင်းက အသင်းကြီးတစ်သင်းရဲ့ နည်းပြပါပဲ။ ဒ့ါကြောင့် အမြဲတမ်း ပြိုင်ဘက်ပုံစံမျိုး နည်းနည်းတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ရီးယဲလ်မှာရှိတုန်းက အက်သလက်တီကိုနည်းပြကို မြင်သလိုမျိုးပဲ ၀င်းဂါးကို မြင်ပါတယ်” ဟု ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    မော်ရင်ဟိုမှာ အာဆင်ဝင်းဂါးနှင့် တွေ့ဆုံသည့်ပွဲများတွင် ၁၂ ပွဲတိုင်တိုင် ရှုံးပွဲမရှိသေးဘဲ မော်ရင်ဟိုကမူ အဆိုပါမှတ်တမ်းအတွက် ဂုဏ်မယူဟုဆိုသည်။

    “ကျွန်တော့်အတွက်တော့ အောင်မြင်မှုဆိုတာ မနက်ဖြန်ပွဲ နိုင်ဖို့ပါပဲ။ ဒါဟာ အရင်က အာဆင်နယ်နဲ့ကစားခဲ့တဲ့ ၁၂ ပွဲမဟုတ်ပါဘူး။ ကျွန်တော် ဒါကိုမကြည့်ပါဘူး။ အရေအတွက်တွေကို မကြည့်ပါဘူး။ ဒီနည်းပြ ဒါမှမဟုတ် ဒီအသင်းနဲ့တွေ့တဲ့အခါ ဘာလုပ်ခဲ့သလဲဆိုတာ ကျွန်တော်မကြည့်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မော်ရင်ဟို၏ ချယ်ဆီးမှာ အာဆင်နယ်အား အနိုင်ရခဲ့ပါက ၁၃ မှတ်အသာဖြင့် ဇယားအား ဦးဆောင်နိုင်မည်ဖြစ်ပြီး ချန်ပီယံဖြစ်ရေး နောက်ထပ်တစ်ပွဲသာ အနိုင်ကစားရန် လိုအပ်တော့မည်ဖြစ်သည်။

    Ref: Goal.com

  • သမ္မတကို သရက်သီးဖြင့်ပေါက်သည့် ဗင်နီဇွဲလားအမျိုးသမီးတစ်ဦး အိမ်တစ်လုံးရ

    သမ္မတကို သရက်သီးဖြင့်ပေါက်သည့် ဗင်နီဇွဲလားအမျိုးသမီးတစ်ဦး အိမ်တစ်လုံးရ

    ဧပြီ ၂၅၊ ၂၀၁၅
    M-Media

    Venezuela's President Nicolas Maduro speaks during his weekly broadcast "en contacto con Maduro" (In contact with Maduro) in Caracas

    – နေစရာအခက်အခဲဖြစ်သည်ကို မကျေနပ်၍ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရို၏ ခေါင်းအား သရက်သီးဖြင့် ပစ်ပေါက်ခဲ့သည့် အမျိုးသမီးတစ်ဦးကို အစိုးရက အိမ်တစ်လုံးပေးအပ်ခဲ့သည်ဟု သိရသည်။

    အသက် ၅၂ နှစ်အရွယ်ရှိ မာဒူရိုမှာ နိုင်ငံအလယ်ပိုင်း အာရာဂွါပြည်နယ်တွင် ပြီးခဲ့သည့်တစ်ပတ်က ကားဖြင့် ခရီးသွားနေစဉ် ၎င်းအား ကြိဆိုနေသော လူအုပ်မှ မာလီနီ အိုလီဗိုဆိုသည့် အမျိုးသမီးက ၎င်း၏ အမည်နှင့် ဖုန်းနံပါတ်ကို စာရွက်ပေါ်တွင်ရေး၍ သရက်သီးတွင်ပတ်ကာ မာဒူရိုအား ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

    “တစ်ကယ်လို့ဖြစ်နိုင်ရင် ကျွန်မကို ဖုန်းခေါ်ပါ” လို့ ရေးထားပါတယ်” ဟု ထိုအဖြစ်အပျက်ကို သိရှိသည့် ဘက်စ်ကားမောင်းသမား တစ်ဦးက သရက်သီးကိုပြကာ ရုပ်သံဌာနသို့ ပြောကြားခဲ့သည်။

    “မာလီနီ အိုလီဗိုဟာ သူ့ရဲ့ အိမ်နဲ့ပတ်သက်ပြီး ပြဿနာရှိနေပါတယ်။ (တာဝန်ရှိသူတွေက) သူ့ကို ဖုန်းခေါ်ပါတယ်။ သူမဟာ ကြောက်နေပြီး ဒါဟာ တကယ်ဆိုတာ ယုံတောင်မယုံနိုင်ခဲ့ပါဘူး။ “မာလီနီရေ ဗင်နီဇွဲလား အိမ်ရာစီမံကိန်းကြီးရဲ့ အစိတ်အပိုင်းအဖြစ် ခင်ဗျားအတွက် အိမ်တစ်ခန်း ပေးလိုက်ပါတယ်” (လို့ သမ္မတက ပြောပါတယ်)” ဟု အဆိုပါ ဘတ်စ်ကားဆရာက ထပ်လောင်းပြောကြားခဲ့ကာ သမ္မတက ထိုသရက်သီးကို စားမည်ဟုလည်း ကတိပေးခဲ့သည်ဟု ဆိုသည်။

    အဆိုပါ သတင်းက ဗင်နီဇွဲလား ဆိုရှယ်မီဒီယာတစ်ဝှမ်းတွင် ပြန့်နှံ့သွားခဲ့ပြီး အရွှန်းဖောက်ပြောဆိုမှုများလည်း ရှိခဲ့သည်။

    “သရက်သီးတစ်လုံးအတွက် တိုက်ခန်းတစ်ခန်းရတယ်ဆိုရင် ခင်ဗျားတို့ဘာလုပ်ရမလဲဆိုတာ သိတယ်မှတ်လား။ သူ့ကို နာနတ်သီးနဲ့သာ ပစ်ပေါက်ဗျာ” ဟု ဒေါ်လာမှောင်ခိုအရောင်းအ၀ယ်လုပ်ပြီး မာဒူရိုအား ဆန့်ကျင်သည့် Dolar Today ၀ဘ်ဆိုက်တွင် ရေးသားထားသည်။

    ၂၀၁၃ ခုနှစ်က ကွယ်လွန်သွားခဲ့သည့် ခေါင်းဆောင်ဟောင်း ဟူဂိုချားဗက်ဇ်ကဲ့သို့ပင် မာဒူရိုမှာ ၎င်း၏ ခရီးစဉ်များတွင် ပြည်သူများထံမှ အသနားခံများကို လက်ခံယူဆောင်လေ့ရှိသည်။ ထိုအလေ့အကျင့်ကြောင့် ဆင်းရဲသားပြည်သူများက ကြိုက်နှစ်သက်ကြသော်လည်း ဝေဖန်သူများက ကြိုက်နှစ်သက်ခြင်းမရှိပေ။

    ချားဗက်ဇ်ကဲ့သို့ပင် မာဒူရိုမှာလည်း ၀င်ငွေနိမ့်ပါးသည့် ပြည်သူများအား အိမ်များ၊ အိမ်သုံးပစ္စည်းများ သို့မဟုတ် ပင်စင်ငွေများကို ပုဂ္ဂိုလ်ရေးအရ မကြာခဏ ပေးအပ်မှုများရှိသည်။ သို့သော်လည်း မာဒူရိုမှာ အာဏာရပြီးနောက်ပိုင်း တစ်ဖြည်းဖြည်းဖြင့် လူကြိုက်နည်းလာကြသည်။

    Ref: Reuters

  • ချန်ပီယံလိဂ်နှင့် ယူရိုပါ ဆီမီးဖိုင်နယ်ပွဲစဉ်များ မဲခွဲ

    ချန်ပီယံလိဂ်နှင့် ယူရိုပါ ဆီမီးဖိုင်နယ်ပွဲစဉ်များ မဲခွဲ

    ဧပြီ ၂၅၊ ၂၀၁၅
    M-Media

    champion

    – ဥရောပချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အတွက် မဲခွဲမှုကို မနေ့က ကျင်းပပြုလုပ်ခဲ့ပြီး ပရိတ်သတ်အကြိုက်တွေ့မယ့် ပွဲကောင်းတွေအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးတော့ ဥရောပရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ယူရိုပါလိဂ် ဆီမီးအတွက်လည်း မဲခွဲခဲ့ပါတယ်။

    ဘာစီလိုနာကို အောင်မြင်မှုသရဖူဆောင်ပေးခဲ့တဲ့ နည်းပြဟောင်း ဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာနဲ့ ပြန်လည်တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဘာကာက ထွက်ခွာခဲ့ပြီးတဲ့နောက်ပိုင်း ဂွါဒီယိုလာတစ်ယောက် အသင်းဟောင်းကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

    လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်ကတော့ ဂျူဗင်တပ်စ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ၂၀၀၃ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အေစီမီလန်ကိုရှုံး ဒုတိယရပြီးတဲ့နောက်ပိုင်းမှာ ဒီအဆင့်ကို ပထမဆုံးတက်ရောက်လာနိုင်တာပါ။

    ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့ကို မေလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ကစားမှာဖြစ်ပြီး ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့က အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ကစားမှာဖြစ်ပါတယ်။

    မဲခွဲအပြီး သက်ဆိုင်သူတွေရဲ့ ရင်တွင်းစကားတွေကို ဖော်ပြလိုက်ပါတယ်။

    “ပက်ပ် ဂွါဒီယိုလာ ဒီကိုပြန်လာမှာကြောင့် ဒါဟာ ထူးခြားတဲ့ပွဲ ဖြစ်မှာပါ။ ပြီးတော့ ကျွန်တော့်အတွက်ရော၊ ကစားသမားတွေအတွက်ရောပေါ့ဗျာ။ ဘာကာပရိသတ်တွေအတွက်လည်း နေ့ထူးတစ်နေ့ပါပဲ။ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ကစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ကစားသွားမှာပါ။ မဲခွဲတဲ့ ဖြစ်စဉ်ကတော့ အရင်လိုပါပဲ။ ဒါပေမယ့် ဘောလုံးလောကဆိုတာ မှန်းဆလို့မရသလို အမြဲတမ်း အံ့သြစရာတွေနဲ့ ပြည့်နေပါတယ်” (လူးဝစ် အန်းရစ် – ဘာစီလိုနာနည်းပြ)

    “ဒီပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်ဆိုတာ အမြဲတမ်း အသင်းကြီးတွေနဲ့ တွေ့ဆုံရလေ့ရှိတာပါ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ရီးယဲလ်နဲ့ ကစားခဲ့ရတယ်။ ဒီနှစ်တော့ ဘာစီလိုနာနဲ့ပေါ့။ သူတို့နှစ်သင်းစလုံးကို ကျွန်တော် တော်တော်လေး လေးစားပါတယ်။ ကျွန်တော့်ရဲ့ နည်းပြသက်တမ်းမှာ ဒီနှစ်သင်းစလုံးနဲ့ တွေ့ဆုံ ရင်ဆိုင်ခွင့်ရတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ဒါဟာ ဘောလုံးပွဲ ၂ ပွဲပါပဲ” (ဂွါဒီယိုလာ – ဘိုင်ယန်မြူးနစ်နည်းပြ)

    “ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အကြောင်း ပြောနေတာပါ။ ဒါ့ကြောင့် အသင်းတိုင်းဟာ ခက်ခဲတဲ့ပြိုင်ဘက်တွေပဲ ဖြစ်မှာပါ။ အစတုန်းကတော့ ကျွန်တော်တို့ ရေပန်းမစားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြောက်ရွံ့မှုမရှိဘဲ ကစားသွားမှာပါ။ ပြီးခဲ့တဲ့နှစ်က (အုပ်စုအဆင့်မှာ) ကျွန်တော်တို့ သူတို့နဲ့ တွေ့ခဲ့ဖူးပါတယ်။ ပြီးတော့ ပွဲကောင်း ၂ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အခုတော့ လောင်းကြေးက များသွားပါပြီ။ ဒါ့ကြောင့် တတ်နိုင်သလောက် ကျွန်တော်တို့ ပြင်ဆင်ရပါတော့မယ်” (အန်ဒရီယာ ဘာဇာဂလီ – ဂျူဗင်တပ်စ် နောက်ခံလူ)

    “ဂျူဗင်တပ်စ်ဟာ ၁၂ လောက်ကြာမှ ဆီမီးဖိုင်နယ်ကို ပြန်တာလာတဲ့ ဂန္တ၀င်သမိုင်းရှိတဲ့ အသင်းပါ။ ဒီရာသီမှာ သူတို့ တော်တော်ကောင်းနေပြီး လက်တွေ့အရဆိုရင် ချန်ပီယံရှစ်ကိုလည်း ရထားပြီးပါပြီ။ ဒါက သူတို့ဟာ ချန်ပီယံလိဂ်ကို ပိုပြီး အာရုံစိုက်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ ပြီးခဲ့တဲ့နှစ်ပြီးတဲ့နောက် နောက်ထပ် ဗိုလ်လုပ်ပွဲတစ်ခုကို ရောက်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နိုင်ဖို့အတွက်တော့ အသင်းဟာ အကောင်းဆုံးအနေအထား လိုအပ်ပါတယ်” (အန်ဆယ်လော့တီ – ရီးယဲလ်မက်ဒရစ်နည်းပြ)

    ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အတွက်လည်း မနေ့က တစ်ခါတည်း မဲခွဲခဲ့ပြီး ၂၀၀၆၊ ၂၀၀၇ ခုနှစ်တွေမှာ ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိချန်ပီယံလည်းဖြစ်တဲ့ ဆီးဗီးလားအသင်းက စီးရီးအေက ဖီအိုရင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

    စီးရီးအေက နောက်တစ်သင်းဖြစ်တဲ့ နာပိုလီကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ယူရိုပါဆီမီးဖိုင်နယ် တက်လာတဲ့ ယူကရိန်းကလပ် ဒီနီပရိုနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ပထမအကျော့ကိုတော့ ဆီးဗီးလားနဲ့ နာပိုလီတို့က အိမ်ရှင်အဖြစ် မေလ ၇ ရက်နေ့မှာ ကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မေလ ၁၄ ရက်နေ့မှာ ကစားမှာဖြစ်ပါတယ်။

    Ref: Goal.com, uefa.com

  • အမေရိကန်သမ္မတ အိုဘားမား၏အဖွား မက္ကာဟ်သို့သွားရောက်၍ အွမ္မရာဟ်ပြု

    အမေရိကန်သမ္မတ အိုဘားမား၏အဖွား မက္ကာဟ်သို့သွားရောက်၍ အွမ္မရာဟ်ပြု

    ဧပြီ ၂၄၊ ၂၀၁၅
    M-Medi

    obama's grandmother 2

    – အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ ကင်ညာနိုင်ငံမှ အဖွားဖြစ်သူ ဆာရာ အိုမာရ်မှာ အွမ္မရာဟ်ဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဟ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ဆာရာမှာ သားဖြစ်သူ စအီးဒ်၊ မြေးဖြစ်သူ မူဆာတို့နှင့်အတူ ရောက်ရှိလာခဲ့ပြီး အွမ္မရာဟ်ပြုပြီးနောက် မြေးဖြစ်သူနှင့်အတူ မက္ကာဟ်မြို့ရှိ တမန်တော်မုဟမ္မဒ်သခင်အကြောင်း ပြသထားသည့် ပြပွဲသို့ သွားရောက်ခဲ့ကြသည်။

    ဆာရာက ပြပွဲသို့ သွားရောက်ကြည့်ရှုရခြင်းကို အလွန်ပျော်ရွှင်မိပြီး စစ်မှန်သည့် အထောက်အထားများ၊ သိပ္ပံဆိုင်ရာ အထောက်အပံ့များဖြင့် ထိုသို့ပြသခြင်းမျိုးက ယခုခေတ် အစ္စလာမ်သာသာနာ ပြန့်ပွားရေးအတွက် ဥပမာကောင်းဖြစ်သည်ဟု Arab News သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဘုရားဖူးခရီးစဉ်အတွက် မက္ကာဟ်နှင့် မဒီနာတို့တွင် ဆော်ဒီအစိုးရ၏ စီစဉ်ထားမှုများ၊ အသုံးအဆောင်၊ အဆောက်အဦးများမှာလည်း အလွန်ကောင်းမွန်သည်ဟု ထည့်သွင်းပြောကြားခဲ့ကာ အစ္စလာမ်နှင့်ပတ်သက်၍ ယူဆချက်အလွဲများကို ဖယ်ရှားရန်အတွက် တမန်တော်မုဟမ္မဒ်သခင်အကြောင်း ပြသထားသည့် ထိုပြပွဲများကို အခြားနိုင်ငံများသို့ သွားရောက်ပြသရန် မျှော်လင့်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆာရာအိုမာရ်မှာ အိုဘားမား၏ ဖခင်ဖြစ်သော ဘာရက်ဟူစိန်အိုဘားမား စီနီယာ၏ မိခင်ဖြစ်သည်။ အိုဘားမား စီနီယာမှာ ကင်ညာနွယ်ဖွားတစ်ဦးဖြစ်ပြီး အမေရိကန်တွင် စီးပွားရေးဘာသာရပ်ဖြင့် လာရောက်ပညာသင်ကြားစဉ် အိမ်ထောင်ကျကာ အိုဘားမားအား မွေးဖွားခဲ့ခြင်းဖြစ်သည်။

    ဆာရာအိုမာရ်မှာ အလှူအတန်းရက်ရောသူဖြစ်ပြီး ၂၀၀၆ ခုနှစ်က အိုဘားမား ကင်ညာသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ကင်ညာနိုင်ငံအတွင်း နာမည်ကြီးလာခဲ့သည်။

    ၂၀၀၈ ခုနှစ် အိုဘားမား သမ္မတဖြစ်ပြီးနောက်ပိုင်း သူမ၏ လယ်တောအိမ်လေးမှာ နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားသည့်နေရာ ဖြစ်လာခဲ့သည်။ ဆာရာမှာ ယခုတစ်ခေါက် မက္ကာဟ်မြို့သို့ အွမ္မရာဟ်ခရီးစဉ် လာရောက်ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၀ ခုနှစ်ကလည်း ဟဂ်ျခရီးစဉ် လာရောက်ခဲ့ဖူးသည်။

    Ref: Onislam