News @ M-Media
Author: Ko Lay
  • သီရိလင်္ကာသမ္မတ၏ ညီ ပုဆိန်ခုတ်ခံရ၍ သေဆုံး
    သီရိလင်္ကာသမ္မတ၏ ညီ ပုဆိန်ခုတ်ခံရ၍ သေဆုံး
    မတ် ၂၈၊ ၂၀၁၅
    M-Media
    sri-lankas-main (1)
    – သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီစီနာ၏ ညီအငယ်ဆုံး ဖြစ်သူမှာ ပုဆိန်ဖြင့် ခုတ်ခံရသည့် ဒဏ်ရာကြောင့် ယနေ့တွင် မြို့တော်ကိုလံဘိုရှိ ဆေးရုံ၌ ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
    သားသမီး ၃ ယောက်၏ ဖခင်ဖြစ်သူ ပရီယန်သာ ဆီရီစီနာမှာ ၎င်း၏ ဇာတိမြို့ ပိုလွန်နာရူဝါတွင် ပြီးခဲ့သည့် ၂ ရက်အရင်က ပုဆိန်ဖြင့် အခုတ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
    ရဲတပ်ဖွဲ့ကမူ အဆိုပါတိုက်ခိုက်မှုနှင့် ဆက်နွယ်နေသည့် လူတစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင် စီးပွားရေးသမားတစ်ဦးဖြစ်သူ ပရီယန်သာမှာ ကြာသာပတေးနေ့ ညနေပိုင်းတွင် သူငယ်ချင်းတစ်ဦးနှင့် အငြင်းအခုံဖြစ်ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အရေးပေါ် ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သတိပြန်လည်လာခြင်းမရှိတော့ဟု ဖော်ပြခဲ့သည်။ တရားဝင်အထောက်အထားများအရ ပရီယန်သာမှာ သားသမီး ၁၂ ယောက်တွင် အငယ်ဆုံးဖြစ်သည်။
    သမ္မတ မိုင်သရီပါလာမှာ ယခုအချိန်တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည်။ ၎င်းမှာ ဇန်န၀ါရီရွေးကောက်ပွဲတွင် ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပြီး ယခင် သီရိလင်္ကာ သမ္မတများကဲ့သို့ ညီအစ်ကိုမောင်နှမများအတွက် လုံခြုံရေးများ ထားခြင်းမရှိဘဲ၊ ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ကိုလည်း သိသိသာသာ လျှော့ချခဲ့သည်။
    Ref: channelnewsasia
  • “ဗြိတိသျှပြတိုက်” တွင် အစ္စလာမ့်အနုပညာလက်ရာ ပြခန်းများ ထည့်သွင်းမည်
    “ဗြိတိသျှပြတိုက်” တွင် အစ္စလာမ့်အနုပညာလက်ရာ ပြခန်းများ ထည့်သွင်းမည်
    မတ် ၂၈၊ ၂၀၁၅
    M-Media
    27-3-15_British-Museum-Showcases-True-Islam
    – IS အဖွဲ့က ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် သမိုင်းဝင်နေရာများအား ဖျက်ဆီးနေချိန်တွင် အစ္စလာမ်နှင့်ပတ်သက်၍ ရှိနေသည့် နားလည်မှုလွဲမှားခြင်းများအား ဖယ်ရှားရန်အတွက် လန်ဒန်ရှိ “ဗြိတိသျှပြတိုက်” တွင် အစ္စလာမ့် အနုပညာလက်ရာများ စုစည်းပြသမည့် ပြခန်း ၂ ခုကို ထည့်သွင်းရန် စီစဉ်နေသည်ဟု သိရသည်။
    အဆိုပါ ပြခန်းများကို ပြတိုက်၏ တောင်ဘက်ခြမ်းတွင် ပြသသွားမည်ဖြစ်ပြီး မလေးရှား အလ်ဘူခါရီ ဖောင်ဒေးရှင်းမှ ရန်ပုံငွေ ထောက်ပံ့သွားမည်ဖြစ်သည်။
    “ကမ္ဘာမှာဖြစ်နေတာတွေက အစ္စလာမ်ရဲ့ သမိုင်းအမွေအနှစ်တွေ၊ အစ္စလာမ်မဟုတ်တဲ့ ရှေးဟောင်း ပစ္စည်းတွေကို ဖျက်ဆီးနေတာတွေပါ။ ဒါတွေဟာ ဆိုးရွားတဲ့ ပုံရိပ်တစ်ခုပါပဲ။ “ဗြိတိန်ပြတိုက်” မှာတော့ ဒါတွေကို စုဆောင်းနေပါတယ်။ ဒါတွေမရှိဘဲနဲ့ ကျွန်တော်တို့မှာ သမိုင်းလည်း ရှိမှာမဟုတ်တော့ပါဘူး” ဟု မလေးရှား အလ်ဘူခါရီဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဆရဒ် မုခ်တာရ် အလ်ဘူခါရီက ပြောကြားခဲ့သည်။
    အဆိုပါပြခန်းများတွင် အစ္စလာမ်ကမ္ဘာမှ သမိုင်းဝင်၊ ရှေးဟောင်း အနုပညာလက်ရာ အမြောက်အများ ပါဝင်မည်ဖြစ်ပြီး ပြတိုက်မြောက်ပိုင်းတွင် ရှိခဲ့သည့် ပြခန်းတစ်ခုအတွက် အစားထိုး ပြသခြင်းလည်း ဖြစ်မည်ဖြစ်သည်။
    IS အဖွဲ့မှာ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအပြင် ၎င်းတို့ထိန်းချုပ်ထားသော ဆီးရီးယားနှင့် အီရတ်တို့ရှိ ရှေးဟောင်း နေရာများကို ပစ်မှတ်ထားခြင်းအားဖြင့် ရာစုနှစ်နှင့်ချီ၍ သက်တမ်းရင့်နေသော ယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးလျက် ရှိနေသည်။
    ထိုအထဲတွင် သမိုင်းပညာရှင်များ၊ ဂီတပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်ထုများ၊ ဗလီဝတ်ကျောင်းတော်များ၊ ခရစ်ယာန်ဘုရားကျောင်းများလည်း ပါဝင်သည်။
    ယဉ်ကျေးမှု ဆက်နွယ်ခြင်း
    ယခုပြုလုပ်မည့် ပြခန်းများ၏ ပြတိုက်မှူးများက အဆိုပါ ပြခန်းသစ်နှစ်ခုတွင် ပြတိုက်၏ အစ္စလာမ့် အနုပညာလက်ရာများနှင့် ဥရောပမှ အနုပညာလက်ရာများအကြား ဆက်နွယ်မှုကို ပထမဆုံး ဖော်ပြသွားမည်ဟု ဆိုသည်။
    “တကယ့်အရေးပါတဲ့ အရာက အစ္စလာမ့်အနုပညာလက်ရာ စုစည်းမှုကို ပြတိုက်ရဲ့ အဓိကနေရာမှာ သေသေချာချာထားဖို့ပါပဲ” ဟု အဆိုပါစီမံကိန်းကို ဦးဆောင်ရသူ ဗန်နက်တီယာ ပေါ်တာက ပြောကြားခဲ့သည်။
    ယခုကဲ့သို့ အစ္စလာမ့်အနုပညာလက်ရာများကို ပြသခြင်းမှာ အစ္စလာမ့် သမိုင်းအမွေအနှစ်များကို “ဗြိတိသျှပြတိုက်” ၌ ပထမဆုံး ပြသခြင်းမဟုတ်ပေ။
    ၂၀၁၂ ခုနှစ် ဧပြီလကလည်း ဟာဂ်ျခရီးစဉ်နှင့်သက်ဆိုင်သည့် ကမ္ဘာ့အကြီးဆုံး ပြပွဲကြီးတစ်ခုကိုလည်း အဆိုပါ ပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့သေးသည်။ ထိုပြပွဲတွင် သမိုင်းဆိုင်ရာ ပစ္စည်းများ၊ လက်ရေးမူများ၊ အ၀တ်အထည်ဓာတ်ပုံများနှင့် သမိုင်းတစ်လျှောက် ဟဂ်ျခရီးစဉ် သွားရောက်မှုများနှင့် ဆက်နွယ်နေသည့် ခေတ်ပြိုင် အနုပညာလက်ရာများကိုလည်း ပြသခဲ့သည်။
    “ဟဂ်ျ- အစ္စလာမ့်နှလုံးသည်းပွတ်ဆီသို့ ခရီး” ဟု အမည်ပေးထားသည့် အဆိုပါပြပွဲကို လူပေါင်း ၁၅၀၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြသည်။
    Ref: Onislam
  • အင်္ဂလန်အား ဥရောပအသင်းများက ကြောက်နေမည်ဟု ရူနီပြော
    အင်္ဂလန်အား ဥရောပအသင်းများက ကြောက်နေမည်ဟု ရူနီပြော
    မတ် ၂၈၊ ၂၀၁၅
    M-Media
    1151502_heroa
    – ဥရောပအသင်းများမှာ မိမိတို့အသင်းအား ရင်ဆိုင်ရန် ကြောက်ရွံ့နေကြမည်ဟု အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
    ယနေ့နံနက်က လစ်သူယေးနီးယားနှင့် ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အင်္ဂလန်မှာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး ရူနီ၊ ၀ဲလ်ဘတ်၊ စတာလင်နှင့် ဟယ်ရီကိန်းတို့က ၁ ဂိုးစီ သွင်းပေးခဲ့ကြသည်။ ထိုပွဲအနိုင်မှာ အင်္ဂလန်၏ ယူရို ၂၀၁၆ ခြေစစ်ပွဲ ရာနှုန်းပြည့်နိုင်ပွဲလည်း ဖြစ်ခဲ့သည်။
    ရူနီကမူ ၎င်းတို့အသင်းအား အခြားအသင်းများက ကြောက်ရွံ့နေကြမည်ဟု ယုံကြည်နေသည်။
    “ကမ္ဘာ့ဖလားပြီးတဲ့နောက်ပိုင်းကစလို့ ကျွန်တော်တို့ တော်တော်လေးကောင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ပွဲကြီးတွေ ရှိခဲ့တယ်။ ဂိုးတွေသွင်းနေတယ်။ တကယ့်ကို အားပြည့်လန်းဆန်းနေပြီး ခပ်သွက်သွက်လေး လှမ်းနေပါတယ်။ ဥရောပက အသင်းတွေဟာ ကျွန်တော်တို့ကိုကြည့်ပြီး ကြောက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရူနီက ပွဲအပြီးတွင် ITV Sport သို့ ပြောကြားခဲ့သည်။
    ပွဲထွက်ကစားခွင့်ရခဲ့သည့် ရူနီကို ၇၁ မိနစ်တွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လူစားလဲခဲ့သည်။ ဟယ်ရီကိန်းမှာ ကွင်းထဲဝင်လာပြီး စက္ကန့် ၈၀ အကြာ ၎င်း၏ တတိယမြောက် ဘောလုံးထိသည့်အချိန်၌ပင် ဂိုးသွင်းယူနိုင်ခဲ့သည်။
    ရူနီကမူ ကိန်းအား ချီးကျူးခဲ့ပြီး နိုင်ငံတကာပွဲများတွင် ၀င်ရောက်ပြီး စက္ကန့် ၈၀ အကြာတွင် ဂိုးသွင်းနိုင်ခြင်းမှာ မယုံကြည်နိုင်လောက်ဖွယ်ဖြစ်သည်ဟု ဆိုသည်။ ကိန်းကလည်း ထိုကဲ့သို့ ဂိုးသွင်းနိုင်ခဲ့ခြင်းမှာ အိပ်မက်များ
    အမှန်တစ်ကယ်ဖြစ်လာခြင်းဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    “ကျွန်တော့် အိပ်မက်ရဲ့ အစပါပဲ။ ပြီးတော့ အဲဒီအိပ်မက် အမှန်တစ်ကယ်ဖြစ်လာတာကို မြင်ရတာ အံ့သြစရာပါပဲ”
    Ref: Goal.com
  • ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ လခအများဆုံးက ဘယ်သူလဲ?
    ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ လခအများဆုံးက ဘယ်သူလဲ?
    မတ် ၂၇၊ ၂၀၁၅
    M-Media
    leader's biggest salary
    – ကမ္ဘာ့ရှေ့ဆောင်နိုင်ငံတွေ၊ ဒေသတွင်းမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတွေကို မမောနိုင်မပန်းနိုင် ဦးဆောင်နေသူတွေရဲ့ လုပ်ခလစာ ဘယ်လောက်ရသလဲဆိုတာဟာ စိတ်ဝင်စားစရာတစ်ခုပါ။ အဲဒီထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ အဲဒီ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ဘယ်သူက လခပိုရသလဲ ဆိုတာပါပဲ။
    အဲဒီအတွက် Forbes မဂ္ဂဇင်းက လေ့လာဆန်းစစ်မှုတွေပြုလုပ်ပြီး ကမ္ဘာပေါ်မှာ လခအများဆုံးရတဲ့ ခေါင်းဆောင် ၁၂ ရောက်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
    အဲဒီထဲမှာ ထိပ်ဆုံးနံပါတ် ၁ နေရာမှာ ရှိနေတာကတော့ အရှေ့တောင်အာရှက ကျွန်းနိုင်ငံလေးဖြစ်တဲ့ စင်ကာပူနိုင်ငံပါပဲ။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ တစ်နှစ်လစာဟာ ကန်ဒေါ်လာ ၁.၇ သန်း ရှိပါတယ်။ အဲဒီပမာဏဟာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ ယူကေ ခေါင်းဆောင်တွေအားလုံးပေါင်းရဲ့ တစ်နှစ်လခထက်ကို ပိုပါတယ်။
    အတော်လေးမြင့်တဲ့အတွက် အစိုးရအဖွဲ့ထဲဝင်လာတဲ့အခါ သူတို့အတွက်ရော အစိုးရအတွက်ပါ အဆင်ပြေစေမယ့် လုပ်ခလစာမျိုးကို ဖန်တီးပေးရတယ်လို့ ဆိုပါတယ်။
    ဒါတင်မကသေးဘဲ ချစားမှုတွေ အမြစ်တွယ်နေတဲ့ ပတ်ပတ်လည်နိုင်ငံတွေက အကျင့်ဆိုးတွေ ကူးမလာအောင်လည်း စားနိုင်သောက်နိုင်၊ နေထိုင်နိုင်လောက်တဲ့လစာတွေပေးပြီး ထိန်းထားရတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
    စင်ကာပူရဲ့နောက် ဒုတိယ လစာအမြင့်ဆုံး နိုင်ငံ့ခေါင်းဆောင်ကတော့ အမေရိကန်သမ္မတပဲ ဖြစ်ပါတယ်။ အိုဘားမားဟာ တစ်နှစ် အသားတင်လစာငွေ ကန်ဒေါ်လာ ၄ သိန်းလောက် ရပါတယ်။
    ဂျာမနီအဓိပတ အိန်ဂျလာမာကဲလ်ကတော့ တစ်နှစ်လစာ ဒေါ်လာ ၂၃၄၄၀၀ နဲ့ ကနေဒါ သမ္မတရဲ့အောက် စတုတ္ထနေရာမှာ ရှိနေပြီး၊ ဗြိတိန်ကတော့ ဆဌမနေရာမှာ ရှိနေပါတယ်။
    အာရှရဲ့ စက်မှုလက်မှုအထွန်းကားဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်က သတ္တမနေရာမှာရှိနေပြီး ၀န်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ တစ်နှစ်စာ လစာဟာ ဒေါ်လာ ၂၀၂၇၀၀ ရှိပါတယ်။ သူ့ရဲ့အောက်မှာတော့ ပြင်သစ်၊ ရုရှားနဲ့ အီတလီတို့က အစဉ်လိုက် ရှိနေပါတယ်။ အာရှက အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ တရုတ်ခေါင်းဆောင်တွေကတော့ အဲဒီ ၁၂ ယောက်ထဲမှာ အဆင့် ၁၁ နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။
    Ref: forbes
  • ကောင်းကင် အင်တာနက်လှိုင်းလွှင့်ပေးမယ့် လူမဲ့လေယာဉ်
    ကောင်းကင် အင်တာနက်လှိုင်းလွှင့်ပေးမယ့် လူမဲ့လေယာဉ်
    မတ် ၂၇၊ ၂၀၁၅
    M-Media
    1622765_10101993038596471_3488963240604746636_n
    – မြေပြင်ကပြည်သူတွေ အင်တာနက်သုံးနိုင်ဖို့အတွက် အင်တာနက်လှိုင်းကို ကောင်းကင်က လွှင့်ထုတ်ပေးနိုင်မယ့် လူမဲ့လေယာဉ်ကို မိမိတို့ရဲ့ Internet.org အဖွဲ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ Facebook တည်ထောင်သူ မာ့ဇူကာဘာ့ဂ်က ကြေညာလိုက်ပါတယ်။
    သူ့ရဲ့ Facebook စာမျက်နှာမှာ မနေ့က ကြေညာလိုက်တာဖြစ်ပြီး အဲဒီလေယာဉ်ရဲ့ ဒီဇိုင်းကို သူတို့ကိုယ်တိုင် ထုတ်ထားတာကာ ပထမဆုံး ပျံသန်းမှုကို ယူကေမှာ စမ်းသပ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ဆုံးဒီဇိုင်းမှာတော့ အပြောင်းအလဲရှိမှာဖြစ်ပြီး တောင်ပံအရှည်က ဘိုးအင်း ၇၃၇ ထက်ပိုရှည်မှာဖြစ်ကာ အလေးချိန်ကတော့ ကားတစ်စီးစာထက်ကို ပိုပြီး ပေါ့ပါးမှာ ဖြစ်ပါတယ်။
    အဲဒီလေယာဉ်ရဲ့ စွမ်းအင်အတွက် တောင်ပံတွေမှာတပ်ဆင်ထားတဲ့ ဆိုလာပြားတွေကနေ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး တစ်ခါပျံတက်ပြီးတဲ့နောက် အမြင့်ပေ ၆၀၀၀၀ လောက်မှာ လပေါင်းများစွာ ပျံသန်းနိုင်မယ်လို့ ဇူကာဘာ့ဂ်က ဆိုပါတယ်။
    “ဒီလိုလေယာဉ်ပျံတွေက တစ်ကမ္ဘာလုံးကို ဆက်သွယ်ပေးနိုင်မှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ အင်တာနက်အတွက် အခြေခံအဆောက်အဦးတွေမရှိတဲ့ ကမ္ဘာရဲ့ ဝေးလံခေါင်ဗျားဒေသတွေမှာ နေထိုင်တဲ့ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို ၀န်ဆောင်မှု ပေးနိုင်မှာ ဖြစ်တာကြောင့်ပါပဲ” လို့ သူက Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။