News @ M-Media

Author: Ko Lay

  • ကမ္ဘာ့ဖလားတွင် ဥရောပအသင်းအရေအတွက် ပိုပါသင့်သည်ဟု UEFA ပြော

    ကမ္ဘာ့ဖလားတွင် ဥရောပအသင်းအရေအတွက် ပိုပါသင့်သည်ဟု UEFA ပြော

    မတ် ၂၄၊ ၂၀၁၅
    M-Media

    1133302_heroa

    – အနာဂတ်၏ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဥရောပအသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် နောက်ထပ်တစ်နေရာ ပိုရသင့်သည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ၏ အထွေထွေအတွင်းရေးမှူး ဂီယန်နီ အင်ဖန်တီနိုက ပြောကြားလိုက်သည်။

    ၂၀၁၄ ခုနှစ်က ဘရာဇီးလ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပမှ ၁၃ သင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် ၁၄ သင်း ဖြစ်လာမည်ဖြစ်သည်။

    အင်ဖန်တီနိုကမူ ပြီးခဲ့သည့် ကမ္ဘာဖလားပြိုင်ပွဲ ၃ ခုတွင် အီတလီ၊ စပိန်နှင့် ဂျာမနီအသင်းတို့၏ အောင်မြင်မှုများကို မီးမောင်းထိုးပြခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဥရောပအသင်းများ ပိုမိုပါဝင်သင့်သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    “၁၃ သင်းထက် ပိုပါဝင်ရမယ့် အခွင့်အရေးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာ့ကြောင်လည်းဆိုတော့ အချက်အလက်တွေကို အခြေခံပြီး ဓမ္မဓိဌာန်ကျကျကြည့်မယ်ဆိုရင် ကမ္ဘာ့ထိပ်တန်း ၃၂ သင်းမှာ ၁၉ သင်းက ဥရောပနိုင်ငံတွေပါ” ဟု ၎င်းက ဆိုသည်။

    ထို့ပြင် မိမိတို့အနေဖြင့် တစ်သင်းထက်ပို၍ ပါဝင်ရန် တောင်းခံနိုင်ကြောင်း၊ သို့သော်လည်း တစ်သင်း ပိုမိုပါဝင်နိုင်လျှင်လည်း ဘောလုံးအားကစား၏ အကျိုးအတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း အင်ဖန်တီနိုက ထပ်လောင်းပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် စုစုပေါင်း ၃၂ သင်းပါဝင်ယှဉ်ပြိုင်ရသည့် ကမ္ဘာဖလားတွင် ဖီဖာက ဥရောပအသင်းများ၏ နေရာကို လျှော့ချရန်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေပြီး၊ မေလ ဖီဖာဥက္ကဌရွေးကောက်ပွဲ ပြီးလျှင် ဖြစ်လာဖွယ်ရှိနေသည်။

    Ref: Goal.com

  • ယူတာတွင် သေဒဏ်ကျခံရသူများကို သေနတ်ဖြင့် အဆုံးစီရင်မည်

    ယူတာတွင် သေဒဏ်ကျခံရသူများကို သေနတ်ဖြင့် အဆုံးစီရင်မည်

    မတ် ၂၄၊ ၂၀၁၅
    M-Media

    utah-only-state-firing-squad.si (1)

    – သေဒဏ်ကျခံရသည့် ရာဇ၀တ်သားများကို လက်ဖြောင့်တပ်ဖွဲ့ဖြင့် အဆုံးစီရင်ရန် ဥပဒေတစ်ခုကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဂယ်ရီ အာရ်ဘာ့တ်က ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယူတာပြည်နယ်မှာ အမေရိကန်ပြည်ထောင်စုတွင် သေနတ်ဖြင့် သေဒဏ်စီရင်သည့် တစ်ခုတည်းသော ပြည်နယ် ဖြစ်လာခဲ့သည်။

    ယခင်က သေဒဏ်ကျခံရသူများကို ဆေးထိုး၍ အဆုံးစီရင်သော်လည်း အဆိုပါဆေးဝါးများကို ကုမ္ပဏီအများစုက အကျဉ်းဦးစီးဌာနသို့ ရောင်းချရန် ငြင်းဆိုကြသောကြောင့် အခြားသော သေဒဏ်စီရင်သည့် နည်းလမ်းများကို ရှာဖွေပြီးနောက်ပိုင်းတွင် ယခုကဲ့သို လက်ဖြောင့်တပ်သားများ၏ သေနတ်ဖြင့် သေဒဏ်စီရင်ခြင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုနည်းလမ်းအား ရွေးချယ်ခြင်းကို သေဒဏ်အပြစ်ပေးမှု ဆန့်ကျင်ရေးအဖွဲ့များက ဆန့်ကျင်လျက် ရှိကြသည်။

    “ဒါဟာ ယူတာပြည်နယ်ကို အရှက်ရစေတာပါပဲ” ဟု သေဒဏ်အတွက် အခြားနည်းလမ်း ရွေးချယ်ရေးအဖွဲ့မှ ရာ့လ်ဖ် ဒီလာပီယာနာက ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ယူတာရှိ သေဒဏ်ကျခံနေရသော အကျဉ်းသားများကို လက်ဖြောင့်တပ်ဖွဲ့ဖြင့် အဆုံးစီရင်နိုင်မည် ဖြစ်သော်လည်း အကျဉ်းသားများအနေဖြင့် ဆေးထိုး အဆုံးစီရင်ခံမည်လား၊ သေနတ်ဖြင့် အဆုံးစီရင်ခံမည်လားဆိုသည်ကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်သည်။ ပြည်နယ်အစိုးရကမူ သေနတ်ဖြင့် အဆုံးစီရင်မည့် လက်ဖြောင့်တပ်ဖွဲ့ကို ခန့်အပ်သွားမည်ဖြစ်သည်။

    ယူတာတွင် သေဒဏ်ကျခံရသူအား သေနတ်ဖြင့် နောက်ဆုံး အဆုံးစီရင်ခြင်းကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ဥပဒေပြဌာန်းပြီးနောက်ပိုင်း အမေရိကန်တွင် လက်ဖြောင့်တပ်ဖွဲ့ဖြင့် သေဒဏ်စီရင်မည့် တစ်ခုတည်းသော ပြည်နယ် ဖြစ်လာခဲ့သည်။

    အခြားသော ပြည်နယ်များက အခြားနည်းလမ်းများကို ရွေးချယ်နေကြပြီး တန်နက်ဆီပြည်နယ်ကမူ ဆေးဖြင့်အဆုံးစီရင်ခြင်း မပြုနိုင်ပါက လျှင်စစ်ထိုင်ခုံဖြင့် အဆုံးစီရင်ခွင့်ပြုသည့် ပထမဆုံး ပြည်နယ် ဖြစ်လာခဲ့သည်။

    Ref: RT

  • ဂျပန်၏ သက်တမ်းအရင့်ဆုံး ဗလီကြီးတွင် လာရောက်လည်ပတ်သူများအား အစ္စလာမ့်အသိပညာများ ပေးနေ

    ဂျပန်၏ သက်တမ်းအရင့်ဆုံး ဗလီကြီးတွင် လာရောက်လည်ပတ်သူများအား အစ္စလာမ့်အသိပညာများ ပေးနေ

    မတ် ၂၄၊ ၂၀၁၅
    M-Media

    23-3-15_Japan-Mosque-Teaches-Islam

    – ပြီးခဲ့သည့်နှစ်က ဗလီဝတ်ကျောင်းတော်အတွင်း အခမဲ့ဝင်ရောက်လေ့လာခွင့်ပေးခဲ့သည့် ဂျပန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး တိုကျိုကာမီ ဗလီဝတ်ကျောင်တော်ကြီးတွင် စိတ်ဝင်စားသူများအတွက် အစ္စလာမ်နှင့် အစ္စလာမ့်သွန်သင်ချက်များအကြောင်း လိုက်လံ ရှင်းပြပေးနေသည်ဟု သိရသည်။

    “ကမ္ဘာပေါ်မှာ မွတ်စလင်အများစုရှိတဲ့ဒေသက ဘယ်ဒေသလို့ ထင်ပါသလဲ။ အဖြေကတော့ အာရှပါပဲ။ ကမ္ဘာတစ်ဝှမ်း ၁.၆ ဘီလီယံသော အစ္စလာမ်ဘာသာဝင်တွေထဲက ၆၀ ရာခိုင်နှုန်းဟာ အာရှမှာ နေထိုင်ကြတာပါ။ သူတို့ဟာ ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေ ဖြစ်ပါတယ်” ဟု အသက် ၆၆ နှစ်အရွယ် ရှီဂီရူ ရှီမိုယာမာက အဆိုပါ ဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်သော ဧည့်သည်များကို ရှင်းပြနေသည်။ ရှီမိုယာမာမှာ အဆိုပါဗလီဝတ်ကျောင်းတော်တွင် ဧည့်လမ်းညွှန်အဖြစ် ၀န်ဆောင်မှု ပေးနေသူလည်း ဖြစ်သည်။

    တိုကျိုကာမီ ဗလီဝတ်ကျောင်းတော်မှာ ဂျပန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး ၁၉၃၈ ခုနှစ် မေလ ၁၂ ရက်နေ့က ရုရှားမှ ပြောင်းရွှေ့အခြေချလာသည့် တာတာလူမျိုးများက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဗလီဝတ်ကျောင်းတော်တွင် စာသင်ကျောင်းတစ်ခုလည်း တွဲလျက် ဆောက်လုပ်ထားသည်။

    ပျက်ဆီးယိုယွင်းမှုများကြောင့် အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ၁၉၈၆ ခုနှစ်တွင် ဖြိုချခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ကာ ဂျပန်ယန်း ၁.၅ ဘီလီယံကုန်ကျခဲ့သည့် ဗလီဝတ်ကျောင်းတော်အသစ်ကို ၂၀၀၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်သို့ လာရောက်လာပတ်ကြသူများအတွက် အခမဲ့လှည့်လည် ပြသသည့် ၀န်ဆောင်မှုကို ပြီးခဲ့သည့်နှစ် ဧပြီလက စတင်ဆောင်ရွက်ခဲ့ပြီး ထိုကဲ့သို့ လှည့်လည်ကြည့်ရှုစဉ်အတွင်း ဧည့်သည်များအား အစ္စလာမ်နှင့် ပတ်သက်သည့် သင်ကြားမှုများ၊ ဗလီဝတ်ကျောင်းတော်များ၏ လုပ်ဆောင်ချက်များကို ရှီမိုယာမာက လိုက်လံရှင်းပြလေ့ရှိသည်။ ထို့ပြင် ဧည့်သည်များအား ၀တ်ပြုမှုကို လေ့လာရန်လည်း အဆိုပါ ဗလီဝတ်ကျောင်းတော်တွင် ခွင့်ပြုထားသည်။

    လည်ပတ်သူတိုးလာ

    တိုကျိုကာမီ ဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်ကြသူများမှာ ဆီးရီးယားတွင် ဂျပန်နိုင်ငံသား ၂ ဦးအား IS အဖွဲ့က ဓားစားခံဖမ်းဆီးပြီးနောက်ပိုင်း သိသိသာသာ တိုးတက်လာခဲ့သည်။

    လက်ရှိအချိန်တွင် စနနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အဆိုပါ ဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်သူမှာ ၁၀၀ ခန့်ရှိပြီး၊ ယခင်က ၂၀ ခန့်သာ ရှိခဲ့သည်။

    “ဒီ ဓားစာခံပြဿနာ ဖြစ်ပွားခဲ့တဲ့အချိန်မှာ ကျွန်မဟာ အစ္စလာမ်နဲ့ပတ်သက်လို့ ဘာမှမသိသေးဘူးဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်” ဟု တိုကျိုရှိ တက္ကသိုလ်တစ်ခုမှ အသက် ၂၂ အရွယ် ကျောင်းသူတစ်ဦးဖြစ်သူ ယူကီ အိုဘာယာရှီက ပြောကြားခဲ့သည်။ သူမမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် တိုကျိုကာမီ ဗလီဝတ်ကျောင်းတော်သို့ သွားရောက် လည်ပတ်ခဲ့သည်။

    ဓားစားခံကိစ္စပြီးကတည်းက ဂျပန်ပြည်သူများမှာ အစ္စလာမ်ကို နားလည်ရန် ပိုမိုကြိုးစားလာကြသည်ဟု ခံစားရကြောင်း ရှီမိုရာမာက ဆိုသည်။ တိုကျိုအခြေစိုက် ဂျပန်မွတ်စလင်အသင်း၏ အဆိုအရ ဂျပန်နိုင်ငံတစ်ဝှမ်းတွင် ဗလီဝတ်ကျောင်းတော်ပေါင်း ၇၀ မှ ၈၀ အကြားတွင် ရှိသည်ဟု ဆိုသည်။

    ဂျပန်ဓားစားခံ ၂ ဦး၏ ပြဿနာပေါ်လာပြီး နောက်ပိုင်း ဆာပိုရို၊ တိုကျို၊ ယိုကိုဟားမား၊ နာဂိုယာ၊ အီချီနိုမီယာနှင့် နီဟာမာမြို့များရှိ ဗလီဝတ်ကျောင်းတော်များမှာ အစော်ကားခံရသည်ဟု သတင်းများက ဖော်ပြကြသည်။

    လူဦးရေ ၁၂၇ သန်းရှိသော ဂျပန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ လက်ရှိတွင် ၁၂၀၀၀၀ ခန့်ရှိပြီး အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်သူများမှာလည်း တစ်ဖြည်းဖြည်း တိုးလာနေသည်။

    Ref: Onislam

  • တရုတ်၏ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်ကြောင်း ကြေညာမှု တရားမ၀င်ဟု အင်ဒိုသမ္မတ ပြော

    တရုတ်၏ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်ကြောင်း ကြေညာမှု တရားမ၀င်ဟု အင်ဒိုသမ္မတ ပြော

    မတ် ၂၃၊ ၂၀၁၅
    M-Media

    download (1)

    – တောင်တရုတ်ပင်လယ် ရေပိုင်နက်များအတွက် တရုတ်နိုင်ငံမှ ပိုင်ဆိုင်ကြောင်း ကြေညာမှုများထဲမှ တစ်ခုမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပြီ။ မိမိတို့အနေဖြင့် အာရှ၏ အထိမခံသော အဆိုပါ ပိုင်နက်အငြင်းပွားမှုအတွက် ရိုးသားသည့် ကြားဝင်စေ့စပ်သူ ဆက်ဖြစ်ချင်သည်ဟု ဆိုသည်။

    ဂျပန်နှင့် တရုတ်နိုင်ငံများအသို့ အလည်အပတ်ခရီးစတင်ပြီးနောက် ဂျပန်နာမည်ကြီး သတင်းစာ Yomiuri နှင့် အင်တာဗျူးတွင် ၀ီဒိုဒိုက ထိုကဲ့သို မှတ်ချက်ပေးခဲ့ခြင်ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အာဏာရပြီးနောက်ပိုင်း ထိုပြဿနာတွင် ပါဝင်ရန်အတွက် ပထမဆုံး ပြောကြားခြင်းလည်း ဖြစ်သည်။

    ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသည်ဟု ယုံကြည်ရသော တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ၎င်းတို့ပိုင်ဆိုင်သည်ဟု ကြေညာထားပြီး ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့နှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိနေသည်။

    အဆိုပါ အငြင်းပွားခြင်းမှာ အာရှ၏ ရတက်မအေးစရာ ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး ထိန်းချုပ်မရနိုင်သည့် အန္တရာယ်လည်း ဖြစ်နိုင်ကာ နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကြေညာမှုများကို တွန်းတွန်းတိုတိုက်လုပ်လာပါက ပဋိပက္ခများအထိ ဖြစ်သွားနိုင်သည်။

    “အာရှ-ပစိဖိတ်ဒေသမှာ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးကို တိုးတက်အောင်လုပ်ဖို့ နိုင်ငံရေးနဲ့ လုံခြုံရေး တည်ငြိမ်မှုကလည်း အရေးပါပါတယ်။ ဒါ့ကြောင့် (တောင်တရုတ်ပင်လယ်ရဲ့) ကျင့်ဝတ်တွေကို ကျွန်တော်တို့ အားပေးထောက်ခံပြီး တရုတ်နဲ့ ဂျပန်၊ တရုတ်နဲ့ အာဆီယံတို့အကြား တွေ့ဆုံဆွေးနွေးဖို့ကိုလည်း အားပေးပါတယ်” ဟု ၀ီဒိုဒိုက ပြောကြားခဲ့သည်။

    သို့သော်လည်း တောင်တရုတ်ပင်လယ်အတွက် တရုတ်၏ အဓိကတောင်းဆိုမှုဖြစ်သော နိုင်ငံ၏ ရေကြောင်းပိုင်နက် nine-dashed line ဧရိယာမှာ နိုင်ငံတကာဥပဒေနှင့် ညီညွတ်မှုမရှိဟု ဆိုသည်။ ရေကြောင်းဆိုင်ရာ ဥပဒေ အကျိုးဆောင်များကမူ တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းဖြစ်သည့် စကွဲယား ကီလိုမီတာ ၃.၅ သန်း ကျယ်ဝန်းသော အဆိုပါ nine-dashed line ကို မြေပုံများတွင် ထည့်သွင်း၍ ပိုင်ဆိုင်မှုအတိုင်းအတာကို အမြဲတစေ ပြောကြားနေသည်ဟု ဆိုသည်။

    သို့သော်လည်း သမ္မတ ၀ီဒိုဒိုက တရုတ်နိုင်ငံ၏ အခြားသော တောင်းဆိုမှုများအကြောင်းကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိချေ။ အဆိုပါ nine-dashed line နယ်နမိတ်ကို တောင်တရုတ်ပင်လယ်ပိုင်နက်အား ပိုင်ဆိုင်ကြောင်း ကြေညာနေသည့် အခြားသောနိုင်ငံများက ကျေနပ်ခြင်း မရှိပေ။ အင်ဒိုနီးရှားကမူ တောင်တရုတ်ပင်လယ် ပြဿနာတွင် ကြားဝင်ဖြန်ဖြေသူအဖြစ် ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသည်။

    Ref: Reuters

  • ရီးယဲလ်အား ဂိုးသွင်းနိုင်သည့်အတွက် ဂုဏ်ယူသည်ဟု တိုက်စစ်မှူး ဆွာရက်ဇ် ပြော

    ရီးယဲလ်အား ဂိုးသွင်းနိုင်သည့်အတွက် ဂုဏ်ယူသည်ဟု တိုက်စစ်မှူး ဆွာရက်ဇ် ပြော

    မတ် ၂၃၊ ၂၀၁၅
    M-Media

    26E82C6700000578-0-image-a-47_1427070333288

    – ယမန်နေ့က ကစားခဲ့သည့် ရီးယဲနှင့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိပြီး၊ ဘာစီလိုနာ ကစားသမားသက်တမ်းတွင် အရေးပါဆုံး ဂိုးဖြစ်သည်ဟု ဘာကာတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာမှ ဂျရမီ မက်သယူး၏ အဖွင့်ဂိုးကို ရော်နယ်ဒိုက ပြန်လည်ချေပခဲ့သောကြောင့် ၁ ဂိုးစီ သရေကျနေသည့်အချိန် ဒုတိယပိုင်း ၅၅ မိနစ်တွင် ဆွာရက်ဇ်မှာ ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ထိုဂိုးဖြင့်ပင် ဘာကာက ရီးယဲလ်ကို အနိုင်ရခဲ့ကာ လာလီဂါအမှတ်ပေးဇယားကို ၄ မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။

    ထိုဂိုးမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲအားလုံးတွင် သွင်းယူပေးနိုင်ခဲ့သည့် ဆွာရက်ဇ်၏ ၁၄ ဂိုးမြောက်လည်း ဖြစ်သည်။

    “ဒါဟာ ဘာကာအတွက် ကျွန်တော်သွင်းပေးမျှ ဂိုးတွေထဲမှာ အရေးပါဆုံး ဂိုးပါပဲ။ ပြီးတော့ ကျွန်တော်တို့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်ကြောင့် ဒီဂိုးဟာ ပိုထင်ရှားလာပါတယ်” ဟု ဆွာရက်ဇ်က ပွဲအပြီးတွင် ဘာစီလိုနာရုပ်သံသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့တစ်သင်းလုံးမှာ ပျော်ရွှင်နေကြောင်း ဇယား၏ ထိပ်ဆုံး၌ ဆက်ရှိချင်ပြီး အမှတ်ကွာဟာမှုကို တိုးမြှင့်ချင်လျှင် ထိုပွဲမှာ အရေးပါသည့်ပွဲ ဖြစ်သည်ကို မိမိတို့အားလုံး သိရှိခဲ့ကြောင်း ဆွာရက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

    ထိုပွဲအနိုင်ရမှုအတွက် နည်းပြ အန်းရစ်ကလည်း အသင်းသားများအား ချီးကျူးခဲ့ပြီး ဆွာရက်ဇ်မှာ အသင်းအတွက် အဆုံးအဖြတ်ပေးမည့် ကစားသမားဖြစ်ကြောင်း ၎င်း၏ ကစားပုံ၊ အသင်းအတွက် ဆောင်ကျဉ်းပေးသည်တို့အတွက် ပျော်ရွှင်မိကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ရီးယဲလ်းနည်းပြ အန်ဆယ်လော့တီကမူ ၎င်းတို့အသင်းမှာ ဒုတိယဂိုး မပေးရခင်အချိန်အထိ ကစားပုံကောင်းခဲ့ပြီး ပွဲအခြေအနေအား ပြောင်းလဲရန် ခေါင်းအေးအေး မထားနိုင်ခဲ့ဟု ဆိုသည်။

    Ref: Dilymail