News @ M-Media

Author: Ko Lay

  • အတိုက်အခံခေါင်းဆောင်အား သတ်သည်ဟု ၀န်ခံခဲ့သူ ဖိအားကြောင့်ဟု ရုရှားလူ့အခွင့်အရေးကောင်စီပြော

    အတိုက်အခံခေါင်းဆောင်အား သတ်သည်ဟု ၀န်ခံခဲ့သူ ဖိအားကြောင့်ဟု ရုရှားလူ့အခွင့်အရေးကောင်စီပြော

    မတ် ၁၂၊ ၂၀၁၅
    M-Media

    fe0cda16700e46e3aed49fcd42d2b997_18 (1)

    – အတိုက်အခံခေါင်းဆောင် ဘောရစ်နမ်စတော့ဗ် အသတ်ခံရမှုတွင် ပါဝင်သည်ဟု ၀န်ခံထားသည့် ချေချင်းညာ ဒေသမှ ရဲအရာရှိဟောင်း ဇူးရ် ဒါဒါယက်ဗ်မှာ ညှင်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံရသည့် အလားအလာမျိုး ရှိပုံရသည်ဟု ရုရှားလူ့အခွင့်အရေးကောင်စီမှ ပြောကြားလိုက်သည်။

    ဒါဒါယက်ဗ်မှာ အဆိုပါ လူသတ်မှုတွင် ပါဝင်သည်ဟု ၀န်ခံထားပြီး တရားစွဲဆိုခြင်း ခံထားရသော်လည်း လူ့အခွင့်အရေးကောင်စီမှ အန်ဒရေ ဘာဘုရှ်ကင်ကမူ ဒါဒါယက်ဗ်မှာ အပြစ်မဲ့ဖြစ်ပြီး ခြိမ်းခြောက်ဖိအားပေးခြင်းကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဇူရ် ဒါဒါယက်ဗ်ဟာ ညှင်းပန်းနှိပ်စက်မှုအောက်မှာ ၀န်ခံခဲ့ရတယ်လို့ ယုံကြည်ရတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ စုံစမ်းစစ်ဆေးသူတွေ မဟုတ်တာကြောင့် သူ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတာကို အတည်မပြုနိုင်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားကို တွေ့ခဲ့ရပါတယ်။” ဟု ဒါဒါယက်ဗ်အား သွားရောက်တွေ့ဆုံပြီးနောက် ဘာဘုရှ်ကင်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပူတင်အား ဝေဖန်မှုများကို ပွင့်ပွင့်လင်းလင်းပင် ပြုလုပ်သည့် နမ်စတော့ဗ်မှာ ပူတင်အာဏာယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း အသတ်ခံခဲ့ရသည့် အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင်လည်း ဖြစ်သည်။

    ဒါဒါယက်ဗ်မှာ ခြေချင်းညာရဲတပ်ဖွဲ့တွင် လက်ထောက်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် အန်ဇာရ် ဂူဘာရှက်ဗ်ဆိုသူနှင့်အတူ ပြီးခဲ့သည့် တနင်္ဂနွေနေ့က တရားစွဲဆို ခံရခြင်းဖြစ်သည်။ ထို့ပြင် အခြား ၃ ဦးကိုလည်း နမ်စတော့ဗ်အသတ်ခံရမှုအတွက် သံသယဖြင့် ဖမ်းဆီးထားသည်။

    ဒါဒါယက်ဗ်က မိမိမှာ အဖမ်းခံရပြီးနောက် ဦးခေါင်းအား အိတ်စွပ်ထားကာ လက်ထိပ်ဖြင့် ၂ ရက်တိုင်တိုင် နေခဲ့ရပြီး ခြိမ်းခြောက်ဖိအားပေးမှုကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဘာဘုရှ်ကင်က ဆိုသည်။

    “သူတို့က ကျွန်တော့်ကို တစ်ချိန်လုံး “မင်း နမ်စတော့ဗ်ကို သတ်ခဲ့တယ်မဟုတ်လား” လို့ အော်နေပြီး ကျွန်တော်က မဟုတ်ဘူးလို့ ပြန်ပြောခဲ့ပါတယ်” ဟုဆိုပြီး နောက်ဆုံးတွင် မိမိနှင့်အတူ ဖမ်းဆီးထားသည့် ရူစ်လန် ယူဆူပေါ့ဗ်အား လွှတ်ပေးစေရန်အတွက် သတ်ဖြတ်သည်ဟု ၀န်ခံခဲ့ကြောင်း ၎င်းသွားရောက်တွေ့ဆုံစဉ် ဒါဒါယက်ဗ်၏ ပြောကြားမှုကို ဘာဘုရှ်ကင်က တစ်ဆင့် ပြန်လည် ပြောကြားခဲ့သည်။

    ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကမူ ဘာဘုရှ်ကင်၏ ပြောကြားမှုကို ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်မှာ ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကာ ဒါဒါယက်ဗ်ကို သွားရောက်တွေ့ဆုံခဲ့သည့် ဘာဘုရှ်ကင်နှင့် ၎င်း၏ အဖော်ဖြစ်သူတို့မှာ ရာဇ၀တ်မှုအား ကြားဝင်မှုဖြင့် ဖမ်းဆီးမေးမြန်းခံရနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လူမည်းလူငယ်သေဆုံးရာ ဖာဂူဆန်မြို့ရှိ ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်

    လူမည်းလူငယ်သေဆုံးရာ ဖာဂူဆန်မြို့ရှိ ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်

    မတ် ၁၂၊ ၂၀၁၅
    M-Media

    ferguson-police-chief

    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့ရှိ ရဲဌာနနှင့် တရားရုံးတို့မှာ လူမျိုးရေးအရ ဘက်လိုက်ခွဲခြားမှုများ ရှိနေသည်ဟူသော အမေရိကန် တရားရေးဌာနမှ အစီရင်ခံစာကြောင့် ဖာဂူဆန်ရဲတပ်ဖွဲ့အကြီးအကဲ သောမတ်စ် ဂျက်ဆန်က ယမန်နေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်ဖွဲ့မှာ လူမျိုးရေးခွဲခြားမှုများ ရှိနေသည်ဟု ဝေဖန်မှုများ ရှိလာခဲ့သည်။ ထို့ကြောင့် အမေရိကန်တရားရေးဌာနက စုံစမ်းစစ်ဆေးမှုများကို လနှင့်ချီ ပြုလုပ်ခဲ့ပြီးနောက် အစီရင်ခံစာကို မတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖာဂူဆန် ရဲတပ်ဖွဲ့အတွင်း ဥပဒေပဖြစ်ပြီး အခြေခံဥပဒေနှင့် ဆန့်ကျင်သော ဆောင်ရွက်မှုအများအပြားကို ကျင့်သုံးခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။

    အဆိုပါအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် တရားရုံးမှ တာဝန်ရှိသူအချို့မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ကြပြီး ရဲတပ်ဖွဲ့အကြီးအကဲ ဂျက်ဆန်၏ နှုတ်ထွက်မှုကို ဖာဂူဆန်အုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    “ရဲတပ်ဖွဲ့အကြီးအကဲနဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အပြန်အလှန်အသုံးသပ်မှုနဲ့ ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” ဟု
    သတင်းစာရှင်းလင်ပွဲတွင် ဖာဂူဆန် အုပ်ချုပ်ရေးမှူး ဂျိမ်းစ်နိုလက်စ်က အဆိုပါ ကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ဂျက်ဆန်မှာ ဂုဏ်ပြုထိုက်သူ တစ်ဦးဖြစ်ကာ ၎င်း၏ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ဆန္ဒပြသူများကမူ မိုက်ကယ်ဘရောင်းသေဆုံးပြီးကတည်းက ဂျက်ဆန်အား နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

    တရားရေးဌာန၏ စုံစမ်းမှုများအရ ဖာဂူဆန်ရဲတပ်ဖွဲ့မှာ အာဖရိကန်-အမေရိကန်များအား ပုံမှန်လိုလို ပစ်မှတ်ထားဖမ်းဆီးခဲ့ပြီး မြို့အတွက် အကျိုးအမြတ်ရရှိရန် ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါအစီရင်ခံစာ ထွက်လာပြီးနောက် နှုတ်ထွက်သွားသူ ၅ ဦးတွင် ဖာဂူဆန်မြို့မန်နေဂျာ ဂျွန်ရှော၊ မြူနီစီပယ် တရာသူကြီး ရော်နယ် ဘရုက်မေယာတို့လည်း ပါဝင်ပြီး ယခုသီတင်းပတ်အစောပိုင်းက နှုတ်ထွက်သွားခြင်းဖြစ်သည်။ အခြား ၃ ဦးမှာ ရဲတပ်ဖွဲ့နှင့် တရားရုံးများမှ ဖြစ်သည်။

    ယခုကဲ့သို့ ရဲတပ်ဖွဲ့အကြီးအကဲ ဂျက်ဆန် နှုတ်ထွက်သွားခဲ့ခြင်းအတွက် ရပ်မိရပ်ဖများက ချီးကျူးခဲ့ကြသည်။

    ဖာဂူဆန်နှင့် ပတ်သက်သည့် အစီရင်ခံစာတွင် လူမည်းအများစုရှိရာ လူ့အဖွဲ့အစည်းတွင် လူဖြူရဲတပ်ဖွဲ့ဝင်များမှာ ပြည်သူလုံခြုံရေး ဖန်ငွေရအောင် ပို၍ အာရုံစိုက်လုပ်ဆောင်ပြီး၊ ရဲတပ်ဖွဲ့ဝင်များမှာ အင်အားအလွန်ကျွံသုံးခြင်း၊ တရားမ၀င်ဖမ်းဆီးခြင်း၊ ခွေးဖြင့် ရှူးတိုက်ခြင်းနှင့် လက်နက်မဲ့များကို ကျင်စက်အသုံးပြု၍ ဖမ်းဆီးခြင်းတို့ကို ပြုလုပ်လေ့ရှိသည်ဟု တရားရေးဌာနက ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူများ၏ ဆုံးရှုံးမှု အလွန်များပြား

    ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူများ၏ ဆုံးရှုံးမှု အလွန်များပြား

    မတ် ၁၂၊ ၂၀၁၅
    M-Media

    99268f789ca44c85bc72339a9c91ab91_18

    – ၂၀၁၁ ခုနှစ်မှစ၍ ဆီးရီးယားတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပြီး ပျပ်မျှအသက်ရှည်မှု နှုန်းထားမှာလည်း နှစ် ၂၀ လျော့ကျခဲ့ကာ စီးပွားရေး ဆုံးရှုံးမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၂၀၀ ဘီလီယံခန့် ရှိခဲ့ပြီဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ကြွယ်ဝမှု၊ အခြေခံအဆောက်အဦးများ၊ တက္ကသိုလ်များနှင့် အလုပ်လုပ်နိုင်သည့် ပမာဏများမှာလည်း ပျောက်ပျက်ခဲ့ရသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    ပြည်တွင်းစစ်အတွင်း ဆီးရီးယားပြည်သူ ၃ သန်းနီးပါးမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး ထို့ကြောင့် လူပေါင်း ၁၂ သန်းမှာ ၎င်းတို့၏ အဓိက၀င်ငွေများ ဆုံးရှုံးခဲ့ရသည်။ အလုပ်လက်မဲ့နှုန်းမှာ ပဋိပက္ခမဖြစ်ပွားခင် ၂၀၁၁ ခုနှစ်က ၁၄.၉ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ၅၇.၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

    “အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ လူ့အဖွဲ့အစည်းဟာ အလုပ်လုပ်ခွင့်နဲ့ ၀င်ငွေရနိုင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ အခုအချိန်မှာ ပြည်သူ ၅ ယောက်မှာ ၄ ယောက်ဟာ ဆင်းရဲမွဲတေတဲ့အခြေအနေမှာ နေထိုင်နေရပါတယ်။ ဆင်းရဲသူတွေရှိတဲ့နိုင်ငံ ဖြစ်လာတာကြောင့် ပြည်သူတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အသက်ဆက်ရေး အခြေခံ အစားအသောက်လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ရုန်းကန်နေရတဲ့ ဆင်းရဲတဲ့အခြေအနေကို သက်ဆင်းခဲ့ရပါတယ်“ ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    စီးပွားရေးနှင့် ပတ်သက်၍လည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားပြီး ၄ နှစ်ကျော်ပြီဖြစ်သည့် စစ်ပွဲက နိုင်ငံ၏ စီးပွားရေးပြိုကွဲမှုနှင့် လူမှုရေးအစိတ်စိတ်အမွှာမွှာဖြစ်မှု ပမာဏကိုလည်း ၂ ဆဖြစ်စေခဲ့သည်ဟု ဆိုသည်။ ထိုရလဒ်ကြောင့် ဆီးရီးယားလူဦးရေကို ၁၅ ရာခိုင်နှုန်း လျော့ကျခဲ့ကာ ၂၀၁၀ ခုနှစ်က ၂၀.၈၇ သန်း ရှိရာမှ၊ ပြီးခဲ့သည့်နှစ်တွင် ၁၇.၆၅ သန်းသာ ရှိတော့သည်။

    ဆီးရီးယားမှာ လက်ရှိအချိန်တွင် ဒုက္ခသည်အရေအတွက် ၃.၃၃ သန်းဖြင့် ပါလက်စတိုင်းပြီးနောက် ဒုက္ခသည် ဒုတိယအများဆုံးတိုင်းပြည် ဖြစ်လာခဲ့ပြီး ဒုက္ခသည် ၆.၈ သန်းမှာ နိုင်ငံအတွင်းပြန့်နှံ့နေရာ ၁.၅၅ သန်းမှာ အခြားသော အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

    ဆီးရီးယားပြည်တွင်းစစ်အတွင်း ယခုအချိန်အထိ သေဆုံးသူမှာ ၂၁၀၀၀၀ ကျော်ဦး ရှိနေပြီး ဒဏ်ရာရသူအရေအတွက်မှာ ၈၄၀၀၀၀ ခန့် ရှိနေသည်။

    Ref: Aljazeera

  • မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဘက်သို့ ပြန်လှည့်ရမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုဆို

    မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဘက်သို့ ပြန်လှည့်ရမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုဆို

    မတ် ၁၂၊ ၂၀၁၅
    M-Media

    1073082_heroa

    – မိမိတို့အသင်းအနေဖြင့် ပီအက်စ်ဂျီအား အနိုင်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ၀န်ခံလိုက်ပြီး ထိုအရှုံးအား တွယ်တာမနေဘဲ ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန် အာရုံစိုက်ရမည်ဟု ပြောကြားလိုက်သည်။

    စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ချယ်ဆီးမှာ ပွဲချိန်အတော်များများကို ၁ ယောက်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပီအက်စ်ဂျီအား အနိုင်ကစားနိုင်ခြင်း မရှိဘဲ ၂ ဂိုး စီသရေကျခဲ့ကာ အဝေးဂိုးရလဒ်ဖြင့် ကွာတားဖိုနယ်တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရသည်။

    “တကယ်တော့ ပွဲဟာ ၂ ကြိမ်လောက် ကျွန်တော်တို့လက်ထဲမှာ (အနိုင်ရဖို့) ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်အသင်းက ကျွန်တ်ာတို့ထက် ပိုပြီး တောင့်တင်းခဲ့ပါတယ်။ သူတို့ဟာ ပွဲရဲ့ ဖိအားကို ကျွန်တော်တို့ထက်ပိုပြီး ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ၁၁ ယောက် ၁၀ ယောက်ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အနိုင်ရလိုမှုဖိအား ပိုများသွားပါတယ်။ သူတို့ဟာ ရှုံးမှာကို မမှုဘဲ ပွဲကိုပဲ အာရုံစိုက်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်နိုင်နင်းနင်း စီမံခန့်ခွဲတာမျိုး မလုပ်နိုင်ခဲ့ပါဘူး” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ ဦးဆောင်ဂိုးများကို ၂ ကြိမ်တိုင်တိုင် သွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးခဲ့ရပြီး မော်ရင်ဟိုကမူ ထိုဂိုး ၂ ဂိုးအတွက် လက်ခံရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အသင်းမှာ အာရုံစိုက်မှုကို ပရီးမီးယားလိဂ်ဘက်သို့ လှည့်ရမည်ဖြစ်ပြီး ဖလားရရှိရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    “အခုအချိန်ဟာ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ရှိပြီး အသင်းကို ပြန်လည်ဆန်းစစ်ရမယ့် အချိန်ပါ။ ဘာ့ကြောင့်လည်းဆိုတော့ တနင်္ဂနွေနေ့မှာ ပွဲကစားဖို့ရှိနေပြီး ပရီးမီးယားလိဂ်ကို ဗိုလ်စွဲဖို့ လိုနေလို့ပါပဲ”

    Ref: Goal.comv

  • မိမိတို့၏ သဘောထားနှင့် အစ္စလာမ်၏ သင်ကြားမှုအစစ်အမှန်များကို အများပြည်သူသိရှိစေရန် ကနေဒါမွတ်စလင်များ ကြော်ငြာလှုပ်ရှားမှုတစ်ခု ပြုလုပ်

    မိမိတို့၏ သဘောထားနှင့် အစ္စလာမ်၏ သင်ကြားမှုအစစ်အမှန်များကို အများပြည်သူသိရှိစေရန် ကနေဒါမွတ်စလင်များ ကြော်ငြာလှုပ်ရှားမှုတစ်ခု ပြုလုပ်

    မတ် ၁၂၊ ၂၀၁၅
    M-Media

    10-3-15_Canada-Muslims-Campaign-Against-Extremists

    – အစွန်းရောက်များကို ဆန့်ကျင်ကာ တိုင်းပြည်နှင့် ပြည်သူများအား အားပေးထောက်ခံရန်နှင့် အစ္စလာမ်၏ စစ်မှန်သော ပုံရိပ်ကို သိရှိစေရန်ရည်ရွယ်၍ ကြော်ငြာလှုပ်ရှားမှုကို ကနေဒါ မွတ်စလင်အဖွဲ့တစ်ခုက ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

    အဆိုပါ လှုပ်ရှားမှုကို ကနေဒါရှိ အကြမ်းဖက်ဆန့်ကျင်ရေး မွတ်စလင်အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဝါဒနှင့် ပတ်သက်၍ ကနေဒါမွတ်စလင်များ၏ သဘောထားနှင့် အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များကို အများပြည်သူများ သိရှိစေရန် ဘတ်စ်ကားဂိတ်၊ ရထားဘူတာများကဲ့သို့ လူသွားလူလာများသည့် နေရာများတွင် ကြေညာသင်ပုန်းများဖြင့် ဖော်ပြသည့် လှုပ်ရှားမှုဖြစ်သည်။

    “ကနေဒါကို ထိခိုက်တဲ့ ဒါမှမဟုတ် ကနေဒါနိုင်ငံသားတစ်ယောက်ကို နာကျင်စေတဲ့ ဘယ်လိုမွတ်စလင်မျိုးမဆို အစ္စလာမ်ရဲ့ ရန်သူပါပဲ။ ကနေဒါမှာ ကျွန်တော်တို့မွတ်စလင်တွေဟာ ခင်ဗျားတို့ကို ဂရုစိုက်ပြီး ၀န်းရံထားတယ်ဆိုတာ ကနေဒါပြည်သူတွေကို သိစေချင်ပါတယ်။ ခင်ဗျားတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံပေးဖို့ ကျွန်တော်တို့ ဘာမဆိုလုပ်သွားမှာပါ” ဟု တိုရွန်တိုမြို့ရှိ မီးရထားဘူတာရုံတစ်ခုတွင် ကပ်ထားသော ပိုစတာ၌ ရေးသားဖော်ပြထားသည်။

    အဖွဲ့ဥက္ကဌ စတီဗ် ရော့က်ဝဲလ်ကမူ ထိုလှုပ်ရှားမှုမှာ အစ္စလာမ်နှင့်ပတ်သက်၍ စာနယ်ဇင်းများတွင် ဖော်ပြနေသည့် အဖျက်သဘောဆောင်သော အမြင်များကို တန်ပြန်တိုက်ဖျက်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “နိုင်ငံအတွင်းမှာရှိနေတဲ့ မွတ်စလင်တွေဟာ အစ္စလာမ်နဲ့ပတ်သက်လို့ မှားယွင်းတဲ့ အမြင်တွေကို ပြန့်နှံ့ခွင့်ပြုပြီး ထိုင်မနေသင့်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာတွေမှာ အုတ်အော်သောင်းနင်း ဖော်ပြကြတဲ့ IS၊ တာလီဘန်၊ ဘိုကိုဟရမ်တို့ ဆောင်ရွက်တဲ့ အကြမ်းဖက်မှုအားလုံးကနေ ဒီအဖွဲ့တွေကို အကောင်းမြင်ပြီး သွားရောက်ပူးပေါင်းကြတဲ့ မွတ်စလင်အနည်းငယ်တွေအထိ ဒါတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး မှားယွင်းတဲ့ အမြင်တွေကို ဖြစ်စေပါတယ်။ ပြီးတော့ အစ္စလာမ်ဆိုတာ ဒါမျိုး မဟုတ်ပါဘူး” ဟု ရော့က်ဝဲလ်က ထပ်လောင်းပြောကြားခဲ့သည်။ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်လာသူဖြစ်သည့် ရော့က်ဝဲလ်မှာ TV နှင့် ရေဒီယိုများတွင် အစ္စလာမ်နှင့်ဘာသာရေးအကြောင်းကို ပုံမှန်ဆွေးနွေးတင်ဆက်နေသူလည်း ဖြစ်သည်။

    ထို့ပြင် ၎င်းက ကနေဒါရှိ မွတ်စလင်အများစုမှာ ငြိမ်းချမ်းသူများဖြစ်သည်ဟု ဆိုသည်။

    “တစ်ယောက်ယောက်က IS နဲ့ပေါင်းဖို့သွားပြီ၊ ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ဖို့ သွားပြီဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာကို အကြောင်းကြားလိုက်တာပါပဲ။ ကျွန်တော်တို့ဟာ ဒီမှာ ကာကွယ်ဖို့ ရှိနေတာပါ။ ကနေဒါနိုင်ငံသားတစ်ယောက် ထိခိုက်ခံရတာဟာ ကနေဒါမွတ်စလင်လူ့အဖွဲ့အစည်းအတွက် ပျော်စရာကိစ္စ မဟုတ်ပါဘူး”

    ၎င်းတို့အဖွဲ့က ဦးစီးဆောင်ရွက်သည့် အဆိုပါ ကြော်ငြာလှုပ်ရှားမှုနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများ ရရှိခဲ့ပြီး ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဟု ရော့က်ဝဲလ်က ထည့်သွင်း ပြောကြားခဲ့သည်။

    ကနေဒါနိုင်ငံ၏ ၃၂ သန်းသောလူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၂.၈ ရာခိုင်နှုန်းရှိပြီး
    ခရစ်ယာန်ပြီးနောက် အစ္စလာမ်မှာ အကြီးဆုံးအယူဝါဒလည်း ဖြစ်သည်။

    Ref: Onislam