News @ M-Media

Author: Ko Lay

  • ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲရောက်ရန် ပစ်မှတ်ထားနေသည်ဟု ပေါ်တိုတိုက်စစ်မှူး ပြော

    ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲရောက်ရန် ပစ်မှတ်ထားနေသည်ဟု ပေါ်တိုတိုက်စစ်မှူး ပြော

    မတ် ၁၁၊ ၂၀၁၅
    M-Meida

    hrrera

    – ဘေဆယ်အားအနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် မိမိတို့အသင်းမှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိရန် ရည်ရွယ်ချက်ထားနေသည်ဟု ပေါ်တိုအသင်း တိုက်စစ်မှူး ဟက်တာ ဟာရဲရားက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ပေါ်တိုမှာ ဘေဆယ်အား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးဖြင့် ၂၀၀၈-၀၉ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    ထိုပွဲတွင် အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သည့် ဟာရဲရားကမူ နောက်တစ်ဆင့် တက်ရောက်သည့်အတွက် စိတ်ဓာတ်တက်ကြွမိသော်လည်း ကွာတားဖိုင်နယ်ဖြင့် မကျေနပ်ဟု ဆိုသည်။

    “အင်မတန်လှပတဲ့ဂိုးတစ်ဂိုးကို ကျွန်တော်တို့ ရခဲ့ပြီး ဒါဟာ ကစားသမားတွေနဲ့ အသင်းအတွက် ဥရောပရဲ့ ထိပ်တန်း ၈ သင်းထဲက တစ်သင်းအဖြစ် ပါဝင်ဖို့ အရေးပါပါတယ်။ ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့ ဒီလိုပုံစံနဲ့ ဆက်သွားရပါမယ်။ ကျွန်တော်တို့ ကွာတားဖိုင်နယ်တစ်ခုကိုပဲ စဉ်းစားထားတာ မဟုတ်ပါဘူး။ နောက်ဆုံး ဗိုလ်လုပွဲကို ရောက်ဖို့ စဉ်းစားနေတာပါ” ဟု ဟာရဲရားက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ပေါ်တိုမှာ မန်ယူအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ဟာရဲရားကမူ မိမိတို့အသင်းမှာ ကောင်းမွန်စွာ ကစားနေပြီး ယခုကဲ့သို့ ပွဲများတွင် စွမ်းဆောင်ရည် ရာနှုန်းပြည့်ရှိရမည်ကို မိမိတို့သိရှိကြောင်း၊ ချန်ပီယံလိဂ်တွင် အသင်းတိုင်းမှာ အံ့သြစရာ လုပ်ပြနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဥရောပသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

    ဥရောပသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

    မတ် ၁၁၊ ၂၀၁၅
    M-Media

    rnd 5

    – ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၂ ဂိုး သွင်းယူနိုင်ခဲ့သော ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ဥရောပ ပြိုင်ပွဲများတွင် ဂိုးအများဆုံးသွင်းနိုင်သည့် ကစားသမားအဖြစ် စံချိန်သစ်ကို တင်နိုင်ခဲ့သည်ဟု သိရသည်။

    ဘာနေဗျူးတွင် ကစားခဲ့ပြီး ရီးယဲလ်က ရှော်လ်ကာအား ၃ ဂိုး ၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုမှာ ပထမပိုင်း ၂၅ မိနစ်နှင့် ပွဲပြီးကာနီးတို့တွင် ခေါင်းတိုက်ကာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါဂိုးများမှာ ၎င်း၏ ဥရောပဂိုး ၇၇ နှင့် ၇၈ ဂိုးမြောက် ဖြစ်ခဲ့သည်။

    ထို့ကြောင့် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်နှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့၏ ဥရောပသွင်းဂိုး အရေအတွက် ၇၆ ဂိုးအား ဖြတ်ကျော်နိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲများတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။ ချန်ပီယံလိဂ် ဂိုးအများဆုံးစာရင်းတွင်မူ စုစုပေါင်းသွင်းဂိုး ၇၅ ဂိုးဖြင့် မက်ဆီနှင့် စံချိန်တူညီလျက် ရှိနေသည်။

    ရီးယဲလ်မှာ ထိုပွဲရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး ရော်နယ်ဒိုကမူ ထိုပွဲတွင် အသင်း၏ စွမ်းဆောင်ရည်အတွက် ဒေါသဖြစ်သည့် အမူအရာကို ပြသခဲ့ပြီး ကစားဖော် ဘင်ဇီမာကိုလည်း မိမိတို့အသင်းမှာ ရှက်စရာကောင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပွဲအပြီးတွင် အသင်း၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရော်နယ်ဒိုက ရာသီမကုန်မချင်း မည်သည့်အရာမှ မပြောဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal.com

  • IS ၏ အယူအဆအမှားများအတွက် အင်တာနက်စစ်ပွဲ ဆင်နွှဲရန် ဆော်ဒီမွဖ်သီကြီးက မွတ်စလင်များအား တိုက်တွန်း

    IS ၏ အယူအဆအမှားများအတွက် အင်တာနက်စစ်ပွဲ ဆင်နွှဲရန် ဆော်ဒီမွဖ်သီကြီးက မွတ်စလင်များအား တိုက်တွန်း

    မတ် ၁၁၊ ၂၀၁၅
    M-Media

    10-3-15_Saudi-Mufti-Urges-Social-Media-War-on-ISIL

    – IS အဖွဲ့၏ မှားယွင်းသော အတွေးအခေါ်များ ပြန်နှံ့နေမှုကို တိုက်ဖျက်ရန်အတွက် မွတ်စလင်များအနေဖြင့် အင်တာနက်စစ်ပွဲ စစ်နွှဲရန် ဆော်ဒီအာရေဗျရှိ အကြီးဆုံးမွဖ်သီကြီး ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က တိုက်တွန်းပြောကြားလိုက်ပြီး အဆိုပါ အင်တာနက်စစ်ပွဲတွင် ဆိုရှယ်မီဒီယာများကို ထိပ်တန်း လက်နက်များအဖြစ် အသုံးချရန် ပြောကြားလိုက်သည်။

    “အကြမ်းဖက်ဝါဒနဲ့ မှားယွင်းတဲ့အယူအဆတွေကို တိုက်ဖျက်ဖို့ တာဝန်ရှိသူတွေ၊ တတ်သိပညာရှင်တွေနဲ့ လူအဖွဲ့အစည်းက ပြည်သူတွေ ပူးပေါင်းခြင်းအားဖြင့် လာမယ့်မျိုးဆက်သစ်တွေကို ကောင်းမွန်တဲ့ စိတ်ဓာတ်မျိုးနဲ့ မြှင့်တင်ပေးဖို့ ရှိခ် အဘ်ဒူလ် အဇစ်က အသေအချာ ပြောကြားခဲ့ပါတယ်” ဟု ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    တနင်္ဂနွေနေ့က ပညာရှင်များ၊ ကျောင်းသားများ၊ လူမှုသိပ္ပံပညာရှင်များ၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံစဉ် မွဖ်သီကြီးက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး IS အဖွဲ့အား တိုက်ဖျက်ရန်လည်း တိုက်တွန်းခဲ့သည်။

    “လမ်းမှားနေတဲ့ ဒီအဖွဲနဲ့ ဆက်သွယ်ဖို့ ဖိတ်ခေါ်တာဟာ မှားယွင်းတဲ့ အပြစ်ရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ဒီ လမ်းလွဲနေတဲ့အဖွဲ့တွေဟာ ညှာတာထောက်ထားမှုမရှိဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြပါတယ်။ လူငယ်တွေအပေါ်မှာ အမြတ်ထုတ်နေကြပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ လူငယ်လေးတွေ တော်တော်များများကို သတ်ပစ်နေကြပြီး အကျဉ်းသားအဖြစ်လည်း တော်တော်များများကို ဖမ်းဆီးထားကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး တိတ်ဆိတ် မနေသင့်ပါဘူး” ဟု IS အဖွဲ့ကို ရည်ညွှန်း၍ မွသ်သီကြီးက ပြောကြားခဲ့ပြီး ထိုအဖွဲ့ကိုလည်း ရာဇ၀တ်မှုအဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

    ထို့ပြင် မွတ်စလင်များနှင့် မွတ်စလင်တိုင်းပြည်များမှာ မကောင်းမှုနှင့် ချစားမှုတိုက်ဖျက်ရေးကို စုပေါင်း၍ ပြုလုပ်ရမည်ဖြစ်ပြီး အစ္စလာမ်အား ကာကွယ်ရန်နှင့် ဆိုးရွားသော အပြုအမူများမှ ရှောင်ကျဉ်ရန်အတွက် အားထုတ်မှုများကို ဆောင်ရွက်ကြရန်မှာ မွတ်စလင်တိုင်း၏ တာဝန်ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    မွဖ်သီကြီးက အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်ခြင်း၏ ထိခိုက်နစ်နာစေသော ဂယက်ရိုက်မှုနှင့်ပတ်သက်၍ အသိပညာပေးရာတွင် မီဒီယာများက ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

    “အလုပ်လက်မဲ့ဖြစ်ခြင်းက ဆိုးသွမ်းမှု၊ မှောင်ခိုကူးမှုတွေလို မသင့်လျော်တဲ့ အပြုအမူတွေကို ဦးတည်စေပြီး လွဲမှားတဲ့ အတွေးအခေါ်တွေကို ဖြစ်စေတာကြောင့် လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးဖို့ဆိုတာနဲ့
    ပတ်သက်လို့ အားထုတ်ကြိုးပမ်းမှုတွေကို မိုမို အာရုံစိုက် လုပ်ဆောင်ပေးသင့်ပါတယ်”

    IS စစ်သွေးကြွအဖွဲ့အား ဆန့်ကျင်ရန် ဆော်ဒီမွဖ်သီကြီး၏ တိုက်တွန်းဆော်သြမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ချေ။ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းကလည်း ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က အလ်ကိုင်းဒါးနှင့် IS အဖွဲ့တို့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ထို့ပြင် ပြည်သူများ၏ အသက်များ၊ ပိုင်ဆိုင်မှုများနှင့် ဂုဏ်သိက္ခာများကို စော်ကားအမြတ်ထုတ်နေသည့် အဆိုပါ အဖွဲ့များမှာ ရန်လိုသူများဖြစ်ပြီး မွတ်စလင်များအနေဖြင့် လက်နက်ကိုင်ကာ ထိုအဖွဲ့များအား ချေမှုန်းကြရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Onislam

  • နျူသဘောတူညီချက် နောက်အစိုးရတွင် အကျုံးဝင်မည်မဟုတ်ဟု အမေရိကန်ရှိ ရီပက်ဘလစ်ကန် အမတ်များ အီရန်အား သတိပေး

    နျူသဘောတူညီချက် နောက်အစိုးရတွင် အကျုံးဝင်မည်မဟုတ်ဟု အမေရိကန်ရှိ ရီပက်ဘလစ်ကန် အမတ်များ အီရန်အား သတိပေး

    မတ် ၁၀၊ ၂၀၁၅
    M-Media

    209c201a115248eb80dcef5a0a546f45_19

    – အီရန်နှင့် ကမ္ဘာ့ခေါင်းဆောင်များ လက်ရှိဆွေးနွေးနေသည့် နျူကလီးယား သဘောတူညီချက်မှာ ၎င်းတို့ပါတီ ၂၀၁၆ ခုနှစ်တွင် အာဏာရလာပါက အကြုံးဝင်မည်မဟုတ်ဟု အမေရိကန်ရှိ ရီပက်ဘလစ်ကန် အမတ်များက စာဖြင့် အီရန်အစိုးရအား သတိပေးလိုက်သည်။

    ဆီနိတ်တာ တွမ်ကော်တွန်နှင့် အာရ်အာ့က်တို့ ဦးဆောင်ကာ ရီပက်ဘလစ်ကန် လွှတ်တော်အမတ် ၄၇ ဦး လက်မှတ်ရေးထိုးသားသည့် အဆိုပါအိတ်ဖွင့်ပေးစာကို ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုသဘောတူညီချက်မှာ သမ္မတ အိုဘားမားသက်တမ်းအတွက်သာဖြစ်ကာ ၎င်းအား ဆက်ခံမည့်အစိုးရတွင် ပြန်ပြောင်းသွားမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    “နောက်တက်မယ့် သမ္မတက ဒီသဘောတူညီချက်ကို မင်တစ်ချက်တည်းနဲ့ ရုပ်သိမ်းနိုင်ပါတယ်။ ပြီးတော့ အချိန်မရွေး ဒီသဘောတူညီချက်ရဲ့ အချက်အလက်တွေကို ပြင်ဆင်ဖြည့်စွက်နိုင်ပါတယ်” ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။

    အိမ်ဖြူတော်ကမူ ရီပက်ဘလစ်ကန်များ၏ ထိုလုပ်ရပ်အတွက် ဝေဖန်ခဲ့ပြီး ပါတီကွဲပြားမှုကို အခြေခံ၍ တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။ အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်ကလည်း နိုင်ငံတကာနှင့် ဆွေးနွေးညှိနှိုင်းမှုများ ထိလွယ်ရှလွယ်ဖြစ်နေသည့် ယခုအချိန်တွင် လက်ရှိသမ္မတ၏ အားထုတ်မှုကို ပျက်ဆီးစေရန် ရည်ရွယ်သည့် အဆိုပါစာမှာ မိမိအလေးအမြတ်ထားသည့် အခြေခံဥပဒေ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ပြောကြားခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်ကလည်း အီရန်နိုင်ငံပိုင် သတင်းဌာနမှတစ်ဆင့် ရီပက်ဘလစ်ကန်များအား ဝေဖန်ခဲ့ပြီး ၎င်းတို့မှာ အီရန်နှင့် သဘောတူညီချက်ကို ပျက်ဆီးစေသည်သာမက နိုင်ငံတကာ သဘောတူညီချက်များကိုလည်း ပျက်ဆီးအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • အာဂျင်တီးနားတွင် ရဟတ်ယာဉ် ၂ စင်း တိုက်မိကာ ပျက်ကျ၊ လူ ၁၀ ဦး သေဆုံး

    အာဂျင်တီးနားတွင် ရဟတ်ယာဉ် ၂ စင်း တိုက်မိကာ ပျက်ကျ၊ လူ ၁၀ ဦး သေဆုံး

    မတ် ၁၀၊ ၂၀၁၅
    M-Media

    Helicopter-crash-French-TV-cast

    – အာဂျင်တီးများ အနောက်မြောက်ပိုင်းတွင် ရိုက်ကူးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ရဟတ်ယာဉ် ၂ စင်းမှာ ယမန်နေ့က တိုက်မိကာ ပျက်ကျခဲ့သောကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ပြင်သစ်နာမည်ကြီး အားကစားသမားများ ပါဝင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ရဟတ်ယာဉ်နှစ်စီးမှာ Dropped ဟု အမည်ရသည့် စွန့်စားခန်း TV စီးရီးအတွက် လာရီဂျာပြည်နယ်ရှိ တောင်တန်းများပေါ်တွင် ရိုက်ကူးနေစဉ် တိုက်မိကာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့သည်။

    သေဆုံးသူများမှာ ပြင်သစ်နာမည်ကြီး အမျိုးသမီး ရွက်လွှင့်သမား လောရန့်စ် အာသာအွဒ်၊ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ရေကူးချန်ပီယံ ကာမီလီ မွဖ်ဖတ်နှင့် အိုလံပစ် ဘောက်ဆာသမား အဲလီဇစ် ဗက်စ်တိုင်းတို့ အပါအ၀င် ပြင်သစ်နိုင်ငံသား ၈ ဦးနှင့် အာဂျင်တီးနား လေယာဉ်မှူး ၂ ဦးတို့ ဖြစ်ကြသည်။ ပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ ဟိုရာစီယို အလာရ်ကွန်ကမူ အခင်းဖြစ်ပွားသည့်အချိန်တွင် ရာသီဥတု ကောင်းမွန်နေပြီး မည်သည့် အကြောင်းရင်းကြောင့် ထိုကဲ့သို့ တိုက်မိရခြင်းကို မသိရှိရသေးဟု ပြောကြားခဲ့သည်။

    အသက် ၅၇ နှစ် အရွယ်ရှိ အာသာအွဒ်မှာ ကမ္ဘာ့အကောင်းဆုံး ရွက်လွှင့်သမားများထဲမှ တစ်ဦးဟု သတ်မှတ်ခံထားရသူဖြစ်ပြီး အမျိုးသားများသာ ကြီးစိုးသော ရွက်လွှင့်အားကစားတွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သူ ဖြစ်သည်။

    အသက် ၂၅ နှစ်အရွယ် မွဖ်ဖတ်မှာ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်တွင် ထိပ်တန်း ရေးကူးအားကစားသမား ဖြစ်ခဲ့ပြီး ရွှေတံဆိပ်ဆု တစ်ခုအပါအ၀င် ဆုတံဆိပ် ၃ ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဗက်စ်တိုင်းမှာ အသက် ၂၈ နှစ်အရွယ်ရှိပြီး ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ် ၀ယ်သာဝိတ်တန်းတွင် ကြေးတံဆိပ်တစ်ခု ဆွန်းခူးရရှိခဲ့သည်။

    Dropped အစီအစဉ်မှာ ပြင်သစ် ရုပ်သံချန်နယ် TF1 မှ စီစဉ်ထုတ်လွှင့်သည့် စွန့်စားခန်း တီဗီအစီအစဉ်တစ်ခုဖြစ်ပြီး အဆိုပါ အစီအစဉ်တွင် အားကစားသမား ၈ ဦးပါဝင်ကာ ၎င်းတို့အား မရင်းနှီးသည့် ပတ်ဝန်းကျင်သို့ သွားရောက်စေကာ စွန့်စားရှာဖွေမှုများကို ပြုလုပ်ရသည့် အစီအစဉ်ဖြစ်သည်။

    Ref: Channelnewsasia