News @ M-Media

Author: Ko Lay

  • ရုရှားနာမည်ကြီး အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရ

    ရုရှားနာမည်ကြီး အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
    M-Media

    rus

    – ရုရှား၏ နာမည်ကြီး အတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်မှာ မော်စကိုမြို့လည်ကောင်တွင် ယမန်နေ့က သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

    နမ်စတော့ဗ်မှာ ယမန်နေ့က စားသောက်ဆိုင်တစ်ခုမှ ညစာစာပြီး အမျိုးသမီးတစ်ဦးနှင့် ဗာစီလ်ယက်ဗ်စကီး စပွတ်စ် တံတားတွင် လမ်းလျှောက်ပြန်လာစဉ် ကားတစ်ဦးပေါ်မှ သေနတ်ဖြင့် လေးချက်ဆက် အပစ်ခံလိုက်ရခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ အခင်းဖြစ်ပွားသည့်အချိန်တွင် အဖြူရောင်ကားသုံးစီးရှိခဲ့သည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး နမ်စတော့ဗ်နှင့်အတူရှိနေသည့် အမျိုးသမီးကိုမူ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    နမ်စတော့ဗ်၏ မိသားစုကမူ ယနေ့နံနက် စောစောတွင် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး ရှေ့နေဖြစ်သူ ဗာဒင်မ် ပရိုဟိုရောဗ့်ကမူ နမ်စတော့ဗ်မှာ ပြီးခဲ့သည့်လများအရင်က ဆိုရှယ်မီဒီယာပေါ်တွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများစွာ ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    အသက် ၅၅ နှစ်အရွယ်ရှိ နမ်စတော့ဗ်မှာ နိုင်ငံရေးလောကအတွင်း ကျင်လည်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုရှိပြီဖြစ်ပြီး ၁၉၉၁ မှ ၁၉၉၇ ခုနှစ်အထိ နီဇီအဂိုရော့စကီး ဒေသ၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည်။ ၎င်းမှာ သမ္မတ ဘောရစ်ယဲလ်ဆင်၏ လက်ထက်တွင် စွမ်းအင်ဝန်ကြီးနှင့် လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် နမ်စတော့ဗ်မှာ လစ်ဘရယ်လှုပ်ရှားမှုများနှင့် ပါတီများတွင် ပါဝင်ခဲ့ပြီးသမ္မတပူတင်၏ ၎င်း၏အစိုးရကို ဆန့်ကျင်ခဲ့သူလည်း ဖြစ်သည်။

    Ref: RT

  • သာဝကကြီးဘီလားလ်သခင်၏ အန်နီမေးရှင်းရုပ်ရှင် ဒူဘိုင်းတွင် မိတ်ဆက်

    သာဝကကြီးဘီလားလ်သခင်၏ အန်နီမေးရှင်းရုပ်ရှင် ဒူဘိုင်းတွင် မိတ်ဆက်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
    M-Media

    billa

    – တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ၏ အနီးကပ် သာဝကကြီးတစ်ပါးဖြစ်သော ဘီလားလ် အစ်ဗနေ့ ရဘ်ဘာဟ်သခင်၏ အထုပ္ပတ္တိကို ဖော်ကျူးထားသော 3D အန်နီမေးရှင်း ရုပ်ရှင်တစ်ခုကို ဒူဘိုင်းတွင် မိတ်ဆက်ခဲ့ပြီး အာရပ် အနုပညာရှင်များ ဖန်တီးသော ပထမဆုံး အန်နီမေးရှင်း ရုပ်ရှင်ကား ဖြစ်လာမည်ဖြစ်သည်။

    “လွန်ခဲ့တဲ့နှစ်ထောင်ချီအရင်က သူရဲကောင်းကြီးတစ်ယောက်ဖြစ်လာဖို့ စိတ်ကူးရှိသူ လူငယ်လေးတစ်ဦးဟာ ညီမဖြစ်သူနဲ့အတူ ပြန်ပေးဆွဲခံခဲ့ရပြီး အိမ်နဲ့ဝေးရာကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ လောဘတွေ မတရားမှုတွေကြီးစိုးနေတဲ့ ကမ္ဘာတစ်ခုမှာ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ ဘီလားလ်လေးဟာ သူ့ရဲ့ အသံကိုမြှင့်ဖို့နဲ့ အပြောင်းအလဲလုပ်ဖို့ သတ္တိကို ရှာတွေ့ခဲ့ပါတယ်။ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ သမိုင်းကြောင်းမှာ မေ့ထားလို့မရတဲ့ သူရဲကောင်း တစ်ယောက်ရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်” ဟု YouTube တွင် လွှင့်တင်ထားသော အဆိုပါ ရုပ်ရှင်၏ ထွေလာတွင် ဖော်ပြထားသည်။

    အဆိုပါရုပ်ရှင်ကို ဆော်ဒီပညာရှင်များက လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဖန်တီးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် တနင်္လာနေ့က ဒူဘိုင်းတွင် မိတ်ဆက်ခဲ့သည်။ လူမည်းကျွန်တစ်ယောက်ဘ၀မှ အစ္စလာမ်ကို လက်ခံပြီးနောက်ပိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည့် ဘီလားလ်သခင်၏ အကြောင်းကို ရိုက်ကူးထားသော အဆိုပါ ရုပ်ရှင်မှာ အင်္ဂလိပ်စကားပြောဖြစ်သည်။

    ထိုရုပ်ရှင်မှ နောက်ခံအသံများကို Game of Thrones Star ရုပ်ရှင်ဇာတ်ကားမှ အဒီဝါလီ အကင်နျူယီ- အဂ်ဘာဂျီ အပါအ၀င် အမေရိကန်နာမည်ကြီး အနုပညာရှင်များက အသံသွင်းပေးထားသည်။

    “ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ အရင်က အာရေဗျမှာ ကျွန်တစ်ယောက်ဖြစ်လာပြီး သူ့ရဲ့ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တကယ့် ဆူပါဟီးရိုးရဲ့ ဇာတ်လမ်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ သူဟာ မျိုးဆက်ပေါင်းများစွာက လေးစားအားကျခဲ့ရတဲ့သူတစ်ယောက် ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၀၀၀ ကျော်ကြာပြီးမှ သူ့ဇာတ်လမ်းကို ရိုက်ကူးနိုင်ခဲ့တာပါ” ဟု အဓိကသရုပ်ဆောင်နေရာက စကားပြောပေးခဲ့သည့် အဂ်ဘာဂျီက ပြီးခဲ့သည့် ဇန်န၀ါရီလတွင် ပြောကြားခဲ့သည်။

    အမေရိကန် ရုပ်ရှင်စတား ၀ီလ်စမစ်ကလည်း အဆိုပါရုပ်ရှင်ကို အားပေးသည့်အနေဖြင့် ဒူဘိုင်းသို့ သွားရောက်မည်ဖြစ်သည်။ ထုတ်လုပ်သူများကမူ ထိုရုပ်ရှင်ကို ၂၀၁၅ ခုနှစ်၏ နောက်ဆုံး ၃ လတွင် ရုံတင်သွားမည်ဟု ပြောကြားခဲ့သည်။

    ဘီလားလ် အစ်ဗနေ့ ရဘ်ဘာဟ်မှာ တမန်တော် မုဟမ္မဒ်သခင်၏ သာဝကကြီးများထဲမှ တစ်ပါးဖြစ်သည်။ ၎င်း၏ ဖခင်နှင့် မိခင်နှစ်ဦးစလုံးမှာ ကျွန်အဖြစ် ဖမ်းဆီးခြင်းမခံရမီ ထင်ရှားသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။ ဖခင်ဖြစ်သူ ရဘ်ဘာဟ်ကမူ အာရပ်တစ်ဦးဖြစ်ပြီး အဘီစီးနီးယား (ယခု အီသီယိုးပီးယား)မှ မဟုတ်ချေ။

    မိခင်၏အမည်မှာ ဟာမာမဟ်ဖြစ်ပြီး အဘီစီးနီးယားမှ မင်းသမီးတစ်ပါးဖြစ်ကာ ၎င်းတို့ ဇနီးမောင်နှံမှာ မုဟမ္မဒ်သခင် မွေးဖွားသည့် အေဒီ ၅၇၁ ခုနှစ်တွင် ကျွန်အဖြစ် ဖမ်းဆီးခြင်းခံခဲ့ရကာ အာရေဗျသို့ ရောက်ရှိလာခြင်းဖြစ်သည်။

    မက္ကာဟ်မြို့တွင်မွေးဖွားသည့် ဘီလားလ်သခင်မှာ ကျွန်တစ်ယောက်အဖြစ်မှ အစ္စလာမ်သာသနာကို လက်ခံခဲ့ပြီး ၎င်း၏ သက်ဝင်ယုံကြည်မှုအတွက် သခင်များ၏ အလွန်ဆိုးရွားရက်စက်သည့် ငြှင်းပမ်းနှိပ်စက်မှုမျိုးစုံကို ခံခဲ့ရသည်။

    သို့သော်လည်း ယုံကြည်မှုကို စွန့်လွှတ်ခြင်းမပြုခဲ့ဘဲ အစ္စလာမ်သာသနာအပေါ် မြဲမြံစွာ ရပ်တည်ခဲ့သည်။ သာဝကြီး ဘီလားလ်၏ ကောင်းမြတ်သော ကိုယ်ကျင့်တရား၊ ဖြူစင်သော စိတ်စေတနာ၊ ချိုသာသော အသံတို့ကြောင့် မုဟမ္မသခင်က ဗလီဝတ်ကျောင်းတော်၌ အာဇာန်ဆိုသူ (၀တ်ပြုရန်နှိုးဆော်သူ) မုအ်ဇင် တစ်ဦးအဖြစ် ဂုဏ်ပြု ခန့်အပ်ခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
    M-Media

    – IS မှ ပြန်ပေးသမားများကို သတ်ဖြတ်သည့် ဗီဒီယိုများတွင် သရုပ်ဆောင်ထားသော မျက်နှာဖုံးဝတ် Jhadi John ဆိုသူမှာ ဗြိတိန်မှာ ကွန်ပျူတာအင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူ မိုဟာမက် အမ်ဝါဇီဖြစ်သည်ဟု လုံခြုံရေးတာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    – ပြီးခဲ့သည့်တစ်ပတ်က မွန်ဘိုင်းဆိပ်ကမ်းတွင် ဖမ်းဆီးထားသည့် ရုရှား ကုန်တင်သင်္ဘော Sevastopol မှ သင်္ဘောသားများကို နေရာထိုင်ခင်းများ ပေးအပ်ရန် ရုရှားက အိန္ဒိယသို့ တိုက်တွန်းပြောကြားလိုက်သည်။ အဆိုပါ သင်္ဘောပိုင်ရှင်နှင့် အိန္ဒိယလုပ်ငန်းရှင်တို့ ပြဿနာဖြစ်ရာမှ ထိုသင်္ဘောအား အိန္ဒိယအစိုးရ ထိန်းသိမ်းထားခြင်းဖြစ်ပြီး ကမ်းခြေမှ ရေမိုင် ၁၄ မိုင်အကွာတွင် ကျောက်ထားရသည်။

    – တူရကီနိုင်ငံ အန်ကာရာမြို့ရှိ အန်ကာရာတက္ကသိုလ်တွင် ကျောင်းသားအုပ်စုများအချင်းချင်း ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၎င်းတို့အား ၀င်ရောက်ဖြန်ဖြေသည့် တက္ကသိုလ်လုံခြုံရေးတစ်ဦးမှာ မတော်တဆ ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသား ၄၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ပြောကြားခဲ့သည်။

    – ပြင်သစ် လွှတ်တော်အမတ်များ ဆီရီးယားအာဏာရှင် ဘာရှာအလ်အာဆတ်နှင့်တွေ့ဆုံမှုကို ပြင်သစ်သမ္မတ ဟော်လန်ဒေးက ရှုတ်ချလိုက်ပြီး အာဆတ်မှာ ပြီးခဲ့သည့်နှစ်များအတွင်း အဆိုးဝါးဆုံး ပြည်တွင်းစစ်ပွဲများကို ဖန်တီးသူများထဲမှ တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    – နိုင်ငံ၏ အလိုရှိဆုံး ဘိန်းဘုရင်ဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ ဆာဗန်ဒို လာတူနာ ဂိုးမက်ဇ်အား ဖမ်းဆီးရမိခဲ့သည်ဟု မက္ကဆီကို တာဝန်ရှိသူများက ယနေ့တွင် ကြေညာခဲ့သည်။ ဂိုးမက်ဇ်အားဖမ်းဆီးစဉ် ၎င်း၏ မူးယစ်ဂိုဏ်း Knights Templar နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

    – IS က ထိန်းချုပ်ထားသော ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို ဆက်သွယ်ပေးသော အဓိက အချက်အချာကြသည့် ဆီးရီးယားမှ တဲလ်ဟာမစ်မြို့ကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ကာ့ဒ်တပ်ဖွဲ့များက ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

    – ပြီးခဲ့သည့်သီတင်းပတ်က ဘာစီလိုနာတွင် လေ့ကျင်နေရင်း မတော်တဆမှုဖြစ်ပွားခဲ့သည့် မက္ကလာရင်အသင်းမှ နာမည်ကျော်စပိန်ကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုက မိမိအနေဖြင့် ကောင်းမွန်သော အခြေအနေတွင်ရှိနေပြီဟု ပရိတ်သတ်များအား You Tube မှနေ၍ အသိပေးခဲ့သည်။

    Ref: news agencies

  • လစ်ဗျားရေပိုင်နက် နိုင်ငံတကာမှ စောင့်ကြပ်ရန် လိုအပ်နေ

    လစ်ဗျားရေပိုင်နက် နိုင်ငံတကာမှ စောင့်ကြပ်ရန် လိုအပ်နေ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
    M-Media

    lb

    – နိုင်ငံအတွင်း၊ အပြင် လက်နက်နှင် ရေနံများ မှောင်ခိုရောင်းချနေမှုကို လစ်ဗျားအာဏာပိုင်များက တားဆီးနိုင်ခြင်းမရှိဘဲ ထိုပြဿနာအား ဖြေရှင်းရန် နိုင်ငံတကာ ရေကြောင်းတပ်ဖွဲ့ လိုအပ်နေသည်ဟု ကုလသမဂ္ဂ ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လစ်ဗျားအရေး ကျွမ်းကျင်သူများအဖွဲ့က လျှို့ဝှက်ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုအစီရင်ခံစာက လစ်ဗျားတွင် ဖြစ်ပွားနေသော ပဋိပက္ခများအား ရပ်တန့်ရန်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ကြားဝင်ရေး တွန်းအားလည်း ဖြစ်လာမည်ဖြစ်သည်။

    “(လက်နက်များ) လွှဲပြောင်းမှုကို ထိထိရောက်ရောက်တားဆီးဖို့ လစ်ဗျားဟာ စွမ်းဆောင်နိုင်မှု လုံးဝ မရှိပါဘူး။ ကျယ်ပြောတဲ့ပင်လယ်ပြင် ဒါမှမဟုတ် လေကြောင်းကနေ လက်နက်မှောင်ခိုသွင်းနေတာကိုလည်း တားဆီးဖို့ အာဏာမရှိပါဘူး” ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းရေးသားထားသည်။

    လစ်ဗျားနိုင်ငံအတွင်း ဒီမိုကရေစီဆန္ဒပြမှုများဖြစ်ပွားနေစဉ် ၂၀၁၁ ခုနှစ်က အာဏာရှင် ကဒါဖီအစိုးရသို့ လက်နက်တင်ပို့မှုကို လုံခြုံရေးကောင်စီက ပိတ်ပင်ခဲ့ပြီး ယခုအချိန်ထိ ဖွင့်ပေးခြင်း မရှိသေးပေ။

    ထိုကဲ့သို့ လက်နက်မှောင်ခို ၀င်ထွက်ခြင်းများကို တားဆီးရေး လစ်ဗျား၏ ရေပိုင်နက်ကို လုံခြုံစေရန်အတွက် နိုင်ငံတကာ ရေကြောင်းတပ်ဖွဲ့များက လစ်ဗျားအစိုးရကို ကူညီရန် ထိုအစီရင်ခံစာတွင် လုံခြုံရေးကောင်စီအားတိုက်တွန်းခဲ့သည်။

    Ref: reuters

  • ယူရိုပါတွင် နောက်တစ်ဆင့်တက်သွားခြင်းမှာ ခြေလှမ်းသစ်ဟု ဖီအိုရင်တီးနားတိုက်စစ်မှူး ဆို

    ယူရိုပါတွင် နောက်တစ်ဆင့်တက်သွားခြင်းမှာ ခြေလှမ်းသစ်ဟု ဖီအိုရင်တီးနားတိုက်စစ်မှူး ဆို

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
    M-Media

    fio

    – စပါးအသင်းအား အနိုင်ရရှိပြီး ယူရိုပါလိဂ် နောက်တစ်ဆင့်သို့ တက်ရောက်သွားခြင်းမှာ မိမိတို့အသင်း ခြေလှမ်းသစ်တစ်ခု လှမ်းလိုက်ခြင်းဖြစ်သည်ဟု ဖီအိုရင်တီးနား တိုက်စစ်မှူး မာရီယိုဂိုးမက်ဇ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် တစ်ပတ်က လန်ဒန်တွင် ၁ ဂိုးစီသရေကျခဲ့သော်လည်း အီတလီတွင် ယနေ့နံနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင် ဖီအိုရင်တီးနားက ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၂ ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည်။

    အနိုင်ဂိုးများကို ဂိုးမက်ဇ်နှင့် ချယ်ဆီးမှ အငှားဖြင့်လာရောက်ကစားနေသည့် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်တို့က သွင်းပေးခဲ့ခြင်း ဖြစ်ပြီး ဂိုးမက်ဇ်ကမူ မိမိတို့အသင်းမှာ နောက်ဆုံးဗိုလ်ပွဲသို့ ပစ်မှတ်ထားနေသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဖိုင်နယ်ရောက်နိုင်ပါ့မလားပေါ့။ ကျွန်တော်တို့ ခြေလှမ်းကြီးတစ်ခု လှမ်းနိုင်ခဲ့ပြီး အခုတော့ နောက်ထပ်ပြိုင်ဘက်ကို စောင့်ရပါတော့မယ်။ ဒါပေမယ့် အဲဒီပြိုင်ဘက်ကိုလည်း နိုင်ချင်ပါတယ်။ ပရိသတ်တွေနဲ့ တစ်မြို့လုံးအတွက် ကျွန်တော် တော်တော်ပျော်ပါတယ်။ ဆိုးရွားတဲ့အချိန်တွေကို ကျွန်တော်တို့ နောက်မှာ ချန်ထားခဲ့ပါပြီ။ ကျွန်တော် ကြည်နူးမိပြိး ကောင်းကောင်းလည်း ကစားခဲ့ပါတယ်” ဟု ဂိုမက်ဇ်က ပွဲအပြီးတွင် Mediaset သို့ ပြောကြားခဲ့သည်။

    ဖီအိုရင်တီးနားမှာ စီးရီးအေတွင် ရာသီအစက ရုန်းကန်ခဲ့ရပြီး ပထမဆုံး ၈ ပွဲတွင် ၂ ပွဲသာ အနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ခြေမှန်လာခဲ့ပြီး ယခုလက်ရှိ အဆင့် ၄ နေရာ၌ ရှိနေကာ အဆင့် ၃ မှ နာပိုလီနှင့် ၆ မှတ်သာ ကွာဟနေသည်။

    ဂိုမက်ဇ်ကမူ မိမိတို့အသင်း၏ ခရီးမှာ ရှည်သေးပြီး အမှတ်များ မဆုံးရှုံးအောင်ပြုလုပ်ရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com