News @ M-Media

Author: Ko Lay

  • အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်တော့မည်ဟု နေတန်ယာဟု၏ ပြောကြားမှု ထွင်လုံးသာဖြစ်

    အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်တော့မည်ဟု နေတန်ယာဟု၏ ပြောကြားမှု ထွင်လုံးသာဖြစ်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    ntyh

    – ၂၀၁၂ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်မှာ နျူကလီးယားဗုံးထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ပြောကြားခဲ့ခြင်းမှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ စုံစမ်းထောက်လှမ်းမှုနှင့် ကွဲလွဲနေပြီး ထွင်လုံးသာဖြစ်သည်ဟု သိရသည်။

    စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် အထွေထွေညီလာခံတွင် နေတန်ယာဟုမှာ ရုပ်ပုံကားချပ်ဖြင့် အီရန်၏ နျူကလီးယားဗုံးထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး မကြာမီ လုံးဝ ပြီးစီးတော့မည်ဟုအသေအချာ ဖော်ပြခဲ့ခြင်းဖြစ်သော်လည်း ထိုညီလာခံကျင်းပပြီး တစ်လကျော်အကြာ အောက်တိုဘာလတွင် မော့ဆက်မှ တောင်အာဖရိကသို့ ပေးပို့သော ထိပ်တန်းလျှို့ဝှက်ချက် ထောက်လှမ်းရေးကိစ္စရပ်များ၌ အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်သည့်အဆင့်သို့ မရောက်သေးဟု ဖော်ပြခဲ့သည်။

    အဆိုပါ ထောက်လှမ်းရေး လျှို့ဝှက်ချက်ကို အလ်ဂျာဇီးရား သတင်းဌာန၏ စုံစမ်းရေးအဖွဲ့မှ ရရှိခဲ့ခြင်းဖြစ်ပြီး မော့ဆက်၏ ထောက်လှမ်းမှုများအရ အီရန်မှာ နျူလက်နက်တည်ဆောက်ရန် လိုအပ်သော ဆောင်ရွက်မှုများပင် မစတင်ရသေးဟု ဖော်ပြထားသည်။

    ထို့ပြင် အီရန်သိပ္ပံပညာရှင်များမှာ ဓာတ်ပေါင်းဖိုများ အဆင့်မြှင့်တင်ခြင်းကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်နေကြခြင်းသာဖြစ်ပြီး ယူရေနီယမ် ကီလိုဂရမ် ၁၀၀ အား နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပြည့်ဝယူရေနီယမ်အဖြစ် ၂၀ ရာခိုင်နှုန်းသာ သန့်စင်နိုင်သေးသည်ဟု အဆိုပါ လောက်လှမ်းရေး မှတ်တမ်းများတွင် ဖော်ပြထားသည်။

    အမေရိကန်အမျိုးသားထောက်လှမ်းရေး အေဂျင်စီကလည်း ၎င်းတို့၏ တွေ့ရှိချက်များကို ၂၀၁၂ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့ရာ အီရန်မှာ လက်ရှိရှိနေသည့် နျူကလီးယား အဆောက်အဦးများကို နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုရန် ဆုံးဖြတ်ချက်ပင် မချရသေးဟု ဖော်ပြထားသည်။

    နေတန်ယာဟုမှာ အီရန်၏ နျူအရေးနှင့်ပတ်သက်၍ အမြဲလိုလို ဝေဖန်ပြောကြားခဲ့သူဖြစ်ပြီး အခြားသောအာရပ်နိုင်ငံများမှ နျူဓာတ်အားပေးစက်ရုံများကိုလည်း နျူကလီးယားလက်နက် ထုတ်လုပ်သည်ဟုဆိုကာ အစ္စရေးက ၀င်ရောက်ကျူးကျော် ဖျက်ဆီးခဲ့ဖူးသည်။

    Ref: aljazeera

  • ရော်နယ်ဒိုကောင်းသော်လည်း မက်ဆီကပိုကောင်းသည်ဟု ဟင်နရီဆို

    ရော်နယ်ဒိုကောင်းသော်လည်း မက်ဆီကပိုကောင်းသည်ဟု ဟင်နရီဆို

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    messi 1

    – ရီးယဲလ်တွင် ခြေစွမ်းကောင်းများ ပြသနေသော ရော်နယ်ဒိုမှာ စွမ်းဆောင်ရည်မြင့် ကစားသမားတစ်ယောက် ဖြစ်သော်လည်း မက်ဆီကသာ ပိုကောင်းသည့် ကစားသမားဖြစ်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဟင်နရီက ပြောကြားလိုက်သည်။

    ဇန်န၀ါရီလက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို တတိယအကြိမ်မြောက် ရရှိခဲ့သည့် ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း မက်ဆီ၏ ကျော်ကြားမှုကို မှေးမှိန်စေခဲ့သူလည်း ဖြစ်သည်။ သို့သော်လည်း ဟင်နရီကမူ မက်ဆီမှာ ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံး၏ ကစားပုံများကို ပရိတ်သတ်များက စောင့်ကြည့်သင့်သည်ဟု ဆိုသည်။

    “ကျွန်တော် လီယို (မက်ဆီ)နဲ့ တွဲကစားဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အဖြေက ဒါပါပဲ။ မြင့်မားတဲ့ခြေစွမ်းကို နှစ်များစွာ ထိန်းသိမ်းထားနိုင်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ကျွန်တော် တော်တော်လေး လေးစားပါတယ်။ တစ်ရာသီကောင်းတယ်၊ နောက်ပြီး လေးနှစ်လောက်နေမှ တစ်ခါပြန်ကောင်းတယ်။ ဒါမျိုးရှိပါတယ်။ ဒါပေမယ့် ရာသီဆက်တိုက် ဒီလိုအဆင့်မျိုးကို ထိန်းထားနိုင်တာကတော့ ထူးခြားချက်ပေါ့” ဟု ဟင်နရီက Fifa.com သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဟင်နရီက မိမိအနေဖြင့် မက်ဆီနှင့်အတူကစားကာ ရှုံးနိမ့်ခြင်း၊ အောင်မြင်ခြင်းများကို အတူတကွ ဖြတ်ကျော်ဖူးကြောင်း၊ ရော်နယ်ဒိုကိုလည်း လေးစားပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်ကပင် မက်ဆီက ၂၀၁၄ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသော ပြဿနာများမှာ မိမိ၏ ခြေစွမ်းအား ထိခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref:goal.com

  • မာလာဝီနိုင်ငံတွင် မီးဖွားစဉ် မိခင်များသေဆုံးမှုလျှော့ချရေး မွတ်စလင်များ ဦးဆောင်လှုပ်ရှား

    မာလာဝီနိုင်ငံတွင် မီးဖွားစဉ် မိခင်များသေဆုံးမှုလျှော့ချရေး မွတ်စလင်များ ဦးဆောင်လှုပ်ရှား

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    malawi

    – မီးဖွားစဉ် မိခင်များသေဆုံးမှုနှုန်း ကမ္ဘာ့အမြင့်ဆုံးဖြစ်နေသော အာဖရိကတောင်ပိုင်း မာလာဝီနိုင်ငံတွင် မိခင်သေဆုံးနှုန်းအား လျှော့ချရန် ရှေ့ဆောင်အစီအစဉ်တစ်ခုကို မာလာဝီ မွတ်စလင်လူ့အဖွဲ့အစည်းက စတင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

    “မာလာဝီက အမျိုးသမီးနဲ့ မိခင်တွေဖြစ်တဲ့ ကျွန်မတို့အနေနဲ့ နိုင်ငံအတွင်း မီးဖွားတဲ့အချိန် အမျိုးသမီးတွေသေဆုံးမှုနှုန်းနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီအကြောင်းအရင်းကြောင့်ပဲ အခြေအနေကိုကုစားဖို့ ကျွန်တို့ ဒီအစီအစဉ်ကို မဖြစ်မနေ ဆောင်ရွက်ခဲ့တာပါ။ မိခင်နဲ့ကလေး သေဆုံးမှုနှုန်းကို မြင့်တက်စေတဲ့ ယဉ်ကျေးမှုတွေနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ရပ်တန့်ဖို့ ရပ်မိရပ်ဖတွေကို လှုံ့ဆော်ပေးနေပြီး တစ်ချိန်တည်းမှာပဲ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူ အမျိုးသမီးတွေ မီးဖွားရာမှာ ခေတ်မီ ကျန်းမာရေးပစ္စည်းတွေကို ရယူအသုံးပြုကြဖို့ တိုက်တွန်းအားပေးနေပါတယ်” ဟု နိုင်ငံလုံးဆိုင်ရာ မာလာဝီမွတ်စလင်အမျိုးသမီးအသင်းမှ ဥက္ကဌဖြစ်သူ ဖာတီမာ အန်ဒိုင်လာက ပြောကြားခဲ့သည်။

    မီးဖွားစဉ် အမျိုးသမီးများ သေဆုံးမှုမှာ သတိထားလောက်စရာဖြစ်နေပြီး ပစ္စည်းကိရိယာ အစုံအလင်ရှိသော ကျန်းမာရေးဝန်ထန်းများ နည်းပါးခြင်းနှင့် အဆင့်မြင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ နေရာတိုင်းတွင် မရှိခြင်းကလည်း မိခင်များသေဆုံးမှုနှင့် သက်ဆိုင်နေသည်ဟု အန်ဒိုင်လာက ထပ်လောင်းပြောကြားခဲ့သည်။

    “လူအများစုက ဝေးလံခေါင်သီတဲ့နေရာတွေမှာနေပြီး အဲဒီနေရာတွေမှာ အဆင့်မီတဲ့ သားဖွားကျန်းမာရေး စောင့်ရှောက်မှုတွေရဖို့အတွက် တော်တော်ဝေးဝေးကိုသွားဖို့ လိုအပ်နေပါတယ်။ အမျိုးသမီးအများစုကတော့ စိတ်ဓာတ်ကျနေကြပြီး ခေတ်မီဆေးဝါးတွေမရဘဲ အိမ်မှာမွေးတဲ့ နည်းလမ်းကိုသာ ရွေးချယ်နေကြပါတယ်။ ရလဒ်အနေနဲ့ကတော့ မာလာဝီဟာ ကမ္ဘာပေါ်မှာ မီးဖွားမှုကြောင့် သေဆုံးသူအရေအတွက် အမြင့်ဆုံးတွေထဲက တစ်နိုင်ငံ ဖြစ်လာတာပါပဲ”

    မီးဖွားပြီးနောက် မိခင်များသေဆုံးမှုကို လျှော့ချရေးအတွက် မွတ်စလင်အမျိုးသမီးများ စတင်ခဲ့သည့် အဆိုပါ အစီအစဉ်တွင် မီးဖွားမှုနှင့်သက်ဆိုင်သည့် ခေတ်မီပစ္စည်းများကို မိခင်လောင်းများ အလွယ်တကူရရှိရေး စီစဉ်ပေးရန်အတွက် အာဏာပိုင်များအား တိုက်တွန်းခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမီးဖွားခြင်းနှင့် သက်ဆိုင်သည့် ဗဟုသုတများကို မာလာဝီအမျိုးသမီးများအား သင်တန်းပေခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    ကမ္ဘာ့ဘဏ်၏ အဆိုအရ မာလာဝီနိုင်ငံမှာ အာဖရိကရှိ ဆဟာရဒေသ နိုင်ငံများတွင် အဆင်းရဲဆုံးထဲမှ တစ်နိုင်ငံဖြစ်ပြီး ပြည်သူအများစုမှာ တစ်နေ့လျှင် တစ်ဒေါ်လာအောက်ဝင်ငွေဖြင့်သာ ရပ်တည်နေရကာ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီဖွားခြင်းတို့ကဲ့သို့ ကျန်းမာရေးကိစ္စများတွင် အလွန်းဆိုးရွားသည့် အနေအထားတွင် ရှိနေသည်။

    ကမ္ဘာပေါ်ရှိ ပဋိပက္ခ မဖြစ်ပွားသည့် နိုင်ငံများတွင် မာလာဝီမှာ မီးဖွားစဉ် မိခင်များသေဆုံးမှု အဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီး ကလေးမီးဖွားမှု ၁ သိန်းတွင် သေဆုံးမှုမှာ ၄၆၀ ခန့်ရှိပြီး ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းတို့ကြောင့် နှစ်စဉ် အမျိုးသမီး ၃ ထောင်ခန့်မှာ သေဆုံးနေသည်။ ထို့ပြင် သေဆုံးမှု၏ ၂၉ ရာခိုင်နှုန်းမှာ HIV/AIDS နှင့် ဆက်စပ်သည့် ရောဂါများကြောင့် ဖြစ်သည်။

    ချီးကျူးခံရ

    မွတ်စလင်အမျိုးသမီးများ၏ အဆိုပါအစီအစဉ်ကို မာလာဝီအစိုးရက ချီးကျူးခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ စိန်ခေါ်မှု၏ အလားအလာရှိသော အဖြေဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “လမ်းကြောင်းမှန်ပေါ်ရောက်ဖို့၊ ပြီးတော့ စီးပွားရေးကဏ္ဍအားလုံးကို ထိခိုက်စေတဲ့ နိုင်ငံလုံးဆိုင်ရာ စိန်ခေါ်မှုရဲ့ အလားအလာရှိတဲ့ အဖြေတစ်ခုဖြစ်လာဖို့ ဒီအစီအစဉ်ဟာ ခြေလှမ်းတစ်ခုပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ မီးဖွားခြင်းဟာ သေဒဏ်လိုဖြစ်နေပါတယ်။ အစိုးရတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ မီးဖွားစဉ်သေဆုံးနေတဲ့ အမျိုးသမီး အမြောက်များရဲ့ဘ၀ကို ကယ်တင်ဖို့၊ ဒီပုံရိပ်ဆိုးကို ပြောင်းလဲဖို့ စိတ်အားထက်သန်နေပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်း၊ အခြားသော ပါဝင်ပတ်သက်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ အဆင်သင့်ရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးမှာ တူညီတဲ့အမြင်တွေ ရှိနေလို့ပါပဲ” ဟု နိုင်ငံလုံးအဆိုင်ရာ မိခင်များ အန္တရာယ်ကင်းရှင်းရေး အစီအစဉ်မှ ညွှန်ကြားရေးမှူး ချီမွေမွေ ချီပွန်ဂူက ပြောကြားခဲ့သည်။

    ရရှီအာကျွမ်းကျင်ပညာရှင် အဟ်မဒ် ချင်ဒါကလည်း ထိုအစီအစဉ်မှာ မီးဖွားစဉ် မိခင်များသေဆုံးမှုကို အလေးထားခဲ့သည့် တမန်တော် မုဟမ္မဒ်သခင်၏ သွန်သင်ဆုံးမမှုနှင့် ညီညွတ်သည်ဟု ပြောကြားခဲ့သည်။

    “မီးဖွားစဉ် မိခင်တွေသေဆုံးမှုကို ကိုယ်တော်က အလေးထားခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကိုယ်တော်က ကလေးမီးဖွားစဉ် သေဆုံးခဲ့တဲ့အမျိုးသမီးတွေဟာ အာဇာနည်တွေဖြစ်ကြတယ်လို့ ဂုဏ်ပေး မိန့်ကြားခဲ့တာပါ။ ဒ့ါကြောင့် ကျွန်တော့်အနေနဲ့ ဒီအစီအစဉ်ကို ချီးကျူးပါတယ်” ဟု ချင်ဒါက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် မိခင်များသေဆုံးမှုအရေအတွက် လျော့ချရေး ဆောင်ရွက်ရန် အချိန်ရောက်လာပြီဖြစ်ကြောင်း၊ ထိုပြဿနာကို ဖြေရှင်းရန်အတွက် ဆောင်ရွက်မှုများ မရှိသည်မှာ ၀မ်းနည်းစရာဖြစ်ပြီး ယခုအစီအစဉ်က ရည်ရွယ်ချက်အောင်မြင်ရန် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    မာလာဝီနိုင်ငံမှာ နိုင်ငံရေးနှင့် ဘာသာရေးကို ခွဲခြားထားသော နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၁၆ သန်းတွင် အစ္စလာမ်ဘာသာဝင်မှာ ၃၆ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်ပြီးနောက် ဒုတိယ အများဆုံးလည်းဖြစ်သည်။

    Ref: onislam

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    – တောင်အာဖရိကနိုင်ငံ ကာလီတန်ဗီလီမြို့အနီးရှိ ဟာမိုနီဂိုးလ်မိုင်းတွင် ယမန်နေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိုင်းလုပ်သား ၅၀၀ ကျော်ရှိသည့်အနက် ၄၈၆ ဦကို ကယ်တင်နိုင်ခဲ့ကာ ၁၈ ဦးပျောက်ဆုံးနေသည်ဟု မိုင်းကုမ္ပဏီက ပြောကြားလိုက်သည်။ မြေအောက် ၂.၃ ကီလိုမီတာအနက်တွင် လေအေးပေးစက် ပြုပြင်ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    – လာမည့်ဧပြီလတွင် မြို့တော်ပြုံးယမ်၌ ပြုလုပ်ရန် စီစဉ်ထားသည့် မာရသွန်ပြိုင်ပွဲတွင် နိုင်ငံတကာမှ အပြေးသမားများအား အီဘိုလာပြန့်နှံ့မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဟု မြောက်ကိုရီးယား အာဏာပိုင်များက ပြောကြားလိုက်သည်။ အီဘိုလာဖြစ်ပွားသည့် အနောက်အာဖရိကနှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသော်လည်း မြောက်ကိုရီးယားမှာ အီဘိုလာကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်နေပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ နိုင်ငံခြား ခရီးသွားများ ၀င်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။

    – ဒေသအတွင်း လေတပ်အင်အား သာလွန်ရန်အတွက် ကန်ဒေါ်လာ ၃ ဘီလီယံ သုံးစွဲ၍ F 35 တိုက်လေယာဉ် ၁၄ စီးကို အမေရိကန်မှ ၀ယ်ယူမည်ဟု အစ္စရေးက အတည်ပြုခဲ့သည်။ အဆိုပါလေယာဉ်များထဲမှ ပထမဆုံး ၂ စီးမှာ ၂၀၁၆ ခုနှစ်တွင် ရောက်ရှိလာမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကျန်ရှိသည့် အစီးရေများကို ပို့ဆောင်မည်ဖြစ်ကာ အားလုံးရောက်ရှိပါက အစ္စရေးလေတပ်တွင် F 35 တိုက်လေယာဉ်စီးရေ ၃၃ စီးအထိ ရှိလာမည်ဖြစ်သည်။

    – တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် ကန်ဒေါ်လာ ၃.၄ သန်းတန် တာဝေး လေကြောင်းရန်ကာကွယ်ရေးစနစ်ကို နေတိုး ကာကွယ်ရေးစနစ်များနှင့် လျော်ညီအောင် ဆောင်ရွက်၍ တပ်ဆင်အသုံးပြုသွားမည်ဟု တူရကီ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကာလင်က ယနေ့တွင် ပြောကြားလိုက်သည်။

    – အင်အား ၄.၅ မဂ္ဂနီကျုရှိသော ငလျင်တစ်ခုမှာ ဂျပန်နိုင်ငံအရှေ့ပိုင်း ချီဘာပြည်နယ်သို့ ဦးတည်ကာ ယနေ့တွင် လှုပ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ မရှိသော်လည်း ဂျပန် မိုးလေ၀သဌာနက ဆူနာမီကြေညာချက် ထုတ်ပြန်ခဲ့သည်။

    – ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ် ဒီ ဂေါလ်မှနေ၍ အီရတ်နိုင်ငံရှိ IS အဖွဲ့များကို လေကြောင်းမှတိုက်ခိုက်ရန် စစ်ဆင်ရေးကို ယနေ့တွင် စတင်ခဲ့သည်ဟု ပြင်သစ်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ပြင်သစ်မှာ IS အဖွဲ့အား အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်ရေး မဟာမိတ်အဖွဲ့တွင် ပထမဆုံး ၀င်ပါခဲ့သော နိုင်ငံလည်းဖြစ်သည်။

    Ref: news agencies

  • ဘုရင်စနစ်ကို အသရေဖျက်သည့် ထိုင်းလူငယ် ၂ ဦး ထောင်ချခံရ

    ဘုရင်စနစ်ကို အသရေဖျက်သည့် ထိုင်းလူငယ် ၂ ဦး ထောင်ချခံရ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    thai 1

    – တက္ကသိုလ်ပြဇာတ်တစ်ခုတွင် ထိုင်းဘုရင်စနစ်အား အသရေဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် ထိုင်းလူငယ် ၂ ဦးအား ယနေ့တွင် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်သည်ဟု သိရသည်။

    ထောင်ဒဏ်ချမှတ်ခံရသူများမှာ အသက် ၂၃ နှစ်အရွယ်ရှိ ပတီဝပ် ဆာရိုင်ယမ်နှင့် အသက် ၂၆ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ပွန်တစ်ပ် မန်ကောင်တို့ဖြစ်ကြပြီး ၁၉၇၃ ခု ဒီမိုကရေစီအရေး ကျောင်းသားများဆန္ဒပြမှု နှစ် ၄၀ အထိမ်းအမှတ်အဖြစ် သာမာဆက် တက္ကသိုလ်တွင် ပြုလုပ်သော အခမ်းအနား၌ “The Wolf Bride” ဟူသော ဘုရင်စနစ်အား လှောင်ပြောင်သည့် ပြဇာတ်ကို ကပြခဲ့သောကြောင့် ပြီးခဲ့သည့် သြဂုတ်လက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

    ၎င်းတို့နှစ်ဦးအား အစပထမတွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သော်လည်း အပြစ်ရှိကြောင်း ၀န်ခံထွက်ဆိုခဲ့၍ ပြစ်ဒဏ်တစ်ဝက် လျှော့ပေးခဲ့ခြင်းဖြစ်သည်ဟု အမှုစီရင်သည့် ဘန်ကောက်မြို့ရှိ ရက်ခ်ျတာဒါ တရားရုံးမှ တရားသူကြီးက ပြောကြားခဲ့သည်။

    “ပြဇာတ်မှာပါဝင်ခဲ့တဲ့ သူတို့ရဲ့ အခန်းကဏ္ဍက ဘုရင်စနစ်ကို ဆိုးရွားစွာ ထိချက်စေတယ်လို့ တရားရုံးက ယူဆပါတယ်။ ပြီးတော့ သူတို့ရဲ့ ပြစ်ဒဏ်ကို ရပ်ဆိုင်းဖို့ ဘာအကြောင်းမှ မရှိပါဘူး”

    အဆိုပါ လူငယ် ၂ ဦး၏ ရှေ့နေကမူ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ဘုရင်စနစ်အား အသရေဖျက်သော အဆိုပါပြဇာတ်တွင် ပါဝင်ခဲ့သူ အနည်းဆုံး ၆ ဦးကို ပုဒ်မ ၁၁၂ အား ချိုးဖောက်မှုဖြင့် လိုက်လံရှာဖွေနေသည်။ ဘုရင်၊ ဘုရင်မ၊ ထီးညွှန့်နန်းလျာနှင့် ဆွေတော်မျိုးတော်များအား စော်ကားခြင်းအတွက် သတ်မှတ်ထားသော အဆိုပါပုဒ်မတွင် စွဲချက်တစ်ခုချင်းစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

    Ref: aljazeera