News @ M-Media

Author: Ko Lay

  • ကနေဒါတက္ကသိုလ်တစ်ခုတွင် ရော်နယ်ဒိုအထူးပြုဘာသာရပ် သင်ကြားမည်

    ကနေဒါတက္ကသိုလ်တစ်ခုတွင် ရော်နယ်ဒိုအထူးပြုဘာသာရပ် သင်ကြားမည်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media

    rmd

    – ကနေဒါရှိ တက္ကသိုလ်တစ်ခုက ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို အကြောင်းအား ဘာသာရပ်တစ်ခုအဖြစ် သင်ကြားကာ ဘွဲ့ပေးအပ်တော့မည်ဟု သိရသည်။

    British Columbia Okanagan တက္ကသိုလ်ဖြစ်ပြီး ထိုအထူးပြုဘာသာရပ်တွင် လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးသော ရော်နယ်ဒို၏ ကျော်ကြားမှုကို အာရုံစိုက်သင်ကြားကာ ဘွဲ့ပေးမည်ဖြစ်သည်။ လေးနှစ်ကြာ တက်ရောက်ရမည့် အဆိုပါ ဘာသာရပ်မှာ ရော်နယ်ဒို၏ ဘောလုံးစွမ်းရည်များကို အခြေခံမည်မဟုတ်ချေ။

    ထိုကဲ့သို့ ဘွဲ့အသစ်ပေးအပ်ခြင်းအတွင် တက္ကသိုလ် လူမှုဗေဒဌာနမှ ပါမောက္ခ လူးဝစ် အဂူယာက “ဆွေးနွေးမှုတိုင်းမှာ ရော်နယ်ဒိုကို ဦးတည်ပြီး ပြုလုပ်သွားမှာပါ။ စာသင်ခန်းအတွင်း သင်ကြားမှုမှာလည်း ရော်နယ်ဒိုအကြောင်းပါပဲ။ ပြီးတော့ ကျွန်တော်တို့ဟာ ပိုမိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို ရှာဖွေဖော်ထုတ်သွားမှာပါ” ဟု ပြောကြာခဲ့သည်။

    ထို့ပြင် ၎င်းက မိမိတို့မှာ ရော်နယ်ဒို၏ အထုပ္ပတ္တိထက် ၎င်း၏ လူမှုဘ၀ ထူးခြားမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုလေ့လာသွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်ကို ရော်နယ်ဒို သိရှိပြီလားဆိုသည်နှင့် ပတ်သက်၍ မသိရသေးသော်လည်း မိမိတို့အနေဖြင့် ၎င်းကိုယ်တိုင် ပါဝင်ရေးအတွက် ကြိုဆိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: alarabiya

  • မြန်မာအစိုးရနှင့် တိုင်းရင်းသားတပ်များ ယခုတစ်ပတ်တိုက်ပွဲ လူ ၂၀ သေဆုံး

    မြန်မာအစိုးရနှင့် တိုင်းရင်းသားတပ်များ ယခုတစ်ပတ်တိုက်ပွဲ လူ ၂၀ သေဆုံး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media

    myanmar-soldier

    – မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ်နီးတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ယခုသီတင်းပတ်အတွင်း ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့သည်ဟု အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များမှ ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တနင်္လာနေ့မှစ၍ ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း မြန်မာစစ်သား ၉ ဦးနှင့် သူပုန် ၁၁ ဦး သေဆုံးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

    တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC က လည်း အဆိုပါ ပြည်နယ်နှစ်ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း မြန်မာစစ်တပ်မှ အယောက် ၃၀ ကျော် သေဆုံးခဲ့ကာ လက်နက်ကိုင်များဘက်မှ ၄ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    UNFC မှာ မကြာသေးမီကပင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး သဘောတူညီချက်ကို လက်မှတ်ထိုးရန် သမ္မတဦးသိန်းစိန်အား တောင်းဆိုခဲ့ပြီး UNFC ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ခွန်ဥက္ကာကလည်း အဆိုပါ သဘောတူညီချက်က တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် လမ်းခင်းပေးမည်ဖြစ်သော်လည်း မကြာခင်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှာ အပစ်ရပ်ရေးလုပ်ငန်းအား ပျက်စီးစေသည်ဟု ပြောကြားခဲ့သည်။

    UNFC မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးသဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင်
    လက်မှတ်ရေးထိုးချင်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တစ်ချို့မှာ အစိုးရနှင့် အပစ်ရပ်ရေး သဘောတူညီထားပြီး ယခုတစ်ပတ် အစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တအန်းလွတ်မြောက်ရေးတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့မှာ အစိုးရနှင့် အပစ်ရပ်ရေး သဘောတူညီချက် မရရှိထားပေ။

    ခွန်ဥက္ကာကမူ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရေး လက်မှတ်ထိုးရန်အတွက် ဖိအားပေးရန် အစိုးရက စစ်တိုက်နေခြင်း ဖြစ်နိုင်သည်ဟု ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

    မြန်မာအစိုးရကမူ ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် တစ်နိုင်ငံလုံးအပစ်ရပ်ရေး သဘောတူညီချက်ကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်မှတ်ရေးထိုးချင်သည်ဟု ပြောကြားထားသည်။

    သို့သော်လည်း တိုင်းရင်းသားများဘက်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုလိုချင်နေပြီး စစ်တပ်ကမူ ဗဟိုမှချုပ်ကိုင်သော အစိုးရ လိုအပ်သည်ဟု အခိုင်အမာဆိုနေသောကြောင့် ဆွေးနွေးညှိနှိုင်းမှုများတွင် ဖက်ဒရယ်ပြည်ထောင်စုကိစ္စမှာ လိပ်ခဲတည်းလည်းဖြစ်နေသည်။

    Ref: reuters

  • အမေရိကန်သမ္မတ ဘာရာက်အိုဘားမား မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

    အမေရိကန်သမ္မတ ဘာရာက်အိုဘားမား မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media

    obm

    – အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန်နှင့် အခြားသော ပြည်တွင်းပြည်ပအရေးများကို ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ အမေရိကန် မွတ်စလင်ခေါင်းဆောင်များနှင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ”တက်ရောက်လာသူတွေရဲ့ နယ်ပယ်အသီးသီးမှာ ဆောင်ရွက်မှုနဲ့ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေကို ချပြတာတွေအတွက် သမ္မတက ကျေးဇူးတင်ခဲ့ပါတယ်။ ပြီးတော့ မတူညီတဲ့ ဘာသာရေးအသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံခြင်းဟာ တန်ဖိုးရှိတဲ့အမြင်တွေ၊ တုံ့ပြန်မှုတွေ ရရှိစေတယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်” ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါတွေ့ဆုံပွဲတွင် အိုဘားမားက IS အဖွဲ့နှင့် အစ္စလာမ်၏ အမည်နာမကို အသုံးပြုကာ အကြမ်းဖက်မှုများကို ဆိုးရွားစွာ ကျူးလွန်နေကြသည့် အခြားသောအဖွဲ့များကို ဆက်လက်တွန်းလှန်ရေး လိုအပ်ချက်ကို အလေးထားဆွေးနွေးခဲ့သည်။

    ထို့ပြင် အိုဘာမားဦးဆောင်ပြုလုပ်ခဲ့သည့် ကျန်မာရေးစောင့်ရှောက်မှုအစီအစဉ် Obamacare နှင့် အမေရိကန်အတွင်း အစ္စလာမ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများ မြင့်တက်လာမှုများကဲ့သို့ ပြဿနာများအပြင် ပြည်တွင်းရေးကိစ္စများကိုလည်း
    ဆွေးနွေးခဲ့ကြသည်။ အိုဘားမားကမူ မိမိအနေဖြင့် ပြည်သူများနှင့် ဥပဒေစိုးမိုးရေး ၀န်ထမ်းများအကြား ယုံကြည်မှုကို ပိုမိုခိုင်မြဲစေချင်သည်ဟု ပြောကြားခဲ့သည်။

    “သမ္မတက အမုန်းတရားကြောင့်ဖြစ်တဲ့ ရာဇ၀တ်မှုတွေကို တရားစွဲဆိုခြင်းနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေကို အရေးယူခြင်းဖြင့် ပြည်သူ့အခွင့်အရေးကို ကာကွယ်ပေးမယ်ဆိုတဲ့ အစိုးရအဖွဲ့ရဲ့ ကတိက၀တ်ကိုလည်း ထပ်မံကတိပြုခဲ့ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်မွတ်စလင်ခေါင်းဆောင်များအနေဖြင့် လူ့အဖွဲ့အစည်းတွင် စေ့စပ်ဆောင်ရွက်ကြရန် အိုဘားမားက တိုက်တွန်းခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ အိမ်ဖြူတော်တွင်ပြုလုပ်မည့် အကြမ်းဖက်တိုက်ဖျက်ရေး ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍လည်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါထိပ်သီးအစည်းဝေးပွဲတွင် အစွန်းရောက်ဝါဒအား တားဆီးရန် နိုင်ငံတကာနှင့် ပြည်တွင်းတွင် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးမည်ဟု အိမ်ဖြူတော်ကဆိုသည်။

    တရားဝင် စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း အမေရိကန် ပြည်ထောင်စုတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက်မှာ ၆ သန်းမှ ၈ သန်းအထိ ရှိမည်ဟု ခန့်မှန်းရသည်။

    Ref: onislam

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၅၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    – ယူကရိန်းအရှေ့ပိုင်း အစိုးရနှင့် ခွဲထွက်ရေးတပ်များ တိုက်ခိုက်နေမှုများအတွက် မိမိတို့အနေဖြင့် အလွန်အမင်းစိုးရိမ်မိပြီး သံတမန်ရေးနှင့် နိုင်ငံရေးနည်းလမ်းတို့ဖြင့် ရေရှည်ခံသော အပစ်ရပ်ရေးကို ချက်ခြင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က တိုက်တွန်းလိုက်သည်။

    – ယမန်နေ့က ထိုင်ပေမြစ်ထဲသို့ ပျက်ကျခဲ့သည့် လေယာဉ်မှ လေယာဉ်မှူးမှာ လေယာဉ်ပျက်ကျကာနီးအချိန်တွင် မြို့အတွင်းရှိ လူနေတိုက်တာအဆောက်အဦးများကို ရှောင်ရှားနိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့ပြီး လူအများအပြားသေဆုံးမည့် အန္တရာယ်ကို ရှောင်ရှားနိုင်အောင် ဆောင်ရွက်ခဲ့သည့် လေယာဉ်မှူးကိုလည်း ချီးကျူးခဲ့သည်။

    – မက္ကဆီကိုမြောက်ပိုင်း အမေရိကန်နယ်စပ်နီးတွင် မက္ကဆီကို စစ်တပ်နှင့် မူးယစ်ဂိုဏ်းတို့ ယမန်နေ့ညပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မူးယစ်ဂိုဏ်ဒသား ၈ ဦးသေဆုံးခဲ့သည်။

    – ဆီးရီးယားနှင့် အီရတ်ရှိ IS အဖွဲ့သို့ ၀င်ရောက်ခဲ့သော တရုတ်လူမျိုး သုံးဦးမှာ ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် IS အဖွဲ့က တစ်ဦးအား ပစ်သတ်ခဲ့ကာ ၂ ဦးအားခေါင်းဖြတ်သက်ခဲ့သည်ဟု တရုတ်အခြေစိုက် Global Times သတင်းစာတွင် ဖော်ပြခဲ့သည်။

    – ယနေ့နံနက်ပိုင်းက ၀ါရှင်တန်တွင်ပြုလုပ်ခဲ့သည့် ဘာသာရေးအခမ်းအနားတစ်ခုတွင် အမေရိကန်သမ္မတ ဘာရက်ဘိုဘားမားနှင့် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့မှာ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးမှာ စကားပြောဆိုမှု မလုပ်ခဲ့ကြဘဲ တရုတ်နိုင်ငံကမူ ၎င်းတို့နှစ်ဦး၏ မည်သည့် တွေ့ဆုံမှုမျိုးမဆို ဆန့်ကျင်သွားမည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    – ၂၀၁၁ ခုနှစ် တော်လှန်ရေးနောက်ပိုင်း နိုင်ငံအား ပြည်ဝသည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန် ကြိုးပမ်းမှုအဖြစ် တူနီးရှားနိုင်ငံတွင် လောကီဝါဒီ၊ ဘာသာရေးဝါဒီနှင့် ပါတီငယ်များမှ အဖွဲ့ဝင်များ အားလုံးပါဝင်သော ညွှန့်ပေါင်းအစိုးရကို ယနေ့တွင်ဖွဲ့စည်းခဲ့သည်။

    Ref: news agencies

  • ခရစ်ယာန်ဘုရားကျောင်းများအား ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုအတွက် အိန္ဒိယ ခရစ်ယာန်များ  ဆန္ဒပြ

    ခရစ်ယာန်ဘုရားကျောင်းများအား ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုအတွက် အိန္ဒိယ ခရစ်ယာန်များ ဆန္ဒပြ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    Demonstrators shout slogans as they hold placards during a protest outside a church in New Delhi

    – ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက် မိမိတိုလူနည်းစုများကို အစိုးရက ကာကွယ်မှုပေးရန် အိန္ဒိယရှိခရစ်ယာန်များက ဒေလီမြို့တွင် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်ဟု သိရသည်။

    ယနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုတွင် ခရစ်ယာဘာသာဝင် ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး ပါလီမန်အဆောက်အဦးအနီး တည်ရှိသော ဒေလီ၏ အကြီးဆုံး ကက်သလစ်ဘုရားကျောင်းမှ ပြည်ထဲရေ၀န်ကြီး ရာဂ်ျနသ် ဆင်း၏ နေအိမ်သို့ ချီတက်ရန် ကြိုးစားရာမှ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ လူစုဝေးမှုကို တားမြစ်ပိတ်ပင်သည့် အရေးပေါ်ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ရာပေါင်းများစွာသော ခရစ်ယာန်ပြည်သူများ ဘုရားကျောင်းထဲ ရှိနေချိန်တွင် အပြင်မှ ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်က ပိတ်ဆို့ထားခဲ့ကြသည်။

    `ကျွန်တော်တို့ မေးနေတာက “ရဲတွေဘာလုပ်နေလဲ ဆိုတာပါပဲ´´ အစိုးရက ဘာလုပ်နေလဲ´ ဟု ဂယ်ရီဟု အမည်ရသည့် ဆန္ဒပြ ခရစ်ယာန်တစ်ဦးက ပြောကြားခဲ့ပြီး ခရစ်ယာန်များအနေဖြင့် သင့်တော်သည့် လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းမှုကို လိုချင်သည်ဟု ပြောကြားခဲ့သည်။

    ဒီဇင်ဘာနောက်ပိုင်းအတွင်း ဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၅ ခုခန့်မှာ မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်းနှင့် လုယက်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ယခုတစ်ပတ် တနင်္လာနေ့က ဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှ အခမ်းအနားနှင့်ဆိုင်သည့် ပစ္စည်းများ အခိုးခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဒေလီမြို့မြောက်ဘက်ရှိ ကက်သလစ်ဘုရာကျောင်းတစ်ခုမှာ မီးရှို့ခံခဲ့ရသည်။

    ခရစ်ယာန်များက ထိုတိုက်ခိုက်မှုများကို အာဏာရ အမျိုးသားရေးပါတီ BJP မှ ဟိန္ဒူအစွန်းရောက်များက ဆောင်ရွက်ကြသည်ဟု ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့မူ သက်သေမရှိသောကြောင့် အရေးမယူနိုင်ဟု ပြောကြားခဲ့သည်။ အတိုက်အခံများကလည်း ခရစ်ယာန်ဘုရားကျောင်းများတိုက်ခိုက်ခံရမှုအတွက် BJP ကို အပြစ်တင်ခဲ့သည်။

    ဟိန္ဒူအစွန်းရောက်များမှာ ခရစ်ယာန်ဘာသာဝင်များအပြင် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းတော်များကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ အိန္ဒိယ၏ သန်းပေါင်း ၁၂၀၀ ကျော်သော လူဦးရေတွင် ခရစ်ယာန်ဘာသာဝင်ဦးရေမှာ ၅ ရာခိုင်နှုန်းခန့်ရှိသည်။

    Ref: reuters, BBC