News @ M-Media

Author: Ko Lay

  • ကာမဗန်းပြ၍ ထောင်ဖောက်ပြေးမှု ဘရာဇီးလ်တွင်ဖြစ်ပွား

    ကာမဗန်းပြ၍ ထောင်ဖောက်ပြေးမှု ဘရာဇီးလ်တွင်ဖြစ်ပွား

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    brz 2

    – ဘရာဇီးလ်ရှိ အကျဉ်းထောင်တစ်ခုတွင် ပြင်ပမှ အမျိုးသမီး ၃ ဦး၏ အကူအညီဖြင့် ထောင်သား ၂၈ ဦး ထောင်ဖောက်ထွက်ပြေးခဲ့သည်ဟု သိရသည်။

    ဘရာဇီးအလယ်ပိုင်းရှိ Nova Mutum အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုယ်လုံးတီးဖြင့် လက်ထိပ်ခပ် ခံထားရသော ထောင်အစောင့် ၃ ဦးကို ကြာသာပတေးနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ရသည်။ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါထောင်မှ အကျဉ်းသားတစ်ဦး၏ ချစ်သူအပါအ၀င် မလုံ့တလုံ ရဲဝတ်စုံကို ၀တ်ထားသော အမျိုးသမီး သုံးဦးမှာ ကြာသာပတေးနေ့ နံနက် ၃ နာရီအချိန်က အဆိုပါ အကျဉ်းထောင်သို့ ရောက်လာခဲ့ပြီး အစောင့်များကို ၀ီစကီများတိုက်ကာ ၎င်းတို့နှင့် ပျော်ပါးတော့မည်ဟု ယုံကြည်စေရန် ဆွဲဆောင်ခဲ့သည်။

    ထို့နောက် အစောင့်များအား ၀န်ထမ်းများအိပ်သော နေရာသို့ ခေါ်ဆောင်သွားပြီး လက်ထိပ်ခတ်၍ ၎င်းတို့ထံမှ သော့များကို ယူဆောင်ကာ အကျဉ်းခန်းများအား ဖွင့်ပေးခဲ့၍ အကျဉ်းသား ၂၈ ဦးမှာ ထွက်ပြေးသွားခဲ့ကြသည်။ အကျဉ်းသားများမှာ အဆိုပါထောင်မှ သေနတ်များနှင့် လက်နက်ခဲယမ်းများကိုလည်း ယူဆောင်သွားခဲ့ကြသည်။

    ထိုအမျိုးသမီးများ ၀တ်ဆင်သည်ဟု ယူဆရသည့် မလုံ့တလုံ အမျိုးသမီးရဲဝတ်စုံများကို နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရပြီး ထောင်မှူး အိန်ဂျလာ ဒီ အန်ဒရာဒက်စ်ကမူ အဆိုအပါအမျိုးသမီးများတိုက်ခဲ့သော ၀ီစကီတွင် မူးယစ်စေတတ်သော ပစ္စည်းများ ထည့်ထားပြီး အစောင့်များမှာ ထိုဝီစကီကို သောက်ပြီးနောက် မည်သည်ကိုမှ မသိတော့ကြောင်း၊ ထိုအစီအစဉ်ကို အမျိးသမီး သုံးဦးထဲမှ တစ်ဦး၏ ထောင်ကျနေသော ချစ်သူက စီစဉ်ဆောင်ရွက်ခြင်းဖြစ်မည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

    ထောင်ဖောက်ပြေးသွားပြီးနောက် သောကြာနေ့တွင် ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ အကျဉ်းသား ၈ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်။ ထိုအထဲမှ တစ်ဦးမှာ ထောင်မှယူသွားသော သေနတ်ကိုကိုင်ကာ အရက်မူးပြီး လျှောက်သွားနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    အစောင့်သုံးဦးကိုမူ ဖမ်းဆီးထားကာ ထောင်ဖောက်ပြေးရာတွင် အားပေးကူညီမှု၊ လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ထောင်မှူးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: mirror

  • ဗြိတိန်စစ်တပ်တွင် မွတ်စလင်ပါဝင်မှု တိုးမြှင့်မည်

    ဗြိတိန်စစ်တပ်တွင် မွတ်စလင်ပါဝင်မှု တိုးမြှင့်မည်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၅
    M-Media

    briti

    – လူနည်းစုများပါဝင်မှု နည်းနေခြင်းကြောင့် ဝေဖန်မှုများခံနေရသည့် ဗြိတိန်စစ်တပ်တွင် မွတ်စင်လင်နှင့် အခြားလူနည်းစုများပါဝင်မှု တိုးမြှင့်မည့် အစီအစဉ်ကို ဗြိတိန်အစိုးရက ကြေညာခဲ့သည်ဟု သိရသည်။

    “ကျွန်တော့်ရဲ့ အမြင့်ဆုံး ဦးစားပေးအလုပ်ကတော့ ကျွန်တော်တို့ရဲ့ စစ်တပ်တစ်ခုလုံးမှာ အကောင်းဆုံး အရည်အသွေးရှိတဲ့သူတွေ ရှိနေအောင် ဆက်လက်လုပ်ဆောင်ဖို့ပါပဲ။ လူမည်းတွေ၊ အာရှနွယ်ဖွားတွေနဲ့ အခြားလူနည်းစုတွေကို စစ်တပ်မှာ ခန့်ထားမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း တိုးတက်လာပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အတိုင်းအတာကိုတော့ မရောက်သေးဘူးပေါ့ဗျာ။ ကျွန်တော်တို့ ပိုပြီး လုပ်ရအုံးမှာပါ” ဟု ဗြိတိန်စစ်တပ်မှ အကြီးအကဲတစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဆာ နီကိုလက်စ် ကာတာရ်က ဘီဘီစီသတင်းဌာနသို့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ဗိုလ်ချုပ်ကာတာရ်က ဗြိတိန်လူဦးရေ၏ ၄.၄ ရာခိုင်နှုန်းရှိသော မွတ်စလင်များ၏ ဗြိတိန်စစ်တပ်တွင် ပါဝင်မှုမှာ ၀.၄၅ ရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။ ဗြိတိန်၏ အမြဲတမ်းစစ်သာ ၈၇၀၀၀ တွင် လူမည်း၊ အာရှနွယ်ဖွားနှင့် အခြားသော လူနည်းစုများမှာ ၁၀ ရာခိုင်နှုန်းရှိသည်။

    တပ်သားသစ်စုဆောင်းမှု အကောင်းဆုံးဖြစ်ရန်အတွက် လူ့အဖွဲ့အစည်းတစ်ခုလုံးမှ အရည်အချင်းရှိသူများကို ရှာဖွေရမည်ဟု ဗိုလ်ချုပ် ကာတာရ်ကဆိုသည်။

    တရားဝင်စစ်တမ်းများအရ ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၂.၇ သန်းရှိသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်တွင် တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Demo ၏ စစ်တမ်းကောက်ယူမှုအရ ယူကေရှိ အစ္စလာမ်ဘာသာဝင်များမှာ
    အခြားသူများထက် တိုင်းပြည်ချစ်စိတ်ပိုမိုရှိကြောင်း တွေ့ခဲ့ရသည်ဟု ဆိုသည်။

    အဆိုပါအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ၎င်းတို့တွေ့ဆုံမေးမြန်းခဲ့သည့် မွတ်စလင်များ၏ ၈၃ ရာခိုင်နှုန်းမှာ ဗြိတိသျှဖြစ်ရသည်ကို ဂုဏ်ယူသည်ဟု ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

    မတူကွဲပြားသူများ ညီညွတ်မှု

    ဗြိတိန်စစ်တပ်အတွင်း လူနည်းစုများ ပိုမိုပါဝင်စေရန်အတွက် နိုင်ငံတစ်ဝှမ်းတွင် လစဉ်ပြုလုပ်သွားမည့် လှုပ်ရှားမှုများအတွင်း တပ်သားသစ်များကို စုဆောင်းသွားမည်ဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုတွင် အစီအစဉ် ၁၀ ခု ပါဝင်မည်ဖြစ်ပြီး လူနည်းစုများနှင့် စေ့စပ်ဆွေးနွေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “တကယ်တော့ အကြီးတန်းအရာရှိတွေက သူတို့ရဲ့ဘက်မှာရှိပြီး သူတို့အတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတာ မွတ်စလင်တွေနဲ့ အခြားသောလူနည်းစုတွေကသိဖို့ အရေးကြီးပါတယ်” ဟု ဗြိတိန်စစ်တပ်အကြီးအကဲဟောင်း ဗိုလ်ချုပ် ဆာ ဒေးဗစ် ရစ်ချက်က ပြောကြားခဲ့သည်။

    စစ်တပ်အတွင်း လူနည်းစုများ၏ အရေအတွက်ကို တိုးမြှင့်ပေးမည့်အစီအစဉ်တွင် မွတ်စလင်များအပြင်၊ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူ၊ ဘာသာမဲ့၊ ဂျူး၊ ဆစ်ခ်၊ လိင်တူချစ်သူနှင့် လိင်ပြောင်းထားသူများကိုလည်း ပစ်မှတ်ထားသွားမည်ဖြစ်သည်။

    ကာကွယ်ရေးဝန်ထမ်းများနှင့် အကြီးအကဲများအတွက် အစ္စလာမ်ဘာသာရေး အကြံပေးတာဝန်ကို ထမ်းဆောင်နေသော အီမာမ် အစင်မ် ဟာဗစ်ဇ်က ဗြိတိန်စစ်တပ်၏ ထိုလှုပ်ရှားမှုနှင့်ပတ်သက်၍ ချီးကျူးပြောကြားခဲ့ပြီး မတူကွဲပြားသူများ ညီညွတ်မှုမှာ မိမိတို့နိုင်ငံ၏ ကြီးမားသောအင်အားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ သူတို့(စစ်တပ်က) အလုပ်အကျွေးပြုနေတဲ့ ပြည်သူတွေနဲ့ ပိုမိုနီးကပ်လာစေတာသာမက မတူညီတဲ့ ယဉ်ကျေးမှုတွေကို စစ်တပ်က နားလည်သဘောပေါက်မှုကိုလည်း တိုးလာစေပါတယ်”

    Ref: onislam

  • အသင်းရလဒ်ဆိုးမှုအတွက် မတုန်လှုပ်ဟု ဘိုင်ယန်နည်းပြဆို

    အသင်းရလဒ်ဆိုးမှုအတွက် မတုန်လှုပ်ဟု ဘိုင်ယန်နည်းပြဆို

    ဖေဖော်ဝါရီ ၇၊ ၂၀၁၅
    M-Media

    gdy

    – ဒုတိယ ရာသီဝက်ပြန်စချိန်တွင် ဆိုးရွားသောရလဒ်များနှင့် ရင်ဆိုင်နေရသော်လည်း မိမိတို့အသင်း၌ မည်သည့်ပြဿနာမှ မရှိုဟု ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက ပြောကြားလိုက်သည်။

    ပထမရာသီဝက်တွင် ဘိုင်ယန်မှာ ၁၇ ပွဲကစားပြီး ၁၄ ပွဲအနိုင်ရရှိခဲ့ကာ ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့သော်လည်း ဆောင်းရာသီနားချိန်ပြီးနောက် ပထမဆုံး ပြန်ကစားသည့်ပွဲတွင် ၀ုလ်ဘဂ်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အင်္ဂါနေ့က ကစားခဲ့သည့် ရှော်လ်ကာအသင်းနှင့်ပွဲတွင်လည်း ၁ ဂိုးစီ သရေကျခဲ့သည်။

    ဂွာဒီယိုလာကမူ မိမိအနေဖြင့် ထိုရလဒ်အတွက် ခြောက်ခြားခြင်းမရှိဘဲ အသင်းတွင်လည်း မည်သည့်ပြဿနာမှ မရှိဟု ပြောကြားခဲ့သည်။

    “ပြဿနာလား။ ဘာပြဿနာမှ မရှိပါဘူး။ ဒါမျိုးတွေက ဖြစ်နေကျပါပဲ။ တစ်ပွဲ၊ နှစ်ပွဲလောက်ကတော့ မကြာခဏ ရှုံးနိုင်ပါတယ်။ ကျွန်တော်တို့အသင်းက သုံးလေးပွဲလောက်ရှုံးလို့ရပြီး ပြိုင်ဘက်တွေကို အမြဲတမ်း ၂၅ မှတ်လောက်ဖြတ် ဗိုလ်စွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဂွာဒီယိုလာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂွာဒီယိုလာမှာ ရှော်လ်ကာနှင့်ပွဲတွင် စည်းကြပ်ဒိုင်နှင့် ပြဿနာဖြစ်ပွားခဲ့ပြီး ထိုအတွက်လည်း ပြန်လည်တောင်းပန်ခဲ့သည်။

    “ကျွန်တော်လုပ်ခဲ့တဲ့ကိစ္စအတွက် ဘွန်ဒစ်လီဂါကိုရော၊ အခြားအသင်းတွေအားလုံးကိုရော တောင်းပန်ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေ အတွက် ကျွန်တော် တကယ့်ကိုစိတ်မကောင်းပါဘူး။ ကျွန်တော်ဟာ ကာ့တ်လန်သားဖြစ်ပြီး တစ်ခါတစ်လေမှာ စိတ်ခံစားမှုရှိပါတယ်။ ပြီးတော့ ကျွန်တော်ဟာ လူငယ်နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒါမျိုးနည်းနည်းပါးပါးဖြစ်ခဲ့တာပါ”

    Ref: goal.com

  • ယီမင်တွင် သူပုန်အာဏာသိမ်းမှုကို ပြည်သူများဆန့်ကျင်

    ယီမင်တွင် သူပုန်အာဏာသိမ်းမှုကို ပြည်သူများဆန့်ကျင်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၅
    M-Media

    yeman

    – ယီမင်နိုင်ငံတွင် ဟူသီလူမျိုးစုအဖွဲ့၏ အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ယီမင်ပြည်သူ ထောင်ပေါင်းများစွာတို့မှာ လမ်းမပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြပြီး သမ္မတကောင်စီဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

    တိုင်းပြည်အုပ်ချုပ်ရန်အတွက် ၁၈ ဦးပါ လုံခြုံရေးကော်မရှင် ဖွဲ့စည်းလိုက်ပြီဟု အာဏာသိမ်း ဟူသီအဖွဲ့က ကြေညာပြီးနောက် ယနေ့တွင် မြို့တော်ဆန်နာနှင့် တာအစ်ဇ်မြို့တို့တွင် ပြည်သူများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အခြားသောမြို့များတွင်လည်း ပြုလုပ်ခဲ့ကြသည်။

    ဟူသီသူအဖွဲ့မှာ ယမန်နေ့က ပါလီမန်ကိုဖျက်သိမ်းခဲ့ပြီး ယခုဖွဲ့စည်းလိုက်သည့် လုံခြုံရေးကော်မရှင်တွင် ယခင် ၀န်ကြီးဟောင်းများကို ထည့်သွင်းထားသည်။ ထို့ပြင် ပါလီမန်နေရာတွင် အစားထိုးရန် အဖွဲ့ဝင် ၅၅၁ ဦးပါဝင်သည့် အမျိုးသားကောင်စီကို ဖွဲ့စည်းမည်ဟု စင်တင်ဘာလကတည်းက မြို့တော် ဆန်နာကို သိမ်းပိုက်ထားသော ဟူသီအဖွဲ့က ပြောကြားခဲ့သည်။

    ပြည်သူများ၏ ဆန္ဒပြမှုကို ဖြိုခွဲရန်တွက် မြို့တော် ဆန်နာတွင် ဟူသီအဖွဲ့က သေနတ်များကို မိုးပေါ်သို့ ထောင်ပစ်ခဲ့ကြပြီး ဆန္ဒပြသူ ၆ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

    ဟူသီအဖွဲ့၏အာဏာသိမ်းမှုက ယီမင်နိုင်ငံတွင် မငြိမ်မသက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု စိုးရိမ်မှုများရှိနေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ကုလအနေဖြင့် ထိုအရေးကို ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

    Ref: aljazeera

  • အာဖရိကနိုင်ငံများဖလား လက်ခံကျင်းပရန် ငြင်းဆိုသော မော်ရိုကို လာမည့် ၂ ကြိမ် ပါဝင်ခွင့်မရတော့

    အာဖရိကနိုင်ငံများဖလား လက်ခံကျင်းပရန် ငြင်းဆိုသော မော်ရိုကို လာမည့် ၂ ကြိမ် ပါဝင်ခွင့်မရတော့

    ဖေဖော်ဝါရီ ၇၊ ၂၀၁၅
    M-Media

    mrc

    – အီဘိုလာကူးစက်မည်ကို စိုးရိမ်သောကြောင့် ၂၀၁၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို လက်ခံကျင်းပရန် ငြင်းဆိုခဲ့သည့် မော်ရိုကိုအား လာမည့် အာဖရိကဖလားပြိုင်ပွဲ ၂ ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို အာဖရိက ဘောလုံးအဖွဲ့ချုပ် CAF က ပိတ်ပင်လိုက်သည်ဟု သိရသည်။

    မော်ရိုကိုမှာ ယခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပရန် ယခင်က တာဝန်ယူခဲ့သော်လည်း အာဖရိကအနောက်ခြမ်းတွင် ကူးစက်ပြန့်ပွားခဲ့သည့် အီဘိုလာရောဂါကြောင့် နိုင်ငံအတွင်း ကူးစက်ပြန့်ပွားမည်ကို စိုးရိမ်ရသည်ဟုဆိုကာ ပြိုင်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် ငြင်းဆိုခဲ့သည်။

    CAF မှ ယမန်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်၏ ထိုသို့ ငြင်းဆိုမှုမှာ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးအတွက် လက်ခံ၍မရနိုင်ဟု ယူဆခဲ့ပြီး ၂၀၁၇ နှင့် ၂၀၁၉ တွင် ပြုလုပ်မည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မပြုရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် CAF မှာ မော်ရိုကိုအား ဒဏ်ငွေ ပေါင် ၆သိန်း ၂ သောင်း ဒဏ်ရိုက်ခဲ့ပြီး ပြိုင်ပွဲမကျင်းပသောကြောင့် နစ်နာခဲ့ရသူများအတွက် နစ်နာကြေးအဖြစ် ပေါင် ၅.၉ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    မော်ရိုကိုက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ငြင်းဆိုခဲ့သောကြောင့် ၂၀၁၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို အီကွေတိုရီယဲလ် ဂီနီနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည်။

    Ref:goal.com