News @ M-Media
Author: Ko Lay
  • သီရိလင်္ကာ ကာကွယ်ရေး ၀န်ကြီးဟောင်း လူသတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ
    သီရိလင်္ကာ ကာကွယ်ရေး ၀န်ကြီးဟောင်း လူသတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ
    ဇန်န၀ါရီ ၁၈၊ ၂၀၁၅
    M-Media
    tri
    – သီရိလင်္ကာရှိ နာမည်ကြီးသတင်းစာတစ်စောင်၏ အယ်ဒီတာဖြစ်သူ ၂၀၀၉ ခုနှစ်က အသတ်ခံရမှုကို သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ၏ ညီဖြစ်သူက စီစဉ်ခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် သိရိလင်္ကာအာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
    အသတ်ခံရသူမှာ Sunday Leader သတင်းစာ၏ အယ်ဒီတာဖြစ်သူ လာဆန်သာ ၀စ်ကရီမာတွန်ဂါဆိုသူဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီက ဆိုးရွားသော သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
    ထိုသတ်ဖြတ်မှုကို သမ္မတဟောင်း ရာဂျာပက်ဆာ၏ညီ၊ ထိုစဉ်က ကာကွယ်ရေး ၀န်ကြီးဖြစ်သော ဂိုတာဘာယာ ရာဂျာပက်ဆာက အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယခင် ပြည်သူ့ဆက်ဆံရေးဝန်ကြီး မာဗန် ဆေးလ်ဗားက ယမန်နေ့တွင် ရဲတပ်ဖွဲ့၌ တိုင်ချက်ဖွင့်ခဲ့သည်။
    `ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ပြန်ပေးဆွဲခြင်း၊ အနိုက်အထက်ပြုခြင်းနဲ့ လူသတ်မှုတို့အတွက် တာဝန်ရှိနေတယ်လို့ ကျွန်တော်တို့ တိုင်တန်းချက် ရရှိပါတယ်။ လူသတ်မှုသုံးမှုကို အဲဒီတိုင်ချက်မှာ ဖော်ပြထားပြီး အဲဒီအထဲက တစ်ခုကတော့ ၀စ်ကရီမာတွန်ဂါ သေဆုံးမှုပါပဲ´ ဟု သီရိလင်္ကာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဂျစ် ရိုဟာနာက ပြောကြားခဲ့သည်။
    ထို့နောက်ပိုင်းတွင် ၀စ်ကရီမာတွန်ဂါမှာ အစိုးရအား အသရေဖျက်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး တရားရင်ဆိုင်နေစဉ်အတွင်းမှာပင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က သီရီလင်္ကာအစိုးရကမူ ၀စ်ကရီမာတွန်ဂါ သေဆုံးမှုတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိုဟု ငြင်းဆိုခဲ့သည်။
    ဇန်န၀ါရီ ၈ ရက်နေ့ သမ္မတရွေးကောက်ပွဲတွင် သမ္မတအောင်း မာဟင်ဒါ ရာဂျာပက်ဆာ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်စဉ်အတွင်းက ချစားခဲ့သည်ဆိုသော မှတ်တမ်းမှတ်ရာများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
    ရာဂျာပက်ဆာမှာ ရွေးကောက်ပွဲတွင် အခြေအနေမကောင်းသည်ကို သိရှိခဲ့ပြီးနောက်ပိုင်း စစ်တပ်ကို အာဏာသိမ်းရန် အမိန့်ပေးခဲ့ပြီး စစ်တပ်ကမူ လိုက်နာခဲ့ခြင်း မရှိချေ။
    Ref: aljazeera
  • အစ္စလာမ်ကြောက်ရောဂါကို တွန်းလှန်ရန် အမေရိကန်ရှိ အကြီးဆုံးမွတ်စလင်အဖွဲ့တစ်ခုက  လှုပ်ရှားမှုများ စတင်
    အစ္စလာမ်ကြောက်ရောဂါကို တွန်းလှန်ရန် အမေရိကန်ရှိ အကြီးဆုံးမွတ်စလင်အဖွဲ့တစ်ခုက လှုပ်ရှားမှုများ စတင်
    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media
    cair
    – အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့နေမှုကို တွန်းလှန်ရန်နှင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို သိရှိစေရန်ရည်ရွယ်၍ အမေရိကန်ရှိ ထင်ရှားသော မွတ်စလင် လူ့အခွင့်အရေးအဖွဲ့ CAIR က မွတ်စလင်မဟုတ်သူများအား အသိပညာပေးရေး
    လှုပ်ရှားမှုနှစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့်သီတင်းပတ်က ပြင်သစ်ရှိ Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံခဲ့ရပြီး သေနတ်သမားများက တမန်တော်မိုဟာမက်အား လှောင်ပြောင်စော်ကားသည့်အတွက် လက်စားချေခြင်းဖြစ်သည်ဟု ဟစ်အော်ခဲ့ကြသည်။ ထို့ကြောင့် အစ္စလာမ်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့ပြီး အစ္စလာမ်ကြောက်ရောက်ဂါမှာလည်း အရှိန်မြင့်လာခဲ့သည်။
    `စော်ကားမှုတွေ၊ လှောင်ပြောင်မှုတွေကို ငြိမ်းချမ်းစွာ တုံ့ပြန်ဖို့၊ အဲဒီလို လှောင်ပြောင်စော်ကားသူတွေနဲ့ ပတ်သက်ပြီး ဆုမွန်ကောင်းတောင်းပေးဖို့ မွတ်စလင်တွေကို ညွှန်ကြားထားတဲ့ ပါဒတော်တွေ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ထင်ထင်ရှားရှား အတိအကျကို ရှိနေပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ အစ္စလာမ့်ရဲ့ အနှစ်သာရတစ်ခုပါ´ ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ နီဟဒ် အ၀ဒ်က ပြောကြားခဲ့သည်။
    ထို့ကြောင့် အစ္စလာမ်နှင့်ပတ်သက်သည့် စစ်မှန်သော သတင်းစကားများ ပြန့်နှံ့စေရန်အတွက် CAIR မှာ `Shard the Quran´ (ကုန်အာန်ကျမ်းတော်မြတ် မျှဝေကြစို့) လှုပ်ရှားမှုတစ်ခုကို ယခုနှစ်ပတ်အတွင်း စတင်ခဲ့ပြီး ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်များ တောင်းဆိုကြသော အမေရိကန်မှ အခြားသော ဘာသာဝင်များအား ဖြန့်ဝေပေးခဲ့ကြသည်။
    CAIR မှ ဖြန့်ဝေပေးသော အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်တွင် အာရဘီမူရင်းနှင့် အင်္ဂလိပ်ဘာသာပြန်တွဲထားပြီး ပါဒတော် တစ်ခုချင်းစီအတွက် ရှင်းလင်းချက်ကိုလည်း အောက်ခြေမှတ်စုအဖြစ် ထည့်သွင်းထားသည်။ ထို့ပြင် သိလိုသည့်အကြောင်းအရာများကို အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် အမျိုးသမီးများ၏ အခွင့်အရေး၊ လူမှုရေးဆိုင်ရာ တရားမျှတမှု၊ အခြားဘာသာဝင်များအား လေးစားခြင်း စသည့်ခေါင်းစဉ်များကို မာတိကာတွင် ဖော်ပြထားပြီး သက်ဆိုင်သည့် ကျမ်းချက်များကိုလည်း ညွှန်းဆိုထားသည်။
    မီဒီယာလမ်းညွှန်
    ကုရ်အာန်ကျမ်းတော်မြတ်အား အခမဲ့ ဖြန့်ဖြူးခြင်းအပြင် CAIR မှာ အစ္စလာမ်သာသနာနှင့် ပတ်သက်၍ ပရော်ဖက်ရှင်နယ် မီဒီယာသမားများ နားလည်စေရန်အတွက် အစ္စလာမ်သာသနာ၊ မွတ်စလင်တို့နှင့် ပတ်သက်သည့် လမ်းညွှန်စာအုပ် တစ်အုပ်ကိုလည်း ဖြန့်ဖြူးခဲ့သည်။
    အဆိုပါစာအုပ် ကို “American Muslims: A Journalist’s Guide to Understanding Islam and Muslims” ဟု အမည်ပေးထားပြီး အစ္စလာမ်၊ မွတ်စလင်တို့နှင့် ဆက်စပ်နေသော နောက်ခံသမိုင်းကြောင်းများ၊ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း ကျင့်သုံးမှုများ၊ သတင်း၊ အာဒီတာ့အာဘော်များတွင် မကြာခဏ အသုံးပြုသော အစ္စလာမ့်ဝေါဟာရများ၏ အဓိပ္ပါယ်သတ်မှတ်ချက်များ စသည်တို့ ရှင်းလင်းဖော်ပြထားသည်။
    ထို့အပြင် အစ္စလာမ်နှင့်ပတ်သက်၍ များသောအားဖြင့် နားလည်မှုလွဲမှားသော အကြောင်းအရာများဖြစ်သည့် အစ္စလာမ်နှင့် ဒီမိုကရေစီ၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ အစ္စလာမ်ကပြောသည့် အမျိုးသမီးအခွင့်အရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေး စသည့်
    အကြောင်းအရာများလည်း ပါဝင်သည်။
    တရားဝင်တွက်ချက်ထားခြင်း မရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင် အစ္စလာမ်ဘာသာဝင်
    ၆ သန်းမှ ၈ သန်းအထိရှိသည်။
    Ref : onislam
  • တမန်တော်မိုဟာမက်၏ ကာတွန်းပုံ မီဒီယာများတွင် ဖော်ပြမှုအား ရုရှားပိတ်ပင်
    တမန်တော်မိုဟာမက်၏ ကာတွန်းပုံ မီဒီယာများတွင် ဖော်ပြမှုအား ရုရှားပိတ်ပင်
    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media
    cjar
    – တမန်တော်မိုဟာမက်၏ ကာတွန်းပုံအား နိုင်ငံအတွင်း ဖြန့်ချီမှု မပြုလုပ်ကြရန်နှင့် ထိုသို့ ဖော်ပြခြင်းက နိုင်ငံ၏ဥပဒေ၊ ကျင့်ဝတ်စံနှုန်းများဖြင့် မညီညွတ်ဟု ရုရှားအစိုးရက ပြောကြားလိုက်သည်။
    `ရုရှားမီဒီယာတွေမှာ ဒါမျိုးဖော်ပြတာဟာ ပြီးခဲ့တဲ့ ရာစုနှစ်တွေကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ မညီညွတ်ပါဘူး။ ဘာသာရေးသဘောပါဝင်တဲ့ ရုပ်ပြောင်တွေကို မီဒီယာမှာ ဖြန့်ဖြူးတာဟာ အဲဒီဘာသာတရား ယုံကြည်လိုက်နာတဲ့အုပ်စုကို အရှက်ရစေတာ၊ စော်ကားတာလို့ ယူဆနိုင်ပါတယ်။ ပြီးတော့ လူမျိုးရေးနဲ့ ဘာသာရေးအမုန်းတရားတွေကို လှုံ့ဆော်ပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်´ ဟု ရုရှားအစိုးရ၏ မီဒီယာစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor ၏ ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ထိုရုပ်ပြောင်များ ဖော်ပြမှုမှာ ရုရှား မီဒီယာဥပဒေနှင့် အကြမ်းဖက်ဆန့်ကျင်ရေး ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် တမန်တော်မိုဟာမက်၏ ကာတွန်းပုံကို ဖော်ပြခြင်းမပြုရန်လည်း အဆိုပါကြေညာချက်တွင် မီဒီယာများအား သတိပေးထားသည်။
    ပြီးခဲ့သည့်တစ်ပတ်က ပဲရစ်မြို့ရှိ Charlie Hebdo မဂ္ဂဇင်းအား သေနတ်သမားများက ၀င်ရောက်ပစ်ခတ်ခဲ့ပြီး လူ ၁၂ ဦး သေဆုံးခဲ့ကာ ထိုပစ်ခတ်မှုမှာ တမန်တော်မိုဟာမက်အား စော်ကားသော ကာတွန်းပုံကို ဖော်ပြမှုကြောင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု သေနတ်သမားများက ဟစ်အော်ခဲ့ကြသည်။
    သို့သော်လည်း ထိုတိုက်ခိုက်မှုအပြီးတွင် ထုတ်ဝေခဲ့သော Charlied Hebdo ၏ မဂ္ဂဇင်းအသစ်တွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံကို ထပ်မံ ထည့်သွင်းဖော်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ သတင်းစာများနှင့် မဂ္ဂဇင်းများကလည်း ထိုပုံကို ထပ်ဆင့်ဖော်ပြခဲ့ကြသည်။
    ပဲရစ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားခေါင်းဆောင်ပိုင်းက ရှုတ်ချခဲ့ကြပြီး အကြမ်းဖက်မှုဆန့်ကျင်သော ချီတက်မှုတွင်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယို လာဗရော့က ပါဝင်ခဲ့သည်။ သို့သော်လည်း ရုရှားမီဒီယာများကမူ Charlie Hebdo ၏
    ကာတွန်းပုံက ထိုတိုက်ခိုက်မှုအား လှုံ့ဆော်ပေးခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။
    Ref: alarabiya
  • အစ္စရေး၏ရန်စမှုကြောင့် အစွန်းရောက်အုပ်စုများ ပေါ်ပေါက်လာခြင်းဟု တူရကီဝန်ကြီးချုပ်ပြော
    အစ္စရေး၏ရန်စမှုကြောင့် အစွန်းရောက်အုပ်စုများ ပေါ်ပေါက်လာခြင်းဟု တူရကီဝန်ကြီးချုပ်ပြော
    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media
    Ahmet Davutoglu
    – အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ အကြမ်းဖက်ဝါဒီဖြစ်ပြီး အစ္စရေး၏ ကျူးကျော်ရန်စမှုများကြောင့် မွတ်စလင်ကမ္ဘာတွင် အစွန်းရောက်ဝါဒ ထွန်းကားသွားခြင်းဖြစ်သည်ဟု တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက စွပ်စွဲပြောကြားလိုက်သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သော Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံ မတည်ထောင်မချင်း အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးနှင့် အစွန်းရောက်အုပ်စုများအား သုတ်သင်ရေးမှာ ယေဘုယျသဘောအရ မဖြစ်နိုင်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    `သူ(နေတန်ယာဟု)ကိုယ်တိုင်နဲ့ သူ့ရဲ့စစ်တပ်ဟာ ကစားနေတဲ့ကလေးတွေကို သတ်ပစ်တာပါ။ ပြီးတော့ ကျွန်တော်တို့နိုင်ငံသားနဲ့ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံတကာရေပိုင်နက်မှာ သူတို့ပဲ သတ်ပစ်တာပါ။ ဒါဟာအကြမ်းဖက်မှုပါ။ ဂျေရုစလင်နဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးကကျူးကျော်သိမ်းပိုက်ထားတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး´ ဟု ပြီးခဲ့သည့်နှစ်က ဂါဇာရှိ သဲသောင်ပြင်ပေါ်၌ ဆော့ကစားနေသော ကလေးများအား အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲသတ်ဖြတ်မှုနှင့် ၂၀၁၀ ခုနှစ်က ပါလက်စတိုင်းသို့ သွားရောက်ခဲ့သည့် တူရကီအကူအညီပေးရေး သင်္ဘောမှ တူရကီနှင့် အမေရိကန်နိုင်ငံသားများကို အစ္စရေး ကွန်မန်ဒိုများက တိုက်ခိုက်သတ်ဖြတ်ခဲ့မှုများကို ရည်ညွှန်း၍ ဒါဗူတော့ဂ်လူက ပြောကြားခဲ့သည်။
    ထို့ပြင် ထိုကဲ့သို့ ရန်စမှုများက အစွန်းရောက်အဖွဲ့များကို ပေါ်ထွက်လာစေသည်ဟု ၎င်းက ဆိုသည်။
    `ဒီလိုရန်စမှုတွေက မွတ်စလင်ကမ္ဘာကို အနှောက်အယှက်ဖြစ်စေပြီး ဒီအကြောင်းအရင်းကြောင့်ပဲ အစွန်းရောက်အယူအဆတွေ ပေါ်ထွက်လာခဲ့တာပါ။ တကယ်လို့ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်ဆိုရင်၊ အကြမ်းဖက်အဖွဲ့တွေကို သုတ်သင်ပစ်ချင်တယ်ဆိုရင် ပါလက်စတိုင်းပြဿနာကို အရင်ဖြေရှင်းရပါလိမ့်မယ်´
    ဒါဗူတော့ဂ်လူမှာ ကြာသာပတေးနေ့ကလည်း နေတန်ယာဟုမှာ ပဲရစ်တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့သူများနှင့် အတူတူပင်ဖြစ်ပြီး ၎င်းတို့ အုပ်စုနှစ်ခုစလုံးမှာ လူသားထုအပေါ် ရာဇ၀တ်မှု ကျူးလွန်ကြသူများသာ ဖြစ်ကြသည်ဟု ပြောဆိုခဲ့သည်။
    ယမန်နေ့ အင်တာဗျူးတွင် ဒါဗူတော့ဂ်လူက ISIL အဖွဲ့နှင့် ပူးပေါင်းရန် ဆီးရီးယားသို့ နိုင်ငံရပ်ခြားမှ တိုက်ခိုက်ရေးသမားများ ၀င်ရောက်ခြင်းအား တားဆီးရန်အတွက် မိမိတို့နိုင်ငံမှာ လုပ်နိုင်သမျှအားလုံကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် မတည်ငြိမ်မှုများက မိမိတို့နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    လက်ရှိအချိန်တွင် တူရကီမှာ ဆီးရီးယားဒုက္ခသည်များကို လက်ခံစောင့်ရှောက်ထားပြီး ထိုဒုက္ခသည်များ ၀င်ရောက်ခြင်းကို မထိခိုက်စေဘဲ နိုင်ငံခြားသားများ ဆီးရီးယားသို့ သွားရောက်ပူးပေါင်းခြင်းကို တားဆီးရန် ဆီးရီးယားနှင့်နီးသည့် နယ်စပ်များအား
    စစ်ဘက်နယ်မြေများအဖြစ် သတ်မှတ်ထားသည်။
    Ref : alarabiya
  • ပါပူအာနယူးဂီနီရှိ သြစတေးလျ ထိန်းသိမ်းရေးစခန်းမှ ဒုက္ခသည်များ မိမိကိုယ်ကို နာကျင်စေသော  လုပ်ရပ်များဖြင့် ဆန္ဒပြ
    ပါပူအာနယူးဂီနီရှိ သြစတေးလျ ထိန်းသိမ်းရေးစခန်းမှ ဒုက္ခသည်များ မိမိကိုယ်ကို နာကျင်စေသော လုပ်ရပ်များဖြင့် ဆန္ဒပြ
    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media
    mn 2
    – ထိန်းသိမ်းရေးစခန်းရှိ ဆိုးရွားသော အခြေအနေများကို ဆန့်ကျင်သည့်အနေဖြင့် ပါပူအာနယူးဂီနီရှိ သြစတေးလျ ထိန်းသိမ်းရေးစခန်းမှ ဒုက္ခသည်များမှာ ဘလိတ်ဓားများ၊ ဆပ်ပြာမှုန့်များစားခြင်းနှင့် နှုတ်ခမ်းများကို အပ်ဖြင့်ချုပ်ခြင်း စသည့် နည်းလမ်းများဖြင့် ဆန္ဒပြနေကြသည်ဟု သိရသည်။
    မန်နက်စ်ကျွန်းရှိ ထိန်းသိမ်းရေးစခန်းတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဒုက္ခသည်အခွင့်အရေး လှုပ်ရှားသူ အိယန် ရင်တူလ်ကမူ အမျိုးသား ၄၀ ခန့်မှာ နှုတ်ခမ်းများကို အပ်ဖြင့် ချုပ်ထားကြပြီး၊ သုံးဦးမှာ ဘလိတ်ဓားများကို မျိုချကာ အခြား ၄ ဦးမှာ ဆပ်ပြာမှုန့်များကို မျိုချထားကြသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ ထို့ပြင် အစာငတ်ခံဆန္ဒပြသူ ဦးရေမှာလည်း ၄၀၀ ကျော်ရှိသည်ဟု ၎င်းက
    ထပ်လောင်းပြောကြားခဲ့သည်။
    သြစတေးလျ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ပီတာဒက်တန်ကလည်း ထိန်းသိမ်းရေးစင်တာမှ ဒုက္ခသည်များမှာ မိမိကိုယ်ကို နာကျင်စေသောလုပ်ရပ်များ လုပ်နေကြသည်ဟု အတည်ပြုခဲ့ပြီး အဆိုပါစခန်း မတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်နေသည်ဟု ပြောကြားခဲ့သည်။
    နိုင်အတွင်း ခိုလှုံရန်အတွက် လှေများဖြင့် ၀င်ရောက်လာသည့် ဒုက္ခသည်များကို သြစေတးလျက ပါပူအာနယူးဂီနီရှိ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားပြီး၊ ဒုက္ခသည်အစစ်အမှန်ဖြစ်သည်ဆိုလျှင်ပင် နိုင်ငံအတွင်းသို့ ၀င်ရောက်အခြေချခွင့် မပေးတော့ချေ။
    မန်နက်စ်ကျွန်းရှိ ထိန်းသိမ်းရေးစခန်းမှ ဒုက္ခသည်တစ်ဦးကမူ ဒုက္ခည်များနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားပြီး ဒုက္ခသည်များမှာလည်း ခြိမ်းခြောက်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ပါပူအာနယူးဂီနီအစိုးရကမူ ဒုက္ခသည်များနှင့် တာဝန်ရှိသူများအကြား ကိုယ်ထိလက်ရောက် ကိစ္စများ မဖြစ်ခဲ့ဟု ယနေ့တွင် ပြောကြားခဲ့သည်။
    ပါပူအာနယူးဂီနီတွင် သြစေတးလျမှဖွင့်ထားသော ဒုက္ခသည်ထိန်းသိမ်းရေးစခန်း ၂ ခုရှိပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကမူ ထိုစခန်းများ၌ ဒုက္ခသည်များအား ဆိုးရွားစွာ ဆက်ဆံမှုများအတွက် ရှုတ်ချထားသည်။
    Ref: aljazeera