News @ M-Media

Author: Ko Lay

  • ဂါဇာအကြမ်းဖက်မှုကြောင့် တူရကီက အစ္စရေးနှင့် ကုန်သွယ်ရေး အဆက်အသွယ်ဖြတ်

    ဂါဇာအကြမ်းဖက်မှုကြောင့် တူရကီက အစ္စရေးနှင့် ကုန်သွယ်ရေး အဆက်အသွယ်ဖြတ်

    မေ ၃၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ- အစ္စရေးလက်ချက်ကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်း ကလေးငယ်များ)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်မချင်း ကုန်သွယ်ရေးရပ်ဆိုင်းသွားမယ်လို့ တူရကီက ထုတ်ပြန်ကြေငြာပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၅၀၀၀ နီးပါး ရှိလာပါပြီ။

    တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပါလက်စတိုင်းပြည်သူ ၂ သန်းကျော်ကို နိုင်ငံတကာက ပေးပို့တဲ့ အထောက်အပံ့တွေကိုလည်း မရအောင် အစ္စရေးက တားဆီးဟန့်တားမှုတွေ ပြုလုပ်နေပါတယ်။ 

    ဂါဇာမှာ အစ္စရေးက အပြည့်အ၀ အပစ်ရပ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ၀င်ခွင့်ပြုတဲ့အချိန်အထိ နှစ်နိုင်ငံကုန်သွယ်ရေးကို ရပ်ဆိုင်းထားမယ်လို့ တူရကီ ကုန်သွယ်ရေး၀န်ကြီး အိုမာရ် ဘိုလတ်က ပြောပါတယ်။ 

    ၂၀၂၃ ခုနှစ် စာရင်းတွေအရ တူရကီနဲ့ အစ္စရေးတို့အကြား ကုန်သွယ်ရေးတန်ဖိုးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၆ ဒဿမ ၈ ဘီလီယံဖိုး ရှိပါတယ်။ 

    သွင်းကုန်၊ ပို့ကုန်အားလုံးကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ဒါဟာ ဂါဇာမှာ အစ္စရေးရဲ့ စက်ဆုပ်ဖွယ် အပြုအမူတွေကို တုန့်ပြန်တာလို့လည်း ဘိုလတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဂါဇာက အတိဒုက္ခရောက်နေသူတွေကို လေကြောင်းကနေ အကူအညီတွေ ချပေးရေးမှာ တူရကီပါ၀င်ဖို့ အစ္စရေးက ခွင့်မပြုခဲ့တာကြောင့် ပြီးခဲ့တဲ့လကစပြီး တူရကီက ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Reuters

  • မိုက်ခရိုဆော့ဖ်ရဲ့ ဧရာမ ရင်းနှီးမြှုပ်နှံမှုကို အင်ဒို၊ ထိုင်းနှင့် မလေးရှားတို့ ရရှိ

    မိုက်ခရိုဆော့ဖ်ရဲ့ ဧရာမ ရင်းနှီးမြှုပ်နှံမှုကို အင်ဒို၊ ထိုင်းနှင့် မလေးရှားတို့ ရရှိ

    မေ ၂၊ ၂၀၂၄

    M-Media 


    -နာမည်ကြီး ကွန်ပျူတာကုမ္ပဏီ မိုက်ခရိုဆော့ဖ်အကြီးအကဲ ဆတ်ယာ နာဒဲလာရဲ့ အရှေ့တောင်အာရှ ၃ နိုင်ငံ ခရီးစဥ်မှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေကို ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။ 

    ဉာဏ်ရည်တု နည်းပညာ (AI)၊ Cloud services နဲ့ ဒေတာစင်တာ နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ဒီစီမံကိန်းတွေကို ရရှိခဲ့ပါတယ်။ 

    မလေးရှား

    မလေးရှားနိုင်ငံမှာ လာမယ့်လေးနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံဖိုး မိုက်ခရိုဆော့ဖ်က ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး နိုင်ငံရဲ့သမိုင်းမှာ ၃၂ နှစ်အတွင်း နိုင်ငံရပ်ခြားက အကြီးမားဆုံး ရင်းနှီးမှုလည်း ဖြစ်ပါတယ်။ 

    AI နဲ့ Cloud services ဆိုင်ရာ အဆောက်အဦးတွေကို မလေးရှားမှာ တည်ဆောက်မှာဖြစ်ပြီး မလေးရှားနိုင်ငံသား ၂ သိန်းလောက်ကိုလည်း AI နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားကာ မြေတောင်မြှောက်ပေးမယ်လို့ ဆိုပါတယ်။ 

    အင်ဒိုနီးရှား

    မိုက်ခရိုဆော့ဖ်ဟာ အင်ဒိုနီးရှားမှာ နောက် ၄ နှစ်အတွင်း ကန်ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံမှာပါ။ 

    ဒီရင်းနှီးမြှုပ်နှံမှုကနေ နောက်ဆုံးပေါ် အကောင်းဆုံး AI နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦးတွေ အင်ဒိုနီးရှားမှာ ပေါ်ထွန်းလာလိမ့်မယ်လို့ နာဒဲလာက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    AI ဆိုင်ရာ သုတေသနတွေ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးမှု လုပ်ငန်းတွေကိုလည်း မိုက်ခရိုဆော့ဖ်က အင်ဒိုနီးရှားမှာ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ 

    မကြာခင် ရာထူးသက်တမ်းကုန်တော့မယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက ဒေတာစင်တာတွေကို ဘာလီကျွန်း ဒါမှမဟုတ် အသစ်ဆောက်နေတဲ့ မြို့တော် နူဆန်တာရာမှာ အခြေစိုက်ဖို့ မိုက်ခရိုဆော့ဖ်ကို အကြံပေးခဲ့ပါတယ်။ 

    ထိုင်း

    ထိုင်းနိုင်ငံမှာတော့ မိုက်ခရိုဆော့ဖ်ဟာ သူတို့ရဲ့ အာရှဒေသအတွင်း ပထမဆုံး ဒေတာစင်တာကို ဆောက်လုပ်သွားမယ်လို့ နာဒဲလာက ပြောပါတယ်။ 

    ထိုင်းနိုင်ငံသား လူငယ် တစ်သိန်းလောက်ကို AI နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားပေးကာ၊ ဆော့ဖ်၀ဲပညာရှင်တွေကိုလည်း မိုက်ခရိုဆော့ဖ်က မြေတောင်မြှောက်ပေးသွားမှာ ဖြစ်ပါတယ်။ 

    ထိုင်း၀န်ကြီးချုပ် ဆရက်သာ ထိုင်ဗီဆင်က မိုက်ခရိုဆော့ဖ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ယှဥ်ပြိုင်နိုင်စွမ်းကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    ၂၀၂၅ ခုနှစ်ရောက်ရင် အာဆီယံဒေသက လူပေါင်း ၂ ဒဿမ ၅ သန်းလောက် သူတို့ရဲ့ AI နည်းပညာကို အသုံးပြုနိုင်ဖို့ မိုက်ခရိုဆော့ဖ်က ရည်မှန်းထားပါတယ်။

    Ref: Reuters 

  • အစိုးရ၀န်ထမ်းများအား လစာတိုးပေးမည်ဟု မလေးရှားကြေငြာ

    အစိုးရ၀န်ထမ်းများအား လစာတိုးပေးမည်ဟု မလေးရှားကြေငြာ

    မေ ၂၊ ၂၀၂၄

    M-Media 


    -အစိုးရ၀န်ထမ်းတွေအားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာကနေစပြီး လစာတိုးပေးမယ့် အစီအစဥ်တစ်ရပ်ကို မလေးရှား၀န်ကြီးချုပ် အန်န၀ါရ် အီဘရာဟင်က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

    ၀န်ထမ်းတွေဟာ အများဆုံး ၁၃ ရာခိုင်နှုန်းကျော်အထိ လစာတိုးရကြမှာပါ။ လစာတိုးဖို့အတွက် ရန်ပုံငွေ ရင်းဂစ် ၂၀ ဘီလီယံအထိ ချထားပေးတယ်လို့ အန်၀ါရ်က ပြောပါတယ်။ 

    လစာတိုးပြီးရင် မလေးရှားအစိုးရ၀န်ထမ်းတွေဟာ အနိမ့်ဆုံးလစာ ရင်းဂစ် ၂ ထောင်ကျော် ရရှိမယ်လို့လည်း သူက ဆိုပါတယ်။ 

    မလေးရှားမှာ စီးပွားရေးနှေးကွေးမှုကြောင့် ရင်းဂစ်စျေးဟာ ကျဆင်းလာခဲ့ပြီး၊ ကုန်စျေးနှုန်းတွေလည်း တစ်ဖြည်းဖြည်း မြင့်လာတဲ့အတွက် လူထုထံကနေ ၀ေဖန်မှုတွေ ထွက်ပေါ်နေတာ ကြာပါပြီ။  

    အန်၀ါရ်အစိုးရဟာ အစိုးရရဲ့ ထောက်ပံ့မှုတွေရပ်ဆိုင်းဖို့၊ အခွန်ထပ်တိုးကောက်ဖို့လည်း ပြင်ဆင်နေပါတယ်။ 

    ပို့ကုန်ပမာဏ ကျဆင်းတာ၊ စီးပွားရေးတိုးတက်မှု အလယ်အလတ်အဆင့်သာ ရှိနေတာတွေကြောင့် ငွေကြေးဖောင်းပွမှု ထပ်မံမြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ 

    Ref: Reuters 

  • တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော စမ်းသပ်မောင်းနှင်

    တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော စမ်းသပ်မောင်းနှင်

    မေ ၂၊ ၂၀၂၄

    M-Media 

    -တရုတ်နိုင်ငံဟာ သူတို့ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော Fujian ကို မေလ ၁ ရက်နေ့မှာ ပင်လယ်ပြင် စမ်းသပ်မောင်းနှင်မှု စတင်ပြုလုပ်ခဲ့ပါတယ်။

    Fujian ဟာ တရုတ်နိုင်ငံရဲ့ ၃ စီးမြောက် လေယာဥ်သင်္ဘော ဖြစ်လာမှာဖြစ်ပြီး ပြည်တွင်းမှာ ဒီဇိုင်းဆွဲထုတ်လုပ်တဲ့ ပထမဆုံး လေယာဥ်တင်သင်္ဘောပါ။ 

    သမ္မတ ရှီကျင့်ဖျင်ရဲ့ ရေတပ်အင်အား ချဲ့ထွင်ရေးဗျူဟာ ‘Blue-Water’ ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

    ဒီမဟာဗျူဟာအရ ၂၀၃၅ ခုနှစ်မှာ လေယာဥ်တင်သင်္ဘော ၆ စီးအထိ ပိုင်ဆိုင်နိုင်ဖို့ တရုတ်က ရည်မှန်းထားပါတယ်။ အမေရိကန်ပြီးရင် လေယာဥ်တင်သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်လာမှာပါ။ 

    Fujian ရဲ့ အခု ပင်လယ်ပြင်မောင်းနှင်မှုမှာ တည်ငြိမ်မှု၊ အကြမ်းခံမှု၊ အင်ဂျင်နဲ့ လျှပ်စစ်စနစ်တွေကို အဓိက စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ Fujian ဟာ နိုင်ငံက ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ အရေးပါဆုံးဖြစ်တယ်လို့ တရုတ်ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    အရင်ကရှိထားတဲ့ လေယာဥ်တင်သင်္ဘော ၂ စင်းထက် Fujian က နည်းပညာပိုင်းဆိုင်ရာမှာ ပိုပြီး မြင့်မားပါတယ်။ 

    Ref: The Telegraph 

  • အစ္စရေးနှင့် သံတမန်အဆက်အသွယ်ဖြတ်မည်ဟု ကိုလံဘီယာ ကြေငြာ

    အစ္စရေးနှင့် သံတမန်အဆက်အသွယ်ဖြတ်မည်ဟု ကိုလံဘီယာ ကြေငြာ

    မေ ၂၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရို(မိုက်ကိုင်ထားသူ))

    -ဂါဇာမှာ အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေကြောင့် အစ္စရေးနဲ့ သံအဆက်အသွယ် ဖြတ်တောက်တော့မယ်လို့ ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရိုက မေလ ၁ ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။

    “လူမျိုးတုန်းသတ်ဖြတ်တဲ့ အစိုးရနဲ့ သမ္မတရှိနေတဲ့ အစ္စရေးနဲ့ မနက်ဖြန်ကစပြီး သံတမန်အဆက်အသွယ် ဖြတ်တော့မယ်ဆိုတာ အပြောင်းအလဲလိုလားတဲ့ အစိုးရ၊ ပြည်သူ့သမ္မတ ကျွန်တော့်အနေနဲ့ အားလုံးရဲ့အရှေ့မှာ ကြေငြာလိုပါတယ်” လို့ မေလ ၁ ရက်နေ့ ဘိုဂိုတာမြို့က အလုပ်သမားနေ့မိန့်ခွန်းမှာ ပက်ထရိုက ပြောကြားခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ အာဏာရလာတဲ့ ပက်ထရိုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဂါဇာမှာ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲ စတင်ကတည်းက အစ္စရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်လာတာ ဖြစ်ပါတယ်။

    လူသတ်ပွဲစပြီး သိပ်မကြာခင် ဂါဇာကလူတွေဟာ ‘လူ့တိရစ္ဆာန်တွေ’ လို့ ပြောကြားခဲ့တဲ့ အစ္စရေး ကာကွယ်ရေး၀န်ကြီး ယိုအဗ် ဂါလန့်ရဲ့စကားကို ကြားပြီး ပက်ထရိုက ‘နာဇီတွေက ဂျူးတွေကိုပြောတဲ့စကားမျိုး’ ဖြစ်တယ်လို့ ၀ေဖန်ခဲ့တဲ့အတွက် အစ္စရေးက ဒေါသထွက်ပြီး ကိုလံဘီယာထံ လက်နက်ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပါတယ်။

    ဂါဇာက အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ ပက်ထရိုက နို၀င်ဘာလမှာ ထပ်မံ ရှုတ်ချခဲ့ပါတယ်။

    ဖေဖော်၀ါရီလမှာတော့ ကိုလံဘီယာဟာ အစ္စရေးထံကနေ လက်နက်၀ယ်ယူမှု ရပ်ဆိုင်းကြောင်း ပက်ထရိုက ကြေငြာခဲ့ပြီး ကုလရဲ့အကူအညီ လာယူတဲ့ ပါလက်စတိုင်းတွေအပေါ် အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုကို တုန့်ပြန်တာလို့ ပြောပါတယ်။

    ဒီလုပ်ရပ်ဟာ ဟစ်တလာရဲ့ ‘ဂျူးတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု’ မှု ပုံစံအတိုင်း လုပ်ဆောင်တာလို့လည်း ပက်ထရိုက ၀ေဖန်ခဲ့ပါတယ်။

    ၇ လနီးပါးရှိလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၃၅၀၀၀ နီးပါး အသတ်ခံထားရပါတယ်။ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    အစ္စရေးက ဆေးရုံတွေကို ၀င်စီးပြီး လူနာတွေ၊ သက်ကြီးရွယ်အိုတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမြှုပ်နှံထားတဲ့ နေရာတွေကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ တွေ့လာရပါတယ်။

    Ref: Aljazeera