News @ M-Media

Author: Ko Lay

  • ICC ၏ဖမ်းဆီးမှု မခံရရေး ကူညီပေးရန် နေတန်ယာဟုက ဘိုင်ဒန်ထံ အကူအညီလှမ်းတောင်း

    ICC ၏ဖမ်းဆီးမှု မခံရရေး ကူညီပေးရန် နေတန်ယာဟုက ဘိုင်ဒန်ထံ အကူအညီလှမ်းတောင်း

    ဧပြီ ၃၀၊ ၂၀၂၄

    M-Media 


    -နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က အစ္စရေးအာဏာပိုင်တွေအပေါ် ဖမ်း၀ရမ်းမထုတ်ရေး ကူညီပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထံ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ဖုန်းဆက် အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။ 

    ဧပြီလ ၂၈ ရက်နေ့က ဒီလို ဖုန်းဆက် အကူအညီတောင်းခဲ့တာလို့ အမည်မဖော်လိုတဲ့ အစ္စရေးအစိုးရ တာ၀န်ရှိသူနှစ်ဦးက ပြောပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အပြစ်မဲ့အရပ်သားတွေ သောင်းချီ အသတ်ခံရတဲ့ ကိစ္စအတွက် အစ္စရေးအာဏာပိုင်တွေဟာ နိုင်ငံတကာ တရားရေးစနစ်ကို ရင်ဆိုင်ရတော့မယ်လို့ ပြောဆိမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာတဲ့အချိန် နေတန်ယာဟုက ဘိုင်ဒန်ထံ အကူအညီတောင်းခံမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

    အစ္စရေးက ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး အစုလိုက်ပြုံလိုက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂါဇာက အကြီးဆုံး ဆေးရုံနှစ်ခုက ၀န်ထမ်းတွေရဲ့ ထွက်ဆိုချက်တွေကို ICC တာ၀န်ရှိသူတွေက သုံးသပ် စစ်ဆေးနေတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

    ဂါဇာက ဒုတိယအကြီးဆုံး ဆေးရုံဖြစ်တဲ့ အလ်နာဆာရ် ဆေးရုံ၀င်းထဲမှာ အစ္စရေးက သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာတွေကို တူးဖော်ရာမှာ အနည်းဆုံး အလောင်း ၃၀၀ ကျော်တွေ့ခဲ့ပါတယ်။

    အသတ်ခံရသူ အများစုဟာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လူနာတွေဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ထွက်ဆိုထားပါတယ်။ 

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေး၏ ဖျက်ဆီးထားမှုကို ရှင်းလင်းရန်ပင် ၁၄ နှစ်ကြာမည်

    ဂါဇာတွင် အစ္စရေး၏ ဖျက်ဆီးထားမှုကို ရှင်းလင်းရန်ပင် ၁၄ နှစ်ကြာမည်


    ဧပြီ ၃၀၊ ၂၀၂၄

    M-Media 


    -၆ လကျော်ကြာ ဂါဇာကို အစ္စရေးက တစ်ကျော့ပြန် တိုက်ခိုက်ဖျက်ဆီးမှုမှာ အပျက်အဆီးတွေဟာ တန်ချိန် ၃၇ ဒဿမ ၅ သန်း ရှိလာပြီလို့ ကုလသမဂ္ဂ အေဂျင်စီတွေက ထုတ်ပြန်ပါတယ်။

    လူနေအိမ်ယာတွေ အပါအ၀င် ဂါဇာက အခြေခံအဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားတာပါ။ 

    ဒီအပျက်အဆီးတွေကို ရှင်းလင်းဖို့တင် ၁၄ နှစ်အချိန်ယူရမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

    ဂါဇာမှာ အစ္စရေးက အသုံးပြုတဲ့ ဒုံးကျည်တွေနဲ့ ဗုံးတွေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်ဟာ မပေါက်ကွဲသေးဘဲ အပျက်အဆီးတွေကြားမှာ ရှိနေပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်တဲ့ အစ္စရေးရဲ့ ဂါဇာတစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၃၅၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေး၏ အကြမ်းဖက်မှုများကြောင့် ရပ်တည်ချက်ပြောင်းလာတဲ့ ဥရောပနိုင်ငံများ

    အစ္စရေး၏ အကြမ်းဖက်မှုများကြောင့် ရပ်တည်ချက်ပြောင်းလာတဲ့ ဥရောပနိုင်ငံများ

    ဧပြီ ၁၃၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – စီမွန်ဟာရစ်နှင့် ပက်ဒရို ဆန်းချက်)

    – ဥရောပနိုင်ငံတွေ ဖြစ်ကြတဲ့ စပိန်၊ အိုင်ယာလန်နဲ့ နော်၀ေတို့ဟာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ လုပ်ဆောင်လာကြပါတယ်။ 

    အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေဟာ အစ္စရေးကို အဓိက ကျောထောက်နောက်ခံ ပေးထားကြတာပါ။ ဒါပေမယ့် ဂါဇာက ၆ လကျော် ကြာမြင့်လာတဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲကြောင့် ဥပရောနိုင်ငံတစ်ချို့ဟာ ရပ်တည်ချက်တွေ ပြောင်းလဲလာကြပါတယ်။ 

    လက်ရှိမှာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုဖို့အတွက် စပိန်၊ အိုင်ယာလန်နဲ့ နော်၀ေတို့က လုပ်ဆောင်လာကြပါတယ်။ 

    အိုင်ယာလန်၀န်ကြီးချုပ် စီမွန် ဟာရစ်နဲ့၊ နော်၀ေ၀န်ကြီးချုပ် ဂျိုနက်စ် ဂါတို့ဟာ မတ်လ ၁၂ ရက်နေ့က စပိန်၀န်ကြီးချုပ် ပက်ဒရိုဆန်းချက်နဲ့ သီးခြားစီတွေ့ဆုံကာ ပါလက်စတိုင်းအရေး ဆွေးနွေးခဲ့ကြပါတယ်။ 

    ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရေး အခြားရပ်တည်ချက်တူတဲ့ ဥရောပနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ နိုင်ငံခေါင်းဆောင် ၃ ဦးစလုံးက တွေ့ဆုံပွဲအပြီးမှာ ပြောကြားခဲ့ကြပါတယ်။ 

    ဒီလိုဆောင်ရွက်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အရှိအဟုန်ကောင်းစေမယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ယူ ဆကြောင်းလည်း ခေါင်းဆောင်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ပါလက်စတိုင်းကို အသိအမှတ်ပြုရေးမှာ မော်လ်တာနဲ့ ဆလိုဗေးနီးယားလို အခြားဥရောပနိုင်ငံငယ်တွေလည်း ပါ၀င်လာဖွယ် ရှိနေပါတယ်။ အချိန်သင့်အခါသင့်ရောက်ရင် ဒီလိုဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း မော်လ်တာနဲ့ ဆလိုဗေးနီးယားတို့က မတ်လအတွင်း ထုတ်ပြန်ပြောကြားထားပါတယ်။ 

    “အချုပ်အခြာအာဏာအပြည့် ကိုယ်ပိုင်နိုင်ငံနဲ့ သိက္ခာရှိစွာ နေထိုင်ဖို့ ပါလက်စတိုင်းတွေ တိုက်ပွဲ၀င်လာတာ ကြာမြင့်နေပါပြီ။ အိုင်ယာလန်နဲ့ စပိန်တို့လို ကမ္ဘာ့အလယ်က အခြားနိုင်ငံတွေနည်းတူ ဖြစ်လာရပါတော့မယ်”လို့ အိုင်ယာလန်၀န်ကြီးချုပ် ဟာရစ်က ပြောကြားခဲ့ပါတယ်။ 

    စပိန်၀န်ကြီးချုပ် ဆန်းချက်ကလည်း သင့်လျော်တဲ့အချိန်ကြရင် ပါလက်စတိုင်းကို အသိအမှတ်ပြုကြောင်း ကြေငြာသွားမှာဖြစ်ပြီး ကုလရဲ့ တင်းပြည့်အဖွဲ့၀င်နိုင်ငံတစ်ခုဖြစ်ရေး ကူညီပံ့ပိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

    Ref : Reuters 

  • လကမ္ဘာပေါ်တွင် ပထမဆုံး အာရှသား ခြေချနိုင်တော့မည်

    လကမ္ဘာပေါ်တွင် ပထမဆုံး အာရှသား ခြေချနိုင်တော့မည်

    ဧပြီ ၁၂၊ ၂၀၂၄

    M-Media

    -အမေရိကန်နဲ့ ဂျပန် အာကာသအေဂျင်စီတွေဟာ လကမ္ဘာပေါ် လူလွှတ်ရေးနဲ့ စူးစမ်းရှာဖွေရေး စီမံကိန်း Artemis မှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ဧပြီလ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

    Artemis စီမံကိန်းကို အမေရိကန်အာကာသအေဂျင်စီ နာဆာက ကမကထပြု ဆောင်ရွက်တာဖြစ်ပြီး လပေါ်ကို တစ်ကျော့ပြန်လူလွှတ်ရေး ရည်ရွယ်တာဖြစ်ပါတယ်။ 

    စီမံကိန်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ လပေါ်ကို လူဆင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 

    အမေရိကန် အာကာသအေဂျင်စီ NASA နဲ့ ဂျပန်အာကာသ အေဂျင်စီ JAXA တို့ရဲ့ ဧပြီလ ၉ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်မှာ လကမ္ဘာပေါ်ကို ဂျပန်အာကာသယာဥ်မှူးတစ်ဦး ဆင်းသက်နိုင်ရေး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ 

    ဒါဟာ အမေရိကန်မဟုတ်တဲ့ အာကာသယာဥ်မှူးတစ်ဦး လပေါ်ကို ပထမဆုံး ဆင်းသက်နိုင်တဲ့ သမိုင်းမှတ်တမ်းတစ်ခု ရရှိမှာလည်း ဖြစ်ပါတယ်။ 

    “လကမ္ဘာမှာ အမေရိကတစ်ခုတည်း ခြေချမှာ မဟုတ်တော့ပါဘူး။ ကြယ်ကမ္ဘာတွေ လေ့လာမှုကို နိုင်ငံပေါင်းစုံက ငြိမ်းချမ်းစွာ၊ ပွင့်လင်းစွာ အတူတကွ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်”လို့ နာဆာအကြီးအကဲ ဘီလ်နယ်ဆင်က ပြောကြားခဲ့ပါတယ်။ 

    အမေရိကန်နဲ့ ဂျပန်တို့ဟာ မျိုးဆက်သက် လဆင်းယာဥ် ပူးတွဲ တီထွင်ဖန်တီးရေးအတွက် သဘောတူညီခဲ့ကြပါတယ်။ ဂျပန် အာကာသအေဂျင်စီ JAXA ဟာ နာဆာရဲ့ အခြား အာကာသစီမံကိန်းတွေမှာလည်း ပူးတွဲပါ၀င်သွားမှာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering 

  • ဗီယက်နမ် ခရိုနီတစ်ဦး သေဒဏ်ချမှတ်ခံရ

    ဗီယက်နမ် ခရိုနီတစ်ဦး သေဒဏ်ချမှတ်ခံရ

    ဧပြီ ၁၁၊ ၂၀၂၄

    M-Media 


    -ဗီယက်နမ်က အိမ်ခြံမြေလုပ်ငန်း သူဌေးမကြီး Truong My Lan ကို ကန်ဒေါ်လာ ၁၂ ဒဿမ ၄၆ ဘီလီယံ မသမာမှုနဲ့ တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ 

    Truong My Lan ဟာ နာမည်ကြီး အိမ်ခြံမြေကုမ္ပဏီ Van Thinh Phat Holdings Group ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ 

    ငွေကြေးခ၀ါချမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ဘဏ်လုပ်ငန်းဥပဒေ ချိုးဖောက်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ဟိုချီမင်းမြို့ တရားရုံးက ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ 

    Truong My Lan ရဲ့ အမှုကို မတ်လ ၅ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး မျှော်မှန်းထားတာထက် မြန်မြန်ဆန်ဆန် ပြီးပြတ်ခဲ့တာပါ။ ဒါဟာ အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် Nguyen Phu Trong ကတိပြုထားတဲ့ ခြစားမှုတိုက်ဖျက်ရေးစီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

    ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ စီးပွားရေးတိုးတက်မှု အမြန်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပိုမို ရရှိဖို့အတွက် ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းကို အစိုးရက အားထည့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

    ခြစားမှုနဲ့ ပတ်သက်ပြီး ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေနဲ့ ထိပ်တန်းလုပ်ငန်းရှင်တစ်ချို့ကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေလည်း ဗီယက်နမ်အစိုးရက လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Reuters