News @ M-Media

Author: Ko Lay

  • အင်ဒိုနီးရှားမှ ဩဇာရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ကိုဗစ်စည်းကမ်းဖောက်မှုဖြင့် ဖမ်းဆီးခံရ

    အင်ဒိုနီးရှားမှ ဩဇာရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ကိုဗစ်စည်းကမ်းဖောက်မှုဖြင့် ဖမ်းဆီးခံရ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၀
    M-Media

    ဂျကာတာရဲစခန်းတွင် လာရောက်အဖမ်းခံသည့် ရီဇစ် ရှီဟဘ်

    -အစိုးရကထုတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးမယ်လို့ ရဲတပ်ဖွဲ့က သတိပေးခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံရဲ့ သဘောထားတင်းမာတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ရီဇစ် ရှီဟဘ်ဟာ မနေ့က ဂျကာတာရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

    ရှီဘဘ်ဟာ မွတ်စလင်မဘသအဖွဲ့တစ်ခုဖြစ်တဲ့ Islamic Defenders Front (FPI) ခေါင်းဆောင်ဖြစ်ပြီး လိင်ဗီဒီယို လက်ဝယ်ထားမှု၊ နိုင်ငံတော်အခြေခံမူတွေကို စော်ကားပြောဆိုမှုနဲ့ တရားစွဲဆိုခံရပြီးတဲ့နောက် ၂၀၁၇ ခုနှစ်ကတည်းက ဆော်ဒီအာရေဗျမှာ တိမ်းရှောင်နေတာပါ။

    သက်သေမခိုင်လုံတဲ့အတွက် စွဲချက်တွေအားလုံးကို အစိုးရက ရုပ်သိမ်းပြီးတဲ့နောက် ရှှီဟဘ်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ သူပြန်လာတဲ့အချိန် သောင်းနဲ့ချီတဲ့ ထောက်ခံသူတွေက ကိုဗစ်စည်းကမ်းကို ဖောက်ဖျက်ကာ ကြိုဆိုခဲ့သလို၊ ရှီဟဘ်ကိုယ်တိုင်လည်း တမန်တော်နေ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ သမီးဖြစ်သူ မင်္ဂလာဆောင်အခမ်းအနားတွေ အပါအဝင် အခမ်းအနားတစ်ချို့ကို ကိုဗစ်စည်းကမ်းဖောက်ဖျက်ကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ဒီဖောက်ဖျက်မှုတွေအတွက် လာရောက်အဖမ်းခံဖို့ ဂျကာတာရဲတပ်ဖွဲ့က အကြိမ်ကြိမ်ဆင့်ခေါ်မှုကို မျက်ကွယ်ပြုခဲ့ပြီးတဲ့နောက် မနေ့ကမှ အဖမ်းခံလိုက်တာပါ။

    “ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအရ စုံစမ်းစစ်ဆေးမှုခံယူဖို့ ဂျကာတာရဲစခန်းကို ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ရောက်ပါပြီ” လို့ အဖမ်းမခံခင်မှာ ရှီဟဘ်က ပြောကြားခဲ့ပါတယ်။

    ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်ကို အနှောက်အယှက်ပေးမှုတွေအတွက် အပြစ်ရှိကြောင်းတွေ့ရရင် ရှီဟဘ်ဟာ အမြင့်ဆုံး ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

    ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုအတွက် စုံစမ်းစစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ရာမှာ FPI အဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့တို့အကြား တနင်္လာနေ့က ပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် FPI အဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

    အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းရေး ကြွေးကျော်တဲ့ FPI အဖွဲ့ဟာ နိုက်ကလပ်တွေကို ဖျက်ဆီးတာ၊ အနောက်နိုင်ငံသံရုံးတွေကို ခဲနဲ့ပေါက်တာ၊ ပြိုင်ဘက် ဘာသာရေးအဖွဲ့အစည်းတွေကို တိုက်ခိုက်တာမျိုးတွေလည်း အရင်က လုပ်ဆောင်ခဲ့ဖူးပါတယ်။

    Ref: CNA

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၁၁၊ ၂၀၂၀
    M-Media

    အီတလီဂန္တဝင်တိုက်စစ်မှူး ပါအိုလို ရော့စီ ကွယ်လွန်

    ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းရဲ့ သူရဲ့ကောင်း ဂန္တဝင်တိုက်စစ်မှူး ပါအိုလိုရော့စီဟာမနေ့က ကွယ်လွန်သွားပါတယ်။
    အသက် ၆၄ နှစ်အရွယ် ရော့စီဟာ နာတာရှည်ရောဂါဝေဒနာကို ခံစားနေရသူဖြစ်ပြီး ဘာ့ကြောင့် ကွယ်လွန်သွားလဲဆိုတာ မိသားစုက ထုတ်မပြောပါဘူး။
    စပိန်မှာကျင်းပတဲ့ ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်း ချန်ပီယံဖြစ်ခဲ့သလို ရော့စီဟာ ဂိုးအများဆုံးသွင်းသူ၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။
    အီတလီအသင်းအတွက် ၄၈ ပွဲကစား ဂိုး ၂၀ သွင်းယူခဲ့ပြီး၊ ဗီဆန်ဇာ၊ ပီရူဂီယာ၊ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ ဗီရိုနာအသင်းတို့မှာကစားပြီး စီးရီးအေ ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူခဲ့ပါတယ်။
    ၁၉၈၀ ပြည့်နှစ်တွေမှ​ ဘောလုံးလောကက အနားယူပြီး ဘောလုံးပွဲ သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ရော့စီကွယ်လွန်မှုအတွက် အီတလီဘောလုံးအဖွဲ့ချုပ်က ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတိုင်တစ်ဝက် လွှင့်ထူခဲ့ပါတယ်။

    ကိုယ်ပိုင်ဂျက်လေယာဉ်အသုံးပြုမှုအတွက် ဖီဖာဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ

    ဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုကို ကိုယ်ပိုင်ဂျက်လေယာဉ် သုံးစွဲမှုအတွက် စုံစမ်းစစ်ဆေးဖို့ ဆွစ်ဇာလန်အစိုးရက ပြောဆိုနေတာတွေဟာ အခြေအမြစ်မရှိဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက တုန့်ပြန်ပြောကြားလိုက်ပါတယ်။
    ၂၀၁၇ ခုနှစ်တုန်းက ဆူရီနမ်ကနေ ဂျီနီဗာကို ပြန်အလာမှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ လက်မခံနိုင်ဖွယ်ရာဖြစ်ပြီး ရာဇဝတ်မှုမြောက်တယ်လို့ဆိုကာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ဆွဇ်ဇာလန်အစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
    ဖီဖာ ကျင့်ဝတ်ကော်မတီက ဒီကိစ္စကို စစ်ဆေးကာ အင်ဖန်တီနိုမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။
    ကယ်လာရဲ့ ထုတ်ပြန်ချက်အတွက် တုန်လှုပ်မိတယ်လို့ ဖီဖာက တုန့်ပြန်ပြောကြားခဲ့ပါတယ်။ ကယ်လာဟာ အင်ဖန်တီနိုနဲ့ ဖီဖာအရာရှိတွေ မသမာမှုလုပ်တယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းဖို့ ဇွန်လမှာ ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

    ဆွစ်ဇာလန်ကို အနိုင်ပေးမှုအတွက် UEFA ကို ယူကရိန်း ကန့်ကွက်

    ဆွစ်ဇာလန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ပေးလိုက်တဲ့ Nations League ပွဲအတွက် ပြန်လည်သုံးသပ်ပေးဖို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကို အသနားခံစာ တင်လိုက်ပါတယ်။
    နိုဝင်ဘာ ၁၇ ရက်နေ့က အဲဒီပွဲအတွက် ယူကရိန်းအသင်း ဆွစ်ဇာလန်ကို ရောက်သွားပေမယ့် ကစားသမားတစ်ချို့မှာ ကိုဗစ်တွေ့တာကြောင့် ဆွစ်ဇာလန်ဆရာ၀န်တွေက တစ်သင်းလုံး ကွာရန်တင်း ဝင်ခိုင်းခဲ့တာပါ။
    ဒီကိစ္စမှာ ယူကရိန်းအသင်းက တာဝန်ရှိတယ်လို့ UEFA က ယူဆတဲ့အတွက် ဆွစ်ဇာလန်အသင်းကို အနိုင်ပေးလိုက်တာဖြစ်ပါတယ်။
    ယူကရိန်းဘောလုံးချုပ်အဖွဲ့က ဒီပွဲကို ပြန်ကစားဖို့၊ ဒါမှမဟုတ် သရေအဖြစ်သတ်မှတ်ဖို့ တောင်းဆိုထားပါတယ်။ ဒီနှစ်သင်းပါဝင်တဲ့ အုပ်စု (၄) မှာ ၆ ပွဲကစားပြီးချိန် စပိန်က ၁၁ မှတ်၊ ဂျာမနီက ၉ မှတ်၊ ဆွစ်ဇာလန်နဲ့ ယူကရိန်းတို့က ၆ မှတ်စီ ရထားပါတယ်။

  • တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ပီရူးရပ်ဆိုင်း

    တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ပီရူးရပ်ဆိုင်း

    ဒီဇင်ဘာ ၁၃၊ ၂၀၂၀
    M-Media

    -စမ်းသပ်ထားသူတစ်ယောက်မှာ အာရုံကြောဆိုင်ရာ ရောဂါတစ်ခု ဖြစ်လာခဲ့ပြီးတဲ့နောက် တရုတ်အစိုးရဆေးကုမ္ပဏီ Sinopharm က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ပီရူးနိုင်ငံက ရပ်ဆိုင်းလိုက်ပါတယ်။

    ပီရူးဟာ ဒီကာကွယ်ဆေးကို လူ ၁၂၀၀၀ မှာ စမ်းသပ်ခဲ့ပြီး ရလဒ်ကို ဒီတစ်ပတ်မှာ သုံးသပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုးထားသူလူတစ်ဦးဟာ လက်တွေ လှုပ်လို့မရတော့တဲ့အခြေအနေကို ကြုံတွေ့ခဲ့တာကြောင့် စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    “ပြီးခဲ့တဲ့ရက်အနည်းငယ်က စမ်းသပ်မှုမှာပါဝင်သူတစ်ယောက်မှာ Guillain-Barre ဆင်ဒရုန်းဖြစ်နိုင်တဲ့ လက္ခဏာမျိုး တွေ့ရကြောင်း အာဏာပိုင်တွေဆီ ကျွန်တော်တို့ အကြောင်းကြားခဲ့ပါတယ်” လို့ စမ်းသပ်မှုဆိုင်ရာ အကြီးအကဲ ဂျာမန် မာလာဂါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြာခဲ့ပါတယ်။

    ပီရူးဟာ စမ်းသပ်မှုအောင်မြင်ရင် တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၂၀ လောက် ဝယ်ယူဖို့ စီစဉ်ထားတာပါ။ Sinopharm ထုတ် ကာကွယ်ဆေးကို အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျတို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းက လူ ၆ သောင်းလောက်မှာ စမ်းသပ်နေတာပါ။

    ကိုဗစ်ကူးစက်ပြီး သေဆုံးမှုနှုန်းမှာ ပီရူးနိုင်ငံက အမြင့်ဆုံးဖြစ်ပြီး ၃ သောင်း ၆ ထောင်ကျော် ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကူးစက်မှု အလွန်အမင်းမြင့်တက်လာတာကြောင့် ပီရူးဟာ ဒေသ ၅ ခုမှာ ယာယီအရေးပေါ်အခြေအနေ ကြေငြာခဲ့ရပါတယ်။

    Ref: CNA

  • Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးသည့် နိုင်ငံ ၅ နိုင်ငံ ရှိလာ

    Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးသည့် နိုင်ငံ ၅ နိုင်ငံ ရှိလာ

    ဒီဇင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    -အမေရိကန်-ဂျာမန် ဆေးကုမ္ပဏီ Pfizer-BioNTech က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ မက္ကဆီကိုနိုင်ငံက မနေ့မှာ ခွင့်ပြုလိုက်ပြီး ဒီဆေးကို အသုံးပြုခွင့်ပေးတဲ့နိုင်ငံ ၅ နိုင်ငံ ရှိလာတာပါ။

    Pfizer-BioNTech ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်းထိရောက်မှုရှိပြီး ယူကေက ပြီးခဲ့တဲ့တစ်ပတ်မှာ ပထမဆုံး ပြည်သူတွေကို ထိုးပေးခဲ့ပါတယ်။ အဲဒီနောက် မနေ့က ကနေဒါ၊ အမေရိကန်နဲ့ ဘာရိန်းအစိုးရတို့ဟာ အရေးပေါ်အခြေအနေမှာ ဒီဆေးကို အသုံးပြုခွင့် ပေးခဲ့ပါတယ်။

    မက္ကဆီကို အစိုးရဟာ ကာကွယ်ဆေးအလုံးရေ ၂၄.၄ သန်း မှာယူဖို့ စာရင်းပေးထားပြီး အခုလနှောင်းပိုင်းမှာ ၂ သိန်းခွဲ စတင်ရရှိကာ ပြည်သူတွေကို ထိုးပေးမှာဖြစ်ပါတယ်။ စုစုပေါင်း လူ ၁၂၅၀၀၀ ထိုးနှံခွင့်ရမှာဖြစ်ပြီး၊ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေက ပထမဦးစားပေးအဆင့် ဖြစ်ပါတယ်။ မက္ကဆီကိုဟာ ကိုဗစ်ကူးစက်မှု စတုတ္ထအဆိုးရွားဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

    လက်ရှိ ယူကေမှာ ထိုးနှံမှုရလဒ်တွေအရ Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးဟာ အစားအစာနဲ့ ဆေးဝါး ဓာတ်မတည့်သူတွေမှာသာ ဘေးထွက်ဆိုးကျိုးရှိတာကို တွေ့ရပါတယ်။

    Ref: Reuters

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဒီဇင်ဘာ ၁၁၊ ၂၀၂၀
    M-Media

    ကိုဗစ်ကာကွယ်ရေး လေယာဉ်အမှုထမ်းတွေ ဒိုက်ပါဝတ်ဖို့ တရုတ်လေကြောင်းလိုင်း အကြံပြု

    တရုတ်လေကြောင်းလိုင်း CAAC က ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေ ထုတ်ပြန်ရာမှာ လေယာဉ်အမှူးထမ်းတွေအနေနဲ့ ခရီးစဉ်အတွင်း တစ်ခါသုံးဒိုက်ပါတွေ ဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။

    နှာခေါင်းစည်း၊ လက်အိတ်၊ ခြေအိတ်၊ မျက်မှန်လို အကာအကွယ်ပစ္စည်း အကုန်သုံးဖို့ ညွှန်ကြားထားတဲ့အပြင် လေယာဉ်အိမ်သာမသုံးဖို့ ဒိုက်ပါဝတ်ဖို့ပါ တိုက်တွန်းထားတာပါ။

    ဩဂုတ်လတုန်းက အီတလီကနေ တောင်ကိုရီးယားကို ခရီးသွားခဲ့တဲ့ အမျိုးသမီးဟာ ခရီးစဉ်အတွင်း ကိုဗစ်ကူးစက်ခဲ့ပါတယ်။ သူမဟာ အဲဒီခရီးမှာ လေယာဉ်အိမ်သာသွားတဲ့အချိန် တစ်ခုတည်း နှာခေါင်းစည်းမတပ်ခဲ့ဘဲ အဲဒီကနေတစ်ဆင့် ကူးစက်ဖို့များတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ပါတယ်။

    ဂျပန်လေကြောင်းလိုင်း ANA ကလည်း အခုနှစ်အစောပိုင်းမှာ လေယာဉ်ပေါ်မှာ လက်နဲ့ဖွင့်စရာမလိုတဲ့ အိမ်သာစနစ်ကို မိတ်ဆက်ခဲ့ပါတယ်။

    ကိုဗစ်မြင့်တက်လာသည့် တောင်ကိုရီးယားတွင် ကွန်တိန်နာနှင့် ဆေးခန်းဆောက်

    တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာ ကိုဗစ်ကူးစက်မှု သိသိသာသာ ပြန်လည်မြင့်တက်လာတာကြောင့် အာဏာပိုင်တွေဟာ ကွန်တိန်နာတွေနဲ့ ယာယီဆေးခန်းတွေဆောက်ပြီး ကြိုတင်ပြင်ဆင်နေကြပါတယ်။

    မနေ့က ကူးစက်သူ ၆၈၂ ဦး ရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့က ကူးစက်တဲ့ ၆၈၈ ဦးဟာ ဇန်နဝါရီနောက်ပိုင်းမှာ တစ်ရက်တာ အများဆုံးပါ။ ကူးစက်မှု ထပ်မံမြင့်တက်လာနိုင်တာကြောင့် ဆေးရုံမှာ ကုတင်မလုံလောက်မှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

    ကိုဗစ်သီးသန့်ကုတဲ့ ဒေသန္တသရဆေးခန်း​တွေ၊ ကိုဗစ်စမ်းသပ်တဲ့ စင်တာတွေကိုလည်း တိုးမြှင့်ဖွင့်လှစ်သွားဖို့ ​အစိုးရက စီစဉ်နေပါတယ်။

    ဓာတ်မတည့်ရောဂါရှိသူများ Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးနှင့် မတည့်

    အစားအစာ၊ ဆေးဝါးတွေနဲ့ ဓာတ်မတည့်သူတွေဟာ အမေရိကန်ဆေးကုမ္ပဏီ Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို မထိုးသင့်ဘူးလို့ ယူကေ ကျန်းမာရေးပညာရှင်တွေက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်ဆိုတဲ့ ဒီဆေးကို တနင်္လာနေ့က ယူကေမှာ စထိုးခဲ့ပြီး အနည်းဆုံး လူ ၂ ဦး ဓာတ်မတည့်တဲ့ရောဂါကို ခံစားရပါတယ်။

    ယူကေအစိုးရရဲ့ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ MHRA က ​ဒီဆေးကို အရည်အသွေး၊ အန္တရာယ်ကင်းမှု၊ ထိရောက်မှု စံချိန်စံညွှန်းတွေနဲ့ တိတိကျကျစစ်ဆေးထားတာကြောင့် ယုံယုံကြည်ကြည်ထိုးနှံနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC, CNN