ဒီဇင်ဘာ ၁၀၊ ၂၀၂၀
M-Media
ခရိုက်ချက်ဗလီအကြမ်းဖက်ခံရမှုတွင် အစိုးရကလစ်ဟင်းခဲ့သည်ဟု နယူးဇီလန်ဝန်ကြီးချုပ် နိုင်ငံကိုပြန်တောင်းပန် (မြန်မာစာတမ်းထိုး) Video Source – Aljazeera
ဒီဇင်ဘာ ၁၀၊ ၂၀၂၀
M-Media
ခရိုက်ချက်ဗလီအကြမ်းဖက်ခံရမှုတွင် အစိုးရကလစ်ဟင်းခဲ့သည်ဟု နယူးဇီလန်ဝန်ကြီးချုပ် နိုင်ငံကိုပြန်တောင်းပန် (မြန်မာစာတမ်းထိုး) Video Source – Aljazeera
ဒီဇင်ဘာ ၁၁၊ ၂၀၂၀
M-Media
-တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသက ဝီဂါမွတ်စလင်တွေပေါ် တရုတ်အစိုးရက ဖိနှိပ်ညှင်းပမ်းမှုမှာ Huawei ကုမ္ပဏီက ပါဝင်နေတယ်လို့ သတင်းထွက်လာတဲ့အတွက် ဒီကုမ္ပဏီကနဲ့ မိတ်ဖက်ဆက်ဆံရေးကို ရပ်ဆိုင်းကြောင်း ပြင်သစ်ဘောလုံးအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး အန်တိုနီ ဂရီဇ်မန်းက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူး ဂရီဇ်မန်းဟာ Huawei ရဲ့ Brand Ambassador အဖြစ် ၂၀၁၇ ခုနှစ်မှာ စတင် ခန့်အပ်ခံရတာပါ။
“မျက်နှာကို စကန်ဖတ်ပြီး ဘယ်သူဘယ်၀ါဆိုတာ ဖော်ထုတ်တဲ့ နည်းပညာ (Facial Recognition) အသုံးပြုပြီး ‘ဝီဂါတွေကို စောင့်ကြည့်တဲ့စနစ်’ ဖော်ဆောင်ရာမှာ Huawei ကုမ္ပဏီက ကူညီပေးခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သံသယတွေ ထွက်လာပြီးတဲ့နောက် ဒီကုမ္ပဏီနဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်နေမှုကို ချက်ခြင်း ရပ်ဆိုင်းလိုက်ပါတယ်” လို့ ဂရီဇ်မန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစွပ်စွဲချက်တွေကို ငြင်းဆိုနေတာထက် လူအစုအလိုက်အပြုံလိုက် ဖိနှိပ်ညှင်းပမ်းတဲ့စနစ်ကို ဆန့်ကျင်ရေး ဆောင်ရွက်ဖို့၊ ကုမ္ပဏီရဲ့ လွှမ်းမိုးမှုကို အသုံးချပြီး လူ့အဖွဲ့အစည်းအတွင်းက အမျိုးသားတွေ၊ အမျိုးသမီးတွေရဲ့ လူ့အခွင့်ရေးကို လေးစားရေးမှာ ကူညီဆောင်ရွက်ပေးဖို့လည်း ဂရီဇ်မန်းက Huawei ကို တိုက်တွန်းခဲ့ပါတယ်။
စောင့်ကြည့်ကင်မရာတွေက ဝီဂါတွေရဲ့မျက်နှာတွေကို ဖမ်းယူရရှိတာနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားတဲ့ တရုတ်အစိုးရရဲ့ စောင့်ကြည့်စနစ်မှာ Huawei ကုမ္ပဏီက ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်အခြေစိုက် ထောက်လှမ်းရေးဆိုင်ရာ သုတေသနအဖွဲ့ IPVM ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရဟာ ဝီဂါတွေအပေါ် စောင့်ကြည့်ကာ ဘာသာရေးလူမျိုးရေး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ထွက်လာတာဖြစ်ပါတယ်။
ရှင်ကျန်းပြည်နယ်မှာ အကျဉ်းစခန်းတွေဆောက်ပြီး အနည်းဆုံး ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစု ၁ သန်းလောက်ကို ဖမ်းဆီးထိန်းသိမ်းကာ ဘာသာပျက်အောင်၊ ယဉ်ကျေးမှုပျောက်အောင် စီမံကိန်းချ လုပ်ဆောင်နေတယ်လို့ ၂၀၁၈ ခုနှစ်ကနေ စပြီး ကမ္ဘာ့မီဒီယာတွေနဲ့ ကုလသမဂ္ဂအဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။
တရုတ်အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။
Eurasian Sports Industry က ပရော်ဖက်ဆာ ဆိုင်မွန် ချဒ်ဝစ်က အားကစားသမားတွေ တရုတ်ကုမ္ပဏီနဲ့ စပွန်ဆာစာချုပ် ဖျက်သိမ်းတာဟာ မကြုံစဖူးကိစ္စဖြစ်ပြီး ဂရီဇ်မန်းဟာ အပြောတင်မဟုတ်ဘဲ လက်တွေ့လုပ်ပြခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
ဒီဇင်ဘာ ၁၁၊ ၂၀၂၀
M-Media
-မြောက်အာဖရိကက အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံတစ်ခုဖြစ်တဲ့ မော်ရိုကိုနဲ့ အစ္စရေးတို့ဟာ သံတမန်ဆက်ဆံရေးထူထောင်ဖို့ မနေ့က သဘောတူခဲ့ကြပါတယ်။
ဒီကိစ္စမှာ အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးတာဖြစ်ပြီး မော်ရိုကိုဟာ ပြီးခဲ့တဲ့ ၄ လအတွင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ စတုတ္ထမြောက် မွတ်စလင်နိုင်ငံ ဖြစ်လာတာပါ။
ဒီသဘောတူညီချက် အစိတ်အပိုင်းအဖြစ် အမေရိကန်ဟာ အနောက်ဆဟာရဒေသအပေါ် မော်ရိုကိုရဲ့ အချုပ်အခြာအာဏာ တည်ရှိမှုကို အသိအမှတ်ပြုမှာ ဖြစ်ပါတယ်။ ဒီဒေသဟာ အလ်ဂျီးရီးယား ကျောထောက်နောက်ခံပြု Polisario Front လက်နက်ကိုင်အဖွဲ့နဲ့ မော်ရိုကိုတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသဖြစ်ပါတယ်။ Polisario Front က အမေရိကန်ရဲ့ အခုလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။
မနေ့က ဒီကြေငြာချက်ကို ပါလက်စတိုင်းခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ရဲ့ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဘာဆမ် အက်စ်-ဆာလ်ဟီက ၂၀၀၂ ခုနှစ် အာရပ်ငြိမ်းချမ်းရေး အစီအစဉ်ကနေ ဖယ်ခွာပြီး အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့ ဘယ်နိုင်ငံရဲ့ လုပ်ရပ်ကိုမှ လက်မခံနိုင်ဘဲ၊ ဒါဟာ ပါလက်စတိုင်းတွေရဲ့ ရပိုင်ခွင့်ကို မျက်ကွယ်ပြုပြီး၊ အစ္စရေးရဲ့ ကျူးကျော်မှုကို အားပေးအားမြှောက်ပြုရာရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ
ဟာဇင် ကာစင်ကလည်း မော်ရိုကိုရဲ့ ဒီလုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။
“ဒါဟာ အကုသိုလ်တစ်ခုပါ။ ပါလက်စတိုင်းပြည်သူတွေကိုလည်း မငဲ့ပါဘူး။ အစ္စရေးဟာ သံတမန်ဆက်ဆံရေး အသစ်တိုင်းကို အသုံးချပြီး ပါလက်စတိုင်းနယ်မြေတွေ ကျူးကျော်သိမ်းပိုက်မှုနဲ့ တရားမဝင်အိမ်ယာ ဆောက်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်နေတာပါ”
မော်ရိုကိုဘုရင် မိုဟာမက်ဟာ မနေ့က ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကို ဖုန်းခေါ်ခဲ့ပြီး နှစ်နိုင်ငံတည်ရှိရေးနဲ့သာ ပါလက်စတိုင်း-အစ္စရေး ပြဿနာဖြေရှင်းရမယ်ဆိုတဲ့ မူအတိုင်း မိမိတို့ ရပ်တည်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ မော်ရိုကိုနန်းတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ညှိနှိုင်းဆွေးနွေးမှုကသာ ရေရှည်တည်တံ့ပြီး ပြည့်၀တဲ့အဖြေ ရရှိလိမ့်မယ်လို့ ဘုရင်မိုဟာမက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မော်ရိုကိုနဲ့ သံတမန်ဆက်ဆံရေး သဘောတူညီချက်ရတာကို ကြိုဆိုခဲ့ပြီး ဒါဟာ ‘ငြိမ်းချမ်းရေး အလင်းတန်းတစ်ခု’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သဘောတူညီချက်အရ အစ္စရေးနဲ့ မော်ရိုကိုတို့ဟာ ရာနှုန်းပြည့် သံတမန်ဆက်ဆံရေးကို ထူထောင်မှာဖြစ်ပြီး နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းတာ၊ သံရုံးဖွင့်တာ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။
သမ္မတထရမ့်ရဲ့ အကြံပေး ကက်ရှ်နာက နောက်ဆုံးမှာ ဆော်ဒီအာရေဗျလည်း အစ္စရေးကို အသိအမှတ်ပြုလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဆော်ဒီကတော့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ မပေါ်မချင်း အစ္စရေးကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ပြောကြားထားတာပါ။
ဂျူးများအား ကယ်ခဲ့သည့်နိုင်ငံ
မော်ရိုကိုနိုင်ငံဟာ ဂျူးလူမျိုးအမြောက်အများကို အခြေချနေထိုင်ခွင့်ပေးထားတဲ့ သမိုင်းကြောင်းရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။
အရှေ့ဥရောပက ဂျူးတွေ ပါလက်စတိုင်းပိုင်နက်ကို ကျူးကျော်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်မတိုင်ခင် မော်ရိုကိုဟာ ကမ္ဘာပေါ်မှာ ဂျူးလူ့အဖွဲ့အစည်း အများဆုံးရှိတဲ့ နိုင်ငံတစ်ခုပါ။
မော်ရိုကို ဂျူးလူ့အဖွဲ့အစည်းက တော်တော်များများဟာ အလယ်ခေတ် စပိန်နဲ့ ပေါ်တူဂီက ခရစ်ယာန်ဘာသာရေးစနစ် (Inquisition) အောက်မှာ နှိပ်စက်ညှင်းပမ်းခံရမှုကြောင့် မြောက်အာဖရိကကို ထွက်ပြေးလာတဲ့ ဂျူးလူမျိုး မျိုးဆက်တွေ ဖြစ်ပါတယ်။
လက်ရှိ အစ္စရေးက သိန်းနဲ့ချီတဲ့ ဂျူးလူမျိုးတွေဟာ မော်ရိုကိုမျိုးဆက်တွေပါ။ မော်ရိုကိုနိုင်ငံမှာ အခုအချိန်အထိ ဂျူးလူမျိုးသောင်းချီ ရှိနေပါတယ်။
“ဘ၀တစ်ခုလုံးကို စွန့်လွှတ်ပြီး မော်ရိုကိုကနေ ပြောင်းရွှေ့အခြေချလာတဲ့ ကျွန်တော့မိဘတွေက မော်ရိုကိုမှာ ခင်ခဲ့တဲ့ အာရပ်အိမ်နီးချင်းတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေကြောင်း မကြာခဏ ပြောဖူးပါတယ်” လို့ အစ္စရေးအစိုးရအဖွဲ့က ဝန်ကြီး ရာဖေးလ် ပီရက်ဇ်က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။
မော်ရိုကိုဟာ အရင်ကတည်းက အစ္စရေးနဲ့ တိတ်တဆိတ် ဆက်သွယ်မှု ရှိခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ် အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ယာယီငြိမ်းချမ်းရေး သဘောတူညီချက် ရပြီးတဲ့နောက် တရားဝင်မဟုတ်တဲ့ သံတမန်ဆက်ဆံမှုတစ်ခု ထူထောင်ခဲ့ပေမယ့် ၂၀၀၀ ခုနှစ် ပါလက်စတိုင်းလူထုအုံကြွမှု ဖြစ်ခဲ့ပြီးနောက် ဒီဆက်ဆံရေးကို ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုတွေ ဆက်ရှိခဲ့ပြီး မော်ရိုကိုကို လာရောက်တဲ့ အစ္စရေးနိုင်ငံသား တစ်နှစ်ကို ၅ သောင်းလောက် ရှိနေပါတယ်။
Ref: Aljazeera
အစ္စရေးနဲ့ အာရပ်နိုင်ငံတွေ ဘာ့ကြောင့် မိတ်ဆွေဖွဲ့လာကြတာလဲ (မြန်မာစာတမ်းထိုး) Video Source – Aljazeera
ဒီဇင်ဘာ ၉၊ ၂၀၂၀
M-Media
-အာဖဂန်နစ္စတန်မှာ အမေရိကန်နဲ့ သူတို့ရဲ့မဟာမိတ်တွေ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု အရေအတွက်ဟာ ၂၀၁၇ နောက်ပိုင်းမှာ အဆ ၃၃၀ အထိ မြင့်တက်လာတယ်လို့ ယူကေ ဘရောင်းတက္ကသိုလ်ရဲ့ Costs of War Project က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်အတွင်း အာဖဂန်မှာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သားအရေအတွက် ၇၀၀ ရှိခဲ့ပြီး ၂၀၀၁ ခုနှစ် အမေရိကန်ရဲ့ ကျူးကျော်မှုနောက်ပိုင်း တစ်နှစ်အတွင်း အရပ်သား အများဆုံးသေဆုံးမှု ဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလမှာ တာလီဘန်နဲ့ သဘောတူညီချက် ရပြီးနောက် အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်တော့ပေမယ့် အာဖဂန်လေတပ်က တိုက်ခိုက်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ ၂၀၂၀ ပထမ ၆ လအတွင်း အာဖဂန်လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၈၆ ဦး သေဆုံးပြီး ၁၀၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
Costs of War Project ရဲ့အစီရင်ခံစာမှာ အာဖဂန်လေတပ်ဟာ နိုင်ငံသမိုင်းတစ်လျှောက် အရပ်သားတွေအပေါ် အဆိုးရွားဆုံး ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်ဟာ အာဖဂန်က တပ်ဖွဲ့တွေ ဆုတ်ခွာရေး လျင်လျင်မြန်မြန် ဆောင်ရွက်လာတာကြောင့် တာလီဘန်အဖွဲ့ဟာ အဖာဂန်အစိုးရကို ဖိအားပေးဖို့ ကြိုးစားလာနိုင်ပြီး၊ အာဖဂန်လေတပ်ကလည်း တိုက်ခိုက်မှုတွေ ပိုမို တိုးမြှင့်လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာပါတယ်။
၂၀၀၁ ခုနှစ် အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အရပ်သား အနည်းဆုံး ၃၂၀၀၀ လောက်သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူကတော့ ၆ သောင်းလောက်ရှိတယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: Aljazeera