News @ M-Media

Author: Ko Lay

  • ကိုဗစ်ကာကွယ်ဆေး သိုလှောင်သည့်ကုမ္ပဏီများကို နိုင်ငံတစ်ခုက ပံ့ပိုးထားသော ဟက်ကာများက တိုက်ခိုက်ရန် ကြိုးစား

    ကိုဗစ်ကာကွယ်ဆေး သိုလှောင်သည့်ကုမ္ပဏီများကို နိုင်ငံတစ်ခုက ပံ့ပိုးထားသော ဟက်ကာများက တိုက်ခိုက်ရန် ကြိုးစား

    ဒီဇင်ဘာ ၅၊ ၂၀၂၀
    M-Media

    -နိုင်ငံတစ်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ကာတွေဟာ အအေပေးစနစ်နဲ့ ကာကွယ်ဆေးသိုလှောင်ရေး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကို တိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်အစိုးရရဲ့ ပြည်တွင်းလုံခြုံရေး အေဂျင်စီ (DHS) က ကြာသာပတေးနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

    အအေးပေးစနစ်ဟာ ကာကွယ်ဆေးကို သိုလှောင်သိမ်းဆည်းရေး၊ ဖြန့်ဖြူးရေးအတွက် အရေးပါတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်ဆိုတဲ့ အမေရိကန်ကုမ္ပဏီ Pfizer ထုတ် ကိုဗစ်ကာကွယ်ဆေးဟာ အနုတ် ၇၀ ဒီဂရီဆဲလ်စီးယက်စ်မှာ သိုလှောင်သိမ်းဆည်းထားဖို့ လိုအပ်တာပါ။

    ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့ စတင်ကြိုပမ်းကတည်းက ဟက်ကာတွေဟာ သုတေသနအဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး၊ အခုအချိန်မှာတော့ ကာကွယ်ဆေးဖြန့်မယ့်အဖွဲ့တွေ၊ အအေးပေးစနစ် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားလာပါတယ်။

    အမေရိကန် ပြည်တွင်းလုံခြုံရေးအေဂျင်စီ DHS က ဆိုက်ဘာလုံခြုံရေးဌာန CISA ရဲ့ ကြာသာပတေးနေ့ ထုတ်ပြန်ချက်မှာ ကိုဗစ်ကာကွယ်ဆေး သိမ်းဆည်းရေးနဲ့ ပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ အအေးပေးစနစ်မှာ ဆိုက်ဘာကာကွယ်ရေး တိုးမြှင့်လုပ်ဆောင်ဖို့၊ ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေအတွက် မျက်စိဖွင့် နားစွင့်ထားကြဖို့ တိုက်တွန်းထားပါတယ်။

    IBM ကုမ္ပဏီက သုတေသနပညာရှင်တွေကလည်း ဟက်ကာတွေဟာ တရုတ်ကုမ္ပဏီ Haier ရဲ့ အရာရှိတစ်ဦးဟန်ဆောင်ကာ ဆိုက်ဘာ phishing တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ မကြာသေးမီက ထုတ်ပြန်ထားပါတယ်။ Haier ဟာ ဆေးဝါးတွေအတွက် အအေးပေးစနစ် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

    ဥရောပကော်မရှင်က ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ရေး ဥပဒေတွေ ပြဌာန်းထုတ်ပြန်နေတဲ့ အဖွဲ့၊ နေရောင်ခြစွမ်းအင်သုံးဓာတ်အား ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဟာ အခုတစ်ကြိမ်တိုက်ခိုက်ခံရမှုမှာ ပါဝင်လာပါတယ်။ ကာကွယ်ဆေးကို သိုလှောင်ထားတဲ့ အအေးခန်းတွေကို နေရောင်ခြည်စွမ်းအင်သုံးပြီး ဓာတ်အားပေးတာမျိုးတွေလည်း ရှိပါတယ်။

    ဟက်ကာတွေရဲ့တိုက်ခိုက်မှု အောင်မြင်ခဲ့လားဆိုတာ တိတိကျကျ မသိရပါဘူး။ အရင်က ကာကွယ်ဆေးဖော်တဲ့ အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ကို အမြောက်အများခံခဲ့ရပေမယ့် ထိခိုက်မှု မရှိခဲ့ပါဘူး။

    ဒီတိုက်ခိုက်မှုတွေကို ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့က လုပ်တာလို့ တိုက်ခိုက်မှုအချက်အလက်တွေကို ကြည့်ပြီး ပညာရှင်တွေက သုံးသပ်ခဲ့ပါတယ်။ အခု သိုလှောင်သိမ်းဆည်း၊ ဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေကို တိုက်ခိုက်မှုကလည်း နိုင်ငံတစ်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ကာတွေ လုပ်တာလို့ IBM က သုံးသပ်ပြီး ဘယ်နိုင်ငံလည်းဆိုတာ ထုတ်မပြောခဲ့ပါဘူး။

    ဥရောပကော်မရှင်က သူတို့ဟာ phishing တိုက်ခိုက်မှုတွေ ခံခဲ့ရကြောင်း အတည်ပြုပါတယ်။

    ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အမေရိကန်အစိုးရရဲ့ Operation Warp Speed အစီအစဉ်မှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ IBM က သတိပေးထားတဲ့ phishing တိုက်ခိုက်မှုတွေကိုပါ သတိထားဖို့ DHS က တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကလည်း ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့တွေဟာ ကိုဗစ်ကာကွယ်ဆေးကို ခိုးယူတာ၊ ဒါမှမဟုတ် ဖျက်ဆီးတာမျိုးတွေ လုပ်ဆောင်လာနိုင်တယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။

    လက်ရှိမှာ အမေရိကန် Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးအပါအဝင် ၉၀ ရာခိုင်နှုန်းနဲ့အထက် ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးအနည်းဆုံး ၂ မျိုးအထိ ထွက်လာပြီး Pfizer ဆေးကို ယူကေက လာမယ့်တစ်မှာ ပြည်သူတွေကို ထိုးပေးတော့မှာ ဖြစ်ပါတယ်။

    Ref: Forbes

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဒီဇင်ဘာ ၃၊ ၂၀၂၀
    M-Media

    ကိုဗစ်ပျောက်ကင်းသူများ လနှင့်ချီ အဆုပ်အားနည်းနိုင်

    ကိုဗစ်ကူးစက်ပျောက်ကင်းသွားသူတွေမှာ နောက်ထပ် ၃ လအထိ အဆုတ် အားနည်းနေတာ၊ ပုံမှန်အလုပ်မလုပ်တာတွေ ဖြစ်တတ်တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။
    ဒီလို အဆုပ်အားနည်းတာမျိုးကို သာမန်နည်းလမ်းနဲ့ စမ်းသပ်ရင် မတွေ့နိုင်ဘဲ MRI စကန်နဲ့ ဖတ်ကြည့်မှာသာ အဆုအတွင်း ​သွေးကောင်းကောင်း လှည့်ပတ်မှုမရှိတာကို တွေ့ရတာ ဖြစ်ပါတယ်။
    ကိုဗစ်ပျောက်သွားတဲ့ လူနာတွေမှာ လအတော်ကြာတဲ့အထိ တွေ့ရတဲ့ အဆုတ်အားနည်းမှု လက္ခဏာတွေကတော့ အသက်ရှုမ၀တာ၊ မောပန်းတာတွေ​ ဖြစ်ပါတယ်။
    အောက်စဖို့တက္ကသိုလ်ဟာ ကနဦးအနေနဲ့ လူ ၁၀ ဦးကို လေ့လာခဲ့တာဖြစ်ပြီး အခုရလဒ် ထွက်ပေါ်ပြီ နောက်မှာ နောက်ထပ် ကိုဗစ်ပျောက်သွားသူ လူ ၁၀၀ လောက်ကို ထပ်ပြီး လေ့လာဖို့ ရှိနေပါတယ်။
    ကိုဗစ်နောက်ဆက်တွဲ အဆုအားနည်းမှုဟာ အသက် ၆၀ ​ကျော်အရွယ်တွေမှာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဆိုးရွားနိုင်တယ်လို့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    သတင်းအမှားကြောင့် ကိုဗစ်ကာကွယ်ဆေးကို ယုံကြည်မှုလျော့နိုင်

    ကိုဗစ်ကာကွယ်ဆေး ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်က သတင်းမှားတွေကြောင့် လူတွေဟာ ကာကွယ်ဆေးကို ရှောင်ရှားတာတွေ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။
    ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့ ကာကွယ်ဆေး အနည်းဆုံး ၂ မျိုးလောက် ပေါ်လာပြီး အဲဒီထဲကတစ်မျိုးကို ယူကေမှာ အခုတစ်ပတ်အတွင်း ပြည်သူတွေကို စပြီး ထိုးပေးတော့မှာပါ။
    ပုံမှန်အားဖြင့် ၁၀ နှစ်လောက်ကြာနိုင်တဲ့ ကာကွယ်ဆေးထုတ်လုပ်မှုဟာ ၁၀ လလောက်အတွင်း အကောင်အထည်​ပေါ်လာတဲ့အတွက် အန္တရာယ်ကင်းမှုနဲ့ပတ်သက်ပြီး သံသယတွေလည်း ရှိနေပါတယ်။
    Facebook လို ဆိုရှယ်မီဒီယာတွေကတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဖယ်ရှားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    အကြွေးပေးရန်မေ့ခြင်းက အသိဉာဏ်ချို့ယွင်းမှုရောဂါ၏ လက္ခဏာဖြစ်နိုင်

    အကြွေးဝယ်ကဒ်၊ ဒါမှမဟုတ် အရစ်ကျဝယ်ယူမှုတွေအတွက် ငွေပြန်ဆပ်ဖို့​ မေ့နေတာဟာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ(Dementia) ရဲ့ အစောဆုံး လက္ခဏာ ဖြစ်နိုင်တယ်ဆိုတာ အမေရိကန် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ခဲ့ရပါတယ်။
    ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေ မမှတ်မိတော့တဲ့ ဒီလက္ခဏာဟာ Dementia ရောဂါရှိကြောင်း မသိခင် ၆ နှစ်လောက်၊ တစ်ချို့လူတွေမှာ ၂ နှစ်ခွဲလောက်အရင် ကြိုတွေ့ရလေ့ရှိပြီး ဒီအချက်ကြောင့် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတာ၊ စုဆောင်းထားတဲ့ငွေတွေ အလိမ်ခံရတာတွေ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
    အမေရိကန်မှာ အသက် ၆၅ နှစ်နဲ့အထက် Dementia ရောဂါခံစားနေရသူ ၅.၈ သန်းလောက်ရှိပြီး ၂၀၅၀ ရောက်ရင် ၁၃.၈ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
    Ref: BBC, CNN

  • အစ္စရေးမှ အာရပ်မုန်းတီးရေး ဘောလုံးအသင်းကို ယူအေအီးက ဝယ်မည်

    အစ္စရေးမှ အာရပ်မုန်းတီးရေး ဘောလုံးအသင်းကို ယူအေအီးက ဝယ်မည်

    ဒီဇင်ဘာ ၄၊ ၂၀၂၀
    M-Media

    -အာရပ်လူမျိုးတွေအပေါ် လူမျိုးရေး စော်ကားတိုက်ခိုက်တဲ့ ပရိတ်သတ်တွေကြောင့် နာမည်ဆိုးနဲပကျော်ကြားတဲ့ အစ္စရေးဘောလုံးအသင်း Beitar Jerusalem ကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။

    အသင်းပိုင်ရှင် မိုရှေး ဟိုဂက်နဲ့ အသင်းက ထိပ်တန်းပုဂ္ဂိုလ်တစ်ချို့ဟာ မနေ့က ယူအေအီးနိုင်ငံ ဒူဘိုင်းမျိုးကို သွားရောက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ယူကရိန်းမှာမွေးပြီး ယူအေအီးမှာ အခြေစိုက်တဲ့ အစ္စရေး စီးပွားရေးလုပ်ငန်းရှင် နအွန်ကိုအင်က ဒီကိစ္စမှာ ကြားဝင် ညှိနှိုင်းပေးနေတာပါ။

    ယူအေအီးအုပ်ချုပ်သူ မိသားစုထဲက တစ်ဦးဖြစ်တဲ့ ဟာမဒ် ဘင် ခါလီဖာ အလ်နဟ်ယန်ဟာ ဒေါ်လာ သန်း ၁၀၀ နဲ့ Beitar Jerusalem အသင်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းနီးပါးကို ဝယ်ယူမှာ ဖြစ်ပါတယ်။ ယူအေအီးနဲ့ အစ္စရေးတို့ ပုံမှန် ဆက်ဆံရေးမတည်ဆောက်ခင် စက်တင်ဘာလကတည်းက ဒီသတင်း ထွက်နေခဲ့တာပါ။

    အသင်းပိုင်ရှင် ဟိုဂတ်က ဟာမဒ် ဘင် ခါလီဖာရဲ့ အခုလို ၀ယ်ယူမှုဟာ ရေရှည်မှာ အသင်းအတွက် ကောင်းမွန်မှာဖြစ်ပြီး အပြီးသတ်လက်မှတ်ရေးထိုးမှုကို အခုနှစ်နှောင်းပိုင်းမှာ ပြုလုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Beitar Jerusalem ဘောလုံးအသင်းဟာ အစ္စရေးပရီးမီးယားလိဂ်မှာ ပါလက်စတိုင်းနွယ်ဖွားတွေ မပါဝင်တဲ့ တစ်ခုတည်းသော ဘောလုံးအသင်း ဖြစ်ပါတယ်။ အသင်းရဲ့ ပရိတ်သတ်တွေက ‘အာရပ်တွေကိုသတ်ပစ်’ စတဲ့ လူမျိုးရေးခွဲခြားတဲ့ ကျွေးကြော်မှုတွေ ကွင်းအတွင်းပြုလုပ်လေ့ရှိပြီး အသင်းဟာ အကြိမ်ကြိမ် အရေးယူခံခဲ့ရပါတယ်။

    အသင်းရဲ့ အမာခံ ပရိတ်သတ်အဖွဲ့ La Familia ဟာ ပြိုင်ဘက်အသင်းကစားသမားတွေအပေါ် လူမျိုးရေးတိုက်ခိုက်တာ၊ တမန်တော်မိုဟာမက်ကို စော်ကားတဲ့ သီချင်းတွေ သီဆိုလွှင့်တင်တာမျိုးတွေလည်း ရှိပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ရုရှားမွတ်စလင် ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ အသင်းက ကြိုးစားတာကြောင့် အသင်းရဲ့ ရုံးခန်းတစ်ချို့ကို ပရိတ်သတ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

    Beitar Jerusalem ဘောလုံးအသင်းဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အာဏာရ လူကစ်ပါတီနဲ့ အနီးကပ်မဟာမိတ်လည်း ဖြစ်ပါတယ်။

    Ref : Middle East Eye

  • ကိုဗစ်နောက်ဆက်တွဲ ရိုက်ခတ်မှုကို ကမ္ဘာကြီးက ၁၀ စုနှစ်ချီ ခံစားရနိုင်

    ကိုဗစ်နောက်ဆက်တွဲ ရိုက်ခတ်မှုကို ကမ္ဘာကြီးက ၁၀ စုနှစ်ချီ ခံစားရနိုင်

    ဒီဇင်ဘာ ၄၊ ၂၀၂၀
    M-Media

    -ကာကွယ်ဆေးတွေ ပေါ်လာပေမယ့် ကိုဗစ်နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ကမ္ဘာကြီးဟာ ဆယ်စုနှစ်ချီ ခံရလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်ဇ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဟာ ပထမဆုံး အထွေထွေညီလာခံကို ကျင်းပတာပါ။ ဂူတာရက်ဇ်က ကာကွယ်ဆေးဖော်ထုတ်မှုမှာ သိပ္ပံဆိုင်ရာ တိုးတက်မှုတွေကို ချီးကျူးခဲ့ပေမယ့် ကာကွယ်ဆေးဟာ ရောဂါပျောက်ဆေးမဟုတ်ဘူးလို့ ဆိုပါတယ်။

    “ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မသိချင်ယောင် ဆောင်နေလို့ မရပါဘူး။ ကာကွယ်ဆေးဟာ နောက်နှစ်အနည်းငယ်အတွင်း ဖြစ်လာမယ့် ပျက်ဆီးဆုံးရှုံးမှုတွေကို ကာမိမှာ မဟုတ်ပါဘူး။ ဒါဟာ ၁၀ စုနှစ်ချီတောင် ကြာချင်ကြာနိုင်ပါတယ်။ ဆင်းရဲမွဲတွေမှု အလွန်အမင်း မြင့်လာတယ်။ ငတ်မွတ်ခေါင်းပါးမှုကလည်း တာဆူနေတယ်။ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၈၀ အတွင်း အကြီးမားဆုံး စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရပါတယ်”

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁.၅ သန်းလောက် သေဆုံးခဲ့ပြီး၊ လူတန်းစား မညီမျှမှု၊ ရာသီဥတုပြောင်းလဲမှုတွေလို ရေရှည်စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့ရဖွယ် ရှိနေပါတယ်။

    ကိုဗစ်ဆိုင်ရာ ကုလညီလာခံကို အွန်လိုင်းကနေ ၂ ရက်တာ ကျင်းပမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်မှာပါ။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်နဲ့ ဥရောပသမဂ္ဂက အကြီးအကဲတွေက မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

    အထွေထွေအတွင်းရေးမှူး ဂူတာရက်ဇ်က လာမယ့် ၂ လအတွင်း ကမ္ဘာကြီးဟာ ကန်ဒေါ်လာ ၄.၃ ဘီလီယံလောက် ဆုံးရှုံးမှာဖြစ်ပြီး ဒီအတွက် ကမ္ဘာ့နိုင်ငံတွေက ကူညီပံ့ပိုးကြဖို့ တိုက်တွန်းခဲ့ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေက လိုငွေပြမှုကို ကူညီဖြေရှင်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကိုဗစ်ကပ်ရောဂါ ကိစ္စမှာ ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေကို ဂူတာရက်ဇ်က ကာကွယ်ပြောကြားခဲ့သလို၊ အထွေထွေညီလာခံ ဥက္ကဌ ဗော်လ်ကန် ဘွဇ်ကီရ်ကလည်း အခုအချိန် တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုး အပြစ်တင်ရမယ့် အချိန်မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera