News @ M-Media

Author: Ko Lay

  • အိန္ဒိယတောင်ပိုင်းတွင် မည်မသိရောဂါကြောင့် လူ ၃၀၀ ကျော် ဆေးရုံတက်ရ

    အိန္ဒိယတောင်ပိုင်းတွင် မည်မသိရောဂါကြောင့် လူ ၃၀၀ ကျော် ဆေးရုံတက်ရ

    ဒီဇင်ဘာ ၈၊ ၂၀၂၀
    M-Media

    District govt hospital , Elooru, Andhra, Sunday, Dec.6

    -အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ အမျိုးအမည်မသိတဲ့ ရောဂါတစ်ခု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ ၃၀၀ ကျော်လောက် ဆေးရုံတင်ခဲ့ရပြီး အနည်းဆုံး ၁ ဦး သေဆုံးခဲ့ပါတယ်။

    အန်ဒရာ ပရာဒက်ရှ်က အီလူရူဆိုတဲ့မြို့မှာ လူတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မူးမေ့လဲကျတာ၊ အော့အန်တာတွေ ဖြစ်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာပါ။

    အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူ ၈ သိန်းကျော် ကူးစက်ခံထားရပါတယ်။ ဒါပေမယ့် အီလူရူက အခုအဖြစ်အပျက်ဟာ ကိုဗစ်ကြောင့်မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

    ဆေးရုံတင်လိုက်ရတဲ့ ၃၀၀ ကျော်မှာ ၁၈၀ လောက်က အခြေအနေကောင်းတာကြောင့် ဆေးရုံက ဆင်းသွားပြိလို့ ဆိုပါတယ်။ သေဆုံးသွားသူဟာ အခြားလူတွေလို မူးမေ့အော့အန်တာတွေ ဖြစ်ခဲ့ပေမယ့် နှလုံးရောဂါကြောင့် သေဆုံးခဲ့တာပါ။

    အန်ဒါပရာဒက်ရှ် ကျန်းမာရေးဌာနက လူနာတွေကို သွေးစစ်ကြည့်ရာမှာ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးလို ကူးစက်ရောဂါမျိုး မဟုတ်ဘူးဆိုတာ တွေ့ရကြောင်း ထုတ်ပြန်ပါတယ်။

    ဝေဒနာခံစားရသူ အားလုံးဟာ ရေအရင်းမြစ်တစ်ခုတည်းကို မျှဝေသုံးစွဲနေကြတဲ့အတွက် အဲဒီရေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးထားတယ်လို့ ဆိုပါတယ်။

    Ref: CNN

  • ဂြိုဟ်တုနှင့်ထိန်းသည့် စက်သေနတ်ဖြင့် ထိပ်တန်းနျူပညာရှင် လုပ်ကြံခံခဲ့ရဟု အီရန် ထုတ်ပြန်

    ဂြိုဟ်တုနှင့်ထိန်းသည့် စက်သေနတ်ဖြင့် ထိပ်တန်းနျူပညာရှင် လုပ်ကြံခံခဲ့ရဟု အီရန် ထုတ်ပြန်

    ဒီဇင်ဘာ ၈၊ ၂၀၂၀
    M-Media

    FILE PHOTO: Mourners sit next to the coffin of Iranian nuclear scientist Mohsen Fakhrizadeh, during the burial ceremony at the shrine of Imamzadeh Saleh, in Tehran, Iran November 30, 2020. Hamed Malekpour/WANA (West Asia News Agency) via REUTERS/File Photo

    -ထိပ်တန်း နျူလီးယား သိပ္ပံပညာရှင် မိုဆန် ဖက္ကရီဇာဒါဟ် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ‘ဂြိုဟ်တုနဲ့ထိန်းချုပ်တဲ့ စမတ် စက်သေနတ်ကို’ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

    အီရန်နျူလက်နက်စီမံကိန်းရဲ့ အကြီးအကဲလို့ အစ္စရေးနဲ့ အနောက်နိုင်ငံတွေက ယူဆထားတဲ့ ဖက္ကရီဇာဒါဟာ နိုဝင်ဘာ ၂၇ ရက်နေ့က မြို့တော်တီဟီရန် ဆင်ခြေဖုံးမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာပါ။

    သတ်ဖြတ်မှုကို အစ္စရေးကလုပ်ဆောင်တာလို့ အီရန်က စွပ်စွဲခဲ့ပြီး အစ္စရေးက အတည်ပြု၊ ငြင်းဆိုတာမျိုး မရှိပါဘူး။ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ချို့က ဒါဟာ အစ္စရေးလက်ချက်ဖြစ်ကြောင်း အခင်းဖြစ်ပြီး နောက်တစ်ရက်မှာပဲ ပြည်တွင်းမီဒီယာတစ်ခုကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    ​ကားဗုံးခွဲပြီး သေနတ်သမားတွေက တိုက်ခိုက်ခဲ့တာလို့ အစောပိုင်းမှာ သတင်းထွက်ခဲ့ပေမယ့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဒုတိယတပ်မှူး အလီ ဖာဒါဗီက ဒီလုပ်ကြံမှုမှာ ဂြိုဟ်တုကထိန်းချုပ်တဲ့ လက်နက်စနစ်ကို အသုံးပြုသွားတာလို့ အီရန်သတင်းဌာန Tasnim ကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “မြေပြင်မှာ အကြမ်းဖက်သမားတွေ မရှိခဲ့ပါဘူး။ အာဇာနည် ဖက္ကရီဇာဒါဟာ ကားမောင်းသွားနေတဲ့အချိန် အဆင့်မြင့် ကင်မရာက သူရဲ့ မျက်နှာကို Zoom ဆွဲကြည့်ပြီး၊ ပစ်ကပ်ကားပေါ်က ဂြိုဟ်တုနဲ့ထိန်းချုပ်တဲ့ စက်သေနတ်ကနေ ပစ်ခဲ့တာပါ”

    ဒီဖြစ်စဉ်မှာ ဉာဏ်ရည်တုနည်းပညာ (AI)၊ မျက်နှာကြည့်ပြီး ဘယ်သူဘယ်ဝါဆိုတဲ့ ဖော်ထုတ်တဲ့စနစ် (Face recognition) တို့ကို အသုံးပြုခဲ့တယ်လို့လည်း ဖာဒါဗီက ပြောကြားခဲ့ပါတယ်။ ဖက္ကရီဇာဒါဟာ ကျည်ဆံ ၁၃ ချက် ထိမှန်ခဲ့ပြီး သူဘေးမှာ ထိုင်နေတဲ့ ဇနီးဖြစ်သူ ဒဏ်ရာလုံး၀ မရခဲ့တာကိုထောက်ပြကာ ဂြိုဟ်တုကနေ ထိန်းချုပ်တဲ့ လက်နက်စနစ်ဟာ အလွန်တိကျတယ်လို့ သူက ဆိုပါတယ်။

    Ref: Aljazeera

  • ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိသည့် ကိုဗစ်ကာကွယ်ဆေးကို ယူကေတွင် စတင်ထိုးနှံ

    ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိသည့် ကိုဗစ်ကာကွယ်ဆေးကို ယူကေတွင် စတင်ထိုးနှံ

    ဒီဇင်ဘာ ၈၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့သည့် မာဂရတ် ကီနန်)

    -အမေရိကန်-ဂျာမန် ဆေးကုမ္ပဏီ Pfizer/BioNTech က ထုတ်လုပ်ပြီး ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့ ကိုဗစ်ကာကွယ်ဆေးကို ဒီကနေ့ ယူကေမှာ စတင် ထိုးနှံခဲ့ပါတယ်။

    လာမယ့်တစ်ပတ်မှာ အသက် ၉၁ နှစ်ပြည့်မယ့် မာဂရတ် ကီနန်ကို စတင်ထိုးနှံခဲ့တာပါ။ ယူကေဟာ ပထမအသုတ်အဖြစ် ကာကွယ်ဆေး ၈ သိန်းကနေ လကုန်ပိုင်းမှာ ၄ သန်းအထိ ထိုးပေးဖို့ စီစဉ်ထားပါတယ်။

    အသက် ၈၀ ကျော်အရွယ်တွေ၊ အချို့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။

    “ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံရသူဖြစ်တဲ့အတွက် အရမ်းကျေနပ်ပါတယ်။ အဘွား တောင့်တသမျှထဲက အကောင်းဆုံးနဲ့ အစောဆုံး မွေးနေ့လက်ဆောင်လည်း ဖြစ်ပါတယ်။ တစ်နှစ်လုံးတစ်ယောက်တည်း နေလာရပြီးတဲ့နောက် နှစ်သစ်မှာ မိသားစုနဲ့ အချိန်တွေကို ကုန်ဆုံးနိုင်တော့မှာပါ” လို့ မာဂရတ် ကီနန်က ပြောကြားခဲ့ပါတယ်။

    Pfizer/BioNTech ကာကွယ်ဆေးကို ယူက​ကေ ပထမဆုံး အသုံးပြုတဲ့နိုင်ငံ ဖြစ်ပါတယ်။ ယူကေကျန်းမာရေးဝန်ကြီး မတ် ဟန်ကော့က သွားရမယ့်ခရီးလမ်းက ရှည်လျားလွန်းပြီး အခုမှ တာထွက်ပဲရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီဗိုင်းရပ်စ်က ဆိုးရွားတယ်။ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်”

    ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကပ်ရောဂါကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကာကွယ်ဆေးရရှိအောင် အားထုတ်ကြိုးပမ်းခဲ့ကြသူတွေ၊ စေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Pfizer/BioNTech ကာကွယ်ဆေးဟာ ၂ ကြိမ်ထိုးရမှာဖြစ်ပြီး ယူကေက လူ သန်း ၂၀ အတွက် ကာကွယ်ဆေးအလုံးရေ သန်း ၄၀ ဝယ်ယူထားပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    ဒီဇင်ဘာ ၇၊ ၂၀၂၀
    M-Media

    ကလေးများအပေါ်လိင်အမြတ်ထုတ်မှုကို ကာကွယ်ပေးရန် ဟောလီးဝုဒ်မင်းသားက ဥရောပသမဂ္ဂကို တောင်းဆို

    Facebook နဲ့ Google လို နည်းပညာကုမ္ပဏီတွေက သူတို့ရဲ့ ပလက်ဖောင်းမှာ ကလေးညစ်ညမ်းကား ဖြန့်ဝေမှုနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်တာကို ဆက်လက်ခွင့်ပြုပေးဖို့ လူကုန်ကူးမှု၊ က​လေးများအပေါ် လိင်မြတ်ထုတ်မှု တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အမေရိကန်မင်းသား အက်ရှ်တန် ကက်ချာက ဥရောပသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

    ဆိုရှယ်မီဒီယာကုမ္ပဏီတွေဟာ သူတို့ရဲ့ ပလက်ဖောင်းမှာ ကလေးညစ်ညမ်းကားတွေ တင်တာ၊ ကလေးငယ်တွေအပေါ် လိင်အမြတ်ထုတ်ဖို့ ကြိုးပမ်းတာတွေကို တားဆီးဖို့ အလိုအလျောက် အသိပေးတဲ့စနစ် ထည့်သွင်းကာ စောင့်ကြည့်နေတာပါ။

    ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သက်ရောက်မယ့် ဥရောပသမဂ္ဂရဲ့ အီလက်ထရောနစ် ဥပဒေအသစ်အရ ဒီစောင့်ကြည့်မှုတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။

    ကက်ချာကတော့ ဒီလိုပိတ်ပင်တာကြောင့် က​လေးငယ်တွေအပေါ် လိင်အမြတ်ထုတ်သူတွေကို ခြေရာခံနိုင်တော့မှာမဟုတ်ဘဲ ကလေးငယ်တွေရဲ့ဘ၀ကလည်း အမှောင်ကမ္ဘာထဲမှာ ပျက်ဆီးသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    တရုတ်ကဖန်တီးထားသည့်နေအတု နေအစစ်ထက် ၁၀ ဆ အပူထုတ်နိုင်

    နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြေဆည်းပေးနိုင်မယ့် ‘နျူကလီးယား ဖျူးရှင်း ဓာတ်ပေါင်းဖို’ (Nuclear Fusion Reactor) ကို တရုတ်နိုင်ငံက သောကြာနေ့မှာ အောင်မြင်စွာ ပါဝါပေး လည်ပတ်နိုင်ခဲ့ပါတယ်။

    ဧရာမအပူအချိန်ကို ထုတ်ပေးနိုင်တာကြောင့် ဒီဓာတ်ပေါင်းဖိုကို ‘နေအတု’ လို့ အမည်​ပြောင်ပေးထားပါတယ်။ သောကြာ​နေ့က စမ်းသပ်မှုမှာ အပူချိန် သန်း ၁၅၀ ဒီဂရီဆဲလ်စီးယက်စ်အထိ ဓာတ်ပေါင်းဖိုက ထုတ်နိုင်ခဲ့ပြီး ဒါဟာ နေကထုတ်တဲ့ အပူချိန်ရဲ့ ၁၀ ဆ ဖြစ်ပါတယ်။

    ဟိုက်ဒရိုဂျင်နဲ့ ဒီထီရီယမ်ဓာတ်ငွေ့တွေ ပေါင်းစပ်လောင်ကျွမ်းပြီး အပူထွက်တဲ့ နေရဲ့အခြေအနေကို တုပဖန်တီးထားတဲ့ နျူကလီးယား Nuclear Fusion နည်းပညာဟာ သန့်ရှင်းတဲ့ စွမ်းအင်ရင်းမြစ်ရရှိရေးမှာ အရေးပါတဲ့ သုတေသနတစ်ခု ဖြစ်ပါတယ်။ ရေဒီယိုသတ္တိကြွတာလို ဘေးထွက်ဆိုးကျိုးတွေလည်း လုံး၀ မရှိပါဘူး။

    ကမ္ဘာ့အကြီးဆုံး Nuclear Fusion ဓာတ်ပေါင်းဖိုကို ပြင်သစ်နိုင်ငံမှာ ဆောက်လုပ်နေပြီး ၂၀၂၅ ခုနှစ်ရောက်ရင် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံ၏ သမိုင်းဝင် လသွားခရီးစဉ် အောင်မြင်

    တရုတ်ရဲ့ လူမဲ့အာကာသယာဉ် Chang’e 5 ဟာ အခုတစ်ပတ်အစောပိုင်းက လပေါ်ကို အောင်မြင်စွာဆင်းသက်ကာ လမြေကြီး နမူနာကို ရယူနိုင်ခဲ့ပါတယ်။ ၏

    ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူသားတွေ လမြေကြီးကို ယူဆောင်နိုင်တာပါ။ လူလိုက်ပါခြင်းမရှိဘဲ​ ဂြိုဟ်ဆင်းယာဉ်နဲ့ လပတ်လမ်းက အာကာယာဉ်တို့ ပထမဆုံးအကြိမ် အောင်မြင်စွာ ချိတ်ဆက်နိုင်တဲ့ မှတ်တမ်းကိုလည်း တရုတ်က ရခဲ့ပါတယ်။

    Chang’e 5 အာကာသယာဉ်ဟာ ကမ္ဘာမြေကို ဒီဇင်ဘာလအလယ်ပိုင်းလောက်မှာ ပြန်ရောက်မှာဖြစ်ပြီး ပါလာတဲ့ လမြေကြီးနမူနာတွေကို ပညာရှင်တွေက လေ့လာစူးစမ်းမှာ ဖြစ်ပါတယ်။

    Chang’e 5 အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာ တရုတ်အလံလွှင့်ခဲ့ပြီး အမေရိကန်ပြီးရင် လပေါ်မှာ အလံလွှင့်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    ဒီခရီးစဉ်ဟာ တရုတ်ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အာကာသစီမံကိန်းက အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်ဖို့နဲ့ ၂၀၂၉ ခုနှစ်မှာ ဂျူပီတာဂြိုဟ်ကို အာကာသယာဉ်လွှတ်ပြီး စူးစမ်းလေ့လာဖို့လည်း တရုတ်က စီစဉ်ထားပါတယ်။

    လက်ရှိမှာ အင်္ဂါ​ဂြိုဟ်ကို လူမဲ့ အာကာသယာဉ်တွေလွှတ်ပြီး လေ့လာမှုတွေ ပြုလုပ်နေပါတယ်။

    Ref: BBC, Reuters

  • ဘာရိန်းညီလာခံတွင် ဆော်ဒီက အစ္စရေးကို ပြင်းပြင်းထန်ထန်ဝေဖန်

    ဘာရိန်းညီလာခံတွင် ဆော်ဒီက အစ္စရေးကို ပြင်းပြင်းထန်ထန်ဝေဖန်

    ဒီဇင်ဘာ ၇၊ ၂၀၂၀
    M-Media

    အစ္စရေးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် ဆော်ဒီမင်းသား တာကီ ဘင် ဖိုင်ဆယ်

    -ဘာရိန်းနိုင်ငံမှာ အွန်လိုင်းကနေတစ်ဆင့် မနေ့က ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဆော်ဒီဘုရင့်မိသားစုက ဩဇာရှိတဲ့ မင်းသားတစ်ပါးဟာ အစ္စရေးကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါတယ်။

    Manama Dialogue လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရှ်ကနာဇီ တက်ရောက်ခဲ့တာပါ။

    ဆော်ဒီမင်းသား တာကီ ဘင် ဖိုင်ဆယ်က အဖွင့်မိန့်ခွန်းမှာပဲ ​အစ္စရေးကို တိုက်ရိုက်ဝေဖန်ခဲ့ပါတယ်။

    အစ္စရေးဟာ “ငြိမ်းချမ်​ရေးကို လိုလားပြီး ကိုယ့်ကျင့်သိက္ခာပြည့်၀တဲ့ နိုင်ငံတစ်ခုအဖြစ်” ကျွေးကြော်ကာ ဟန်ဆောင်နေပြီး၊ အခြားတစ်ဖက်မှာတော့ ‘အနောက်နိုင်ငံတွေအားကိုးတဲ့ ကိုလိုနီနိုင်ငံလက်အောက်မှာ ပါလက်စတိုင်းတွေရဲ့ လက်တွေ့ဘ၀တွေ’ ဟာ နစ်မွန်းသထက် နစ်မွန်းလာကြောင်း မင်းသားက ပြောကြားခဲ့ပါတယ်။

    “လုံခြုံရေးဆိုတဲ့ လုပ်ဇာတ်အောက်မှာ အစ္စရေးဟာ ပါလက်စတိုင်းတွေကို အကျဉ်းစခန်းတွေထဲ ပိတ်လှောင်ထားတယ်။ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ တရားမျှတမှုရဲ့ မျက်နှာသာပေးခြင်း မခံရဘဲ ဘ၀တွေ ဆုံးပါးနေကြပါတယ်။ စိတ်ထင်တိုင်း ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို သူတို့ ဖျက်ဆီးတယ်။ သတ်ချင်တဲ့သူကိုလည်း သတ်ပါတယ်”

    နျူလက်နက်ပိုင်ဆိုင်ထားမှုကို လူသိရှင်ကြား အစ္စရေးက ထုတ်မပြောတာကိုလည်း မင်းသား တာကီက ဝေဖန်ခဲ့ပါတယ်။ ဒါအပြင် အစ္စရေးအစိုးရဟာ ‘အခြားနိုင်ငံတွေက သူတို့ရဲ့ နိုင်ငံရေးလက်ပါးစေတွေ၊ မီဒီယာတွေကို အသုံးပြုပြီး ဆော်ဒီအာရေဗျကို မကောင်းဆိုးဝါးသဏ္ဍာန် ပုံဖော်နေတယ်’ လို့လည်း မင်းသားက ဆိုပါတယ်။

    ​’မိမိတို့တည်ရှိမှုကို အမြစ်ဖြုတ်ချင်တဲ့ သွေးဆာနေတဲ့ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို အမြဲမပြတ်ခံနေရတဲ့ နိုင်ငံငယ်လေးအဖြစ်​’ အစ္စရေးက သူတို့ကိုယ်သူတို့ ပုံဖော်မှုကိုလည်း ဆော်ဒီမင်းသားက ရှုတ်ချခဲ့ပါတယ်။

    “ဒီလိုမျိုးပြောပြီး ဆော်ဒီအာရေဗျနဲ့ မိတ်ဆွေဖြစ်ချင်တယ်လို့ ဆိုသေးတယ်”

    ယူအေအီး၊ ဘာရိန်းတို့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အစ္စရေးနဲ့ ဆက်ဆံရေး ထူထောင်ပြီးတဲ့နောက်ပိုင်း ဆော်ဒီကလည်း ဒီလမ်းကြောင်းကို လိုက်မယ်လို့ သတင်းတွေ ထွက်နေတာပါ။

    ဒါပေမယ့် ပါလက်စတိုင်းနိုင်ငံ မပေါ်မချင်း အစ္စရေးနဲ့ အဆက်အသွယ်လုပ်မှာမဟုတ်ဘူးလို့ ဆော်ဒီအာဏာပိုင်တွေက ပြောကြားထားပြီး မနေ့က ဘာရိန်းဆွေးနွေးပွဲမှာလည်း မင်းသား တာကီက ဒီရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ၁၉၆၇ ခုနှစ် အစ္စရေးက ပါလက်စတိုင်းဒေသတွေကို ထပ်မံကျူးကျော်မသိမ်းပိုက်ခင်မှာ ရှိခဲ့တဲ့ နယ်စပ်စည်းအတိုင်း ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှ အစ္စရေးနိုင်ငံနဲ့ အဆက်အသွယ်လုပ်မယ်ဆိုတဲ့ ၂၀၀၂ ခုနှစ် အာရပ်ငြိမ်ချမ်းရေး အဆိုပြုချက်ကို အကောင်အထည်ဖော်ဖို့ မင်းသား တာကီ ဘင် ဖိုက်ဆဲလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အနာကို ပျောက်အောင်မကုဘဲ အကိုက်အခဲပျောက်ဆေ းပေးနေလို့ မရပါဘူး”

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရှ်ကနာဇီက မင်းသား တာကီရဲ့ မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဒီမှတ်ချက်ကြည့်ရင် လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို ဆော်ဒီက သတိမပြုမိဘူးလို့ ယုံကြည်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်တာ မိမိတို့ကြောင့် မဟုတ်ဘဲ ပါလက်စတိုင်းတွေကြောင့်သာ ဖြစ်တယ်ဆိုတဲ့ အစ္စရေးအစိုးရရဲ့ ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    မင်းသား တာကီ ဘင် ဖိုက်ဆဲလ်ဟာ ဆော်ဒီထောက်လှမ်းရေးအဖွဲ့ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ကိုင်တွယ်ခဲ့ပြီး၊ အမေရိကန်နဲ့ ယူကေဆိုင်ရာ ဆော်ဒီသံအမတ်ဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိ ဆော်ဒီအစိုးရမှာ ရာထူးမယူထားပေမယ့် သူ့ရဲ့ ရပ်တည်ချက်ဟာ ဘုရင်ဆလ်မန်ရဲ့ ရပ်တည်ချက်နဲ့ ထပ်တူကျတယ်လို့ မှတ်ယူခံရပါတယ်။

    အီရန်ရဲ့ ရန်ကြောင့် ဆော်ဒီဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစ္စရေးနဲ့ လျှို့ဝှက် ဆက်ဆံနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဆော်ဒီအာရေဗျကို သွားရောက်ကာ ဆော်ဒီတာဝန်ရှိသူတွေနဲ့ လျှို့ဝှက် ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တယ်လို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    Ref: Aljazeera