News @ M-Media

Author: Ko Lay

  • အစ္စရေးနှင့်ဆက်ဆံသည့် အာရပ်နိုင်ငံများ သမိုင်းက ခွင့်လွှတ်မှာမဟုတ်ဟု ဟားမက်စ်အဖွဲ့ပြော

    အစ္စရေးနှင့်ဆက်ဆံသည့် အာရပ်နိုင်ငံများ သမိုင်းက ခွင့်လွှတ်မှာမဟုတ်ဟု ဟားမက်စ်အဖွဲ့ပြော

    အောက်တိုဘာ ၁၃၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ အာရပ်နိုင်ငံ​တွေကို သမိုင်းက ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ (ဟားမက်စ်) ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာက ပြောကြားလိုက်ပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နဲ့ ဘာရိန်းတို့ဟာ စက်တင်ဘာလအတွင်းက အစ္စရေးနဲ့ တရားဝင်ဆက်ဆံရေး ထူထောင်ခဲ့ပါတယ်။

    ဟာနီယာက ဇိုင်ယွန်တွေရဲ့ စီမံကိန်းဟာ နယ်မြေ ချဲ့ထွင်သိမ်းပိုက်ဖို့ဖြစ်ပြီး အာရပ်နိုင်ငံတွေက ဒီကိစ္စမှာ အသုံးချခံတွေ ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “အစ္စရေးခေါင်းဆောင်တွေအကြောင်းနဲ့ သူတို့ ဘယ်လိုတွေးလဲဆိုတာတွေကို ကျွန်တော်တို့က ပိုသိပါတယ်။ သဘောတူညီချက်ကြောင့် အရှုံးပဲကျန်လိမ့်မယ်ဆိုတာ ယူအေအီးက ကျွန်တော်တို့ညီနောင်တွေကို ပြောချင်ပါတယ်။ အီရန်နဲ့နီးတဲ့ ​နေရာတွေမှာ စစ်ရေးနဲ့ စီးပွားရေးခြေကုပ်ရဖို့အတွက်ပဲ အစ္စရေးက စိတ်ဝင်စားတာပါ။ ခင်ဗျားတို့တိုင်းပြည်ကို အစ္စရေးက တံခါးပေါက်တစ်ခုအဖြစ် သုံးမှာပါ။ ယူအေအီးကို လက်နက်အဖြစ် အစ္စရေးက အသုံးပြုတာကို ကျွန်​တော်တို့ မမြင်ချင်ပါဘူး”

    ယူအေအီးဟာ ပါလက်စတိုင်းပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တဲ့ မိမိတို့ညီအစ်ကိုတွေသာဖြစ်ပြီး၊ အစ္စရေးနဲ့ အဆက်အဆံမလုပ်တော့တဲ့အချိန်အထိ စောင့်သွားမယ်လို့လည်း ဟာနီယာက ဆိုပါတယ်။

    “ဇိုင်ယွန်စီမံကိန်းက နယ်ချဲ့သိမ်းပိုက်ရေး စီမံကိန်းပါ။ ပိုပြီးကြီးမားတဲ့ အစ္စရေးနိုင်ငံမျိုးကို ထူထောင်ဖို့ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ယူအေအီးနိုင်ငံသားတွေ၊ ဘာရိန်းနိုင်ငံသားတွေ၊ ဆူဒန်နိုင်ငံသားတွေက အသုံးချခံဖြစ်မှာကို ကျွန်တော်တို့ မလိုလားပါဘူး။ သမိုင်းကြောင်းက ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ လူတွေက မေ့သွားမှာမဟုတ်သလို၊ လူသားချင်းစာနမှုတရားကလည်း မျက်နှာသာပေးမှာ မဟုတ်ပါဘူး”

    ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်အဖွဲ့ဟာ၊ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းကို စီမံနေတဲ့ ဖာတာအဖွဲ့နဲ့ လက်ရှိမှာ ညီညွတ်သော ပါလက်စတိုင်းအစိုးရဖွဲ့စည်းရေး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။

    ဟာနီယာကတော့ ​ဆွေးနွေးမှုမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိနေပြီး စိန်ခေါ်မှုတွေလည်း အများအပြားရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Middle East Eye

  • ရခိုင်လူမျိုးများ လူမျိုးစုလိုက် ရှင်းလင်းခံနေရသည်ဟု ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ဆန္ဒပြ

    ရခိုင်လူမျိုးများ လူမျိုးစုလိုက် ရှင်းလင်းခံနေရသည်ဟု ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ဆန္ဒပြ

    အောက်တိုဘာ ၁၃၊ ၂၀၂၀
    M-Media

    ဆန္ဒပြမှုမြင်ကွင်းတစ်ခု

    -ရခိုင်ပြည်နယ်က ပြည်သူတွေ ထိခိုက်ခံစားရမှုတွေအတွက် ဘင်္ဂလားဒေ့ရှ်က ရခိုင်လူမျိုးတွေက တနင်္ဂနွေနေ့မှာ ဆန္ဒပြခဲ့ကြပြီး မြန်မာနိုင်ငံမှာ ရခိုင်လူမျိုးတွေဟာ လူမျိုးစုလိုက် ရှင်းလင်းမှုကို ခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ခိုက်မှုတွေဟာ ၂၀၁၉ ခုနှစ် အစပိုင်းလောက်ကတည်းက ပိုမိုပြင်းထန်လာပြီး အရပ်သားသေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေရဲ့ အရေအတွက်လည်း မြင့်တက်လာပါတယ်။

    မြို့တော်ဒါကာက ရခိုင်လူမျိုးတွေရဲ့ ဆန္ဒပြမှုမှာတော့ မြန်မာစစ်တပ်ဟာ ရခိုင်လူမျိုးတွေကို လူမျိုးစုလိုက်ရှင်းလင်းမှုလုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုဖိအားပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာစစ်တပ်ဟာ ရခိုင်လူမျိုးစုတစ်ခုလုံး ပပျောက်သွားရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုတင်စီစဉ်ပြီး ရခိုင်ပြည်သူတွေအပေါ် ဆိုးရွားတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။ စစ်ဆင်ရေးမှာ လက်နက်ကြီးတွေ၊ ရေတပ်နဲ့ လေတပ်တွေကို အသုံးပြုပါတယ်။ ရခိုင်ပြည်နယ်က ၄ သန်းသော ရခိုင်လူမျိုးတွေကို ကယ်တင်နိုင်ရေး မြန်မာနိုင်ငံကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ရခိုင်လူ့အဖွဲ့အစည်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းပါတယ်” လို့ ဆန္ဒပြပွဲကို စီစဉ်သူ Kyawo Nyin က ပြောကြားခဲ့ပါတယ်။

    တိုက်ပွဲတွေကြောင့် ထွက်ပြေးရသူအရေအတွက်ဟာ ၈ သောင်းလောက်ရှိတယ်လို့ စာရင်းအရ သိရပေမယ့် အမှန်တကယ်အရေအတွက်ဟာ ဒီထက်ပိုများနိုင်ပြီး ရိုဟင်ဂျာတွေလိုပဲ ရခိုင်တွေလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို အစုလိုက်အပြုံလိုက် ထွက်ပြေးရဖွယ် ရှိနေတယ်လို့ ရခိုင်ယဉ်ကျေးမှုအဖွဲ့ Rakhine Culture Group ရဲ့ ဥက္ကဌဖြစ်သူ Maung Chit Hree က ပြောကြားခဲ့ပါတယ်။

    “စစ်တပ်က အိမ်တွေကိုမီးရှို့လိုက်တာကြောင့် တောထဲမှာနေထိုင်နေရတဲ့ ရခိုင်ပြည်သူအရေအတွက်ဟာ အနည်းဆုံး ၂ သိန်း ၆ သောင်းလောက် ရှိပါတယ်။ အဲဒီမှာနေလို့မရရင် တိုင်းပြည်ကိုစွန့်ခွာဖို့ကလွဲပြီး သူတို့မှာ တစ်ခြားရွေးချယ်စရာ မရှိပါဘူး။ အနီးဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးဖို့ သူတို့ စဉ်းစားကြမှာပါ”

    ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဟာ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတယ်လို့ ယုံကြည်တဲ့အတွက် ထောက်ခံတယ်လို့လည်း ဆန္ဒပြသူတွေက ပြောကြားခဲ့ပါတယ်။

    စစ်တပ်ရော AA ပါ ကျူးလွန်မှုရှိ

    နိုင်ငံတကာ လူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ Amnesty International (AI) ရဲ့ မနေ့က အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်က လတ်တလော တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်နဲ့ AA တို့ နှစ်ဖက်စလုံးက အရပ်သားတွေအပေါ် ကျူးလွန်မှုရှိတယ်ဆိုတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

    ​မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသူတွေ၊ ရခိုင်ပြည်နယ်အတွင်းက ရရှိထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ မီဒီယာက ဖော်ပြချက်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လေ့လာဆန်းစစ်မှုတွေကို အခြေခံပြီး သုံးသပ်ထားတာဖြစ်တယ်လို့ AI က ဆိုပါတယ်။

    လတ်တလော တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဟာ ရွာတွေကို မီးရှို့တာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း၊ အရပ်သားတွေနေထိုင်တဲ့နေရာအနီး ထောင်ထားတာတွေ့ရတဲ့ မိုင်းတွေကို မိမိတို့ရဲ့ လက်နက်ရေးရာ ကျွမ်းကျင်သူတွေက ဆန်းစစ်ရာမှာ မြန်မာစစ်တပ်က မကြာခဏအသုံးပြုတဲ့ MM2 မြေမြှုပ်မိုင်းတွေ ဖြစ်နေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “AA နဲ့ မြန်မာစစ်တပ်တို့အကြား ပဋိပက္ခတွေ လျော့ပါးဖို့ လက္ခဏာမရှိသေးပါဘူး။ အရပ်သားတွေကတော့ ဆက်လက်ပြီးထိခိုက်ခံစားရအုံးမှာပါ” လို့ AI အဖွဲ့က တာဝန်ရှိသူ Ming Yu Hah က ပြောကြားခဲ့ပါတယ်။

    Ref: Anadolu Agency, Benar News

  • မုဒိမ်းမှုကျူးလွန်သူအား ကွပ်မျက်နိုင်မည့် ဥပဒေတစ်ခုကို ဘင်္ဂလားဒေ့ရှ် အတည်ပြု

    မုဒိမ်းမှုကျူးလွန်သူအား ကွပ်မျက်နိုင်မည့် ဥပဒေတစ်ခုကို ဘင်္ဂလားဒေ့ရှ် အတည်ပြု

    အောက်တိုဘာ ၁၃၊ ၂၀၂၀
    M-Media

    -အဓမ္မကျင့်သူတွေကို အမြင့်ဆုံး သေဒဏ်အထိပေးနိုင်မယ့် ဥပဒေပြင်ဆင်ချက်တစ်ခုကို ဘင်္ဂလားဒေ့ရှ်အစိုးရက မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    နိုင်ငံတောင်ပိုင်း နိုခါလီဒေသမှာ အုပ်စုတစ်စုက အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့သီတင်းပတ်က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် ဒီလိုကျူးလွန်သူတွေကို သေဒဏ်ချမှတ်တာအပါအဝင် ပြင်းပြင်းထန်ထန် အပြစ်ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    မနေ့ကကျင်းပပြုလုပ်တဲ့ အစိုးရဝန်ကြီးများအစည်းအဝေးမှာ ဒီအချက်ကို ဆွေးနွေးခဲ့ပြီး အဓမ္မကျင့်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေး ဥပဒေပြင်ဆင်ဖို့ သဘောတူခဲ့ကြပါတယ်။

    ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူ ခန်ကာ အန်ဝါရွလ် အစ္စလာမ်က မနေ့က အတည်ပြုခဲ့တဲ့ ‘အမျိုးသမီးများနှင့် ကလေးများအပေါ် စော်ကားဖိနှိပ်မှု တားဆီးရေးဥပဒေ ပြင်ဆင်ချက် ၂၀၂၀’ အရ အဓမ္မပြုကျင့်သူတွေကို အမြင့်ဆုံး သေဒဏ်၊ ပြင်းထန်တဲ့ထောင်ဒဏ်တွေ ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီဥပဒေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ၊ စတင်အာဏာသက်ရောက်မယ့် ရက်တွေကို ဘင်္ဂလားဒေ့ရှ် သမ္မတရုံးက ဒီကနေ့မှာ ကြေငြာချက်ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • F-35 တိုက်လေယာဉ်ဝယ်ယူရန် ကာတာ၏ ကြိုးပမ်းမှုကို အစ္စရေးက ဆန့်ကျင်မည်

    F-35 တိုက်လေယာဉ်ဝယ်ယူရန် ကာတာ၏ ကြိုးပမ်းမှုကို အစ္စရေးက ဆန့်ကျင်မည်

    အောက်တိုဘာ ၁၂၊ ၂၀၂၀
    M-Media

    -အမေရိကန်က နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေ ကာတာထံ ရောင်းချမယ့် ဘယ်လိုအစီအစဉ်မျိုးကိုမဆို မိမိတို့က ဆန့်ကျင်သွားမှာဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှာ အစ္စရေးကသာ စစ်ရေးအင်အားအသာနဲ့ ရှိနေရမယ်လို့ အစ္စရေးထောက်လှမ်းရေးဝန်ကြီး အလီကိုဟင်က ပြောကြားလိုက်ပါတယ်။

    ကာတာဟာ F-35 တိုက်လေယာဉ်ဝယ်ယူဖို့အတွက် အမေရိကန်ကို တရားဝင်တောင်းဆိုထားတယ်လို့ Reuters သတင်းဌာနက ဖော်ပ​ြပါတယ်။

    ဒီကိစ္စကို ဆန့်ကျင်မှာလားလို့ အစ္စရေးစစ်တပ်ရေဒီယိုက မေးမြန်းရာမှာ အလီကိုဟင်က ​ဆန့်ကျင်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဆန့်ကျင်သွားမှာပါ။ ဒေသတွင်း ကျွန်တော်တို့ရဲ့လုံခြုံရေးနဲ့ စစ်ရေးအသာရမှုဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုပါ”

    အမေရိကန်က ကြားဝင်စေ့စပ်ပေးပြီး ဩဂုတ်လမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ယူအေအီ-အစ္စရေး ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ပင်လယ်ကွေ့နိုင်ငံတွေအားလုံးကို F-35 တိုက်လေယာဉ်တွေရောင်းချရေး အမေရိကန် စဉ်းစားပေးသွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

    သဘောတူညီချက်ရပြီး သိပ်မကြာခင်မှာပဲ အစ္စရေးက ဒီအချက်ကို မလိုက်နာလိုတဲ့ သဘောထားမျိုးတွေ ပြသလာပြီး ယူအေအီးက F-35 တိုက်လေယာဉ်ဝယ်ယူဖို့ ကြိုးစားမှုကို တားဆီးသွားမယ်လို့ ဆိုပါတယ်။

    Ref: Arab News