News @ M-Media

Author: Ko Lay

  • ပိုက်ဆံတွင် ၂၈ ရက်အထိ  ကိုဗစ်ပိုးရှင်သန်နိုင်ကြောင်း သုတေသနတစ်ခုတွင် တွေ့ရှိ

    ပိုက်ဆံတွင် ၂၈ ရက်အထိ ကိုဗစ်ပိုးရှင်သန်နိုင်ကြောင်း သုတေသနတစ်ခုတွင် တွေ့ရှိ

    အောက်တိုဘာ ၁၂၊ ၂၀၂၀
    M-Media

    -Covid-19 ဗိုင်းရပ်စ်ဟာ ပိုက်ဆံနဲ့ ဖုန်းတို့လို မျက်နှာပြင်ပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်တယ်လို့ ဩစတေးလျ သုတေသနအဖွဲ့က ပြောကြားလိုက်​ပြီး ဒါဟာ အရင်ကသိထားတဲ့ ရှင်သန်နိုင်ချိန်ထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုတာ၊ နှာချေတာ၊ စကားပြောဆိုတာတွေက ထွက်လာတဲ့ အရည်စက်၊ အမှုန်စက်လေးတွေကို ထိတွေ့ရာကနေ ကူးစက်နိုင်ပြီး၊ လေထဲကနေတစ်ဆင့်ပါ ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ချို့လည်း ရှိပါတယ်။

    အရင်ကလေ့လာမှုအရ ကိုဗစ်ပိုးဟာ မှန်၊ ငွေစက္ကူ၊ ပလက်စတစ်နဲ့ စတီးမျက်နှာပြင်ပေါ်မှာ ၂ ရက်နေ ၃ ရက်အထိသာ ရှင်သန်နိုင်တယ်လို့ သိထားတာပါ။

    ဩစတေးလျသုတေသနအေဂျင်စီ CSRIO က အခန်းအပူချိန်နဲ့ အမှောင်ထဲမှာ ထပ်မံလေ့လာခဲ့ရာမှာ ကိုဗစ်ပိုးဟာ ပြောင်ချောတဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သာမန်တုပ်ကွေးပိုးကတော့ ၁၇ ရက်အထိသာ အသက်ရှင်နိုင်ပါတယ်။

    ပူပြင်းတဲ့အခြေအနေအောက်မှာ ပိုးမြန်မြန်သေတတ်ပြီး ပိတ်စလို မျက်နှာပြင်မျိုးမှာတော့ ၁၄ ရက်ထပ်ကျော်ရင် ကူးစက်နိုင်ခြေ မရှိဘူးဆိုလို့လည်း သုတေသနပညာရှင်တွေက ဆိုပါတယ်။

    CSRIO ရဲ့ အခုထုတ်ပြန်ချက်ကို ဆေးပညာရှင်တစ်ချို့က ဝေဖန်နေကြပါတယ်။

    အင်္ဂလန်နိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်က ပရော်ဖက်ဆာ ရွန်အက္ကလက်စ်က ဒီထုတ်ပြန်ချက်ဟာ လူထုကြားထဲမှာ ထိတ်လန့်မှုကိုသာ ဖြစ်ပေါ်စေပြီး၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်စက်တွေမှာ ပါလာတဲ့ ဗိုင်းရပ်စ်ဟာ ပြင်ပမှာ နာရီပိုင်းလောက်သာ ရှင်သန်နိုင်တယ်လို့ မိမိယူဆကြောင်း ပြောကြားခဲ့ပါတယ်။

    စတီးမျက်နှာပြင်ပေါ်မှာ ကိုဗစ်ဗိုင်းရပ်စ် အချိန်တော်တော်ကြာ ရှင်သန်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ဟာ အသားထုတ်စက်ရုံတွေက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ကိုဗစ်ကူးစက်မှု အကြောင်းအရင်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ CSRIO ရဲ့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • သောကြာနေ့​ ဘောလုံးသတင်းများ

    သောကြာနေ့​ ဘောလုံးသတင်းများ

    အောက်တိုဘာ ၉၊ ၂၀၂၀
    M-Media

    ဘာစီလိုနာမှ နောက်ဆုံးနေ့ရက်များကို ဆွာရက်ဇ်ဖွင့်ဟ

    နောက်ဆုံးနေ့ရက်တွေမှာ ဘာစီလိုနာအသင်းရဲ့ ပြုမူဆက်ဆံပုံတွေအတွက် မျက်ရည်ကျခဲ့ရတယ်လို့ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဆွာရက်ဇ်က ပြောကြားလိုက်ပါတယ်။

    အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့လက အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ကာ ၃ ပွဲကစား ၂ ဂိုး သွင်းယူထားနိုင်ပါတယ်။

    ဘာစီလိုနာနဲ့ နောက်ဆုံးရက်တွေက လေ့ကျင့်ကွင်းမှာ ဖယ်ထုတ်ခံရတာလို ကိစ္စမျိုးတွေရှိခဲ့ပြီး အင်မတန် ခက်ခဲနာကျင်စရာ နေ့ရက်တွေဖြစ်ခဲ့ကြောင်း၊ မက်ဆီလည်း မိမိလို ခံစားဖူးတဲ့အတွက် မိမိကို စာနာထောက်ခံခြင်းဖြစ်ကြောင်း ဆွာရက်ဇ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆွာရက်စ်ဇ်ဟာ ဘာစီလိုနာမှာ ၆ နှစ်တာကစားပြီး ၁၉၅ ဂိုးသွင်းကာ အသင်းသမိုင်းတစ်လျှောက် တတိယဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ရီးယဲလ်တွင်ကစားရန်မှာ အိပ်မက်ဟု ပေါ့ဘာပြော

    လာလီဂါက ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားရဖို့အတွက် မိမိအတွက် စိတ်ကူးအိပ်မက်ဖြစ်တယ်လို့ မန်ယူကွင်းလယ်လူ ပေါလ်ပေါ့ဘာက ပြောကြားလိုက်ပါတယ်။

    ၂၀၁၆ ခုနှစ်က ပေါင် ၈၉ သန်းနဲ့ မန်ယူကိုရောက်လာတဲ့ အသက် ၂၇ နှစ်အရွယ် ပေါ့ဘာဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်​နေတာပါ။

    လာမယ့်နွေရာသီမှာ သက်တမ်းကုန်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်အထိ ဆက်ထိန်းထားဖို့လည်း မန်ယူမှာ အခွင့်အရေး ရှိနေပါတယ်။

    ပေါ့ဘာက သက်တမ်းတိုးမယ့်ကိစ္စအတွက် အသင်းနဲ့ ဆွေးနွေးထားတာမျိုး မရှိသေးကြောင်း၊ လက်ရှိ မန်ယူကစားသမားဖြစ်နေတဲ့အတွက် ​အသင်းအတွက်ပဲ အာရုံစိုက်ထားကြောင်း၊ အသင်းကို ချစ်မြတ်နိုးပြီး အကောင်းဆုံး ပေးဆပ်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အိုဇေးလ်ကို ဇန်နဝါရီမတိုင်ခင် စာချုပ်အဆုံးသတ်ရန် အာဆင်နယ် စီစဉ်နေ

    အာဆင်နယ်အသင်းဟာ တစ်ချိန်က အားထားရတဲ့ ကွင်းလယ်လူ မီဆုအိုဇေးလ်ရဲ့ စာချုပ်ကို ဇန်နဝါရီအပြောင်းအရွှေ့မဖွင့်ခင် အဆုံးသတ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    တစ်ပတ်ကို ပေါင် ၃ သိန်းခွဲရနေတဲ့ အိုဇေးလ်ဟာ အခုရာသီကုန်မှာ စာချုပ်ပြည့်မှာပါ။ စာချုပ်အဆုံးသတ်ဖို့ကိစ္စက ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အသင်းဖက်က ကြိုးပမ်းမှုတွေရှိပေမယ့် အိုဇေးလ်က ရာသီကုန်အထိရမယ့်လစာ ပေါင် ၁၃ သန်းစလုံးရမှ သဘောတူမယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဆင်နယ်က ဇန်နဝါရီမတိုင်ခင် နောက်ထပ်နည်းလမ်းတစ်မျိုးနဲ့ ကြိုးပမ်းဖို့ ရှိနေပါတယ်။

    အသက် ၃၁ နှစ်အရွယ်အိုဇေးလ်ဟာ အသင်းမှာ မရွေးချယ်ခံရတာ အတော်ကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က ယူရိုပါလိဂ်အတွက် ယူအီးအက်ဖ်အေကိုတင်သွင်းတဲ့ ၂၅ ဦး လူစာရင်းမှာလည်း သူ မပါဝင်ပါဘူး။

    Ref: Daily Mail, BBC

  • ခရစ္စမတ်မတိုင်မီ ကန်တပ်ဖွဲ့များအားလုံး ရုပ်သိမ်းမည့်အစီအစဉ်ကို တာလီဘန် ကြိုဆို

    ခရစ္စမတ်မတိုင်မီ ကန်တပ်ဖွဲ့များအားလုံး ရုပ်သိမ်းမည့်အစီအစဉ်ကို တာလီဘန် ကြိုဆို

    အောက်တိုဘာ ၉၊ ၂၀၂၀
    M-Media

    -အာဖဂန်နစ္စတန်မှာ ကျန်ရှိနေတဲ့ နောက်ဆုံး အမေရိကန်တပ်ဖွဲ့တွေကို လာမယ့် ခရစ္စမတ်မတိုင်မီ ပြန်ခေါ်ယူသွားမယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ ရေးသားမှုကို ကြိုဆိုတယ်လို့ တာလီဘန်အဖွဲ့က ပြောကြားလိုက်ပါတယ်။

    ထရမ့်ဟာ ဗုဒ္ဓဟူးနေ့က Twitter စာမျက်နှာမှာ ဒီလိုရေးသားခဲ့တာဖြစ်ပြီး ၁၉ နှစ်ဆိုတဲ့အချိန်ဟာ လုံလောက်ခဲ့ပြီလို့လည်း ဆိုပါတယ်။

    တာလီဘန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာ မူဂျာဟစ်က ထရမ့်ရဲ့ ဒီပြောကြားမှုကို ကြိုဆိုပြီး အခုနှစ်အစောပိုင်း အမေရိကန်နဲ့ တာလီဘန်တို့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သဘောတူညီချက်မှာ ပါဝင်တဲ့အကြောင်းအရာတွေကို တာလီဘန်က အလေးထားပြီး အနာဂတ်မှာ အမေရိကန်အပါအဝင် နိုင်ငံအားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးထူထောင်ဖို့ မျှော်လင့်တယ်လို့လည်း မူဂျာဟစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဖဂန်အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးကောင်စီ အကြီးအကဲ အဘ်ဒူလာ အဘ်ဒူလာက အမေရိကန်တပ်ဖွဲ့တွေ အချိန်မတန်ခင် ရုပ်သိမ်းမှုဟာ တိုင်းပြည်မှာ အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ အာဖဂန်သမ္မတရုံးကတော့ ထရမ့်ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။

    တာလီဘန်နဲ့ အာဖဂန်နစ္စတန်တို့ဟာ စက်တင်ဘာလ​အလယ်ပိုင်းလောက်ကတည်းက ကာတာနိုင်ငံဒိုဟာမြို့မှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့ပေမယ့် သိသာတဲ့ သဘောတူညီချက်မျိုး မရရှိသေးပါဘူး။

    ဖေဖော်ဝါရီ ၂၉ ရက်နေ့ တာလီဘန်နဲ့ သဘောတူညီချက်ရခဲ့တဲ့အချိန်က အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃၀၀၀ လောက်ရှိခဲ့ပြီး အခုအချိန်မှာတော့ ၅၀၀၀ အောက်သာ ရှိပါတော့တယ်။

    Ref: Aljazeera

  • ၂၀၂၀ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆွတ်ခူး

    ၂၀၂၀ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆွတ်ခူး

    အောက်တိုဘာ ၉၊ ၂၀၂၀
    M-Media

    -၂၀၂၀ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကုလအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က ရရှိသွားပြီး ကမ္ဘာတစ်ဝှမ်း အငတ်ဘေးဆိုက်နေသူတွေ၊ စားနပ်ရိက္ခာမလုံလောက်သူတွေကိ စွမ်းစွမ်းတမံကူညီပေးနေတဲ့အတွက် ဒီလို ချီးမြှင့်ရတာ ဖြစ်တယ်လို့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

    ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာဟာ စားနပ်ရိက္ခာ ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရပြီး ကိုဗစ်ကပ်ရောဂါက ဒီအခြေအနေကို ပိုမိုဆိုးရွားစေတဲ့အတွက် WFP နဲ့ အခြားအကူအညီပေးရေးအဖွဲ့တွေက ဒီပြဿနာကို ဖြေရှင်းရေး ကြိုးပမ်းမှုမှာ ကမ္ဘာ့နိုင်ငံတွေက ငွေကြေးထောက်ပံ့ကြဖို့လည်း နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဒီနေ့ကြေငြာချက်ချက်မှာ တိုက်တွန်းထားပါတယ်။

    WFP အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ သွမ်မဆင် ဖီရီက နိုဘယ်ဆုအတွက် အမည်စာရင်းဝင်တာကိုက ဂုဏ်ယူဖွယ်ရာဖြစ်ပြီး အခုလို ဆုချီးမြှင်ခြင်းခံခဲ့ရတဲ့အတွက် အတိုင်းထက်အလွန် ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကပ်ရောဂါကာလအတွင် ​လေကြောင်းလိုင်းတွေအကုန် ပိတ်ထားတဲ့အချိန် ကျွန်တော်တို့ဟာ ကမ္ဘာအကြီးဆုံး လေကြောင်းလိုင်းကြီး ဖြစ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်ထားတဲ့ ကျွန်တော်တို့ရဲ့ ကွန်ယက်တွေကနေ အကူအညီတွေ ပေးပို့ခဲ့ပြီး ကူးစက်မှုနဲ့ ငတ်မွခေါင်းပါးမှု အန္တရာယ် ကြုံတွေနေရတဲ့ လူတွေကို ကျွန်တော်တို့ ဝန်ထမ်းတွေက ကူညီပေးနိုင်ခဲ့ပါတယ်”

    အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လူပုဂ္ဂိုလ်ပေါင်း ၂၁၁ ဦးနဲ့ အဖွဲ့အစည်းပေါင်း ၁၀၇ ခုတို့ အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။

    နိုဘယ်ဆုကို တည်ထောင်ခဲ့သူ ဆွီဒင်သိပ္ပံပညာရှင် အဲလ်ဖရဒ် နိုဘယ် ကွယ်လွန်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆုချီးမြှင့်ပွဲအခမ်းနားကို ပုံမှန် ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်း မရှိပါဘူး။

    WFP အဖွဲ့ဟာ ငြိမ်ချမ်းရေးနိုဘယ်ဆုအတွက် ဆုကြေး ဆွီဒင်ခရောင်း ၁၀ သန်း (ဒေါ်လာ ၁.၁ သန်း) ရရှိမှာ ဖြစ်ပါတယ်။ ကုလလက်အောက်ခံအဖွဲ့တွေ နိုဘယ်ဆုရရှိမှုဟာ ဒီတစ်ကြိမ်နဲ့ဆို ၁၂ ကြိမ် ရှိပြီ ဖြစ်ပါတယ်။

    ဖီရီက ပဋိပက္ခဖြစ်လာရင် စားနပ်ရိက္ခာ မလုံလောက်မှုပါ ပါလာပြီး တစ်ခါတစ်ရံမှာ အကူအညီတွေ နောက်ကြလေ့ရှိကြောင်း၊ အဟာရချို့တဲ့မှုဟာ စားနပ်ရိက္ခာမလုံလောက်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ သန့်ရှင်းတဲ့သောက်သုံးရေ မရမှု၊ ရောဂါဘယပြန့်ပွားမှုတွေလည်း ပါဝင်ကြောင်း ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရာမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးက အရေးပါကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    ပြင်သစ်ဘောလုံးလောကတွင် ဂျီရူး သမိုင်းသစ်ရေး

    ယူကရိန်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ မနေ့က ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အိုလီဗီယာဂျီရူးဟာ ပြင်သစ်ဘောလုံးသမိုင်းမှာ ၄၂ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းတဲ့ ကစားသမား ဖြစ်လာပါတယ်။

    ဒီပွဲဟာ ဂျီရူးရဲ့ နိုင်ငံပွဲ ၁၀၀ မြောက်ဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းထားသူက အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီဖြစ်ပြီး ၅၁ ဂိုး သွင်းယူထားတာပါ။ တတိယနေရာမှာတော့ ယူအီးအက်ဖ်အေဥက္ကဌဟောင်း ပလာတီနီ ရှိနေပါတယ်။

    ဇာဟာအား လူမျိုးရေးခွဲခြားသည့် လူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဝီလ်ဖရိုင်းဇာဟာကို လူမျိုးရေးခွဲခြားတဲ့ မက်ဆေ့ချ် ပေးပို့ခဲ့သူ အသက် ၁၂ နှစ်အရွယ် လူငယ်ကို သင်တန်းပေးနေတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

    ဒီကိစ္စကို ဇာဟာက တိုင်ကြားပြီးတဲ့နောက် ဇူလိုင်လမှာ ရဲတပ်ဖွဲ့က ဒီလူငယ်ကို ဖမ်းဆီးလိုက်တာပါ။

    လူငယ်ဟာ သူ့လုပ်ရပ်အတွက် နောင်တရနေကြောင်း၊ အသိပညာပေးသင်တန်းမှာ မတူကွဲပြားမှု၊ ခွဲခြားဆက်ဆံမှုအကြောင်း၊ လူ့အဖွဲ့အစည်းက လက်သင့်မခံတဲ့ အပြုအမူတွေ၊ အမုန်းကြောင့်ဖြစ်လာတဲ့ ရာဇဝတ်မှုတွေ၊ ဒီအတွက် ပြစ်ဒဏ်တွေအကြောင်း ဒီလူငယ်ကို သင်ကြားပို့ချပေးသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    Ref: BBC