News @ M-Media

Author: Ko Lay

  • ကလေးများအား အဓမ္မကျင့်သူကို သေဒဏ်ပေးမည့် ဥပဒေတစ်ခု နိုက်ဂျီးရီးယားတွင် ပြဌာန်း

    ကလေးများအား အဓမ္မကျင့်သူကို သေဒဏ်ပေးမည့် ဥပဒေတစ်ခု နိုက်ဂျီးရီးယားတွင် ပြဌာန်း

    စက်တင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    operating equipment

    -အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို အဓမ္မကျင့်တဲ့သူတွေကို ကွပ်မျက်မယ့် ဥပဒေကို နိုက်ဂျီးရီးယားနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ ပြဌာန်းလိုက်ပါတယ်။

    ကိုရိုနာကပ်ရောဂါကြောင့် Lock Down ချထားတဲ့အချိန် အဓမ္မကျင့်မှု မြင့်တက်လာတာကို တားဆီးဖို့အတွက် နိုင်ငံ အနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်မှာ ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    အသက် ၁၄ နှစ်အထက် လူငယ်တွေကို အဓမ္မကျင့်သူတွေကိုတော့ အခုဥပေဒသစ်အရ သင်းကွပ်မှာ ဖြစ်ပါတယ်။

    ကာဒူနာပြည်နယ်အုပ်ချုပ်ရေးမှူး နာဆီရ် အဟ်မန် အလ်-ရူဖိုင်က ကလေးငယ်တွေအပေါ် ဆိုးရွားတဲ့ ရာဇ၀တ်မှု ကျူးလွန်တာကို တားဆီးဖို့အတွက် ဒီလို ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလရဲ့ အချက်အလက်တွေအရ နိုက်ဂျီးရီးယား အမျိုးသမီး ၄ ဦးမှာ ၁ ဦးက အသက် ၁၈ နှစ်ပြည့်ခင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရတယ်လို့ ဆိုပါတယ်။

    Ref: RT

  • တရုတ်စက်ရုံတစ်ခု၏ စွန့်ပစ်ပစ္စည်းမှ လူထောင်ချီ ရောဂါကူး

    တရုတ်စက်ရုံတစ်ခု၏ စွန့်ပစ်ပစ္စည်းမှ လူထောင်ချီ ရောဂါကူး

    စက်တင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ တိရစ္ဆာန်ကာကွယ်ဆေးထုတ် စက်ရုံတစ်ခုကထွက်တဲ့ အငွေ့ကနေ လူထောင်ချီ ရောဂါကူးစက်မှုတွေ ရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    လန်ကျိုးမြို့က China Animal Husbandry ဆေးဝါးစက်ရုံဟာ ရက်လွန်နေတဲ့ ပိုးသတ်ဆေးကို အသုံးပြုခဲ့တာကြောင့် စက်ရုံမီးခိုးခေါင်းတိုင်ကထွက်တဲ့ အငွေ့တွေမှာ ဘရူစီလိုစစ် (Brucellosis) ရောဂါ​ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါသွားပြီး ဒီအငွေ့ရှုမိသူတွေမှာ ရောဂါကူးစက်တာ ဖြစ်ပါတယ်။

    မြို့အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ အခုအချိန်အထိ လူပေါင်း ၃၂၄၅ ဦး ဘရူစီလိုစစ်ရောဂါ ဖြစ်ပွားခဲ့ပြီး နောက်ထပ် ၁၄၀၁ ဦးမှာလည်း ရောဂါကူးစက်နေတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘရူစီလိုစစ်ရောဂါဟာ တရိစ္ဆာန်ကနေ လူကို အဓိကကူးစက်တဲ့ ရောဂါမျိုးဖြစ်ပြီး၊ ရောဂါကူးစက်နေတဲ့ တိရစ္ဆာန်ကထွက်တဲ့ ကုန်ပစ္စည်းတွေကနေတစ်ဆင့်လည်း ကူးလေ့ရှိပါတယ်။ ဘက်တီးရီးယားပြန့်နှံ့ပြီးတဲ့နောက် အခုအချိန်အထိ လူလူချင်း မကူးသေးဘူးလို့ လန်ကျိုးမြို့ အာဏာပိုင်တွေက ပြောပါတယ်။

    China Animal Husbandry စက်ရုံက ဒီအဖြစ်အပျက်အတွက် အခုနှစ်အစောပိုင်းမှာ တောင်းပန်ခဲ့ပြီး ထိခိုက်ခံစားရတဲ့သူတွေအတွက် နစ်နာကြေးကို လာမယ့်အောက်တိုဘာလမှာ စတင်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေကတော့ စက်ရုံရဲ့ လုပ်ငန်းလိုင်စဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။

    Ref: The Jakarta Post

  • ကာတာကို အဓိကမဟာမိတ်အဖြစ် သတ်မှတ်ရန် အမေရိကန်က စီစဉ်နေ

    ကာတာကို အဓိကမဟာမိတ်အဖြစ် သတ်မှတ်ရန် အမေရိကန်က စီစဉ်နေ

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    မြို့တော်ဒိုဟာ မြင်ကွင်း

    -ကာတာနိုင်ငံကို နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်မယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်အစိုးရက တာဝန်ရှိသူတွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အဓိကမဟာမိတ်အဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံတွေဟာ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာ ရယူအသုံးပြုခွင့်၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဦးစားပေးခံရမှု စတဲ့ အခွင့်ထူးတွေ ရရှိမှာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ ပင်လွယ်ကွေ့ရေးရာဌာန ဒုတိယတာဝန်ရှိသူ တီမောသီ ​လန်ဒါကင်းက ကာတာကို နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အဓိကမဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း နိုင်ငံ ၁၇ နိုင်ငံဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရပြီး အဲဒီအထဲမှာ ကူဝိတ်နဲ့ အမေရိကန်ရဲ့ အမှတ် ၅ ရေတပ်စခန်းရှိတဲ့ ဘာရိန်းတို့ ပါဝင်ပါတယ်။

    ကာတာမှာတော့ အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံး အမေရိကန်စစ်စခန်းရှိနေပါတယ်။ ကာတာကို အဓိကမဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်မယ်ဆိုတဲ့သတင်းဟာ ယူအေအီးနဲ့ ဘာရိန်းတို့ အစ္စရေးနဲ့ တရားဝင်သံတမန်ဆက်ဆံရေးထူထောင်တဲ့ အခမ်းအနားအပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ထိပ်တန်း စမတ်စီးတီးစာရင်းတွင် စင်ကာပူက နံပါတ် ၁ ချိတ်

    ကမ္ဘာ့ထိပ်တန်း စမတ်စီးတီးစာရင်းတွင် စင်ကာပူက နံပါတ် ၁ ချိတ်

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -ကမ္ဘာ့အပေါ်က အကောင်းဆုံး နည်းပညာအသုံးချနိုင်သည့်မြို့ ‘စမတ်စီးတီး’ စာရင်းမှာ စင်ကာပူ၊ ဟယ်လင်စကီးနဲ့ ဇူးရစ်ချ်မြို့တို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။

    ဒီစာရင်းကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Institute for Management Development (IMD) အဖွဲ့က စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်တာပါ။ ဒါဟာ ဒုတိယအကြိမ်မြောက် သတ်မှတ်ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

    ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရေး၊ သယ်ယူပို့ဆောင်ရေး၊ လှုပ်ရှားသွားလာရေး၊ အခွင့်အလမ်းဖန်တီးပေးရေးနဲ့ အုပ်ချုပ်ရေး စတဲ့ နယ်ပယ် ၅ ခုမှာ နည်းပညာကို ဘယ်လိုအကျိုးရှိရှိ အသုံးချနိုင်လဲဆိုတာကို နိုင်ငံပေါင်း ၁၀၉ နိုင်မှာ စစ်တမ်းကောက်ခဲ့တာ ဖြစ်ပါတယ်။

    ယာဉ်ကျောက စမတ်ကင်မရာတွေ၊ အငှားကား အက်ပလီကေးရှင်းတွေကနေ အစပြုပြီး လေထုညစ်ညမ်းမှုစောင့်ကြည့်ရေး၊ လူတိုင်းအတွက် Wifi အခမဲ့ စီစဉ်ပေးထားမှုတွေအထိ ဘက်စုံထောင့်စုံ သုံးသပ်ကာ အဆင့်သတ်မှတ်တာပါ။

    လေ့လာသုံးသပ်သူတွေက ကမ္ဘာကြီးဟာ အဆင့်မြင့်နည်းပညာကို ပြိုင်ဆိုင်အသုံးပြုနေကြပေမယ့် တကယ်အရေးကြီးတာက ပြည်သူတွေ အကျိုးခံစားရမှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိပ်ဆုံး ၁၀ မြို့စာရင်းမှာ အော့က်လန်၊ အော်စလို၊ ကိုပင်ဟေဂင်၊ ဂျီနီဗာ၊ ထိုင်ပေ၊ အမ်စတာဒမ်နဲ့ နယူးယောက်တို့ ပါဝင်ပါတယ်။

    Covid-19 ကြောင့် ပိုမိုစိမ်းလန်းပြီး နည်းပညာအသုံးပြုတဲ့မြို့တွေဖြစ်လာရေး ပိုမို အရှိန်မြှင့် ဆောင်ရွက်လာကြတယ်လို့လည်း လေ့လာဆန်းစစ်သူတွေက ပြောကြားခဲ့ပါတယ်။

    Ref : Alarabiya

  • လူသတ်မှုဖြင့်ထောင်ကျမည့် ဗိုလ်မှူးကို မိသားစုက ရန်ပွဲအတုလုပ်ကာ ကယ်ထုတ်

    လူသတ်မှုဖြင့်ထောင်ကျမည့် ဗိုလ်မှူးကို မိသားစုက ရန်ပွဲအတုလုပ်ကာ ကယ်ထုတ်

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -လူသတ်မှုနဲ့ ထောင်ဒဏ် ၅ နှစ်ကျခံရတော့မယ့် ဗိုလ်မှူးကို မိသားစုက ရန်ပွဲအတုဖန်တီးကာ တရားရုံးကနေ ကယ်ထုတ်မှုတစ်ခု အာဖရိကက ချဒ်နိုင်ငံမှာ မနေ့က ဖြစ်ပွားခဲ့ပါတယ်။

    ချဒ်စစ်တပ်က ဗိုလ်မှူး အဒူလာရီ အဟ်မတ် ဟာရွန်ဆိုသူဟာ လူငယ်စက်ပြင်သမား ၂ ဦးကို သေနတ်နဲ့ပစ်ခတ်မှုကြောင့် တရားရင်ဆိုင်နေရသူပါ။ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဗီဒီယိုဟာ ဇူလိုင်လက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး ပြည်သူတွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။

    မြို့တော် နဂျာမီနာက တရားရုံးဟာ မနေ့က ဟာရွန်ကို လူသတ်မှုအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ အမိန့်ချမှုအပြီးမှာ မိသားစုက လူငယ်တွေနဲ့ အမျိုးသမီးတွေ ရန်ဖြစ်ချင်ယောက်ဆောင်ခဲ့ပြီး သေနတ်တွေကိုင်ထားတဲ့ နောက်တစ်ဖွဲ့က ဟာရွန်ကို ကယ်ထုတ်သွားခဲ့ပါတယ်။

    ဒါပေမယ့် ဒီလွတ်မြောက်မှုက ၅ နာရီသာကြာခဲ့ပြီး အပေါင်းအပါ ၅ ဦးနဲ့အတူ အိမ်တစ်အိမ်ထဲမှာ ပုန်းအောင်းနေတဲ့ဟာရွန်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ ချဒ်တရားရေးဝန်ကြီး ဂျီမတ် အရာဘီက ပြောကြားခဲ့ပါတယ်။

    ဩဂုတ်လ ၉ ရက်နေ့ကလည်း အီဂျစ်ကိုသွားမယ့် လေယာဉ်ပေါ်မှာ လိုက်ပါကာ ဟာရွန်တစ်ယောက် ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး ချဒ်အစိုးရက လေယာဉ်ကို ပြန်လှည့်ခိုင်းကာ လေယာဉ်ကွင်းအရောက်မှာတော့ ဟာရွန်ကို ဖမ်းဆီးခဲ့ပါတယ်။

    Ref: Aljazeera