News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    စက်တင်ဘာ ၄၊ ၂၀၂၀
    M-Media

    အိမ်ဖြူတ​ော်အကြံပေး ဂျရဒ် ကက်ရှ်နာနှင့် ကာတာခေါင်းဆောင် အလ် သာနီ

    -လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မယ်ဆိုတဲ့မူကို မိမိတို့က လက်ကိုင်ထားတယ်လို့ ကာတာက အိမ်ဖြူတော် အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေးကို ပြောကြားလိုက်ပါတယ်။

    ကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်တဲ့ အိမ်ဖြူတော်အကြံပေး ဂျာရဒ် ကက်ရှ်နာဟာ မနေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ကက်ရှ်နာနဲ့ အလ် သာနီတို့ဟာ နှစ်နိုင်ငံအကြားရှိနေတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို သုံးသပ်ခဲ့ကြပြီး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအပါအ၀င် ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ကြပါတယ်။

    အလ် သာနီက ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေက အစ္စရေးတပ်တွေ ထွက်သွားပြီး၊အရှေ့ဂျေရုစလင်ကို မြို့တော်ထားတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်မှ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ ၂၀၀၂ ခုနှစ် အာရပ်ငြိမ်းချမ်းရေး အစီအစဥ်ကို ဆက်လက်ဆွဲကိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စေရးနဲ့ ယူအေအီးတို့ ပြီးခဲ့တဲ့လမှာ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးတဲ့နောက် ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေလည်း ဒီလမ်းစဥ်ကိုလိုက်ဖို့ အမေရိကန်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

    ဂျော်ဒန်နဲ့ အီဂျစ်တို့ပြီးတဲ့နောက် ယူအေအီးဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ တတိယမြောက် အရှေ့အလယ်ပိုင်းနိုင်ငံ ဖြစ်လာတာပါ။ ယူအေအီးရဲ့ဒီလုပ်ရပ်ကို ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကာကွယ်ဆေးရပါက မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေရန် တရုတ်က ဆန္ဒရှိ

    ကိုဗစ်ကာကွယ်ဆေးရပါက မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေရန် တရုတ်က ဆန္ဒရှိ

    စက်တင်ဘာ ၃၊ ၂၀၂၀
    M-Media

    ယန်ဂျီချီနှင့် သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံစဉ်

    – Covid-19 ကာကွယ်ဆေး ဖော်နိုင်တဲ့အခါ မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေသွားဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    တရုတ်ကွနမြူနစ်ပါတီ ပေါ်လစ်ဗျူရို(CPC)ရဲ့ ဗဟိုကော်မတီအဖွဲ့၀င်ဖြစ်ပြီး၊ ကော်မတီရဲ့ နိုင်ငံခြားရေးအဖွဲ့ ဒါရိုက်တာလည်း ဖြစ်တဲ့ ယန်ဂျီချီရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာ ဒီသတင်းစကား ပါးခဲ့တာပါ။

    ယန်ဂျီချီဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲတွေ ပြုလုပ်ရေး၊ နိုင်ငံရေးယုံကြည်မှု အားကောင်းစေရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစကြ်န် (CMEC) တိုးတက်အောင် ဆောင်ရွက်ရေး၊ Belt and Road စီမံကိန်းအောက်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

    လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတိုင်း အပြန်အလှန် ဖေးမကူညီသွားဖို့လည်း ဆွေးနွေးမှုမှာ သဘောတူညီခဲ့ကြပါတယ်။

    ယန်ဂျီချီက တရုတ်နိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးရရှိဖို့ ကြိုးပမ်းနေပြီး အောင်မြင်တဲ့အခါ မြန်မာနိုင်ငံကို ဦးစားပေမျှ၀ေသွားဖို့ ဆန္ဒရှိတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    မြန်မာခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကျော်လွှားရေးအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယန်ဂျီချီဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    Ref: CGTN

    (Photo – ယန်ဂျီနှင့် သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံစဥ်)

  • ယူအေအီးက မြန်မာနိုင်ငံသိုံ အကူအညီများ ပေးပို့

    ယူအေအီးက မြန်မာနိုင်ငံသိုံ အကူအညီများ ပေးပို့

    Covid-19 တိုက်ဖျက်ရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက မြန်မာနိုင်ငံကို အကူအညီတွေ ပေးပို့လိုက်ပါတယ်။

    Ref : Khaleej Times

  • တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တစ်ပတ်အတွင်း နည်းပညာသတင်းများ

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    ဦးနှောက်ကိုစောင့်ကြည့်မည့် နည်းပညာတစ်ခုကို အေလွန်မက်စ် ထုတ်ပြ

    ဦးနှောက်ထဲမှာ အီလက်ထရောနစ် ချစ်ပ်ထည့်ကာ ကွန်ပျူတာနဲ့ ချိတ်ဆက်စောင့်ကြည့်နေတဲ့ နမူနာ ဝက်တစ်ကောင်ကို စွန့်ဦးလုပ်ငန်းရှင် အေလွန်မက်စ်က သေကြာနေ့မှာ ထုတ်ပြလိုက်ပါတယ်။ မက်စ်ရဲ့ Neuralink ကုမ္ပဏီဟာ ဒီနည်းပညာကို လူတွေမှာ စမ်းသပ်ဖို့ ခွင့်ပြုချက်ယူထားပြီး အောင်မြင်မယ်ဆိုရင် စိတ်ကစဉ့်ကလျားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ ကျောရိုးမထိခိုက်မှုတွေကို ရောဂါတွေကို ကုသရာမှာ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

    စူပါ App ထုတ်နိုင်အောင် Air Asia စီစဉ်နေ

    BigPay ကို အစားအသောက်မှာယူမှု၊ ဘဏ်လုပ်ငန်း၊ စျေးဝယ်မှု၊ ငွေပေးချေမှုနဲ့ ခရီးသွားလာမှု စသဖြင့် ဘက်စုံသုံး အက်ပလီကေးရှင်းတစ်ခုဖြစ်လာအောင် AirAsia တည်ထောင်သူ တိုနီဖာနန်ဒက်စ်က စီစဉ်နေပါတယ်။ ငွေပေးချေမှုအပြင် မက်ဆေ့ပါ ပို့လို့ရတဲ့ BigPay ကို သုံးစွဲသူ ၁ သန်းလောက်ရှိနေပါတယ်။ တိုနီဖာနန်ဒက်စ်က စင်ကာပူက Grab၊ အင်ဒိုနီးရှားက GoJek တို့လို့ စွယ်စုံသုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှက ဂီတလောကို ပစ်မှတ်ထားတဲ့ ဂီတ အက်ပလီကေးရှင်း RedRecords ကို AirAsia က ပြီးခဲ့တဲ့နှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။

    ပြည်သူ့စစ်ပေ့ချ်ကို မဖျက်မိသည့်အတွက် Facebook က ပြန်တောင်းပန်

    ဝစ်ကွန်စင်ပြည်နယ် ကီနိုရှာမြို့က ပစ်ခတ်မှုအတွက် ဆော်ဩတဲ့ ပြည်သူ့စစ်အဖွဲ့ ပေ့ချ်ကို အချိန်မီ မဖျက်ချမိတဲ့အတွက် Facebook က ပြန်တောင်းပန်လိုက်ပါတယ်။ လူမည်းအမျိုးသား ဘလက်ကီကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီးတဲ့နောက် ကီနိုရှာမှာ ၃ ရက်ကြာ ဆန္ဒပြမှုဖြစ်ခဲ့ပြီး ပြည်သူအချင်းချင်း သေနတ်နဲ့ပစ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ပြည်သူ့စစ်အဖွဲ့ရဲ့ Kenosha Guard ပေ့ချ်ဟာ ဆန္ဒပြမှုကို သေနတ်တွေယူလာဖို့ ဆော်ဩခဲ့ပါတယ်။ Facebook တည်ထောင်သူ ဇက်ကာဘာ့ဂ်က ပေ့ချ်ကို အချိန်မီ ဖျက်မချနိုင်တာဟာ လုပ်ငန်းပိုင်ဆိုင်ရာ အမှားကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ ဖျက်ချလိုက်ပြီလို့ ဆိုပါတယ်။

    Ref:BBC

  • IS အကြမ်းဖက်အဖွဲ့ကြောင့် ပျက်ဆီးသွားသည့် ဗလီများကို ဖိလစ်ပိုင်အစိုးရက စတင်ပြင်ဆင်

    IS အကြမ်းဖက်အဖွဲ့ကြောင့် ပျက်ဆီးသွားသည့် ဗလီများကို ဖိလစ်ပိုင်အစိုးရက စတင်ပြင်ဆင်

    စက်တင်ဘာ ၁၊ ၂၀၂၀
    M-Media

    -နိုင်ငံတောင်ပိုင်းက မာရာ၀ီမြို့ကို IS အကြမ်းဖက်အဖွဲ့က စီးနင်းသိမ်းပိုက်မှုအတွင်း ပျက်ဆီးသွားတဲ့ ဗလီတွေထဲက ဗလီကြီး ၃ လုံးကို ဖိလစ်ပိုင်အစိုးရက အခုလမှာ စတင် ပြင်ဆင်တော့မှာ ဖြစ်ပါတယ်။

    စတင်ပြင်ဆင်မယ့် ဗလီတွေဟာ IS အကြမ်းဖက်အဖွဲ့နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲ အဓိကဖြစ်ပွားတဲ့ နေရာက Darussalam ဗလီ၊ Disomangcop ဗလီနဲ့ White ဗလီတို့ ဖြစ်ပါတယ်။

    ဖိလစ်ပိုင် ပြန်လည်ထူထောင်ရေးနဲ့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဌာန ၀န်ကြီး အက်ဒူရာဒို ဒဲလ် ရိုဆာရီယိုက ဒီဗလီတွေကို ပြုပြင်မှုဟာ ၄ ကနေ ၆ လအတွင်း ကြာမြင့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရိုဆာရီယိုဟာ မာရာ၀ီမြို့ ပြန်လည်ထူထောင်ရေးကို တာ၀န်ယူကြီးကြပ်နေသူလည်း ဖြစ်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံတဲ့ မောက်တေအဖွဲ့ဟာ ၂၀၁၇ ခုနှစ်က မာရာ၀ီမြို့ကို လနဲ့ချီ စီးနင်းသိမ်းပိုက်ခဲ့ပြီး ဖိလစ်ပိုင်အစိုးရတပ်နဲ့ ဒေသတွင်း မိုရိုလက်နက်ကိုင်တပ်တွေ ပူးပေါင်းကာ တိုက်ထုတ်ခဲ့ရပါတယ်။

    အခု ဗလီ ၃ လုံးကို ပြုပြင်ဖို့အတွက် ဖိလစ်ပိုင်ပီဆို သန်း ၃၀ ကျော် ကုန်ကျမှာပါ။

    ဖိလစ်ပိုင်အစိုးရဟာ မာရာ၀ီက သမိုင်း၀င်ဗလီတွေေဖြစ်တဲ့ Dansalan Bato Ali ဗလီ၊ Grand ဗလီတို့အပါအ၀င် IS အကြမ်းဖက်အဖွဲ့ကြောင့် ပျက်ဆီးသွားတဲ့ ဗလီ စုစုပေါင်း ၃၁ လုံးကို ပြုပြင်ဖို့ စီစဥ်ထားပါတယ်။

    ရိုဆာရီယိုက ဒီလို ဗလီတွေကို ပြုပြင်ပေးတာဟာ တိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရတဲ့ မာရာ၀ီပြည်သူတွေရဲ့ စိတ်ဒဏ်ရာကို ကုစားရေး တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီဗလီတွေဟာ ဖိလစ်ပိုင်က အစ္စလာမ်ဘာသာ၊ အစ္စလာမ်ဘာသာ၀င်တွေရဲ့သမိုင်းအတွက် အရေးပါတဲ့ အဆောက်အဦးတွေပါ။ ကျွန်တော်တို့ရဲ့မိတ်ဖက် ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ ရက်ရောကူညီမှုတွေဟာ မာရာ၀ီပြည်သူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ရာမှာ၊ သူတို့အတွက် သာယာ၀ပြောရေးကို ဆောင်ကျဥ်းရာမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်”

    Grand ဗလီဟာ မာရာ၀ီနဲ့ မင်ဒါနာအိုဒေသ မြောက်ပိုင်းမှာ အကြီးဆုံး ဗလီဖြစ်ပြီး မာရာ၀ီက အစ္စလာမ်သာသနာရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။

    Bato ဗလီက မာရာ၀ီမြို့ရဲ့ သက်တမ်းအရင့်ဆုံး ဗလီ၀တ်ကျောင်းတော် ဖြစ်ပါတယ်။

    Ref :Arab News

    (Photo – မာရာဝီမြို့မြင်ကွင်း)