News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းကိစ္စကို လစ်လျူမရှုဘူးလို့ ယူအေအီးပြော

    ပါလက်စတိုင်းကိစ္စကို လစ်လျူမရှုဘူးလို့ ယူအေအီးပြော

    စက်တင်ဘာ ၁၊ ၂၀၂၀
    M-Media

    – အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မှုဟာ ပါလက်စတိုင်းကိစ္စကို လစ်လျူရှုပြီး ဆောင်ရွက်ခဲ့တာ မဟုတ်ဘူးလို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ယူအေအီးဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အတွက် သြဂုတ်လ ၁၃ ရက်နေ့မှာ သဘောတူညီချက် ရခဲ့ပါတယ်။

    ဂျော်ဒန်နဲ့ အီဂျစ်တို့ ပြီးတဲ့နောက် အစ္စရေးနဲ့ ဆက်ဆံတဲ့ အရှေ့အလယ်ပိုင်းက တတိယမြောက်နိုင်ငံ ဖြစ်လာတာပါ။ ဒီသဘောတူညီချက််ကို ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေက ကန့်ကွက်ထားပါတယ်။

    အိမ်ရှေ့မင်းသား အလ် နဟ်ယန်က ယူအေအီးဟာ ပါလက်စတိုင်းတွေရဲ့ ဒုတိယနိုင်ငံဖြစ်ပြီး၊ အရှေဂျေရုစလင်ကို မြို့တော်ထားမယ့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဆက်လက်ထောက်ခံနေတုန်းပဲလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ငြိမ်းချမ်းရေးဆိုတာ မဟာဗျူဟာကျတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်း ကိစ္စကိုတော့ ကျွန်တော်တို့ လစ်လျူ မရှုပါဘူး”

    သဘောတူညီချက်ကြောင့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်း ပိုင်နက်ထဲ သွတ်သွင်းမယ့် အစ္စရေးရဲ့ အစီအစဥ်ကို ဟန့်တားနိုင်ခဲ့တယ်လို့ ယူအေအီးက ထုတ်ပြန်ခဲ့ပါတယ်။

    အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက အနောက်ဖက်ကမ်းက ဒေသတွေထပ်မံသိမ်းပိုက်မယ့် အစီအစဥ်ကို မစွန့်လွှတ်ဘူးလို့ ယူအေအီးနဲ့ သဘောတူညီချက်ရပြီး နာရီပိုင်းအတွင်းမှာပဲ ထုတ်ပြောခဲ့ပါတယ်။

    Ref: Alarabiya

  • ကိုဗစ်ကာကွယ်ဆေးများ ထိရောက်မှု သိပ်မရှိနိုင်ဟု ကျွမ်းကျင်သူများ သုံးသပ်

    ကိုဗစ်ကာကွယ်ဆေးများ ထိရောက်မှု သိပ်မရှိနိုင်ဟု ကျွမ်းကျင်သူများ သုံးသပ်

    စက်တင်ဘာ ၁၊ ၂၀၂၀
    M-Media

    -တရုတ်နဲ့ ရုရှားနိုင်ငံတို့က ထုတ်လုပ်စမ်းသပ်နေတဲ့ နာမည်ကြီး ကိုဗစ်ကာကွယ်ဆေးတွေဟာ သာမန်အဖျားဗိုင်းရပ်စ်ကို အခြေခံတာကြောင့် ထိရောက်မှု သိပ်ရှိမှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    ရုရှားအစိုးရဟာ ပြီးခဲ့တဲ့လ အစောပိုင်းမှာ Covid-19 ကာကွယ်ဆေးကို တရားသုံးစွဲဖို့ ခွင့်ပြုချက်ပေးခဲ့ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံးလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း ကာကွယ်ဆေးတစ်မျိုးကို စစ်တပ်မှာ စမ်းသပ်နေကာ အခြားတိုင်းပြည်တွေမှာ အသုံးပြုခွင့်ရရရေး ဆေးထုတ်တဲ့ကုမ္ပဏီက ကြိုးပမ်းနေပါတယ်။

    ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီဆေးတွေဟာ လူတော်တော်များများ ဖြစ်ဖူးတဲ့ Ad5 အဖျားဗိုင်းရပ်စ်ကို အခြေခံပြီး ထုတ်လုပ်တာကြောင့် ထိရောက်မှုပိုင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

    “ကျွန်တော်စိုးရိမ်တဲ့အချက်က Ad5 ဗိုင်းရပ်စ်ကို လူတော်တော်များများက ခံနိုင်ရည် ရှိကြတယ်ဗျ။ ထုတ်လုပ်သူတွေရဲ့ဗျူဟာကို ကျွန်တော် သေသေချချာ မသိပေမယ့် ဒီဆေးတွေဟာ ၇၀ ရာခိုင်နှုန်းလောက်တောင် မထိရောက်နိုင်ပါဘူး။ ၄၀ ရာခိုင်နှုန်းလောက်တော့ ထိရောက်မှုရှိနိုင်ပါတယ်။ ဘာမှမရှိတာထက်စာရင် ဒါက ပိုကောင်းပါတယ်” လို့ Johns Hopkins တက္ကသိုလ်က ကာကွယ်ဆေးသုတေသနပညာရှင် အန်နာ ဒါဘင်က ပြောပါတယ်။

    Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ အရေအတွက်ဟာ ၈ သိန်းခွဲလောက် ရှိလာခဲ့ပြီး ကာကွယ်ဆေးထွက်မှသာ ဗိုင်းရပ်စ်ပြန့်နှံမှုကို ထိထိရောက်ရောက် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ကူးစက်ရောဂါတော်တော်များများကို ကုသနိုင်ဖို့အတွက် ပညာရှင်တွေဟာ Ad5 ဗိုင်းရပ်စ်ကို အခြေခံကာ ကာကွယ်ဆေးတွေ ထုတ်လုပ်ခဲ့ပေမယ့် ​ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိပါဘူး။

    Covid-19 အတွက် ကာကွယ်ဆေးတွေ စမ်းသပ်ရာမှာ တစ်ချို့ဆေးကုမ္ပဏီတွေက Ad5 မဟုတ်ဘဲ တစ်ခြားနည်းလမ်းတွေကို အခြေခံပြီး စမ်းသပ်မှု​တွေလည်း ရှိနေပါတယ်။ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ အခြားနည်းလမ်းအသုံးပြု ကာကွယ်ဆေးစမ်းသပ်မှုမှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

    Ref : Reuters

  • လက်ဘနွန်ပြည်သူ ထက်၀က်ကျော် စားနပ်ရိက္ခာ ပြဿနာ ရင်ဆိုင်ရမည်

    လက်ဘနွန်ပြည်သူ ထက်၀က်ကျော် စားနပ်ရိက္ခာ ပြဿနာ ရင်ဆိုင်ရမည်

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    ပေါက်ကွဲမှုပ​ြီးနောက် လက်ဘနွန်ဆိပ်ကမ်း မြင်ကွင်း

    -​ဘေရွတ်ပေါက်ကွဲမှုနောက်ဆက်တွဲအဖြစ် အခုနှစ်ကုန်မှာ လက်ဘနွန်ပြည်သူတွေရဲ့ ထက်ဝက်လောက်ဟာ စားနပ်ရိက္ခာ ပြဿနာနဲ့ ကြုံတွေ့နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

    လက်ဘနွန်ဟာ အရင်ကတည်းက စီးပွားရေးပြဿနာကို ကြုံတွေ့နေရတာဖြစ်ပြီး ဩဂုတ် ၄ ရက်နေ့ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုနောက်ပိုင်း ဒီအခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၈၈ ဦးသေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရကာ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မြို့တော်ဘေရွတ် တစ်စိတ်တစ်ပိုင်းလည်း လုံး၀ ပျက်ဆီးသွားခဲ့ပါတယ်။

    ကုလရဲ့ အာရှအနောက်ခြမ်း စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကော်မှရှင် ESCWA က ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် နှစ်ကုန်ပိုင်းမှာ ပြည်သူထက်ဝက်ကျော်လောက်ဟာ အခြေခံစားသောက်ကုန် ပြတ်လတ်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    လက်ဘနွန်ဟာ ပြည်တွင်း ရိက္ခာလိုအပ်ချက်ရဲ့ ၈၅ ရာခိုင်နှုန်းကို နိုင်ငံခြားက တင်သွင်းရတာပါ။ အစိုးရဟာ အရင်ကတည်းက အကြွေးကိစ္စကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြည်ပကတင်သွင်းတဲ့ စားနပ်ရိက္ခာတွေကို အဓိကသိုလှောင်ရာ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုနောက်ပိုင်း ငွေတန်ဖိုးကျဆင်းလာသလို၊ ဆင်းရဲမွဲတေမှု ပမာဏလည်း မြင့်တက်လာပါတယ်။ ဒါ့အပြင် ကိုရိုနာကပ်ရောဂါကိုလည်း လက်ဘနွန်က ရင်ဆိုင်နေရပါတယ်။

    စားနပ်ရိက္ခာအကြပ်အတည်းကို တားဆီးဖို့အတွက် စားသောက်ကုန်စျေးနှုန်းကို အစိုးရက ထိန်းချုပ်ဖို့၊ လယ်ယာထွက်ကုန် ထုတ်လုပ်သူတွေကို စားသုံးသူတွေထံ တိုက်ရိုက်ရောင်းချခွင့်ပေးဖို့ ESCWA က လက်ဘနွန်အစိုးရကို တိုက်တွန်းခဲ့သလို၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်ဘနွန်မှာ စားနပ်ရိက္ခာ ဖူလှုံရေးအစီအစဉ်ကို တိုးချဲ့ဆောက်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို ယူအေအီး ရုပ်သိမ်း

    အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို ယူအေအီး ရုပ်သိမ်း

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    -အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖယ်ရှားလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ဘဏ္ဏာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

    ယူအေအီးနဲ၌ အစ္စရေးတို့ဟာ အမေရိကန်ရဲ့ ညှိနှိုင်းမှုနဲ့ ဩဂုတ်လ ၁၃ ရက်နေ့က တရား၀င် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာပါ။

    တိုင်းပြည်စတင်တည်ထောင်တဲ့ ၁၉၇၂ ခုနှစ်ကစတင်ပြီး ယူအေအီးဟာ အစ္စရေးအပေါ် စီးပွားရေးအရ သပိတ်မှောက်ထားတာ ဖြစ်ပါတယ်။ ယူအေအီးခေါင်းဆောင် ရှိခ် ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်က အစ္စရေးအပေါ် ဒီသပိတ်မှောက်မှုကို မနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။

    ဒါ့ကြောင့် အစ္စရေးလုပ်ငန်းတွေဟာ ယူအေအီးမှာ အလုပ်လာလုပ်နိုင်မှာဖြစ်သလို၊ အစ္စရေးကုန်ပစ္စည်းတွေကိုလည်း ယူအေအီးက ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

    ဒီလိုခွင့်ပြုလိုက်ခြင်းဟာ နှစ်နိုင်ငံ စီးပွားရေနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ဖို့အတွက် လမ်းစဉ်တစ်ခု ချမှတ်လိုက်တာ ဖြစ်တယ်လို့ ယူအေအီး နိုင်ငံပိုင်မီဒီယာ WAM က ဖော်ပြခဲ့ပါတယ်။ ဩဂုတ် ၃၁ ရက် တနင်္လာနေ့မှာ ယူအေအီးနဲ့ အစ္စရေးတို့အကြား ပထမဆုံး ကုန်သွယ်ရေးလေကြောင်းခရီးစဉ် ပြေးဆွဲမှာ ဖြစ်ပါတယ်။

    အစ္စရေးနဲ့ ယူအေအီးတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှုကို ပါလက်စတိုင်းခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်။

    Ref : Aljazeera

  • အကျဉ်းစခန်းများတွင် ဝီဂါမွတ်စလင် တစ်ဦးမှမရှိတော့ဟု တရုတ်ပြော

    အကျဉ်းစခန်းများတွင် ဝီဂါမွတ်စလင် တစ်ဦးမှမရှိတော့ဟု တရုတ်ပြော

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    ထိုင်းနိုင်ငံကို ထွက်ပြေးလာသည့် ဝီဂါမိသားစုတစ်ခု

    -နိုင်ငံအနောက်ပိုင်းက ဝီဂါလူမျိုးတွေအပေါ် ညှင်းပမ်းမှုတွေရှိတယ်ဆိုတဲ့သတင်းတွေကို ဥရောပရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မနေ့မှာ ထပ်ငြင်းလိုက်ပြီး ပြည်တွင်းရေးကိစ္စမှာ ဥရောပနိုင်ငံတွေက ဝင်မစွက်ဖို့လည်း သတိပေးလိုက်ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ အစ္စလာမ်ဘာသာဝင် ဝီဂါနဲ့ အခြားလူမျိုးစုငယ်တွေကို တရုတ်အစိုးရက ဖိနှိပ်မှုတွေ လုပ်ဆောင်နေပြီး အနည်းဆုံး လူ ၁ သန်းလောက်ကို အကျဉ်းစခန်းထဲမှာ ပိတ်လှောင်ထားတယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့ကြပါတယ်။ တရုတ်ကတော့ ဒီသတင်းကို ငြင်းဆိုပြီး အကျဉ်းစခန်းတွေမဟုတ်ဘဲ လေ့ကျင့်သင်ကြားရေးက​ျောင်းတွေသာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    မနေ့က ပဲရစ်ကိုရောက်လာတဲ့ ဝမ်ယီကလည်း အဲဒီသင်တန်းကျောင်းတွေကို ပို့ဆောင်ခံရတဲ့သူတွေဟာ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတွေ ဝင်နေတဲ့သူတွေဖြစ်ကြောင်း၊ လက်ရှိမှာ သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီး လုပ်ငန်းခွင် ဝင်နေကြပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အခုဆိုရင် သူတို့အားလုံး ဘွဲရသွားပါပြီ။ လေ့ကျင့်သင်ကြားရေးကျောင်းတွေမှာ တစ်ယောက်မှ မရှိတော့ပါဘူး။ အားလုံး အလုပ်ရသွားပါပြီ”

    တရုတ်အစိုးရဟာ ဝီဂါတွေနဲ့ အခြားလူမျိုးစုငယ်တွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေ အခုအချိန်အထိ ဆက်လက်ဆောင်ရွက်နေတုန်းပဲလို့ တက်ကြွလှုပ်ရှားသူတွေ ဖိနှိပ်ခံရတဲ့ မိသားစုတွေက ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

    Ref: Alarabiya