News @ M-Media

Author: Ko Lay

  • ကက်ရှ်မီးယားတွင် ဟိန္ဒူများကို လူစုလူဝေးဖြင့် ဘုရားပွဲကျင်းပရန် အိန္ဒိယအစိုးရခွင့်ပြု

    ကက်ရှ်မီးယားတွင် ဟိန္ဒူများကို လူစုလူဝေးဖြင့် ဘုရားပွဲကျင်းပရန် အိန္ဒိယအစိုးရခွင့်ပြု

    ဇူလိုင် ၆၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုအန္တရာယ်ရှိနေတာကြောင့် ကက်ရှ်မီးယားဒေသမှာ ဘာသာတရားအားလုံးကို ဝတ်ပြုခွင့်ပိတ်ထားပေမယ့် ဟိန္ဒူတွေရဲ့ ဘာသာရေးဆိုင်ရာ လူစုလူဝေးလုပ်မှုကို အိန္ဒိယအစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။

    ကက်ရှ်မီးယားဟာ အစ္စလာမ်ဘာသာဝင်အများစုရှိရာ ဒေသဖြစ်ပါတယ်။ အရင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားပေမယ့် ဒီအုပ်ချုပ်ခွင့်ကို ပြီးခဲ့တဲ့နှစ်မှာ အိန္ဒိယအစိုးရက ရုပ်သိမ်းခဲ့ပြီး ဒေသခံတွေကို လှုပ်ရှားသွားလာခွင့် ကန့်သတ်ထားတာ ၁၁ လ ကျော်လာပြီ ဖြစ်ပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တရားလက်လွတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှု ညှင်းပမ်းနှိပ်စက်မှုတွေဟာ ဒီကာလမှာ အရင်ကထက် ဆိုးဝါးလာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ထောက်ပြထားပါတယ်။

    ဇူလိုင်လ ၄ ရက်နေ့မှာ စတင်သက်ရောက်မယ့် အစိုးရရဲ့ အမိန့်တစ်ရပ်မှာ အစ္စလာမ်အပါအဝင် အခြားဘာသာအားလုံးရဲ့ ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ လူစုလူဝေးလုပ်မှု​တွေကို ခွင့်မပြုပေမယ့် ကက်ရှ်မီးယားတောင်ပိုင်းက ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ဘုရားပွဲလုပ်ခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။

    ပုံမှန်အားဖြင့် ၄၂ ရက်ကြာမြင့်တဲ့ အဲဒီဘုရားပွဲကို လက်ရှိမှာ ၁၅ ရက်သာ ကျင်းပခွင့်ပေးထားပြီး တစ်နေ့ကို လူဦးရေ ၅၀၀ ဝင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ ဒီပွဲတော်ကို နိုင်ငံတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေ လာရောက်ကြမှာပါ။

    အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ Covid-19 ကူးစက်မှု၊ သေဆုံးမှုဟာ လက်ရှိအချိန်အထိ မြင့်တက်နေပြီး အခုလို လူစုလူဝေး ပြုလုပ်ခွင့်ပေးတာကြောင့် ကိုဗစ်ကူးစက်မှု ထိန်းချုပ်လို့မရတဲ့အဆင့်အထိ ရောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

    Ref: Anadolu Agency ‘

  • တရုတ်ဒေသတစ်ခုတွင် ကြောက်စရာ ပလိပ်ရောဂါ ဖြစ်ပွားနေ

    တရုတ်ဒေသတစ်ခုတွင် ကြောက်စရာ ပလိပ်ရောဂါ ဖြစ်ပွားနေ

    ဇူလိုင် ၆၊ ၂၀၂၀
    M-Media

    ပုလိပ်ရောဂါဖြစ်ပွားရာ အင်းနား မွန်ဂိုလီးယားဒေသ (အနီရောင်)

    -တရုတ်နိုင်ငံမြောက်ပိုင်းက အင်းနားမွန်ဂိုလီးယားဒေသမှာ ကြောက်စရာကောင်းတဲ့ အကြိတ်ထွက် ပလိပ်ရောဂါ (Bubonic plague) ဖြစ်ပွားမှုကို တွေ့လာရတာကြောင့် အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဒီရောဂါ ကူးစက်မှုကို စတွေ့လာရတာဖြစ်ပြီး ဒီထက်ပိုကြောက်စရာကောင်းတဲ့ Pneumonic ပလိပ်ရောဂါ ဖြစ်ပွားမှု အနည်းငယ် ရှိနေပါတယ်။ မြို့တော်ဘေဂျင်းမှာလည်း ဒီပုလိပ်ရောဂါကူးစက်မှု အနည်းဆုံး ၂ ခုကို တွေ့ရပါတယ်။

    အင်းနားမွန်ဂိုလီးယား​ဒေသ မြို့တော်ဘာယန်နူရ်ရဲ့ ကျန်းမာရေးကော်မတီက ဒီကူးစက်မှုကြောင့် မနေ့က တတိယအဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပလိပ်ရောဂါကူးစက်နိုင်တဲ့ သားရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးစားသောက်တာကို တားမြစ်ခဲ့ပြီး၊ ရောဂါ တိတိကျကျမရှိဘဲ ဖျားတဲ့သူတွေ၊ သေဆုံးတဲ့သူတွေကို သိရှိရင် သတင်းပေးတိုင်ကြားဖို့လည်း ညွှန်ကြားထားပါတယ်။

    Bubonic ပလိပ်ရောဂါဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အသေအပျောက်အများဆုံး ကူးစက်ရောဂါတွေထဲက တစ်ခုဖြစ်ပြီး အလယ်ခေတ်မှာ ‘အနက်ရောင်သေမင်း’ ရောဂါ လို့ အမည်တွင်ပါတယ်။ ဒီရောဂါကြောင့် ၁၄ ရာစုမှာ လူ ၇၅ သန်းကနေ သန်း ၂၀၀ လောက် သေဆုံးခဲ့သလို၊ သက္ကရာဇ် ၅၄၁ ခုနှစ်ကနေ ၅၄၉ ခုနှစဝ်အတွင်း အနည်းဆုံး လူ သန်း ၃၀ ကနေ ၅၀ အတွင်း သေဆုံးခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေက ဆိုပါတယ်။

    အဆုတ်မှာ အဓိကဖြစ်လေ့ရှိတဲ့ Pneumonic ပုလိပ်ရောဂါဟာ လေထဲကနေ အလျင်အမြန် ကူးစက်နိုင်ပြီး ကပ်ရောဂါအသွင် ဖြစ်လာနိုင်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

    တရုတ်နိုင်ငံမှာ ပုလိပ်ရောဂါလို ရောဂါမျိုး အကြီးအကျယ် ဖြစ်လေ့ဖြစ်ထ မရှိပါဘူ။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပုလိပ်ရောဂါဖြစ်ပွားသူ ၂၆ ဦး သေဆုံးသူ၊ ၁၁ ဦး ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ကုန်းတွင်း၊ ကမ်းလွန် ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားသည်ဟု အီရန် ထုတ်ပြော

    ကုန်းတွင်း၊ ကမ်းလွန် ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားသည်ဟု အီရန် ထုတ်ပြော

    ဇူလိုင် ၆၊ ၂၀၂၀
    M-Media

    -တောင်ပိုင်း ကမ်းရိုးတမ်းအပါအဝင် ကုန်းတွင်းနဲ့ ကမ်းလွန်တွေမှာ ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားပြီး ဒါဟာ ရန်သူနိုင်ငံတွေအတွက် အိပ်မက်ဆိုး ဖြစ်လိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    အဲဒီကွန်ယက်မှာ မြေအောက်ဘန်ကာတွေ၊ ကမ်းလွန်ရွေ့လျားစနစ် ဒုံးကျည်တွေ ပါဝင်တယ်လို့ ရေတပ်ဗိုလ်ချုပ် အလီရီဇာ တန်ဆီရီက ပြောပါတယ်။

    “ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ တစ်လျှောက်လုံးမှာ မြေအောက် ကုန်းတွင်းနဲ့ ကမ်းလွန် ဒုံးကျည်​မြို့တော်တွေ တည်ဆောက်ထားပါတယ်။ ဒါဟာ ရန်သူနိုင်ငံတွေအတွက် အိပ်မက်ဆိုး ဖြစ်မှာပါ”

    နိုင်ငံတောက်ဘက် နယ်စပ်တစ်လျှောက်လုံးမှာ ရေယာဉ်စု ၄၂၈ စုနဲ့ တပ်ဖွဲ့ဝင် ၂၃၀၀၀ လောက်ကို တပ်ဖြန့်ချထားပြီး ရန်သူတွေ မထင်မှတ်ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေ၊ ရေတပ်သင်္ဘောအသစ်တွေလည်း မကြာခင် ထုတ်ပြဖို့ရှိတယ်လို့ အလီရီဇာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အပြည့်အ၀လည်ပတ်နိုင်တဲ့ မြေအောက် ဒုံးကျည်စက်ရုံတွေ၊ မြို့တော်တွေ တည်ရှိနေပြီလို့ အီရန်တော်လှန်ရေးအေစာင့်တပ်ဖွဲ့က မကြာခဏ ထုတ်ပြောလေ့ရှိပေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထုတ်ပြတာမျိုးတော့ မရှိပါဘူး။

    ပြီးခဲ့တဲ့ နွေရာသီကစလို့ ရှန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရတာလို တင်းမာမှုမျိုးတွေ ဖြစ်ပေါ်ခဲ့ပြီး အမေရိကန်က ဒီတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲမှုကို ငြင်းဆိုပါတယ်။

    Ref: RT

  • ရှေ့ဆောင်အီမာမ် ယန်ကျင်းဘန် (သို့မဟုတ်) ဟောင်ကောင်တွင် အစ္စလာမ့်သတင်းစကား ဖြန့်ချီနေသူ

    ရှေ့ဆောင်အီမာမ် ယန်ကျင်းဘန် (သို့မဟုတ်) ဟောင်ကောင်တွင် အစ္စလာမ့်သတင်းစကား ဖြန့်ချီနေသူ

    ဇူလိုင် ၅၊ ၂၀၂၀
    M-Media

    ရှေ့ဆောင်အီမာမ် ယန်ကျင်းဘန်

    -ဟောင်ကောင်မှာ အစ္စလာမ်ဘာသာဝင်တွေဟာ ၁၈၄၀ လောက်ကတည်းက ရှိနေခဲ့ကြပြီး ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဒီရေအတွက်ဟာ မြင့်တက်လာခဲ့ပါတယ်။ ရှေ့ဆောင်အီမာမ် အွတ်စမန် ယန်ကျင်းဘန်က ဟောင်ကောင်လူထုကို အစ္စလာမ်အကြောင်း ရှင်းပြဖို့ လိုအပ်လာပြီလို့ ခံစားရတာကြောင့် Understanding Islam ဆိုတဲ့ စာအုပ်ကို တရုတ်ဘာသာစကားနဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။

    အခြားဘာသာတရားတွေနဲ့မတူတာက အစ္စလာမ်ဟာ ယုံကြည်သူတွေရဲ့ နေ့စဉ်ဘ၀မှာပါ ထင်ဟပ် အရေးပါနေတယ်လို့ ယန်က ပြောပါတယ်။

    ဝမ်ချိုင်းရပ်ကွက်က ဘားဆိုင်တွေရဲ့အဝေး၊ ဆိတ်ငြိမ်သန့်ရှင်းတဲ့ လမ်းရဲ့တစ်ဖက်တစ်ချက်မှာ ‘အမ်မာနှင့် အွတ်စ်မန် ရမ်ဂျူဆာဒစ်ဗလီ’ ဗလီဝတ်ကျောင်းတော်တည်ရှိပါတယ်။

    ယန်ကျင်းဘန် ရေးသည့် Understanding Islam

    လမ်းရဲ့ ဟိုမှာဘက်မှာတော့ အစိမ်းရောင် မင်နာရတ်မျှော်စင်ကို ကြွားကြွားဝင့်ဝင့် ရှုမြင်ရပါလိမ့်မယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ဗလီထဲကို ဝင်ရောက်တဲ့သူတိုင်းကို တာဝန်ရှိသူတွေက အဝင်အ၀မှာ အပူချိန် တိုင်းတာနေပါတယ်။

    အီမာမ် ယန်ကျင်းဘန်ဟာ ညနေစောင်းဝတ်ပြုဖို့လာရောက်သူတွေကို ဗလီနားနေဆောင်မှာ လိုက်လံပြီး စလာမ်မေတ္တာပို့ နှုတ်ခွန်းဆက်သနေပါတယ်။

    ဗလီရဲ့ ​နံရံမှာ ချိတ်ဆွဲထားတဲ့ မက္ကာက ‘မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ’ ပုံ ကျောက်စီကားချပ်ကြီးဟာ လာရောက်သူတွေအတွက် ရှုမငြီးစရာ ဖြစ်လို့နေပါတယ်။ ဗလီပုံကားချပ်ကြီးရဲ့အလယ်က အနက်ရောင်ကုဗပုံအဆောက်အဦးကို ‘ကအ်ဘာ​ကျောင်းတော်’ လို့ခေါ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ မက္ကာကို ဟဂျ်ဘုရားဖူးသွားတဲ့အခါ ဒီ ကဘ်ဘာကျောင်းတော်ကြီးကို လက်ဝဲရစ် ၇ ကြိမ် လှည့်ရပါတယ်။ အသက် ၅၆ နှစ်အရွယ် ယန်ဟာ ဟဂျ်ဘုရားဖူးခရီးကို ၃ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီးပါပြီ။

    “မွတ်စလင်တစ်ယောက်အနေနဲ့ ဒီတာဝန်ကို ကျေပွန်ဖို့က တော်တော်လေးကို အရေးကြီးပါတယ်။ မြင့်မြတ်ရာနေရာကို ကိုယ့်ရဲ့မျက်လုံးနဲ့ မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အခါ နှလုံးသည်းပွတ်တစ်ခုလုံး အရည်ပျော်မတတ်ပါပဲ။ ကျန်းမာဖို့၊ ငွေကြေးတတ်နိုင်ဖို့၊ အချိန်အခါကျဖို့ လိုအပ်တာကြောင့် ဒီနေရာကို သွားရောက်ခွင့်ရတာ၊ ချောချောမွေ့မွေ့ သွားပြီး၊ ချောချောမွေ့မွေ့ပြန်ရောက်တာတွေဟာ သိပ်ကို ထူးခြားတဲ့ အခိုက်အတန့်ပါပဲ”လို့ ရှေ့ဆောင်အီမာမ် ယန်ကျင်းဘန်က ပြောပါတယ်။

    ယန်ဟာ ဟောင်ကောင်က တရုတ်လူမျိုး ရှေ့ဆောင်အီမာမ် နှစ်ပါးထဲက တစ်ပါးဖြစ်ပြီး Understanding Islam ဆိုတဲ့ စာအုပ်ကိုလည်း မကြာသေးခင်က ရေးသား ထုတ်ဝေထားပါတယ်။ တရုတ်စာနဲ့ ရေးသားထားတဲ့ ဒီစာအုပ်မှာ အစ္စလာမ်သာသနာရဲ့ ​ကျင့်ဝတ်စည်းကမ်းတွေ၊ ဓလေ့ထုံးတမ်းတွေအကြောင်း၊ ၁၉ ရာစုကတည်းက စတင်တဲ့ ဟောင်ကောင်က အစ္စလာမ့်သမိုင်းကြောင်း စတာတွေကို ရေးသားဖော်ပြထားပါတယ်။

    ဗြိတိန်ကိုလိုနီကာလအစ ၁၈၄၁ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်တွေဟာ အိန္ဒိယကနေလာရောက်ပြီး ဟောင်ကောင်မှာ နေထိုင်ခဲ့ကြပါတယ်။ အများစုဟာ အင်္ဂလိပ်နဲ့ပါလာတဲ့ စစ်သားတွေဖြစ်ပြီး၊ ကုန်သည်တစ်ချို့လည်း ပါဝင်ပါတယ်။

    ဒီကနေ့ ဟောင်ကောင်မှာ အစ္စလာမ်ဘာသာဝင်မိသားစုပေါင်း ၁၂၀၀၀ လောက် ရှိနေပြီး Lower Lascar Row လို့ခေါ်တဲ့ လမ်းတစ်ဝိုက်မှာ နေထိုင်ပါတယ်။ အရင်တုန်းက အဲဒီလမ်းကို Morokai လို့ ခေါ်ခဲ့ကြပြီး ‘မူးရ်လူမျိုးများရှိရာလမ်း’ လို့ အဓိပ္ပါယ်ရပါတယ်။

    လက်ရှီ ရှယ်လီလမ်းမှာ တည်ရှိတဲ့ ‘ဂျာမီယာဗလီ’ (Jamia Masjid) ကို ၁၈၅၀ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ လမ်းချဲ့ဖို့အတွက် ဒီဗလီကို ဖြိုချခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ပြီး ၁၉၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မိုးမျှော်အဆောက်အဦးတွေ ဝန်းရံတဲ့ ဗလီတစ်လုံး ဖြစ်လို့နေပါပြီ။

    ဂျာမီယာဗလီ (၁၉၈၆)

    အစ္စလာမ်ဘာသာဝင်အရေအတွက် မြင့်တက်လာတာကြောင့် နောက်ထပ် ဝတ်ပြုရာနေရာတစ်ခုကို ဗစ်တိုးရီးယားဆိပ်ကမ်းရဲ့ တစ်ဖက်တစ်ချက်မှာ ၁၈၉၆ ခုနှစ်ကတည်ဆောက်ခဲ့ပြီး ‘ကျိုလွန်ဗလီနှင့် အစ္စလာမ်စင်တာ’ Kowloon Mosque and Islamic Centre လို့ ခေါ်ဆိုပါတယ်။

    ၁၉၇၆ ခုနှစ် မြေအောက်ရထားလိုင်း ဖောက်လုပ်တဲ့အခါ ဒီဗလီပျက်ဆီးခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှာတော့ လုံး၀ ဖြိုချခံလိုက်ရပါတယ်။ နောက်ပိုင်းမှာ ဗလီကို ပြန်လည်တည်ဆောက်ခဲ့ကာ လက်ရှိမှာတော့ လူဦးရေ ၃၅၀၀ လောက် ဝတ်ပြုနိုင်တဲ့ ဗလီတစ်လုံး ဖြစ်နေပါပြီ။

    ရှေ့ဆောင်အီမာမ် ယန်ဂျင်းဘန် ထိုင်တဲ့ ‘အမ်မာနှင့် အွတ်စ်မန် ရမ်ဂျူဆာဒစ်ဗလီ’ (Masjid Ammar and Osman Ramju Sadick Islamic Centre) ကို ၁၉၈၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဗလီပုံစံကို ဒီဇိုင်းဆွဲပြီး ငွေကြေးစိုက်ထုတ် ဆောက်လုပ်ခဲ့တဲ့ တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင် ‘ဆာဒစ်’ ဆိုသူကို အစွဲပြုပြီး ဒီဗလီကို အမည်ပေးထားတာပါ။

    ဟောင်ကောင်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက်က ဆက်လက် တိုးတက်လျက် ရှိနေပါတယ်။ ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ သူ ဟောင်ကောင်ကို စရောက်တဲ့အချိန်မှာ အစ္စလာမ်ဘာသာဝင် အရေအတွက်က ၆ သောင်းလောက်ပဲ ရှိသေးတယ်လို့ ယန်က ပြောပါတယ်။ ဒီနေ့မှာတော့ သက်၀င်သူဟာ ၃ သိန်းလောက် ရှိနေပြီ ဖြစ်ပါတယ်။ ၆၀ ရာခိုင်နှုန်းက ဟောင်ကောင်မှာ အလုပ်လာလုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး၊ တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်အရေအတွက် ၄ သောင်း၊ ပါကစ္စတန်နွယ်ဖွား အစ္စလာမ်ဘာသာဝင်အရေအတွက်က ၃ သောင်းလောက် ရှိတယ်လို့ ယန်က ဆိုပါတယ်။ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှတိုက် အခြားဒေသတွေက အစ္စလာမ်ဘာသာဝင်အချို့လည်း ဟောင်ကောင်မှာ ရှိနေပါတယ်။

    အစ္စလာမ်ဘာသာဝင်အရေအတွက် မြင့်တက်လာတာနဲ့အမျှ အစ္စလာမ့်ရေးရာ အဖွဲ့တွေ၊ ဟာလာလ်စားသောက်ဆိုင်တွေများလာတာကို တွေ့ရကြောင်း ယန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ‘အမ်မာနှင့် အွတ်စ်မန် ရမ်ဂျူဆာဒစ်ဗလီ’

    “ကြယ်ငါးပွင့်ဟိုတယ်တစ်ချို့အပါအဝင် စားသောက်ဆိုင်အားလုံးကို ကျွန်တော်တို့က စီစစ်ပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပါတယ်။ အရင်က Disneyland နဲ့ Ocean Park တို့မှာ ဟာလာလ်အစားအသောက် မရှိပေမယ့် အခု ရှိနေပါပြီ။ Cathay Pacific Catering Services ကလည်း ဟာလာလ်အစားအသောက်တွေကို စီစဉ်ပေးနေပါတယ်”

    ယန်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒုန်းပြည်နယ် တိုင်ယန်မြို့သားပါ။ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ဖခင်ဟာ ဗလီရှေ့ဆောင်အီမာမ်ဖြစ်ပြီး ယန်က ဖခင်ခြေရာကို နင်းခဲ့သူ ဖြစ်ပါတယ်။ ရှေ့ဆောင်အီမာမ်တစ်ယောက်ဖြစ်ရေး ရည်မှန်းချက် အောင်မြင်ဖို့အတွက် ယန်တစ်ယောက် အပြင်းအထန် ကြိုးစားခဲ့ရတာပါ။

    ဘေဂျင်းက ‘တရုတ်အစ္စလာမ်အင်စတီကျု’ မှာ ၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ အစ္စလာမ့်ရေးရာတွေကို သင်ယူခဲ့ပြီး နောက်ပိုင်း ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့က နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်မှာ ၄ နှစ် ပညာသင်ယူခဲ့ပါတယ်။

    ဘာသာတရားကိုင်းရှိုင်းတဲ့ လူငယ်တော်တော်များများဟာ ရှေ့ဆောင်အီမာမ် ဖြစ်လိုကြပေမယ့် ဗလီတွေမှာ လိုအပ်တဲ့အရေအတွက်က နည်းတယ်လို့ ယန်ကပြောပါတယ်။

    “ရှေ့ဆောင်အီမာမ် မဖြစ်ရရှာတဲ့ ကျွန်တော်အတန်းဖော် တော်တော်များများဟာ စွန့်ဦးစီပွားရေးသမားတွေ ဖြစ်သွားကြတယ်။ အများစုက အာရဘီ၊ အင်္ဂလိပ်တွေ ကျွမ်းတာကြောင့် အရှေ့အလယ်ပိုင်းနဲ့ ကုန်သွယ်မှုတွေ လုပ်ကြပါတယ်”

    ၁၉၉၂ ခုနှစ်မှာ ‘ဟောင်ကောင် အစ္စလာမ့်သမဂ္ဂ’ ဟာ ဘေဂျင်းက ‘တရုတ်မွတ်စလင်အသင်း’ ကို ဆက်သွယ်ခဲ့ပါတယ်။ တရုတ်လူမျိုးဖြစ်ပြီး ငယ်ရွယ်တဲ့ ရှေ့ဆောင်အီမာမ်တစ်ပါး ပြည်မကြီးကနေရှာပေးဖို့ပါ။ ဟောင်ကောင်မှာ ရှာဖွေရခက်လို့ ဒီလို အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ အစိုးရရဲ့ အတားအဆီးတွေကြောင့် ယန် ဟောင်ကောင်ကိုရောက်ဖို့ တစ်နှစ်လောက်ကြာခဲ့ပါတယ်။ အဲဒီနောက် ယန်ဟာ ဟောင်ကောင်မှာအသုံးပြုတဲ့ ‘ကန်တုန်တရုတ်ဘာသာစကား’ ကို သင်ယူခဲ့ပါတယ်။

    “ဟောင်ကောင်ကိုစရောက်တုန်းက မိုးမျှော်တိုက်တွေ ပြည့်ကြပ်ပြီး မွန်းကျပ်သလို ခံစားရတယ်။ ဝတ်ပြုချိန်အတွက် အရေးပါတဲ့ နေကိုတောင် တစ်ခါတစ်လေ မမြင်ရပါဘူး။ လူတွေကို လမ်းမေးတဲ့အခါ အရှေ့၊ အနောက်၊ တောင်၊ မြောက်လို့ သူတို့မပြောကြဘဲ ညာဘက်၊ ဘယ်ဘက် လို့သာ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီကို အပျော်လာတာမှ မဟုတ်တာ။ ဟောင်ကောင်က မွတ်စလင်တွေကို ကူညီနိုင်သလောက်ကူညီဖို့ တွေးထားပြီး ကျွန်တော့်အတွက် သိပ်ပြီး များများစားစား မလိုအပ်ပါဘူး”

    တရုတ်ဘာသာစကားနဲ့ရေးသားတဲ့ အစ္စလာမ့်စာပေကောင်းတွေ ဟောင်ကောင်မှာ မတွေ့ရတာကြောင့် ယန်ဟာ Understanding Islam ဆိုတဲ့ စာအုပ်ကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ရေးသားခဲ့ပါတယ်။

    “အစ္စလာမ်အကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ အသက်တာအကြောင်း
    အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ နားလည်လာအောင် ကျွန်တော် ကူညီချင်ပါတယ်”

    ယန်ဟာ ဟောင်ကောင်က တက္ကသိုလ်တွေမှာ အစ္စလာမ်အကြောင်း ဟောပြောမှုတွေလည်း လုပ်ပါတယ်။

    ကျိုလွန်ဗလီ

    “(ကန် ၉/၁၁ တိုက်ခိုက်မှုပြီးနောက်) ၂၀၀၁ ခုနှစ်မှာ လူတွေက ‘ဂျီဟတ်’ ဆိုတာ ဘာလဲလို့ ကျွန့်တော့်ကို မေးလာကြတယ်။ မွတ်စလင်မဟုတ်သူတွေကို သတ်ရမယ်လို့ ကုရ်အာန်မှာ မပါဘူးဆိုတာကို ရှင်းပြရတာပေါ့ဗျာ”

    ၂၀၁၉ ခုနှစ် အောက်တိုဘာလ တရုတ်အစိုးရဆန့်ကျင်ရေး ဖြစ်တဲ့အချိန် ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို အပြာရောင်ဆိုးဆေးအရည်တွေနဲ့ ပက်ပြီး နှိမ်နှင်းတဲ့အခါ ကျိုလွန်ဗလီရဲ့ ဝင်ပေါက်နဲ့ နံရံတွေကို စွန်းထင်းသွားပြီးတဲ့နောက် ဗလီနဲ့ ဟောင်ကောင်က အစ္စလာမ်ဘာသာဝင်အသိုင်းအဝိုင်းအပေါ် ကမ္ဘာက အာရုံစိုက်လာပါတယ်။ ဒါဟာ မတော်တဆဖြစ်သွားတာလို့ ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ပြန်ဖြေရှင်းခဲ့ပါတယ်။

    “ရဲက တမင်လုပ်တယ်လို့ ကျွန်တော်ထင်တယ်။ ဗီဒီယိုတွေပြန်ကြည့်ရင် ဗလီအရှေ့မှာ လူမှမရှိတာ။ ပိုဆိုးသွားတာက အပြာရောင်ဆိုးဆေးတွေ ဖြန်းသွားတာပါ။ နောက်ပိုင်း ရဲတပ်ဖွဲ့က လာပြီး တောင်းပန်ပါတယ်။ ကျွန်တော်တို့ကလည်း ဒီတောင်းပန်မှုကို လက်ခံလိုက်ပါတယ်”

    အခြားသာသာတရားတွေနဲ့ မတူတာက အစ္စလာမ်ဘာသာဟာ ယုံကြည်သူတွေအားလုံးရဲ့ နေ့စဉ်ဘ၀မှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတာ ဖြစ်တယ်လို့ ယန်က ပြောပါတယ်။

    “မွတ်စလင်တစ်ယောက်ဖြစ်တာကြောင့် ဟာလာလ်အစားအသောက်တွေသာ စားရတယ်။ အမျိုးသမီးတွေကလည်း ပုဝါဆောင်းရတယ်။ တစ်နေ့ကို ၅ ကြိမ် ဘုရားဝတ်ပြုရပါတယ်”

    အစ္စလာမ်မှာ တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးတဲ့အကြောင်း ယန်က ပြောပြခဲ့ပြီး၊ သူ့ရဲ့စာအုပ်မှာ ဝတ်မပြုခင် ကိုယ်လက် ဘယ်လိုသန့်စင်ရမလဲဆိုတာကိုလည်း ရေးသားဖော်ပြထားပါတယ်။

    “အရှေ့အလယ်ပိုင်းမှာ ရေကရှားတော့ ကိုယ်လက်သန့်စင်တာမျိုး အမြဲတမ်းမလုပ်ကြပေမယ့် ဝတ်ပြုတော့မယ်ဆိုရင်တော့ ကိုယ်လက်သန့်စင်တာကို မဖြစ်မနေ လုပ်ရပါတယ်”

    ဒီအကြောင်းတွေကို ရှင်းပြနေတဲ့အချိန်မှာတော့ မုအ်ဇင်နိဗ္ဗာန်ဆော်က ဘုရားဝတ်ပြုဖို့ အသံချဲ့စက်ကနေ စတင်ဆော်ဩပါတယ်။

    “ခွင့်ပြုပါအုံး။ ဝတ်ပြုဖို့အတွက် ကိုယ်လက်သန့်စင်ရအုံးမယ်” လို့ ယန်က ပြောပြီး ဝတ်ပြုဆုတောင်းဖို့ ထသွားပါတော့တယ်။

    Ref: South China Morning Post

    ( South China Morning Post တွင် ဖော်ပြထားသည့် Islam for non-Muslims – Chinese imam in Hong Kong on a mission to explain his religion and its history in the city ဆောင်းပါးကို လေးမောင်မှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • အမေရိကန် နာမည်ကျော်ရက်ပါ သမ္မတရွေးကောက်ပွဲ ဝင်မည်

    အမေရိကန် နာမည်ကျော်ရက်ပါ သမ္မတရွေးကောက်ပွဲ ဝင်မည်

    ဇူလိုင် ၅၊ ၂၀၂၀
    M-Media

    -လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အမေရိကန် ရက်ပါ ကန်ယီဝက်စ်က ဆိုရှယ်မီဒီယာမှာ မနေ့က တရားဝင် ကြေငြာလိုက်ပါတယ်။

    ဝက်စ်ဟာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပြီး ဇနီးဖြစ်သူ မင်းသီး ကင်မ် ကာဒက်ရှီယန်နဲ့အတူ အိမ်ဖြူတော်ကို သွားရောက်လည်ပတ်ဖူးပါတယ်။

    “ဘုရားသခင်ကို ယုံကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အနာဂတ်ကို တည်ဆောက်ခြင်းဆိုတဲ့ အမေရိကရဲ့ ကတိကဝတ်ကို ပြန်လည်သတိရရမယ့်အချိန် ရောက်နေပါပြီ။ အမေရိကန်သမ္မတရွေးပွဲမှာ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုမှာ ဖြစ်ပါတယ်” လို့ ဝက်စ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဝက်စ်အနေနဲ့ အမှန်တကယ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ​လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ သမ္မတလောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စာရင်းပေးရမယ့် နောက်ဆုံးရက်ဟာ ပြည်နယ်တော်တော်များများမှာ မကုန်ဆုံးသေးတဲ့အတွက် ဝက်စ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ အကြီးဆုံးနိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရစ်တစ်ပါတီတွေမှာ ရီပက်ဘလစ်ကန်ပါတီက လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် ဝင်ရောက်အရွေးခံမှာဖြစ်ပြီး ဒီမိုကရက်တစ် ပါတီကတော့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန် ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။

    Ref: Aljazeera