News @ M-Media

Author: Ko Lay

  • ဝီဂါအမျိုးသမီးများ၏ ဆံပင်ဖြင့် ပြုလုပ်ထားသည့် ဆံပင်တုများကို အမေရိကန်ဖမ်းဆီး

    ဝီဂါအမျိုးသမီးများ၏ ဆံပင်ဖြင့် ပြုလုပ်ထားသည့် ဆံပင်တုများကို အမေရိကန်ဖမ်းဆီး

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်​အမျိုးသမီးတွေရဲ့ ဆံပင်ကို ဖြတ်ယူပြီး ဖန်တီးထားတယ်ဆိုတဲ့ သံသယနဲ့ တရုတ်ကဝင်လာတဲ့ ဆံပင်တုတွေကို အမေရိကန်အကောက်ခွန်ဌာနက ဖမ်းဆီးလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ဆံပင်အတု ၁၃ တန်ရှိကာ ကန်ဒေါ်လာ ၈ သိန်းလောက် တန်ဖိုးရှိပါတယ်။

    “ဒီလိုပစ္စည်းတွေ ထုတ်လုပ်တာမျိုးဟာ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပါ။ အမေရိကန်ရဲ့ ကုန်စည်ကွင်းဆက်မှာ တရားမဝင်တဲ့၊ လူမဆန်တဲ့ နည်းလမ်းတွေသုံးတာကို လုံး၀ သည်းမခံဘူးဆို အမေရိကန်နဲ့ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို ဒီဖမ်းဆီးမှုက ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်” လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဌာန လက်ထောက်ကော်မရှင်နာမင်းကြီး ဘရန်ဒါစမစ်က ပြောကြားခဲ့ပါတယ်။

    ဒါဟာ အခုနှစ်အတွင်း တရုတ်နိုင်ငံကတင်သွင်းတဲ့ ဆံပင်တုတွေကို အမေရိကန်အကောက်ခွန်ဌာနက ဒုတိယအကြိမ်မြောက် ဖမ်းဆီးမှုဖြစ်ပါတယ်။ ထုတ်လုပ်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ သံသယနဲ့ ဒီလိုဖမ်းဆီးတာဖြစ်ပါတယ်။

    အမေရိကန်က ဝီဂါအရေး တက်ကြွလှုပ်ရှားသူ ရူရှန် အဘတ်စ်က ဆံပင်တုသုံးသူတွေအနေနဲ့ မသုံးခင်မှာ ဒီပစ္စည်းတွေကို ဘယ်သူတွေက လုပ်ဆောင်လည်းဆိုတာ စဉ်စားသုံးသပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    မေလက ဖမ်းဆီးမှုနဲ့ အခုတစ်ပတ်ဖမ်းဆီးမှုအတွင်း ဆံပင်အတုတွေကို တင်ပို့တဲ့ ကုမ္ပဏီဟာ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသက ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၄ နှစ်ကစလို့ တရုတ်အစိုးရဟာ ရှကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေနဲ့ အခြား လူနည်းစု အနည်းဆုံး ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖိနှိပ်ညှင်းပမ်းတာ၊ လုပ်အားခေါင်းပုံဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကမ္ဘာ့မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

    တရုတ်အစိုးရက ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: The Guardian

  • ရုရှားထံမှ တိုက်လေယာဉ် အစင်း ၃၀ ကျော် အိန္ဒိယ ဝယ်ယူမည်

    ရုရှားထံမှ တိုက်လေယာဉ် အစင်း ၃၀ ကျော် အိန္ဒိယ ဝယ်ယူမည်

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာတဲ့ အိန္ဒိယ ရုရှားဆီကနေ တိုက်လေယာဉ် ၃၀ လောက် ဝယ်ယူဖို့အတွက် လက်မှတ်ရေးထိုးလိုက်ပါတယ်။

    MiG-29 တိုက်လေယာဉ် ၂၂ စီး၊ Su-30 MKI တိုက်လေယာဉ် ၁၂ စီး ဝယ်ယူမှာဖြစ်ပြီး ရှိပြီးသား MiG-29 လေယာဉ် ၅၉ စီးကို အဆင့်မြှင့်တင်ဖို့လည်း ဒီသဘောတူညီချက်မှာ ပါဝင်တယ်။

    အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက လေတပ်အင်အားတောင့်တင်းဖို့ ဒီလိုဝယ်ယူတာဖြစ်ပြီး စစ်တပ်အတွက် ဒုံးကျည်တွေ၊ လက်နက်ခဲယမ်းတွေ ပြည်တွင်းမှာ ထုတ်လုပ်ဖို့၊ စစ်ဖက်ယာဉ်တွေကို အဆင့်မြှင့်တင်ဖို့ ခွင့်ပြုမိန့်လည်း ပေးခဲ့တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    “တိုင်းပြည်ရဲ့နယ်နမိတ်ကို ကာကွယ်ရေး စစ်တပ်ကိုအားကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်လာတာ၊ ကိုယ့်အားကိုယ်ကိုးတဲ့ အိန္ဒိယဖြစ်လာရေး ဝန်ကြီးချုပ်မိုဒီတဲ့ ဆော်ဩမှု စတာတွေကြောင့် ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်”

    ဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်မြင်စွာပြင်ဆင်နိုင်မှုအတွက် ရုရှားသမ္မတ ပူတင်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဖုန်းနဲ့ ကျေးဇူးတင်စကား ပြောဆိုပြီးနောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ရုရှားဟာ စစ်အေးခေတ်မှာ အိန္ဒိယရဲ့ မဟာမိတ်နိုင်ငံတစ်ခုဖြစ်သလို၊ အိန္ဒိယကို လက်နက်အများဆုံး ထောက်ပံ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ရုရှားရဲ့ နောက်ဆုံးပေါ် S-400 ဒုံးခွင်းစနစ် ဝယ်ယူရေးအတွက် အိန္ဒိယဟာ ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဒီစာချုပ်အတွက် အမေရိကန်နဲ့ တင်းမာမှုလည်း ဖြစ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ပြင်သစ်နိုင်ငံက 36 Rafale တိုက်လေယာဉ် ကန်ဒေါ်လာ ၈.၇၈ ဘီလီယံဖိုး အိန္ဒိယက ဝယ်ယူထားပြီး အခုလအကုန်ပိုင်းမှာ ပထမအသုတ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဗလီကိုတိုက်ခိုက်သည့် လူဖြူအကြမ်းဖက်သမားကို နယူးဇီလန်က ဩဂုတ်လတွင် အမိန့်ချမည်

    ဗလီကိုတိုက်ခိုက်သည့် လူဖြူအကြမ်းဖက်သမားကို နယူးဇီလန်က ဩဂုတ်လတွင် အမိန့်ချမည်

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -နယူးဇီလန်က ဗလီနှစ်လုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ လူဖြူအစွန်းရောက် ဘရန်တန် တားရန့်ကို လာမယ့်ဩဂုတ်လမှာ အမိန့်ချတော့မယ်လို့ တရားရုံးက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် မတ်လ ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို တားရန့်က ဝင်ရောက်ပစ်ခတ်ရာမှာ ၅၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    နယူးဇီလန်အစိုးရက ဒီလုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ခဲ့ပြီး တားရန့်ကို လူသတ်မှုစွဲချက် ၅၁ ခု၊ လူသတ်ရန်ကြိုးပမ်းမှု စွဲချက် ၄၀ နဲ့ တရားစွဲကာ ခရိုက်ချက်တရားရုံးမှာ စစ်ဆေးနေတာပါ။ တားရန့်ကလည်း အပြစ်ရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

    တရားသူကြီး ကင်မရွန်းမန်ဒါက ဩဂုတ်လ ၂၄ ရက်နေ့မှာ တားရန့်ကို အမိန့်ချသွားမှာဖြစ်ပြီး အနည်းဆုံး ၃ ရက် သတ်မှတ်ထားပေမယ့် ပိုကြာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိခိုက်ခံစားရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေထဲမှာ တစ်ချို့ဟာ နိုင်ငံရပ်ခြားရောက်နေပြီး အမိန့်ချမှုကို အွန်လိုင်းကနေတစ်ဆင့် ဒီလူတွေ ကြည့်ရှုနားထောင်နိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း မန်ဒါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • Covid-19 ​ကုသဆေး အားလုံးနီးပါးကို အမေရိကန်က ဝယ်ယူထား

    Covid-19 ​ကုသဆေး အားလုံးနီးပါးကို အမေရိကန်က ဝယ်ယူထား

    ဇူလိုင် ၂၊ ၂၀၂၀
    M-Media

    -Covid-19 ကုသရာမှာ ထိရောက်မှုရှိတဲ့ Remdesivir ဆေးဝါး အားလုံးနီးပါးကို အမေရိကန်ကအစိုးရက ၀ယ်ယူလိုက်ပါတယ်။

    အမေရိကန်ဆေးကုမ္ပဏီ Gilead က နောက်ထပ် ၃ လအတွင်း ဆေးအရေအတွက် ၅ သိန်းလောက် ထုတ်ဖို့ရှိနေတာပါ။ Remdesivir ဆေးဟာ ကိုဗစ်ကို အချိန်တိုတိုနဲ့ ပျောက်ကင်းစေတယ်လို့ နာမည်ကြီးပေမယ့် သေဆုံးမှုကို သိသိသာသာ လျော့ကျစေလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဒီဆေးနဲ့ ကုသမယ့်ဆိုရင် လူနာတစ်ဦးကို ကန်ဒေါ်လာ ၂၃၄၀ လောက် ကုန်ကျမှာဖြစ်ပါတယ်။ ဆေးဝယ်ယူရေးအတွက် အမေရိကန်အစိုးရနဲ့ Gilead တို့ဟာ မေလအတွင်းက လက်မှတ်ထိုိးခဲ့တာပါ။

    Gilead အပါအဝင် ကုမ္ပဏီ ၉ ခု က ဒီဆေးကို အခြားနိုင်ငံတွေအတွက် စျေးသက်သက်သာသာနဲ့ထုတ်ဖို့ ရှိပေမယ့် အချိန်အနည်းငယ် ကြာမြင့်အုံးမှာ ဖြစ်ပါတယ် ။

    Ref: BBC

  • အာဖရိကနိုင်ငံတစ်ခုတွင် ဆင်ကောင်ရေ ၃၀၀ ကျော် ထူးဆန်းစွာ သေဆုံး

    အာဖရိကနိုင်ငံတစ်ခုတွင် ဆင်ကောင်ရေ ၃၀၀ ကျော် ထူးဆန်းစွာ သေဆုံး

    ဇူလိုင် ၂၊ ၂၀၂၀
    M-Media

    -အာဖရိကတောင်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ ဘော့စ်ဝါနာမှာ ပြီးခဲ့တဲ့ ၃ လအတွင်း ဆင်ကောင်ရေ ၃၆၀ ကျော်လောက် ထူးဆန်းစွာ သေဆုံးခဲ့ပါတယ်။

    တိရစ္ဆာန်တွေ ရေဆင်းသောက်လေ့ရှိတဲ့ ရေအိုင်ငယ်လေးတွေဘေးမှာ ဆင်တွေ အုပ်လိုက် သေဆုံးနေတာကို မေလကမှာ စတွေ့ရတာပါ။ ဆင်တွေသေတဲ့ ဒေသတစ်ဝိုက်က တောရိုင်းတိရစ္ဆာန်တွေမှာလည်း နေမကောင်းဖြစ်နေတဲ့ လက္ခဏာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

    အစိုးရကတော့ သေဆုံးနေတဲ့ ဆင်တွေကို စစ်ဆေးနေပြီး ဘာ့ကြောင့် သေဆုံးရလဲဆိုတာ မသိရသေးပါဘူး။

    ဘော့စ်ဝါနာမှာ အာဖရိကဆင် ၁၃၀၀၀၀ လောက်ရှိပြီး အာဖရိကတိုက်မှာ ပမာဏအများဆုံးပါ။ အခု ဆင်တွေ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ အိုကာဗန်ဂို ​ဒေသဟာ ဆင် စုစုပေါင်းပမာဏရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိရာဒေသ ဖြစ်ပါတယ်။

    ဆစ်ပစ်တာကို ၂၀၁၄ ခုနှစ်မှာ ဘော့ဝါနာက ပိတ်ပင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ပြန်လည်ခွင့်ပြုခဲ့ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။

    ယူကေအခြေစိုက် တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ National Park Rescue ရဲ့ ဒါရိုက်တာဖြစ်သူ နီအဲလ် မက်ကန်က​ ဆင်တွေမှာ တွယ်ကပ်တဲ့ ကပ်ပါးပိုးကြောင့်အပါအဝင် အကြောင်းအရင်းအမျိုးမျိုးကြောင့် သေဆုံးတာမျိုး​ ဖြစ်နိုင်ပြီး Covid-19 ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNN