News @ M-Media

Author: Ko Lay

  • သူလျှိုပြဿနာကြောင့် ကန်သုတေသနလောကတွင် တရုတ်နွယ်ဖွားများကို သတိထားလာရ

    သူလျှိုပြဿနာကြောင့် ကန်သုတေသနလောကတွင် တရုတ်နွယ်ဖွားများကို သတိထားလာရ

    ဇွန် ၂၁၊ ၂၀၂၀
    M-Media

    -အမေရိကန် ဆေးဘက်ဆိုင်ရာ သုတေသနလောကဟာ တရုတ်သူလျှိုပြဿနာနဲ့ ကြုံလာရပြီး၊ အချိန်မီမထိန်းနိုင်ရင် အကျိုးဆက်က ဆိုးရွားမယ်လို့ ဝါရှင်တန်အခြေစိုက် ပေါ်လစီရေးရာသုံးသပ်သူ ရှိုရှာနာ ဘာရ်ယန် (Shoshana Bryen) က Asia Times က သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

    တရုတ်နိုင်ငံရဲ့ Thousand Talents မှာပါဝင်မှု၊ ဝူဟန်နည်းပညာတက္ကသိုလ်အတွက် အလုပ်လုပ်ပေးမှုတွေနဲ့ ပတ်သက်ပြီး ဖက်ဒရယ်အာဏာပိုင်တွေထံ လိမ်လည်ထွက်ဆိုခဲ့တာကြောင့် ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ချားလ်စ် လီဗာဟာ (Charles Lieber ) ဇန်နဝါရီလမှာ အဖမ်းခံခဲ့ရပါတယ်။

    လီဗာဟာ အမေရိကန်အစိုးရ ကျန်းမာရေးဌာန (NIH) နဲ့ ကာကွယ်ရေးဌာန (DOD) တို့အတွက် အလုပ်လုပ်ပေးနေသူဖြစ်ပြီး သူ ဖမ်းဆီးခံရမှုကလည်း ခေါင်းကြီးသတင်း ဖြစ်ခဲ့ပါတယ်။

    ဘာရ်ယန်က လီဘာကိစ္စဟာ အစသာရှိသေးပြီး အမေရိကန် ကျန်းမာရေးနဲ့ သုတေသနနယ်ပယ်မှာ တရုတ်နဲ့ မကင်းမရှင်း ဆက်ဆံရေးရှိတဲ့ လူ ၃၀၀ လောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ကာကွယ်ရေးဌာနမှာလည်း တရုတ်သူလျှိုပြဿနာကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ရဲတပ်ဖွဲ့အပါအဝင် အမေရိကန် အစိုးရတစ်တစ်ခုလုံးမှာ ဒီလိုကိစ္စ​ပေါင်း ထောင်နဲ့ချီရှိနိုင်တာကြောင့် အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ သူက သုံးသပ်ထားပါတယ်။

    အမေရိကန်ဥပဒေအရ အစိုးရရဲ့ အထောက်အပံ့နဲ့ သုတေသန လုပ်ဆောင်နေတဲ့ ပညာရှင်တွေ၊ အဖွဲ့စည်းတွေဟာ စီမံကိန်းအသေးစိတ် ကို အစိုးရထံ မချွင်းမချန်တင်ပြရပြီး၊ နိုင်ငံခြားအစိုးရနဲ့ ပတ်သက်ဆက်နွယ်မှုမရှိကြောင်း၊ စီမံကိန်းနဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား ပွတ်တိုက်မှုမရှိကြောင်း လက်မှတ်ရေးထိုး အာမခံထားရတာပါ။

    တရုတ်နိုင်ငံတဲ့နွယ်တဲ့ နောက်ကြောင်းမရှင်းတဲ့ ငွေရေးကြေးကိစ္စ ပြဿနာကြောင့် NIH က ဒါဇင်နဲ့ချီတဲ့ သုတေသနပညာရှင်တွေကို မကြာသေးခင်က အလုပ်ထုတ်ခဲ့ပြီး အများစုက အသက် ၅၀ ကျော် အာရှနွယ်ဖွားတွေဖြစ်တယ်လို့ အမေရိကန် တရားရေးစောင့်ကြည့်အဖွဲ့ Judicial Watch ရဲ့ အခုတစ်ပတ် ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

    သံသယရှိတဲ့ သုတေသနပညာရှင် ၃၉၉ ဦးကို စုံစမ်းစစ်ဆေးရာမှာ ၁၃၃ ဦးက နိုင်ငံခြာအစိုးရတစ်ခုထံကနေ ငွေကြေးယူထားတာ၊ ၁၀၂ ဦးက တရုတ် Thousand Talents ဆုကို လျှို့ဝှက် လက်ခံထားတာတွေ တွေ့ရပါတယ်။

    NIH အထူး အလုပ်အဖွဲ့က ဌာနအတွင်း တရုတ်သူလျှိုတွေ စိမ့်ဝင်နေမှုကို Foreign Influences on Research Integrity ခေါင်းစဉ်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

    တရုတ်ဟာ အမေရိကန်က အကြီးတန်း သုတေသန ပညာရှင်တွေနဲ့ လျှို့ဝှက်ချိတ်ဆက်ကာ Thousand Talents ဆုလို မက်လုံတွေပေးပြီး သုတေသနရလဒ်တွေ လွှဲပြောင်းရယူတာရှိနေကြောင်း၊ ဇွန်လအတွင်း အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ NIH အလုပ်အဖွဲ့က ဖော်ပြခဲ့ပါတယ်။

    တရုတ်ဟာ သူလျှိုတွေကနေတစ်ဆင့် သုတေသနအချက်အလက်တွေ ဘယ်လောက်များများ ရရှိထားလဲဆိုတာကို မသိရကြောင်း၊ နည်းပညာလုံခြုံရေးကို ဥပဒေကောင်းကောင်းနဲ့ အမေရိကန်က မထိန်းချုပ်နိုင်ဘူးဆိုရင် ရေရှည်ရိုက်ခတ်မှုရှိနိုင်တဲ့ စစ်ပွဲတစ်ခုကို ရှုံးနိမ့်တော့မှာဖြစ်ကြောင်း ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

    Ref: Asia Times

  • Covid-19 နောက်ထပ်အန္တရာယ်အဆင့်ကို ရောက်နေပြီဟု WHO ကို သတိပေး

    Covid-19 နောက်ထပ်အန္တရာယ်အဆင့်ကို ရောက်နေပြီဟု WHO ကို သတိပေး

    ဇွန် ၂၀၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်မှုဟာ ပြန်လည်မြင့်တက်လာပြီး ကန့်သတ်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ သတိပေးလိုက်ပါတယ်။

    ကြာသာပတေးနေ့မှာ ကမ္ဘာတစ်ဝှမ်း ကူးစက်သူပေါင်း ၁၅၀၀၀၀ ကျော်ရှိခဲ့ပြီး ဗိုင်းရပ်စ်စတင်ပြန့်နှံ့တဲ့ ၂၀၁၉ ဒီဇင်ဘာနောက်ပိုင်း တစ်ရက်တာ အများဆုံးကူးစက်မှု ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈.၅ သန်း ရှိနေပြီး၊ သေဆုံးသူက ၄ သိန်း ၅ သောင်းကျော်လာပြီ ဖြစ်ပါတယ်။

    “ကမ္ဘာကြီးဟာ နောက်ထပ် အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုကို ရောက်နေပါတယ်။ ဗိုင်းရပ်စ်ဟာ အလျင်အမြန်ပြန့်နှံ့နေပြီး ကြောက်စရာကောင်းနေတုန်းပါ။ လူအများစုလည်း ထိတွေ့ကူးစက်မှု ခံနေရပါတယ်” လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားခဲ့ပါတယ်။

    ထပ်မံကူးစက်သူ ထက်ဝက်လောက်ဟာ အမေရိက နိုင်ငံတွေဖြစ်ပြီး တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာလည်း ကူးစက်သူတွေ သိသိသာသာ မြင့်တက်လာပါတယ်။

    လူတွေဟာ အိမ်ထဲမှာပဲနေရတာကို ပျင်းရိငြီးငွေ့လာပြီး နိုင်ငံတွေကလည်း ကန့်သတ်ထားမှုတွေကို ဖြေလျော့ပေးလာကြပေမယ့် ခပ်ခွာခွာနေထိုင်ရေး၊ နှာခေါင်းစည်းတပ်ရေး၊ လက်မှန်မှန်ဆေးရေးဟာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အရေးပါနေဆဲဖြစ်ကြောင်း၊ ရွေ့လျားသွားလာမှု ကန့်သတ်တာတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း Ghebreyesus က ထည့်သွင်း သတိပေးခဲ့ပါတယ်။

    Ref: VOA

  • မက္ကာမှဗလီများ ဇွန် ၂၁ ရက်နေ့တွင် ပြန်ဖွင့်မည်

    မက္ကာမှဗလီများ ဇွန် ၂၁ ရက်နေ့တွင် ပြန်ဖွင့်မည်

    ဇွန် ၂၀၊ ၂၀၂၀
    M-Media

    မက္ကာမြို့ မြင်ကွင်း

    -ကိုဗစ်​ကြောင့် မက္ကာမြို့မှာ ပိတ်ထားရတဲ့ဗလီတွေအားလုံးကို ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဖွင့်ပေးတော့မယ်လို့ ဆော်ဒီအာရေဗျက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    Covid-19 ပြန့်နှံ့မှုကြောင့် မတ်လကစလို့ ဝတ်ပြုရာနေရာတွေပိတ်တာ၊ လူစုလူဝေးတားမြစ်တာကို ဆော်ဒီက နိုင်ငံတစ်ဝှမ်းမှာ လုပ်ဆောင်ခဲ့တာပါ။ မေလနှောင်းပိုင်းမှာတော့ မက္ကာမြို့ကလွဲလို့ ကျန်ဒေသတွေက ဗလီတွေကို အာဏာပိုင်တွေက ပြန်ဖွင့်ခွင့် ပေးခဲ့ပါတယ်။

    မက္ကာဟာ အစ္စလာမ်ဘာသာရဲ့ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော် ‘မတ်စ်ဂျစ်ဒ်ဟရမ်’ ရှိရာ မြို့လည်း ဖြစ်ပါတယ်။

    မြို့တွင်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀၀ လောက်ကို ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်တွေနဲ့ ဇွန်လ ၂၁ ရက်နေ့က စတင်ကာ ဖွင့်ပေးတော့မယ်လို့ ဆော်ဒီ နိုင်ငံပိုင်သတင်းဌာနက မနေ့မှာ ကြေငြာခဲ့ပါတယ်။

    အာဏာပိုင်တွေက ဗလီတွေကို သန့်ရှင်းတာ၊ ပိုးသတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဝတ်ပြုသူတွေဟာ ဝတ်ပြုဖို့အခင်းတွေကို ကိုယ်တိုင်ယူလာရမှာဖြစ်သလို၊ ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

    ဆော်ဒီမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာပြီး မြို့တော်ဂျစ်ဒါမှာ ကန့်သတ်မှုတွေ ပြန်လည်ပြုလုပ်ထားရပါတယ်။

    Ref: Alarabiya

  • ပရီးမီးယားလိဂ်က အလှူရေစက်လက်နဲ့မကွာတဲ့ ထိပ်တန်း ပရဟိတသမား ၃ ဦး

    ပရီးမီးယားလိဂ်က အလှူရေစက်လက်နဲ့မကွာတဲ့ ထိပ်တန်း ပရဟိတသမား ၃ ဦး

    ဇွန် ၁၉၊ ၂၀၂၀
    M-Media

    -အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးလောကမှာ အခုတစ်ပတ်ဟာ ပရဟိတကာလလို့ ပြောလို့ရပါတယ်။

    မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ယောက် နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းတွေက ချို့တဲ့တဲ့ ကလေးတွေကို အစားအသောက် ကျွေးမွေးရေး လှုပ်ရှားမှု စတင်ခဲ့သလို၊ အခြား အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ လီဗာပူးလ် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်၊ မန်ယူနောက်ခံလူ ဟယ်ရီ မက်ဂွီရီတို့ကလည်း ကိုဗစ်တိုက်ဖျက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ချို့တဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    ဘောလုံးသားတွေရဲ့ ဒီလုပ်ရပ်အတွက် ပရိတ်သတ်တွေရော၊ မီဒီယာတွေကပါ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

    အင်္ဂလန်ဘောလုံးလောကမှာ အလှူရေစက် လက်နဲ့မကွာ လှူကြ၊ တန်းကြတဲ့ ထိပ်တန်း ကစားသမား ၃ ဦးလည်း ရှိနေပါသေးတယ်။

    ၁။ ဝီလ်ဖရိုင်း ဇာဟာ

    “လူတွေကိုကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကို အခွင့်အရေး ပေးထားပါတယ်”

    ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်မှူး အသက် ၂၇ နှစ်အရွယ် ဇာဟာရဲ့ မှတ်ချက်ပါ။

    တစ်ပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်း ၃ သောင်းလောက်ရပြီး ပေါင်းသန်း ၈၀ လောက် ကြွယ်၀ချမ်းသာတဲ့ ဇာဟာဟာ အိုက်ဗရီကို့စ်မှာမွေးဖွားခဲ့သူပါ။ အသက် ၄ နှစ်အရွယ်မှာ လန်ဒန်တောင်ပိုင်းကို မိသားစုနဲ့အတူ ပြောင်းလာခဲ့ပြီး ခက်ခဲတဲ့ဘ၀ကို ကျော်ဖြတ်ခဲ့ရပါတယ်။

    လက်ရှိမှာ Zaha Foundation အမည်နဲ့ ပရဟိတအဖွဲ့တစ်ခုကို ဖွဲ့ထားပြီး လုပ်ခလစာရဲ့ ၁၀ ရာခိုင်နှုန်းကို အပတ်စဉ် လှူဒါန်းနေပါတယ်။

    သူ့ရဲ့ ပရဟိတအဖွဲ့ဟာ အိုက်ဗရီကို့စ်နိုင်ငံမှာ မိဘမဲ့ဂေဟာတစ်ခု တည်ထောင်ထားပြီး ကလေးငယ် ၁၀၀ လောက် ပြုစုစောင့်ရှောက်ကာ ပညာသင်ပေးနေပါတယ်။ ဒါ့အပြင် မုဆိုးမတွေအတွက် အကူအညီပေးရေး အစီအစဉ်ကိုလည်း လုပ်ဆောင်နေပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့တဲ့ ကာလမှာ အိမ်မှာနေထိုင်နေရသူတွေအတွက်
    ဇာဟာဖောင်ဒေးရှင်းက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

    သူနေထိုင်ရာ လန်ဒန်မြို့တောင်ပိုင်းက ပရဟိတလုပ်ငန်းတွေမှာလည်း
    ဇာဟာတစ်ယောက် ပါဝင်လုပ်ဆောင်နေပါတယ်။

    ခရစ္စတန်တယ်ပဲလေ့စ်အသင်းက ထူထောင်ထားပြီး လေလွင့်ကလေးငယ်တွေကို စောင့်ရှောက်ကာ ​ပညာသင်ပေးနေတဲ့ DIVERT Programme အစီအစဉ်မှာ ဇာဟာက တက်တက်ကြွကြွ ပါဝင်နေပါတယ်။

    “ဘောလုံးပါရမီပါတဲ့အတွက် ကျွန်တော်ဟာ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ​လမ်းပျောက်နေကြပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော် ပြန်လည် ဖေးမနေတာပါ”

    ၂။ မိုဟာမက် ဆာလာဟ်

    သူ့ရဲ့ဂိုးနဲ့ အီဂျစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်တဲ့အချိန် ခမ်းနားတဲ့အိမ်ကြီးတစ်လုံး လက်ဆောင်ပေးမယ်လို့ အစိုးရက ကမ်းလှမ်းတဲ့အခါ ငြင်းပယ်ပြီး ငွေသားတောင်းကာ သူမွေးဖွားရာရွာက လူတွေအတွက် လှူဒါန်းခဲ့သူက မိုဟာမက် ဆာလာဟ်ပဲ ဖြစ်ပါတယ်။

    ပေါင် ၃၇၀၀၀၀ လောက်ရှိတဲ့ သူ့ရဲ့ထောက်ပံ့ငွေကြောင့် မွေးရပ်မြေကသူတွေဟာ သန့်ရှင်းတဲ့ သောက်သုံးရေကို ရရှိခဲ့ကြပါတယ်။

    ဘာသာရေးကိုင်းရှိုင်းတဲ့ ဆာလာဟ်ဟာ ညာဖက်လက်ကလှူတာကို ဘယ်ဖက်လက်က မသိစေရတဲ့ လူမျိုးပါ။ ပြီးခဲ့တဲ့နှစ်အတွင်း အီဂျစ်က ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့ကို စုစုပေါင်း ပေါင် ၂.၅ သန်း လှူဒါန်းခဲ့ပါတယ်။

    အီဂျစ်မှာ အကူအညီပေးရေး ဖောင်ဒေးရှင်းတစ်ခုလည်း တည်ထောင်ထားပြီး ချို့တဲ့တဲ့ မိသားစု ၄၀၀ လောက်ကို ပုံမှန် ငွေကြေးထောက်ပံ့ပေးနေပါတယ်။

    ကိုဗစ်ကပ်ရောဂါကာလအတွင်း အင်္ဂလန် ကျန်းမာရေးဝန်ထမ်းတွေအတွက် ရန်ပုံငွေရှာဖွေပွဲမှာ ဆာလာတစ်ယောက် ပါဝင်ခဲ့သလို၊ ဒုက္ခသည်ကျောင်းသားတွေ ဒစ်ဂျစ်တယ်ပညာရေး ရရှိအောင် Vodafone နဲ့ UNHCR တို့ရဲ့ အစီအစဉ်မှာလည်း သံတမန်တစ်ဦး ဖြစ်ပါတယ်။

    လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းလောက်ရနေတဲ့ မိုဟာမက် ဆာလာဟ်ရဲ့ ငယ်ဘ၀ဟာ ပန်းခင်းသော လမ်းမဟုတ်ခဲ့ဘဲ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ ဒီအဆင့်အထိ တက်လှမ်းခဲ့ရတာ ဖြစ်ပါတယ်။

    သူ့ရဲ့ ချစ်စရာအကောင်းဆုံး ဆောင်ရွက်မှုတွေထဲက တစ်ခုကတော့ ၂၀၁၃ ခုနှစ်က ငယ်ချစ်မာဂီနဲ့ အီဂျစ်မှာ ပြန်ပြီး လက်ထပ်တဲ့အချိန် မွေးရပ်ရွာက ရွာသား ၁ ထောင်​ကျော်ကို တခုတ်တရ မင်္ဂလာပွဲ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။

    ၃။ ဂျူအန် မာတာ

    မာတာဟာ ပရီးမီးယားလိဂ်ဘောလုံးလောကကို ပရဟိတမျိုးစေ့ ချပေးသူ ဖြစ်ပါတယ်။

    ဘောလုံးသမားတွေအနေနဲ့ သူတို့ရဲ့လုပ်ခလစာ ၁ ရာခိုင်နှုန်းကို ပုံမှန်လှူဒါန်းရတဲ့ Common Goal ပရဟိတအဖွဲ့ကို လွန်ခဲ့တဲ့ ၃ နှစ်အရင်က မာတာကိုယ်တိုင် စတင်တည်ထောင်ခဲ့တာပါ။

    လက်ရှိမှာတော့ အဖွဲ့ဝင် ၁၅၀ အထိ ရှိလာခဲ့ပြီး လှူဒါန်းငွေကလည်း ပေါင် ၁.၈ သန်း ရှိလာပြီဖြစ်ပါတယ်။ Covid-19 အတွက်လည်း ဒီအဖွဲ့ဟာ သီးသန့် ပေါင် ၂ သိန်း ၇ သောင်း လှူဒါန်းခဲ့ပါသေးတယ်။

    ၂၀၁၇ ခုနှစ် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ရောက်သွားတဲ့အချိန် ပျံကျရပ်ကွက်တွေမှာ ကလေးငယ်တွေ ချို့ချို့တဲ့တဲ့နဲ့ ဘောလုံးကစားနေတာကိုကြည့်ပြီး ဖောင်ဒေးရှင်းထူထောင်ဖို့ အကြံရခဲ့တာလို့ မာတာက ပြောပါတယ်။

    Ref: The Sun

  • လွတ်လပ်သောနိုင်ငံအဖြစ် ကြေငြာမည်ဟု ပါလက်စတိုင်းဝန်ကြီးချုပ် ဖွင့်ဟ

    လွတ်လပ်သောနိုင်ငံအဖြစ် ကြေငြာမည်ဟု ပါလက်စတိုင်းဝန်ကြီးချုပ် ဖွင့်ဟ

    ဇွန် ၁၉၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းဒေသအား ဂျူးများက အဆင့်ဆင့် ကျူးကျော်သိမ်းပိုက်မှု

    -အနောက်ဖက်ကမ်းက ဒေသတစ်ချို့ကို ပိုင်နက်ထဲထည့်သွင်းရေးအစီအစဉ်ကို အစ္စရေးက ဆက်လက်လုပ်ဆောင်မယ်ဆိုရင် အချုပ်အခြာအာဏာပိုင်နိုင်ငံ တည်ထောင်ကြောင်း ကမ္ဘာသိကြေငြာသွားမယ်လို့ ပါလက်စတိုင်းက ပြောကြားလိုက်ပါတယ်။

    ပြည်ပကဝင်ရောက်လာတဲ့ဂျူးတွေဟာ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ တည်ထောင်ကြောင်း ကြေငြာပြီးကတည်းက ပါလက်လက်စတိုင်းပြည်သူတွေဟာ နိုင်ငံပျောက်ဆုံးနေတာပါ။

    အဲဒီနောက်ပိုင်း အစ္စရေးဟာ ကျန်ရှိနေတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဆောက်လုပ်ထားတဲ့ တရားမဝင် ဂျူးအခြေချအိမ်ယာတွေကို ဇူလိုင်လ ၁ ရက်နေ့ကျရင် ပိုက်နက်ထဲထည့်သွင်းဖို့ အစ္စရေးက စီစဉ်ထားပါတယ်။ ဒါဟာ အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ထပ်မံသိမ်းပိုက်မယ့် အစီအစဉ်ပါ။

    ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှာတေယာဟ်က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံ အတူယှဉ်တွဲတည်ရှိရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ၁၀ စုနှစ်ချီ ကြိုးပမ်းမှုအပေါ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။​

    အစ္စရေးက ဒီအစီအစဉ်ကို ရှေ့ဆက်တိုးမယ်ဆိုရင် အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကိုပေါင်းစည်းကာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ကြောင်း ကြေငြာသွားမယ်လို့လည်း ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ယာဆာ အာရာဖတ်က ၁၉၈၈ ခုနှစ်မှာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ကြောင်း ကြေငြာခဲ့ပေမယ့် ပါလက်စတိုင်းရဲ့ ပိုင်နက်တွေကို အစ္စရေးက သိမ်းပိုက်ထားပြီး နှစ်ဖက် သဘောတူညီချက်မရတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို အပြည့်အ၀ မရခဲ့ပါဘူး။

    ရှာတေယာဟ်က အခုတစ်ကြိမ် ထပ်ကြေငြာဖြစ်ခဲ့ရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို ရရှိအောင် ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

    Ref: The Guardian