News @ M-Media

Author: Ko Lay

  • ဆဲလ်ဖုန်းအရွယ်သာရှိသည့် နာနိုဒရုန်းများကို မကြာခင်မြင်ရတော့မည်

    ဆဲလ်ဖုန်းအရွယ်သာရှိသည့် နာနိုဒရုန်းများကို မကြာခင်မြင်ရတော့မည်

    ဇွန် ၁၉၊ ၂၀၂၀
    M-Media

    -ဆဲလ်ဖုန်းအရွယ်အစားလောက်သာရှိပြီး ထောက်လှမ်းရေးလုပ်ငန်းတွေမှာ ကောင်းကောင်းအသုံးချနိုင်မယ့် နာနိုဒရုန်းတွေကို အမေရိကန်စစ်တပ်မှာ မကြာခင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

    အမေရိကန်စစ်တပ်ဟာ အောက်ခြေက စစ်သားတွေကို တစ်ကိုယ်ရည်သုံး နည်းပညာမြင့် ပစ္စည်းတွေ ထောက်ပံ့ဖို့အတွက် စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေပြီး Black Hornet 3 Personal Reconnaissance System လို့ အမည်ပေးထားတဲ့ နာနိုဒရုန်းတွေက ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    နာနိုဒရုန်းတွေထုတ်လုပ်ဖို့အတွက FLIR နည်းပညာကုမ္ပဏီကို ၂၀၁၉ ခုနှစ် ဇန်နဝါရီက ကန်ဒေါ်လာ ၃၉.၇ သန်းတန် ကန်ထရိုက်တစ်ခု ပေးခဲ့ပါတယ်။ အခုနှစ်မှာတော့ ဒုတိယအကြိမ်အဖြစ် ကန်ဒေါ်လာ ၂၀.၆ သန်းတန် စာချုပ်တစ်ခု ထပ်ချုပ်ခဲ့ပါတယ်။

    လက်ရှိ ဒရုန်းတွေကို မြေပြင်မှာ စမ်းသပ်တဲ့အဆင့်အထိ ရောက်နေပြီး၊ အလုံးရေ ၁၂၀၀၀ ကျော်လောက်ကို ဗြိတိန်၊ ပြင်သစ်၊ ဩစတေးလျနဲ့ အခြားနိုင်ငံပေါင်း ၄၀ ကျော်က စစ်တပ်တွေကို ပေးပို့ထားပါတယ်။

    ဆဲလ်ဖုန်းအရွယ်လောက်သာရှိတဲ့ Hornet 3 နာနိုဒရုန်းဟာ ၃၃ ဂရမ်သာ အလေးချိန်ရှိပြီး အရည်အသွေးမြင့် Live ဗီဒီယိုတွေ၊ ပုံတွေကို စိတ်ချရတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကနေတစ်ဆင့် ထိန်းချုပ်သူထံ ပို့ပေးနိုင်မှာပါ။

    ပျံသန်းရာမှာ အသံ လုံး၀ ဆူညံခြင်းမရှိဘဲ ၂၅ မိနစ်အထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရန်သူရဲ့နေရာကို အတိအကျပေးပို့နိုင်ပြီး တိုက်ပွဲတွေမှာ နှာတစ်ဖျား အသာ​ေစမှာ ဖြစ်ပါတယ်။

    Ref: Asia Times

  • ပြင်သစ်တွင် ကက်သလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုကိုခံရသူ ကလေးငယ် ၃၀၀၀ ခန့်ရှိ

    ပြင်သစ်တွင် ကက်သလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုကိုခံရသူ ကလေးငယ် ၃၀၀၀ ခန့်ရှိ

    ဇွန် ၁၈၊ ၂၀၂၀
    M-Media

    -ပြင်သစ် ခရစ်ယာန် ကက်သလစ်အသင်းတော်က ဘုန်းကြီတွေ၊ တာဝန်ရှိသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူ ကလေးငယ် အနည်းဆုံး ၃ ထောင်လောက်ရှိတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

    ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဘုန်းကြီးတွေရဲ့ လိင်အရှုပ်တော်ပုံဇာတ်လမ်းတွေ ပေါ်ထွက်လာပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာ ပြင်သစ် ကက်သလစ်အသင်းတော် အာဏာပိုင်တွေက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းခဲ့တာပါ။

    ကော်မရှင်ဥက္ကဌ Jean-Marc Sauve က ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကက်လသစ်အသင်းတော်က ဘုန်းကြီးတွေနဲ့ အခြား တာဝန်ရှိသူ ၁၅၀၀ လောက်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတာ တွေ့ရတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ကော်မရှင်ကို ရှေ့နေတွေ၊ ဆရာဝန်တွေ၊ သမိုင်းပညာရှင်၊ ဘာသာရေးပညာရှင် စုစုပေါင်း ၂၂ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက် အပြည့်အစုံကို အခုနှစ်ကုန်ပိုင်းကျရင် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    မတ်လတုန်းကလည်း ပြင်သစ် ခရစ်ယာန်ကက်သလစ်ဘုန်းကြီးတစ်ပါးဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီဘုန်းကြီးဟာ ၁၉၇၀၊ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ ဒါဇင်နဲ့ချီတဲ့ ကလေးငယ်တွေကို လိင်စော်ကားခဲ့တာ ဖြစ်ပါတယ်။

    Ref: RT

  • တရုတ်ကရန်စလျှင် တုန့်ပြန်နိုင်စွမ်းရှိသည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    တရုတ်ကရန်စလျှင် တုန့်ပြန်နိုင်စွမ်းရှိသည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    ဇွန် ၁၈၊ ၂၀၂၀
    M-Media

    -ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နိုင်ငံတောင်ပိုင်း လာဒက်ခ်ဒေသက ပဋိပက္ခအတွက် အိန္ဒိယခေါင်းဆောင်တွေက တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။

    လာဒက်ခ်ဒေသ ဂါလ်၀မ် ချိုင့်ဝှမ်းမှာ တနင်္လာနေ့က နှစ်နိုင်ငံ စစ်သားတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အိန္ဒိယဖက်က ဗိုလ်မှူးကြီး တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ သေဆုံးခဲ့ပါတယ်။ ဒါဟာ ၄၅ နှစ်အတွင်း နှစ်နိုင်ငံအကြား အဆိုးဝါးဆုံး ထိပ်တိုက်တွေ့ဆုံမှုပါ။ တရုတ်ဖက်ကတော့ သေဆုံး၊ ဒဏ်ရာရမှုစာရင်းကို မထုတ်ပြန်ပါဘူး။

    ဒီအဖြစ်အပျက်အတွက် အိန္ဒိယနဲ့ တရုတ်တို့အကြား အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

    အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက သေဆုံးသွားတဲ့ စစ်သားတွေကို ချီးကျူးခဲ့ပြီး သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာ အချီးအနှီး မဖြစ်စေရဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့အတွက် စည်းလုံးညီညွတ်မှုနဲ့ အချုပ်အခြာအာဏာဟာ အရေးအကြီးဆုံးပါ။ အိန္ဒိယက ငြိမ်းချမ်းရေးကို လိုလားပေမယ့် ရန်စလာရင်လည်​ ထိုက်ထိုက်တန်တန် တုန့်ပြန်နိုင်ပါတယ် “

    ပြဿနာဖြစ်ခဲ့တဲ့ ဂါလ်၀မ်ချိုင့်ဝှမ်းဒေသကို သူတို့ပိုင်တယ်လို့ တရုတ်ရဲ့ပြောကြားမှုဟာ ယုတ္တိမရှိတဲ့ ပြောကြားမှု ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အနူရဂ် ​ဆရီဗက်စ်တာဗာက မနေ့မှာ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ နျူလက်နက်ပိုင်ဆိုင်ထားတဲ့ထားပြီး လက်ရှိတင်းမာမှုတွေ လျှော့ချရေး စစ်ဖက်အရာရှိတွေ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    Ref: Aljazeera

  • ဝီဂါများအားဖိနှိပ်သည့် တရုတ်အရာရှိများကို အရေးယူရေး ထရမ့်က ဥပဒေတစ်ခုကို အတည်ပြု

    ဝီဂါများအားဖိနှိပ်သည့် တရုတ်အရာရှိများကို အရေးယူရေး ထရမ့်က ဥပဒေတစ်ခုကို အတည်ပြု

    ဇွန် ၁၈၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံအနောက်ပိုင်းက ဝီဂါလူမျိုးတွေ ဖိနှိပ်ခံရမှုမှာ တာဝန်ရှိသူတွေအပေါ် ပိတ်ဆို့အရေးယူရေး တိုင်တွန်းဆော်ဩတဲ့ ဥပဒေမူကြမ်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီမူကြမ်းကို ကန်လွှတ်တော်က တစ်ညီတစ်ညွတ်တည်း အတည်ပြုထားတာဖြစ်ပြီး ထရမ့်က လက်မှတ်ထိုးပြီးတဲ့နောက် ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ဥပဒေဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တရုတ်ကို ပြင်းထန်းတဲ့ သတိပေးမှုလည်း ဖြစ်ပါတယ်။

    ရှင်ကျန်းပြည်နယ်က အကျဉ်းစခန်းတွေမှာ ဝီဂါနဲ့ အခြားလူနည်းစု အစ္စလာမ်ဘာသာဝင် အနည်းဆုံး ၁ သန်းလောက်ကို တရုတ်က ထိန်းသိမ်းထားပြီး ညှင်းပမ်းပြုလုပ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့မီဒီယာတွေနဲ့ ကုလတို့က ထုတ်ပြန်ပြောကြားထားပါတယ်။ တရုတ်ကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုပြီး အကျဉ်းစခန်းတွေမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေသာဖြစ်ကြောင်း တုန့်ပြန်ထားပါတယ်။

    ထရမ့်လက်မှတ်ရေးထိုးလိုက်တဲ့ အခုဥပဒေမှာ ရှင်ကျန်းပြည်နယ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူရေး အလေးထားဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ရဲ့ ဒီဆောင်ရွက်ချက်ဟာ တရုတ်နိုင်ငံအပေါ် ရန်ညှိုးထားတဲ့ တိုက်ခိုက်မှုဖြစ်ပြီး မိမိတို့အကျိုးစီးပွားနဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု ရပ်တန့်ဖို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့အပြင် မိမိတို့ကလည်း ထိုက်သင့်တဲ့ တုန့်ပြန်မှု​တွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အဝေးရောက် ဝီဂါတွေဖွဲ့စည်းထားတဲ့ World Uyghur Congress ကတော့ ထရမ့်ရဲ့ လက်မှတ်ထိုးမှုကို ကြိုဆိုခဲ့ပြီး ဖိနှိပ်ခံရတဲ့ ဝီဂါတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

  • ဘင်္ဂလားဒေ့ရှ်မှ ထိပ်တန်း တိုက်လေယာဉ်မှူးဟောင်း ကွယ်လွန်

    ဘင်္ဂလားဒေ့ရှ်မှ ထိပ်တန်း တိုက်လေယာဉ်မှူးဟောင်း ကွယ်လွန်

    ဇွန် ၁၆၊ ၂၀၂၀
    M-Media

    ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ်မှူးဟောင်း ဆိုက်ဖွလ် အာဇမ်

    -၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး ၆ ရက်ကြာစစ်ပွဲအပါအဝင် မတူညီတဲ့နိုင်ငံ ၃ ခုက စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂါလီ တိုက်လေယာဉ်မှူးဟောင်းတစ်ဦး တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    ဆိုက်ဖွလ် အာဇမ်လို့ခေါ်တဲ့ အဲဒီလေယာဉ်မှူးဟောင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်အရွယ် ရှိပါပြီ။

    ဘင်္ဂလားဒေ့ရှ်သမိုင်းမှာ စစ်ဖက်ရော၊ နိုင်ငံရေးဖက်မှာပါ ထူး​ခြားထက်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အာဇမ်ဟာ ဂျော်ဒန်၊ အီရတ်နဲ့ ပါကစ္စတန်က စစ်ပွဲ ၃ ခုမှာ ရွပ်ရွပ်ချွံချွံ တိုက်ပါဝင်ခဲ့ပါတယ်။

    ၁၉၆၇ ခုနှစ် ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက အီဂျစ်လေတပ်ကို စစ်ကြေငြာခြင်းမပြုဘဲ အလစ်အငိုက် တိုက်ခိုက်ချေမှုန်းခဲ့တဲ့ အစ္စရေးလေတပ်ဟာ ဂျော်ဒန်​လေတပ်ကို ချေမှုန်းဖို့ လာရောက်စဉ် ဂျော်ဒန်လေတပ်မှာ တာန်ထမ်းဆောင်နေတဲ့ အာဇမ်ဟာ အစ္စရေးလေယာဉ် ၂ စီးကို ပစ်ချခဲ့ပါတယ်။ နောက် ၂ ရက်အကြာမှာ အီရတ်က လေတပ်စခန်းကို ကာကွယ်ဖို့ စေလွှတ်ခံခဲ့ရပြီး နောက်ထပ် အစ္စရေးလေယာဉ် ၂ စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

    ၆ ရက်တာကြာမြင့်ခဲ့တဲ့ အဲဒီစစ်ပွဲမှာ အစ္စရေးက အနိုင်ရခဲ့ပြီး အာဇမ်ဟာ အဲဒီစစ်ပွဲမှာ အစ္စရေးတိုက်လေယာဉ် ၄ စီးကို ပစ်ချနိုင်တဲ့ တစ်ဦးတည်းသော လေယာဉ်မှူးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ၁၉၆၅ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲမှာ အာဇမ်ဟာ အိန္ဒိယတိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး၊ လက်နက်အကန့်အသက်ရှိတဲ့ ပါကစ္စတန်တပ်ဖွဲ့တွေကို သူက တွန်းအားပေးနိုင်ခဲ့ပါတယ်။

    ဂျော်ဒန်နဲ့ အီရတ်တို့က အာဇမ်ကို စစ်ဖက်ဆိုင်ရာ ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သလို အမေရိကန်ကလည်း အာဇမ်ရဲ့ ပြောင်မြောက်တဲ့ တိုက်ပွဲဝင်စွမ်းရည်ကို ဂုဏ်ပြုကာ ၂၀၀၁ ခုနှစ်မှာ Living Eagles ​ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။

    အာဇမ်ဟာ ပါကစ္စတန်စစ်တပ်ရဲ့ တတိယအမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် Star of Courage (Sitara-e-Jurat) ဆုတံဆိပ်ကိုလည်း ရရှိခဲ့ပါတယ်။

    ၁၉၇၁ ခုနှစ် ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ မှာ အငြိမ်းစားယူကာ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။

    အာဇမ်ကွယ်လွန်သွားမှုအတွက် ပါလက်စတိုင်းနိုင်ငံရေးအသိုင်းအဝိုင်းက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera