News @ M-Media

Author: Ko Lay

  • အင်္ဂါနေ့ဘောလုံးသတင်းများ

    အင်္ဂါနေ့ဘောလုံးသတင်းများ

    ဖေဖောဝါရီ ၁၁၊ ၂၀၂၀
    M-Media

    နာမည်ကျော် ပီလီ အိမ်အပြင်ထွက်ရန် ရှက်ရွံ့နေ

    ဘရာဇီးလ်နိုင်ငံရဲ့ ဂန္တဝင်ဘောလုံးသမား ပီလီဟာ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားနေတာကြောင့် အပြင်ထွက်ဖို့တောင် ရှက်နေတယ်လို့ သားဖြစ်သူက ပြောကြားလိုက်ပါတယ်။ အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီလီဟာ တင်ပဆုံမှာ နာတာရှည်ဒဏ်ရာရှိနေပြီး ပြီးခဲ့တဲ့နှစ်ကလည်း ဆီးလမ်းကြောင်းပိုးဝင်မှုကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း ဆီးကြိတ်ကင်ဆာကြောင့် ၆ လအတွင်း ၂ ကြိမ်တိုင်တိုင် ဆေးရုံတင်ခဲ့ရပါတယ်။ လက်ရှိမှာ လမ်းလျှောက်ဖို့အတွက် အကူလိုပြီး၊ လတ်တလော လူမြင်ကွင်းမှာလည်း ဘီးတပ်ကုလားထိုင်နဲ့သာ တွေ့ရပါတယ်။ သားဖြစ်သူ အီဒင်ဟိုက တစ်ချိန်က ဘုရင်တစ်ပါးအဖြစ် သတ်မှတ်ခံရတဲ့အနေအထားကနေ လက်ရှိမှာ လမ်းတောင်မလျှောက်နိုင်တော့တာကြောင့် ပီလီဟာ အိမ်အပြင်ကို မထွက်ချင်ဘူးလို့ ဆိုပါတယ်။

    ဝူဟန်ကိုလှောင်သည့် စပါးကွင်းလယ်လူအလီ ပြန်တောင်းပန်

    တရုတ်ပြည်ကနေ စတင်ပြီး ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်သစ်အကြောင်း ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်မှုအတွက် စပါးကွင်းလယ်လူ ဒီလီအလီက ပြန်လည်တောင်းပန်လိုက်ပါတယ်။ အလီဟာ အာရှအမျိုးသားတစ်ဦးနဲ့ ရောဂါကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုကို Snapchat မှာ တင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒီဗီဒီယိုကို ဖြုတ်ချခဲ့ပြီး တရုတ်ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Weibo မှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် FA ကတော့ ဗိုင်းရပ်စ်ကို လှောင်ပြောင်တဲ့ပို့စ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ အလီကို တောင်းဆိုထားပါတယ်။

    ရိန်းဂျားအသင်းတိုက်စစ်မှူး အလ်ဖရက်ဒို မိုရီလို့စ်

    လူမျိုးရေးခွဲခြားမှုအတွက် အသက် ၁၂ အရွယ်လူငယ် တရားစွဲခံရ

    ဒီဇင်ဘာ ၂၉ ရက်နေ့က ကစားတဲ့ပွဲမှာ ရိန်းဂျားအသင်းတိုက်စစ်မှူး အလ်ဖရက်ဒို မိုရီလို့စ်အပေါ် လူမျိုးရေးစော်ကားမှုအတွက် ဆဲလ်တစ်ပရိတ်သတ် အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ဦးကို စကော့တလန်အာဏာပိုင်တွေက တရားစွဲဆိုလိုက်ပါတယ်။ မိုရီလို့စ်ဟာ ကွင်းအတွင်း ဆဲလ်တစ်ပရိတ်သတ်အချို့ရဲ့ လူမျိုးရေးစော်ကားမှုကို ခံခဲ့ရတာပါ။ ရဲတပ်ဖွဲ့တာဝန်ရှိသူ မာ့ခ်ဆူသာလန်က ဒီလိုအဖြစ်အပျက်တွေဟာ လုံး၀ လက်မခံနိုင်စရာကိစ္စဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ပြီ (နောက်ဆုံးရသတင်းများ)

    ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ပြီ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀ (ညနေ ၅ နာရီ)
    M-Media

    ၀ူဟန်ကိုသွားရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်
    • ဖေဖော်ဝါရီ ၁၀ ရက်နေ့ တစ်ရက်တည်းမှာတင် တရုတ်နိုင်ငံအတွင်း ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ စံချိန်တင် ၁၀၈ ဦးရှိခဲ့‌ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၀၁၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်သူက မနေ့မှာ ၂၄၇၈ ဦး ထပ်တိုးလာကာ ၄၂၆၃၈ ဦးအထိ ရောက်လာပါတယ်။ ဟူဘေးပြည်နယ်က ကျန်းမာရေးကော်မရှင် ထိပ်တန်းအရာရှိ ၂ ဦးကိုလည်း တရုတ်အစိုးရက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဗိုင်းရပ်စ်အဓိကပြန့်နှံ့ရာ ဝူဟန်မြို့ကို သမ္မတရှီကျင့်ဖျင် မနေ့က ပထမဆုံးအကြိမ် သွားရောက်ကြည့်ရှုခဲ့ပါတယ်။
    • ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေဖို့ တရုတ်နဲ့ကပ်နေတဲ့ ဟောင်ကောင်မှာ အစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဟောင်ကောင်မှာ ကျောင်းတွေလည်း ပိတ်ထားပြီး၊ လူတွေဟာ များသောအားဖြင့် အိမ်ကနေသာ အလုပ်လုပ်နေကြပါတယ်။ တရုတ်နဲ့ကပ်နေတဲ့ နောက်ထပ်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ထိုင်ဝမ်ကတော့ ဟောင်ကောင်နဲ့ မကာအိုတို့ကို ခရီးမသွားဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။
    • ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်ကူးစက်သူအရေအတွက်ဟာ ၁၅ ဦးအထိ မြင့်တက်လာပြီး ၃ လအရွယ်ကလေးငယ်တစ်ဦးလည်း အဘွားဖြစ်သူထံကနေ ကူးစက်ခဲ့ပါတယ်။ ထိုင်းမှာတော့ မနေ့က တရုတ်အမျိုးသမီးတစ်ဦး ကူးစက်တာကို တွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၃၃ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီအထဲက ၁၀ ဦးဟာ နေပြန်ကောင်းသွားတဲ့အတွက် ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။
    • ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဘန်ကောက်မှာ ကမ်းကပ်မယ့် အမေရိကန် ကမ္ဘာလှည့်သင်္ဘော MS Westerdam က ခရီးသည်တွေဆင်းခွင့် တောင်းခံမှုကို ထိုင်းနိုင်ငံက ငြင်းဆိုလိုက်ပြီး ဗိုင်းရပ်စ်ပြန့်နှံ့မယ့်အန္တရာယ် ရှိနိုင်တဲ့အတွက်ကြောင့်လို့ ပြောကြားခဲ့ပါတယ်။ သင်္ဘောကုမ္ပဏီကတော့ လိုက်ပါလာတဲ့ ခရီးသည်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။
    • တရုတ်ဖက်ကနေ ဗိုင်းရပ်စ်တွေဝင်မလာရေး နယ်စပ်မှာ ပတ္တရောင်လှည့်ဖို့အတွက် လူရာချီစေလွှတ်ထားတယ်လို့ မြောက်ကိုရီးယားက မနေ့မှာ ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်နဲ့ ကုန်းကြောင်း၊ လေကြောင်း အားလုံးကို ဖြတ်တောက်ထားတာပါ။ တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားဖက်ကို ဝူဟန်ဗိုင်းရပ်စ် ရောက်နေပြီလို့ ဆိုပါတယ်။

    Ref: Aljazeera

  • အစ္စလာမ့်သမိုင်းမှာ မှတ်တိုင်သစ်စိုက်ထူခဲ့တဲ့ တူနီးရှားအမျိုးသမီး

    အစ္စလာမ့်သမိုင်းမှာ မှတ်တိုင်သစ်စိုက်ထူခဲ့တဲ့ တူနီးရှားအမျိုးသမီး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀
    M-Media

    -တူနီးရှားနိုင်ငံက မွတ်စလင်အမျိုးသမီး ဆာရာ ဟာဘာဟာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို စက်ဘီးနဲ့လာရောက် ဘုရားဖူးတဲ့ ပထမဆုံး မွတ်စလင်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    အရင်က မက္ကာမြို့ကို စက်ဘီး၊ ဆိုင်ကယ်၊ တိရစ္ဆာန်အစီးအနင်းတွေနဲ့ တစ်ကိုယ်တော် ဘုရားဖူးလာရောက်သူတွေ ရှိပေမယ့် အမျိုးသားတွေသာ ဖြစ်ပါတယ်။

    ဆာရာဟာဘာကတော့ တူနီးရှားနိုင်ငံကနေ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို ၅၃ ရက်အတွင်း အရောက်သွားကာ စက်ဘီးနဲ့ မက္ကာသွားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမရဲ့ ခရီးစဉ်ကို #cyclingtomecca ခေါင်းစဉ်နဲ့ ဆိုရှယ်မီဒီယာမှာ တောက်လျှောက် လွှင့်တင်ခဲ့ပါတယ်။

    မက္ကာကိုသွားတဲ့ခရီးမှာ ဆာရာဟာ အီဂျစ်၊ ဆူဒန် စတဲ့ နိုင်ငံတွေကို ဖြတ်ကျော်ခဲ့ရတာပါ။

    “ခရီးတစ်ထောက်နားတဲ့နေရာတိုင်းမှာ ကျွန်မ စိုးရိမ်မှုတွေ ရှိခဲ့တယ်။ ကျွန်မရဲ့ ဆန္ဒကို ခန္ဓာကိုယ်က လိုက်နိုင်ပါ့မလားပေါ့”

    ဆာရာဟာ တစ်ရက်ကို ၈ နာရီလောက် စက်ဘီးနင်းခဲ့ရပါတယ်။ အဖွဲ့နဲ့မဟုတ်တာကြောင့် စက်ဘီးပျက်တဲ့အခါမှာလည်း သူမကိုယ်တိုင် ပြင်ခဲ့ရပါတယ်။

    သူမရဲ့ သမိုင်းဝင်ခရီးစဉ်အကြောင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံသွားပြီးတဲ့နောက် ခရီးတစ်ထောက်နားတဲ့အချိန်တိုင်းမှာ ဆာရာကို ဒေခံတွေက လာရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။ ဆာရာဟာ ဆိုရှယ်မီဒီယာကနေတစ်ဆင့်လည်း အားပေးထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။

    ဆာရာကတော့ သူကို ဖေးမကူညီသူတွေ၊ အားပေးသူတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလိုတွေဖြစ်လာမယ်လို့ ကျွန်မ မထင်ခဲ့ပါဘူး။ အားလုံးရဲ့နာမည်တွေရေးထားတဲ့ စာရင်းကိုကိုင်ပြီး ကျွန်မ ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက လုံလောက်မှာမဟုတ်ပါဘူး။ ရှင်တို့တစ်ယောက်ချင်းစီသာ မရှိခဲ့ရင် ကျွန်မ ဒါမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး”

    Ref: Al Bawaba

  • ပါလက်စတိုင်း လယ်ယာထွက်ကုန် တင်ပို့မှုကို အစ္စရေးက ပိတ်ပင်

    ပါလက်စတိုင်း လယ်ယာထွက်ကုန် တင်ပို့မှုကို အစ္စရေးက ပိတ်ပင်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းဒေသကနေထွက်တဲ့ လယ်ယာထွက်ကုန်တွေ ဂျော်ဒန်ကနေတစ်ဆင့် နိုင်ငံရပ်ခြားတင်ပို့မှုကို အစ္စရေးစစ်တပ်က ပိတ်ပစ်လိုက်ပြီး၊ ပါလက်စတိုင်းဒေသတွေမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာဖွယ် ရှိနေပါတယ်။

    ဂျော်ဒန်ဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ တစ်ခုတည်းသော ကုန်သွယ်ရေးလမ်းကြောင်း‌ ဖြစ်ပါတယ်။ တစ်ခြားလမ်းကြောင်းတွေကို အစ္စရေးက အရင်ကတည်း ပိတ်ဆို့ထားတာပါ။

    အစ္စရေးစစ်တပ်ကတော့ ကာကွယ်ရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဂျော်ဒန်ကနေတစ်ဆင့် ပါလက်စတိုင်းကုန်ပစ္စည်း တင်ပို့မှုကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကလည်း အစ္စရေးစစ်သားတွေဟာ အဝင်အထွက်ဂိတ်တွေမှာ လယ်ယာထွက်ကုန် တင်ပို့မှုကို တားဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အစ္စရေးကနေ ပါလက်စတိုင်းပိုင်နက်တွေထဲ အသားတင်သွင်းမှု ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ပိတ်ပင်မှုကို အစ္စရေးဖက်က လက်တုန့်ပြန်တာဖြစ်တယ်လို့ ပါလက်စတိုင်း ဒုတိယစီးပွားရေးဝန်ကြီး တာရစ် အဘူလာဘန်က ပြောကြားခဲ့ပါတယ်။

    အစ္စရေးဖက်က တင်သွင်းတဲ့ အသားတွေရဲ့ အများစုဟာ နိုင်ငံခြားကလာတာဖြစ်တာကြောင့်၊ မိမိတို့ကိုယ်တိုင် နိုင်ငံခြားကနေ တိုက်ရိုက်တင်သွင်းတော့မယ်လို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

    စီးပွားရေးမှာ ပါလက်စတိုင်းက အစ္စရေးအပေါ် မှီခိုနေရမှုကို လျော့ချဖို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ ကြိုးစားမှုကို အစ္စရေးက မနှစ်မြို့ပါဘူး။

    ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်တဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး ပါလက်စတိုင်းပိုင်နက်မှာ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန် အစ္စရေးက ဒီလိုပိတ်ဆို့လိုက်တာပါ။ ဒါ့ကြောင့် တင်းမာမှုတွေ ပိုမိုမြင့်တက်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • တူရကီနှင့် ဆီးရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    တူရကီနှင့် ဆီးရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀
    M-Media

    ဆီးရီးယားမှ တူရကီတပ်ဖွဲ့ဝင်များ

    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် အီဒလစ်ဘ်ပြည်နယ်မှာ ဆီးရီးယားအစိုးရတပ်တွေနဲ့ တူရကီတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး တင်းမာမှု မြင့်တက်လာပါတယ်။

    တနင်္လာနေ့က တက်ဖ်တာနက်ဇ်ဒေသမှာ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် တူရကီစစ်သား ၅ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရန်သူ့ပစ်မှတ် ၁၀၀ ကျော်ကို တုန့်ပြန်တိုက်ခိုက်ခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က မိမိတို့တပ်ဖွဲ့တွေအနေနဲ့ လိုအပ်ရင် လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း တက်ဖ်တာနက်ဇ်မှာ ဆီးရီးယားအစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၈ ဦး သေဆုံးပြီး၊ တူရကီရဲ့လက်တုန့်ပြန်မှုကြောင့် အနည်းဆုံး ဆီးရီးယားစစ်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်။

    တူရကီကတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ရရှိထားတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ပါ နယ်မြေမျဉ်းအနောက်ကို ပြန်ဆုတ်ဖို့ ဆီးရီးယားအစိုးရကို သတိပေးခဲ့ပါတယ်။

    သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ အီဒလစ်ဘ်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းကစလို့ ထိုးစစ်အရှိန်မြှင့်လာတာပါ။ အီဒလစ်ဘ်မှာ တူရကီရဲ့ စစ်စခန်း တစ်ဒါဇင်လောက်လည်း ရှိနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera