News @ M-Media

Author: Ko Lay

  • အီရန်အပေါ် စစ်ဆင်နိုင်မည့် သမ္မတအာဏာကို ကန်လွှတ်တော် ကန့်သတ်

    အီရန်အပေါ် စစ်ဆင်နိုင်မည့် သမ္မတအာဏာကို ကန်လွှတ်တော် ကန့်သတ်

    ဖေဖော်ဝါရိ ၁၄၊ ၂၀၂၀
    M-Media

    -အီရန်ကို စစ်တိုက်တာနဲ့ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ အခွင့်အာဏာကို ကန့်သတ်တဲ့ ဥပဒေတစ်ခုကို ရီပက်ဘလစ်ကန်ကြီးစိုးတဲ့ အမေရိကန်အထက်လွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    အခုဥပဒေအရ အီရန်ကို စစ်ရေးအရ အရေးယူမယ်ဆိုရင် သမ္မတထရမ့်ဟာ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရတော့မှာ ဖြစ်ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က တပ်မှူး ကာစင် ဆိုလိုင်မာနီကို ထရမ့်ရဲ့ အမိန့်နဲ့ ပြီးခဲ့တဲ့လမှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အီရန်ကလည်း အီရတ်က အမေရိကန်စစ်စခန်း ၂ ခုကို လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာပါ။

    မူကြမ်းတင်သွင်းတဲ့ လွှတ်တော်အမတ် တင်မ်ကိုင်နီက ဒီမူကြမ်းကို ထရမ့်ကြောင့် ဒါမှမဟုတ် သမ္မတအာဏာကြောင့် အတည်ပြုတာမျိုးမဟုတ်ဘဲ လွှတ်တော်ရဲ့ စစ်ကြေငြာခွင့် အခွင့်အာဏာကို ပိုမိုခိုင်မာအောင် ဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်းပြည် တိုက်ခိုက်ခံရမယ့် အနေအထားမျိုး ကြုံလာရင် တိုင်းပြည်ကို ကာကွယ်ဖို့ သမ္မတမှာ အာဏာအပြည့်အ၀ရှိပေမယ့် ထိုးစစ်ဆင်မှုအတွက်တော့ လွှတ်တော်မှာဆွေးနွေးမှု၊ လွှတ်တော်ရဲ့အတည်ပြုမှု ရယူရမယ်လို့လည်း သူက ဆိုပါတယ်။

    ဒီမိုကရက်တွေကြီးစိုးတဲ့ အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့လက ထရမ့်ရဲ့ စစ်ကြေငြာခွင့်အာဏာကို ကန့်သတ်တဲ့ ဆုံးဖြတ်ချတ်ချက်တစ်ခု အတည်ပြုခဲ့ပါတယ်။

    ဇန်နဝါရီ ၃ ရက်နေ့က အီရန်ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို ဒရုန်းနဲ့လုပ်ကြံမှုကိစ္စမှာ ထရမ့်အစိုးရကို ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ အီရန်က တိုက်ခိုက်မှု ပြုလုပ်လာနိုင်တယ်ဆိုတဲ့ သတင်းကို အမေရိကန်အာဏာပိုင်တွေက အသေးစိတ်မဟုတ်ဘဲ အပေါ်ယံသာ ပေးခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဒေါ်နယ်ထရမ့်ကတော့ တင်မ်ကိုင်နီရဲ့ ဒီမူကြမ်းကို ဆန့်ကျင်တာဟာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတယ်လို့ ဗုဒ္ဓဟူးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၆ ဦးသေပြီး၊ ၁၇၀၀ ကျော် ကူးစက်နေ (နောက်ဆုံးရ သတင်းများ)

    COVID-19 ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၆ ဦးသေပြီး၊ ၁၇၀၀ ကျော် ကူးစက်နေ (နောက်ဆုံးရ သတင်းများ)

    ဖေဖော်ဝါရီ ၁၄၊ ၂၀၂၀
    M-Media

    Photo – ဝူဟန်မြို့ရှိ ဆေးရုံတွင် တွေ့ရသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး
    • COVID-19 ဗိုင်းရပ်စ် တားဆီးတိုက်ဖျက်ရေး ရှေ့တန်းကဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ၆ ဦး ရောဂါကြောင့် သေဆုံးသွားပြီး ၁၇၁၆ ဦး ကူးစက်နေတယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။ မနေ့ကတစ်ရက်တည်း သေဆုံးသူဟာ ၁၂၁ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၃၈၀ ဦး ရှိလာပြီဖြစပါတယ်။ ၂၄ နာရီအတွင်း နိုင်ငံတစ်ဝှမ်း ကူးစက်မှုက ၅၀၉၀ ဦး ရှိခဲ့ကာ ကူးစက်သူအရေအတွက်ဟာ ၆၅၀၀၀ လောက် ရှိလာပြီ ဖြစ်ပါတယ်။
    • အစိုးရက တရုတ်နိုင်ငံသားတွေ ခရီးသွားလာမှုကို ဆက်လက်ပိတ်ပင်ထားတာကြောင့် တရုတ်ကျောင်းသားတွေဟာ အခုစာသင်နှစ်မှာ ကျောင်းတက်လို့ရမှာ မဟုတ်ဘူးလို့ ဩစတေးလျနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေက သတိပေးလိုက်ပါတယ်။ ဩစတေးလျက ကမ္ဘာ့အဆင့် တက္ကသိုလ် ၈ ခုမှာ ပညာသင်ယူနေတဲ့ တရုတ်ကျော်သားပေါင်း ၇ သောင်းနီးပါး ရှိနေတာပါ။ စာသင်နှစ်ဟာ မကြာခင်မှာ စတင်တော့မှာဖြစ်ပြီး တက္ကသိုလ် ၈ ခုကို ကိုယ်စားပြုထားတဲ့ Group of Eight အဖွဲ့က ကျောင်းသားတွေ ဩစတေးလျ လာဖို့အတွက် အာမခံချက် မပေးနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    • ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပြန့်နှံ့မှုကို တိုက်ဖျက်ရာမှာ တရုတ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ အမေရိကန်သမ္မတထရမ့်ရဲ့ စီးပွားရေးအကြံပေး လယ်ရီ ကဒ်လိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် သမ္မတထရမ့်က မနေ့က အင်တာဗျူးမှာ တရုတ်ဟာ ဒီကိစ္စမှာ ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်နေပြီး အမေရိကန်ကလည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    • COVID-19 ဗိုင်းရပ်ကူးစက်မှု ပိုမိုကျယ်ပြန့်လာနိုင်တဲ့အတွက် ပြင်ဆင်ထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မလေးရှားအာဏာပိုင်တွေကို သတိပေးထားပါတယ်။ မလေးရှားမှာ လက်ရှိ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ အတည်ပြုနိုင်သူ ၁၉ ဦး ရှိနေပါတယ်။ WHO ကတော့ ဗိုင်းရပ်စ်ဟာ အစောပိုင်းကရရှိထားတဲ့ စာရင်းတွေထက် ကူးစက်မှု ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် မလေးရှားအပါအဝင် နိုင်ငံရပ်ခြားမှာ အရမ်းမြန်မြန်ဆန်ဆန် ပြန့်နှံ့မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။
    • စင်ကာပူနိုင်ငံမှာတော့ ဒီကနေ့ ရောဂါကူးစက်နေသူ ၉ ဦး ထပ်တွေ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၆၇ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲက ၆ ဦးဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ရောဂါကူးစက်နေသူတွေထဲက ၂ ဦး ဒီကနေ့မှာ ဆေးရုံကနေ ဆင်းသွားနိုင်ခဲ့ပြီး ကူးစက်မှုစတင်ကတည်းက စုစုပေါင်း ၁၇ ဦး ဗိုင်းရပ်စ်ပျောက်ကင်းခဲ့တာ ဖြစ်ပါတယ်။

    Ref: CNA, Aljazeera

  • တရုတ်နိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ယမန်နေ့က စံချိန်တင်မြင့်တက် (နောက်ဆုံးရသတင်းများ)

    တရုတ်နိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ယမန်နေ့က စံချိန်တင်မြင့်တက် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀ (ညနေ ၅ နာရီ)
    M-Media

    (Photo – လက်ရှိ တရုတ်နိုင်ငံမှ မြင်ကွင်းတစ်ခု)
    • ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်နိုင်ငံမှာ မနေ့က လူ ၂၄၂ ဦး ထပ်မံသေဆုံးကာ၊ ကူးစက်မှု ၁၄၈၄၀ ရှိခဲ့ပြီး ဒါဟာ ရောဂါပြန့်နှံ့ပြီးနောက်ပိုင်း တစ်ရက်အတွင်း သေဆုံးမှု၊ ကူးစက်မှု စံချိန်တင်မြင့်တက်လာတာ ဖြစ်ပါတယ်။ သေဆုံးသူ စုစုပေါင်းဟာ ၁၃၅၅ ဦး ရှိလာပါပြီ။ ရောဂါစတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်က ကွန်မြူနစ်ပါတီအကြီးအကဲကို တရုတ်အာဏာပိုင်တွေက မနေ့မှာ ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ အခုတစ်ပတ်အစောပိုင်းကလည်း ဟူဘေးပြည်နယ် ကျန်းမာရေးကော်မရှင်ရဲ့ ထိပ်တန်း တာဝန်ရှိသူနှစ်ဦးကို ထုတ်ပယ်ခဲ့ပါတယ်။
    • ရောဂါ အဓိကပြန့်နှံ့ရာ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း CJ ဂျာနယ်လစ်တစ်ချို့ ပျောက်ဆုံးမှု ရှိတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားလိုက်ပါတယ်။ တရုတ်ရိုးရာအထည် ရောင်းချမှုလုပ်ငန်း လုပ်ကိုင်ပြီး ဝူဟန်က အခြေအနေတွေကို ဆိုရှယ်မီဒီယာမှာ အမြဲလိုလို လွှင့်တင်ပေးနေတဲ့ CJ ဂျာနယ်လစ် ဖန်ဘင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ လွှင့်တင်မှုတွေ မရှိတော့ဘဲ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုတွေကိုလည်း လက်ခံဖြေကြားခြင်း မပြုတော့ပါဘူး။ ဗုဒ္ဓဟူးနေ့မှာတော့ သူရဲ့ဖုန်းဟာ ပါဝါပိတ်သွားတယ်လို့ မိတ်ဆွေတွေက ပြောကြားခဲ့ပါတယ်။ နောက်ထပ် CJ တစ်ယောက်ဖြစ်တဲ့ ချန်ကျီရှီဆိုသူဟာလည်း သောကြာနေ့မှာ ပျောက်ဆုံးသွားပါတယ်။
    • ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ အနောက်မြောက်ဖက်က လူတစ်သောင်းလောက်နေထိုင်တဲ့ ရပ်ကွက်တစ်ခုကို အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပြီး တစ်ဦးချင်းစီ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လက်ရှိ ဗိုင်းရပ်စ်ကူးစက်မှု ၁၆ ခု ရှိနေပြီး အများစုဟာ အခုပိတ်ပစ်လိုက်တဲ့ရပ်ကွက်တည်ရှိရာ Vinh Phuc ပြည်နယ်မှာ ဖြစ်ပါတယ်။
    • တိုင်းပြည်ကိုဝင်ရောက်လာတဲ့ နိုင်ငံခြားသားအားလုံးနဲ့ COVID-19 ဗိုင်းရပ်စ်ပိုးရှိတယ်လို့ သံသယရှိသူတွေကို တစ်လကြာ သီးသန့်ခွဲထား စောင့်ကြည့်သွားမယ်လို့ မြောက်ကိုရီးယားက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။ ရောဂါလက္ခဏာပြကာ၊ ပြန့်နှံ့နိုင်တဲ့ကာလကို အရင်က ၂ ပတ်လို့ သတ်မှတ်ထားပေမယ့် နောက်ပိုင်း သုတေသနရလဒ်တွေအရ ၂၄ ရက်အထိရှိတာကို တွေ့ခဲ့ရတာပါ။ လက်ရှိအချိန်အထိ ကူးစက်သူတစ်ဦးမှ မရှိသေးပေမယ့် ရောဂါလက္ခဏာပြသူတစ်ချို့ကို သီးသန့်ခွဲထားစောင့်ကြည့်နေတယ်လို့ မြောက်ကိုရီးကာ အရိပ်အမြွက် ထုတ်ဖော်ပြောဆိုထားပါတယ်။
    • COVID-19 ဗိုင်းရပ်စ်ဟာ လူတွေကြားထဲမှာ သိသိသာသာ ပြန့်နှံ့နိုင်တာကြောင့် ကူးစက်သူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ စင်ကာပူအာဏာပိုင်တွေက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ စင်ကာပူမှာ ကူးစက်နေသူ ၅၀ ရှိနေပြီး အဲဒီအထဲက ၈ ဦးဟာ စိုးရိမ်ရတဲ့ အနေအထားဖြစ်ကာ ၁၅ ဦးကတော့ ပြန်လည်သက်သာသွားပြီ ဖြစ်ပါတယ်။ စင်ကာပူဟာ ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် လိမ္မော်ရောင် သတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။
    • မိမိတို့လေယာဉ်တွေ တရုတ်နိုင်ငံဆီပျံသန်းမှု ရပ်ဆိုင်းထားတာကို ဧပြီလအထိ တိုးမြှင့်သွားမယ်လို့ အမေရိကန်လေကြောင်းလိုင်း United Airlines က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ မည်သူကိုမဆို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး၊ အဲဒီလိုခရီးသည်တွေပါအဝင်တဲ့ လေယာဉ်‌တွေ အမေရိကန်ဆီ ပျံသန်းမှုကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ United Airlines ကတော့ ခရီးစဉ် ရပ်ဆိုင်းမှုဟာ စီးမယ့်သူ ကျဆင်းလို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    • COVID-19 ကူးစက်မယ့်သံသယကြောင့် နိုင်ငံ ၅ နိုင်ငံက ကမ်းကပ်ခွင့်မပေးတဲ့ ကမ္ဘာလှည့် ဇိမ်ခံသင်္ဘော MS Westerdam ကို ကမ္ဘောဒီးယားနိုင်ငံက မနေ့မှာ ကမ်းကပ်ခွင့် ပေးလိုက်ပါတယ်။ လူထောင်ကျော်ပါဝင်တဲ့ အဲဒီသင်္ဘောမှာ နေမကောင်းဖြစ်နေသူ တစ်ဦးမှ မရှိပေမယ့် ဂျပန်၊ ထိုင်ဝမ်၊ ဂူအမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းတို့က စိုးရိမ်မှုကြောင့် ကမ်းကပ်ခွင့်မပေးခဲ့တာပါ။

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်တွင် ဆော်ဒီကုမ္ပဏီများ ဒေါ်လာ ဘီလီယံ ၃၀ အထိ ရင်းနှီးမြှုပ်နှံရန် ရှိနေ

    ဘင်္ဂလားဒေ့ရှ်တွင် ဆော်ဒီကုမ္ပဏီများ ဒေါ်လာ ဘီလီယံ ၃၀ အထိ ရင်းနှီးမြှုပ်နှံရန် ရှိနေ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀
    M-Media

    -ဆော်ဒီအာရေဗျက ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံမှာ ကန်ဒေါ်လာ ဘီလီယံ ၃၀ ဖိုးလောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ဆော်ဒီက ကုမ္ပဏီကြီး ၇ ခုအပါအဝင် နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေက ကိုယ်စားလှယ် ၄၀ လောက်ပါတဲ့ အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ၂ ရက်ကြာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို မြို့တော်ဒါကာမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဆော်ဒီအဖွဲ့ကို နိုင်ငံခြားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မာဟီရ် အလ်-ဂါစင်က ဦးဆောင်တာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် စီးပွားရေးဆက်ဆံမှုဌာနရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ တာဝန်ရှိသူ ဖိုင်ဆဲလ် ဇာဟူရ်က ဆွေးနွေးပွဲအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေး အဓိကထား ဆွေးနွေး သဘောတူညီချက်မူကြမ်းတစ်ခု ရရှိခဲ့ကာ ကြာသာပတေးနေ့မှာ လက်မှတ်ထိုးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီအာရေဗျမှာ အလုပ်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်အလုပ်သမားတွေ အဆင်ပြေလွယ်ကူ ချောမွေ့စေရေး ဆောင်ရွက်ပေးဖို့လည်း နှစ်ဖက်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

    “ဆော်ဒီလုပ်ငန်းရှင်တွေဟာ ဘင်္ဂလားဒေ့ရှ်မှာ ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေတယ်။ တိုင်းပြည်က ဘယ်လောက်ဖြုန်းပေးနိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်” လို့ ဇာဟူရ်က ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (BIDA) ရဲ့ အမှုဆောင်ဥက္ကဌ မိုဟာမက် ဆီရာဇူလ် အစ္စလာမ်က ဆော်ဒီလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ပမာဏာ မြင့်မားတာကြောင့် နိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့ အလွန်ဆန္ဒရှိကြောင်း၊ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ လုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ဖို့ အဓိကထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့က အစည်းအဝေးမှာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Arab News

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    စပါးနည်းပြဟောင်း ပိုချက်တီနို ပရီးမီးယားလိဂ် ပြန်လာချင်နေ

    ဘောလုံးလောထဲ ပြန်လာဖို့အတွက် ဆန္ဒပြင်းပြနေပြီး အထူးသဖြင့် ပရီးမီးလိဂ်အသင်း တစ်ခုခုကို နည်းပြချင်တယ်လို့ စပါးနည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ စပါးကို ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းစာရင်းမှာ အဆက်မပြတ် ပါဝင်နိုင်အောင် လုပ်ဆောင်ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ပိုချက်တီနိုဟာ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းရအောင် မစွမ်းဆောင်နိုင်တာကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထုတ်ပယ်ခံလိုက်ရတာပါ။ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ဆိုတာ ခက်ခဲပေမယ့်၊ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာကြောင့် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့လည်း ပိုချက်တီနိုက ဆိုပါတယ်။

    ဘာကာတောင်ပံကစားသမား ဒမ်ဘီလီ ၆ လ နားရမည်

    ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား အသက် ၂၂ နှစ်အရွယ် အူစမာနီ ဒမ်ဘီလီဟာ ပြင်းထန်တဲ့ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ၆ လ အနားယူရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဒေါ့မွန်အသင်းကနေ ပြောင်းလာပြီးတဲ့နောက် ဒမ်ဘီလီဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး အခုရာသီမှာ ပွဲချိန်ပြည့် ၃ ပွဲသာ ကစားထားရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း ပေါင်ဒဏ်ရာကြောင့် လေ့ကျင်ရေးအစီအစဉ်ကနေ နှုတ်ထွက်ခဲ့ရပါတယ်။

    ဂျာမန်ကလပ်အသင်းတစ်ခု လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအတွက် ရန်ပုံငွေပေးမည်

    ဂျာမန်ဖလား ဟာသာဘာလင်နဲ့ ကစားတဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားအပေါ် ပရိတ်သတ်တွေက လူမျိုးရေးခွဲခြားမှုကြောင့် ဒဏ်တပ်ခံရတဲ့ ငွေ‌ကြေး တစ်စိတ်တစ်ပိုင်းကို လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး အခမ်းအနားတစ်ခုအတွက် အသုံးပြုဖို့ ဂျာမန်ကလပ် ရှော်ကေးအသင်းက စီစဉ်နေပါတယ်။ ဂျာမန်ဘောလုံးအဖွဲ့ချုက်က ရှောလ်ကေးကို ယူရို ၅၀၀၀၀ ဒဏ်ရိုက်ခဲ့တာဖြစ်ပြီး အဲဒီအထဲက ၁၆၀၀၀ ကို လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲအတွက် သုံးရမှာပါ။ နောက်တစ်ခါ ပရိတ်သတ်တွေက ဒီလိုအပြုအမူတွေလုပ်ရင် ပိုမိုပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဂျာမန်ဘောလုံးအဖွဲ့ချုပ်က သတိပေးခဲ့ပါတယ်။

    Ref: BBC