News @ M-Media

Author: Ko Lay

  • အီရန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု ၂ ရက်ဆက်ဖြစ်လာ

    အီရန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု ၂ ရက်ဆက်ဖြစ်လာ

    ဇန်နဝါရီ ၁၃၊ ၂၀၂၀
    M-Media

    -ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချလိုက်တယ်လို့ အီရန်အစိုးရက ဝန်ခံခဲ့ပြီးတဲ့နောက် အီရန်ပြည်သူတွေဟာ ဆန္ဒပြမှုအကြီးအကျယ် ပြုလုပ်လာကြပြီး အစိုးရတာဝန်ရှိသူတွေ နှုတ်ထွက်ပေးဖို့ တောင်းဆို‌နေကြပါတယ်။

    ခရီးသည် ၁၇၆ ဦး တင်ဆောင်လာပြီး ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ထွက်ခွာမယ့် PS752 လေယာဉ်ဟာ တီဟီရန်မြို့ ခိုမေနီလေဆိပ်က ပြန်တက်ပြီး သိပ်မကြာခင်မှာ ပျက်ကျသွားခဲ့တာပါ။

    စက်ချို့ယွင်းမှုကြောင့် ပျက်ကျတာလို့ အစပိုင်းမှာ အီရန်က ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒုံးခွင်းစနစ်နဲ့ မှားယွင်းပစ်မိတာလို့ ဝန်ခံခဲ့ပါတယ်။ အီရတ်က အမေရိကန် စစ်စခန်း ၂ ခုကို တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။

    မှားယွင်းပစ်ခတ်မိတယ်လို့ အစိုးရက ဝန်ခံခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့ကစလို့ မြို့တော် တီဟီရန်နဲ့ အခြားမြို့ကြီးတွေမှာ အီရန်ပြည်သူတွေဟာ အကြီးအကျယ်ဆန္ဒပြနေကြပါတယ်။

    ဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး ကျွေးကြော်သံတွေ ဟစ်အော်ကာ ထိပ်တန်းအရာရှိတွေ နှုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြနေရာတွေမှာ တော်လှန်ရေးအစောင့်တပ်ဖွဲ့အပါအ၀င် အီရန်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အများအပြားချထားပြီး အင်အားသုံးနှိမ်နှင်းမှုတွေ လုပ်ဆောင်နေပါတယ်။

    နိုင်ငံတကာ တုန့်ပြန်မှု

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရအနေနဲ့ ဆန္ဒပြသူတွေကို အင်အားသုံး မနှိမ်နှင်းသင့်ပဲ ကမ္ဘာကြီး အထူးသဖြင့် အမေရိကန်က စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆန္ဒပြလူအုပ်နဲ့ ပူးပေါင်းတဲ့ ဗြိတိန်သံအမတ် ဖမ်းဆီးခံရမှုကို ဗြိတိန်အစိုးရက ရှုတ်ချခဲ့ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေကို ‌ပေါ်ပေါ်တင်တင် ချိုးဖောက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • အိုမန်ဘုရင် ဆူလ်တန် ကဘူးစ် ကွယ်လွန်

    အိုမန်ဘုရင် ဆူလ်တန် ကဘူးစ် ကွယ်လွန်

    ဇန်နဝါရီ ၁၁၊ ၂၀၂၀
    M-Media

    ကွယ်လွန်သွားသည့် ဆူလ်တန် ကဘူးစ်

    -အိုမန်နိုင်ငံကို အုပ်စိုးသူ ဆူလ်တန် ကဘူးစ်ဟာ သောကြာနေ့ညနေပိုင်းက ကွယ်လွန်သွားခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဟောင်း ဟေသမ် ဘင် တာရစ် အလ် စအစ်က အိုမန်ဘုရင်သစ်အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။

    အသက် ၇၉ နှစ်အရွယ် ဆူလ်တန် ကဘူးစ်ဟာ နာတာရှည်ရောဂါကို ခံစားနေရတာဖြစ်ပြီး မကြာသေးခင်ကဘဲ ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့မှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

    ဆူလ်တန် ကဘူးစ်ကွယ်လွန်မှုအတွက် ၃ ရက်တာ ဝမ်းနည်းဖွယ်နေ့ကို အိုမန်နိုင်ငံက ကြေငြာခဲ့ပြီး နိုင်ငံတော်အလံကို ရက်ပေါင်း ၄၀ ကြာ တိုင်တစ်၀က် လွှင့်ထူမှာ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားကို စနေနေ့ နေ့လည်ပိုင်းက မြို့တော် မူစကတ်မှာ ပြုလုပ်ခဲ့ပြီး ပြည်သူထောင်သောင်းချီ တက်ရောက်ခဲ့ပါတယ်။

    ယဉ်ကျေးမှုဝန်ကြီးဟောင်း ဟေသမ် ဘင် တာရစ် အလ် စအစ်ကို နိုင်ငံရဲ့ ဆူလ်တန်သစ်အဖြစ် အိုမန်အာဏာပိုင်တွေက ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ဆူလ်တန်ကဘူးစ်ရဲ့ အိတ်ပိတ်စာအရ ဆက်ခံသူကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ၁၉၇၀ ပြည့်နှစ်က သွေးမထွက်တဲ့ အာဏာသိမ်းမှုနဲ့ ဖခင်ကို ‌ဖြုတ်ချခဲ့တဲ့ ဆူလ်တန် ကဘူးစ်ဟာ အိုမန်နိုင်ငံကို ခေတ်နောက်ကျတဲ့နိုင်ငံတစ်ခုကနေ ခေတ်မီတဲ့နိုင်ငံတစ်ခု ဖြစ်လာအောင် ဦးဆောင်နိုင်သူလို့ မှတ်ယူခံထားရသူပါ။ ကဘူးစ်ဟာ လူဦးရေ ၄ သန်းကျော်သာရှိတဲ့ အိုမန်ကို ကြားနေနိုင်ငံတစ်ခုအဖြစ် ဖန်တီးကာ အရှေ့အလယ်ပိုင်းနဲ့ နိုင်ငံတကာက အချို့ကိစ္စတွေမှာ ကြားဝင် စေ့စပ်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    ကဘူးစ်မှာ ညီအစ်ကိုမောင်နှမအရင်းနဲ့ သားသမီးတွေမရှိဘဲ အနီးဆုံးဆွေမျိုးက‌ ဝမ်းကွဲညီအစ်ကိုတွေဖြစ်ပြီး ဆူလ်တန်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ အလ် စအစ်ဟာ ကဘူးစ်ရဲ့ ညီဝမ်းကွဲဖြစ်ပါတယ်။

    Ref: Aljazeera

  • ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိကြောင်း အီရန် ဝန်ခံ

    ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိကြောင်း အီရန် ဝန်ခံ

    ဇန်နဝါရီ ၁၁၊ ၂၀၂၀
    M-Media

    -အခုတစ်ပတ်အစောပိုင်းက မြို့တော်တီဟီရန်အနီး ယူကရိန်းလေယာဉ် ပျက်ကျသွားတာဟာ မိမိတို့က မှားယွင်းပစ်ချမိတာကြောင့် ဖြစ်တယ်လို့ အီရန်က ဒီကနေ့မှာ ဝန်ခံလိုက်ပါတယ်။

    ခရီးသည် ၁၇၆ ဦး နဲ့ လေယာဉ်အမှုထမ်း ၉ ဦး လိုက်ပါသွားတဲ့ အဲဒီလေယာဉ်ဟာ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကိုသွားဖို့ အီမာမ်ခိုမေနီလေဆိပ်က ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျသွားတာပါ။ အီရတ်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    ဒီကနေ့မနက် အီရန်စစ်ဦးစီးအရာရှိချုပ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဲဒီ ခရီးသည်တင်လေယာဉ်ဟာ စစ်ရေးအရ အရေးပါတဲ့ နေရာအနီးကို ပျံသန်းသွားချိန်၊ စစ်သည်တွေရဲ့ အမှားကြောင့် ပစ်ချလိုက်မိတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီလိုဆိုးရွားတဲ့အမှားအတွက် အလွန်အမင်း ကြေကွဲနောင်တရမိပြီး ထိခိုက်ခံစားရသူတွေအတွက် ဝမ်းနည်းမိကြောင်း၊ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ဒီလိုအမှားမျိုးကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    ကနေဒါနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ယူကရိန်းခရီးသည်တင်လေယာဉ်ကို အီရန်က မှားယွင်း ပစ်ချလိုက်တာ ဖြစ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပြီး အီရန်က အစောပိုင်းမှာ ငြင်းဆိုခဲ့ပါ‌သေးတယ်။ အီရတ်က အမေရိန်ကစစ်စခန်းတွေကို ဒုံးကျည်နဲ့တိုက်ခိုက်အပြီး တုန့်ပြန်လာမှာကို စိုးရိမ်တဲ့အတွက် ဒုံးခွင်းစနစ်တွေ ဖွင့်ထားချိန်မှာ မတော်တဆ ပစ်ချမိလိုက်တာ ဖြစ်နိုင်တယ်လို့လည်း အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    Ref: Aljazeera

  • မလေးရှားတွင် ရာသီတုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာ

    မလေးရှားတွင် ရာသီတုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာ

    ဇန်နဝါရီ ၁၀၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံမှာ ‌ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် တစ်ချို့ဒေသတွေမှာ စာသင်ကျောင်းတွေ ပိတ်ထားရတာ၊ ဆေးရုံတွေမှာ လူပြည့်တာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

    ဇန်နဝါရီဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းအထိ ပီနန်နဲ့ ဆီလန်ဂေါပြည်နယ်တွေမှာ ရာသီတုပ်ကွေးဖြစ်ပွားမှု အရေအတွက်ဟာ အနည်းဆုံး ၅၃ ဦး ရှိလာခဲ့ပြီး တစ်ချို့ဆေးရုံတွေက လူနာတွေကို အိမ်ပြန်အနားယူဖို့ ပြန်လွှတ်တာတွေလည်း ရှိလာပါတယ်။

    မြို့တော် ကွာလာလမ်ပူဆင်ခြေဖုန်းက ဆိုက်ဘာဂျာယာ‌နဲ့ ကလန်းမြို့နယ်တွေမှာလည်း ရာသီတုပ်ကွေး ဖြစ်ပွားမှု ရှိနေပြီး အနည်းဆုံး ၂ ဦး ဆေးရုံတင်ထားရပါတယ်။

    “လူနာတွေက ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ ပြန်ကောင်းသွားမှာပါ။ လူတိုင်းကို ဆေးရုံတင်ထားလိုက်ရင် အခြားသူတွေလည်း ကူးစက်နိုင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဘွန်ချီက ပြောကြားခဲ့ပါတယ်။

    ပြည်သူ့ကျန်းမာရေးစင်တာတွေမှာ တုပ်ကွေးဆေးဝါးတွေ အပြည့်အ၀ရှိနေပြီး၊ ပုဂ္ဂလိကဆေးရုံတွေ အနေနဲ့လည်း ဆေးဝါးတွေ ဖြည့်တင်းထားဖို့ ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တုပ်ကွေးဖြစ်တဲ့ကလေးတွေကို ကျောင်းမပို့ဘဲ၊ ဆေးခန်းကို သွားရောက်ပြသကြဖို့ ပညာရေးဝန်ကြီးဌာနက မိဘတွေကို တိုက်တွန်းထားပြီး၊ ဒုတိယမြို့တော်ဖြစ်တဲ့ ပီနန်ကျန်းမာရေးဌာနက တုပ်ကွေးထိန်းချုပ်နိုင်ရေး အစီအမံတွေကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။

    ကွာလာလမ်ပူတစ်၀ိုက်က တစ်ချို့ ပုဂ္ဂလိက ဆေးရုံတွေမှာ တုပ်ကွေးလူနာတွေများလာတာကြောင့် ကုတင် မလုံလောက်မှုပြဿနာတွေလည်း တွေ့ကြုံနေရပါတယ်။

    Ref: The Strait Times

  • အိန္ဒိယတွင် ၁၅ မိနစ်တိုင်း အမျိုးသမီး ၁ ဦး အဓမ္မကျင့်ခံနေရ

    အိန္ဒိယတွင် ၁၅ မိနစ်တိုင်း အမျိုးသမီး ၁ ဦး အဓမ္မကျင့်ခံနေရ

    ဒီဇင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း ပျမ်းမျှ ၁၅ မိနစ်ကို အမျိုးသမီးတစ်ယောက်နှုန်း အဓမ္မကျင့်ခံနေရတယ်လို့ အစိုးရမှတ်တမ်းတွေအရ သိရပြီး၊ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအပေါ် အဆိုးဝါးဆုံး ပြုမှုတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

    ကြာသာပတေးနေ့က အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ၂၀၁၈ ခုနှစ်အတွင်း အမျိုးသမီး ၃၄၀၀၀ နီးပါး အဓမ္မပြုကျင့်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်က အရေအတွက်ထက် ကွာဟမှု သိပ်မရှိပါဘူး။ ကျူးလွန်မှုတွေထဲက ၈၅ ရာခိုင်နှုန်းကို တရားစွဲဆိုနိုင်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်မှုက ၂၇ ရာခိုင်နှုန်း ရှိပါတယ်။

    အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် ဆိုးဆိုးဝါးဝါး အဓမ္မကျင့် သတ်ဖြတ်မှုတွေဟာ နှစ်အတော်ကြာကတည်းက ရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ် မြို့တော် နယူးဒေလီက ဘတ်စ်ကားတစ်စီးပေါ်မှာ အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့ရပြီးတဲ့နောက်ပိုင်း ကမ္ဘာက အိန္ဒိယအပေါ် ပိုမို အာရုံစိုက်လာပါတယ်။

    အမျိုးသမီးအခွင့်အရေး အဖွဲ့တွေက အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အာဏာပိုင်တွေက သိပ်အလေးမထားဘဲ၊ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကလည်း ထိရောက်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်က အာဏာရ BJP ပါတီအမတ်လောင်း ကူလ်ဒိပ် ဆင်း ဆန်ဂါက ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်မှုဟာ နိုင်ငံတစ်ဝှမ်းရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မကိုင်တွယ်တဲ့အတွက် ကျူးလွန်ခံရသူ အမျိုးသမီးဟာ မိမိကိုယ်ကို သေကြောင်းကြံခဲ့ပါတယ်။

    ဆန်ဂါကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ပြစ်ဒဏ်ချနိုင်ခဲ့ပေမယ့် အဲဒီမတိုင် ၅ လအလိုမှာ ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ ကားကို ကုန်တင်ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် မိသားစုဝင် ၂ ဦး သေဆုံးခဲ့ပြီး ကျူးလွန်ခံရသူ အမျိုးသမီးက ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ရာဇဝတ်မှုတွေကို ကိုင်တွယ်တဲ့ တရားရုံးတွေမှာ တရားသူကြီး လုံလုံလောက်လောက် မရှိတာကြောင့် အမှုတစ်ခုကို ပျမ်းမျှ ၈ လခွဲလောက် အချိန်ယူရပြီး ဒါဟာ ဥပဒေမှာ သတ်မှတ်ထားတဲ့ အချိန်ကာလထက် ၄ ဆလောက် ကြာမြင့်နေတာ ဖြစ်ပါတယ်။

    အဓမ္မမကျင့်မှု ခံရသူ တော်တော်များများဟာ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှု မရှိတာကြောင့် မနေ့က အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားမှုထက် အများကြီး လျော့နည်းနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Reuters