News @ M-Media

Author: Ko Lay

  • တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုက ကမ္ဘာအတွက် ခြိမ်းခြောက်မှုဖြစ်လာဟု HRW သတိပေး

    တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုက ကမ္ဘာအတွက် ခြိမ်းခြောက်မှုဖြစ်လာဟု HRW သတိပေး

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    တရုတ်အစိုးရ၏ ဖိနှိပ်မှုကို ခံနေရသည့် ဝီဂါများ

    -တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း အကြမ်းကြုတ်ဆုံးနဲ့ အပြန့်နှံ့ဆုံးဖြစ်လာပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ တားဆီးဟန့်တားကြဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို HRW က မနေ့မှာ ထုတ်ပြန်ရာမှာ တရုတ်နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို သီးသန့်ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။

    ရှင်ကျန်းပြည်နယ်နဲ့ ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် တရုတ်က ဖိနှိပ်ညှင်းပမ်းနေမှု၊ ဟောင်ကောင်က ဆန္ဒပြပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

    နိုင်ငံရေးဩဇာလွှမ်းမိုးမှု ကြီးမားလာပြီး နိုင်ငံရပ်ခြားကလူတွေအပေါ် စောင့်ကြည့်ကန့်သတ်မှုတွေ လုပ်ဆောင်လာတာကလည်း ‘နိုင်ငံတကာ လူ့အခွင့်အရေးစနစ်အပေါ် လတ်တလော ခြိမ်းခြောက်မှု’ ဖြစ်လာတယ်လို့ HRW က ဆိုပါတယ်။

    “ဒါတွေကို ရင်ဆိုင် မတုန့်ပြန်ဘူးဆိုရင် တရုတ်ရဲ့ ဒီလုပ်ရပ်တွေဟာ အနာဂတ်အခြေအနေကို ဆိုးရွားစေမှာဖြစ်ပြီး တရုတ်ရဲ့စောင့်ကြည့်မှုနဲ့ ဘယ်သူမှမလွတ်တဲ့အခြေအနေမျိုး ဖြစ်လာပါလိမ့်လိမ့်မယ်။ ဒါဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေးစနစ် အားနည်းကာ အစိုးရတွေရဲ့ ဖိနှိပ်မှုကို စောင့်ကြည့်လို့ရမှာ မဟုတ်တော့ပါဘူး” လို့ HRW ရဲ့ အမှုဆောင်ဒါရိုက်တာ ကန်နသ်ရို့သ်က ပြောကြားခဲ့ပါတယ်။

    ရို့သ်ဟာ တနင်္ဂနွေနေ့က ဟောင်ကောင်ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရပါတယ်။

    စောင့်ကြည့်တိုင်းပြည်

    ၆ လာကျော် ကြာမြင့်နေပြီဖြစ်တဲ့ ဟောင်ကောင်က ဒီမိုကရေစီအရေးဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးပြီး လွတ်လပ်စွာ စုဝေးခွင့်ကို ကန့်သတ်တာ၊ ရဲတပ်ဖွဲ့ရဲ့ ကျူးလွန်မှုတွေအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တရုတ်လိုလားတဲ့ ဟောင်ကောင်းခေါင်းဆောင် ကာရီလမ်က လက်မခံတာတွေကို HRW ရဲ့ အစီရင်ခံစာမှာ ဝေဖန်ထားပါတယ်။

    တရုတ်နိုင်ငံနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် တရုတ်အစိုးရက ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းလို့ရအောင် ဆောင်ရွက်ထားမှုက ဝီဂါနဲ့ ဟောင်ကောင်က ဆန္ဒပြသူတွေအပေါ် တရုတ်က လွယ်လွယ်ကူကူ နှိမ်နှင်းလို့ရစေတယ်လို့ HRW အမှုဆောင်ဒါရိုက်တာ ရို့သ်က ထောက်ပြခဲ့ပြီး တရုတ်အစိုးရအပေါ် ဖိအားပေးဖို့အတွက် နိုင်ငံတကာခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့ပါတယ်။

    “ပြည်တွင်းက ဝေဖန်သူတွေကို အရင်ကတည်းက ဖိနှိပ်ခဲ့တာပါ။ အခုအချိန်မှာတော့ ဒီလို စောင့်ကြည့်ဖိနှိပ်မှုကို ကမ္ဘာတစ်ဝှမ်းအထိ ချဲ့ထွင်နိုင်ဖို့ တရုတ်အစိုးရက ကြိုးစားလာပါတယ်”

    ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြားလူနည်းစု ၁ သန်းကနေ ၂ သန်းလောက်ကို တရုတ်က အကျဉ်းစခန်းတွေထဲမှာ ပိတ်လှောင်ကာ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ကုလက ထုတ်ပြန်ထားပြီး တရုတ်ကတော့ ဒီထုတ်ပြန်ချက်ကို ငြင်းဆိုပါတယ်။

    မလုံလောက်

    တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာ့အင်အာကြီးအစိုးရတွေက တုန့်ပြန်ရာမှာ မလုံလောက်သေးဘူးလို့ HRW ရဲ့ အစီရင်ခံစာမှာ ဝေဖန်ထောက်ပြထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့်အစား အာဏာရှင်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတာ၊ ဥရောပနိုင်ငံတွေကလည်း Brexit ကိစ္စ၊ ပြောင်းရွှေ့အခြေချမှု ကိစ္စတွေနဲ့ သဘောထား ကွဲလွဲပြီး လူ့အခွင့်အရေးကိစ္စဖက် အာရုံမလှည့်နိုင်တာတွေ ရှိနေတယ်လို့လည်း ရို့သ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကုလဆိုင်ရာ တရုတ်သံအမတ် ရှင်ကျိရှင်းက HRW ရဲ့ ဒီအစီရင်ခံစာကို ပယ်ချခဲ့ပြီး မှန်းဆပြောဆိုမှု၊ ချဲ့ကားပြောဆိုမှုတွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ တရုတ်ရဲ့ ပြည်သူ့တွေအပေါ် စောင့်ကြည့်စနစ်တွေ၊ ရှင်ကျန်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး HRW ရဲ့ အရင်က စုံစမ်းစစ်ဆေး ထုတ်ပြန်မှုတွေကိုလည်း တရုတ်က ဝေဖန်ရှုတ်ချဖူးပါတယ်။

    ပြီးခဲ့တဲ့လကလည်း HRW နဲ့ အမေရိကန် NGO အဖွဲ့တွေကို တရုတ်က ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပြီး အမေရိကန်ရဲ့ ‘ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာ အက်ဥပဒေ’ ပြဌာန်းမှုကို တုန့်ပြန်တာ ဖြစ်ပါတယ်။

    မနေ့က စာမျက်နှာ ၆၅၂ မျက်နှာပါဝင်တဲ့ HRW ရဲ့ World Report 2020 အစီရင်ခံစာမှာ ဆီးရီးယား၊ ယီမင်နဲ့ မြောက်ကိုရီးယားတို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်းလည်း ပါဝင်ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းတွေက ဘာတွေလဲ

    ကမ္ဘာ့အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းတွေက ဘာတွေလဲ

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    -ကမ္ဘာပေါ်က အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၀ ခုကို AirlineRatings.com က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ရာမှာ ဩစတေးလျ နိုင်ငံပိုင်လေကြောင်းလိုင်း Qantas က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

    AirlineRatings.com ဟာ ကမ္ဘာတစ်ဝှမ်းက ‌လေကြောင်းလိုင်းပေါင်း ၄၀၅ ခုလောက်ကို စောင့်ကြည့်နေတာဖြစ်ပြီး အန္တရာယ်အကင်းဆုံးလို့ ယူဆရတဲ့ လေကြောင်းလိုင်းတွေစာရင်းကို နှစ်စဉ် ထုတ်ပြန်လေ့ ရှိပါတယ်။

    Qantas လေကြောင်းလိုင်းဟာ ၂၀၁၄ ခုနှစ် ၂၀၁၇ ခုနှစ်အထိ အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ လေကြောင်းလိုင်းပေါင်း ၂၀ လောက် အန္တရာယ်အကင်းဆုံးအဖြစ် ပူးတွဲရပ်တည်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်မှာ Qantas လေကြောင်းလိုင်းက အဆင့် ၁၊ နယူးဇီလန်ရဲ့ Air New Zealand လေ‌ကြောင်းလိုင်းက အဆင့် ၂၊ ထိုင်ဝမ်ရဲ့ EVA Air လေကြောင်းလိုင်းက အဆင့် ၃၊ ယူအေအီးအခြေစိုက် Etihad Airways လေကြောင်းလိုင်းက အဆင့် ၄၊ ကာတာရဲ့ Qatar Airways လေကြောင်းလိုင်းက အဆင့် ၅ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

    အရပ်ဖက်လေကြောင်းအဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ သုံးသပ်မှုတွေ၊ မတော်တဆဖြစ်မှု မှတ်တမ်း၊ လေယာဉ်တွေရဲ့ သက်တမ်း၊ ဘဏ္ဍာရေးအခြေအနေ၊ လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးမှုတွေကို သုံးသပ်ကာ ဒီစာရင်းကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ထိပ်တန်းနေရာမှာ ရှိခဲ့တဲ့ British Airways၊ ANA, American Airlines နဲ့ United လေကြောင်းလိုင်းတွေကတော့ အခုနှစ် အန္တရာယ်အကင်းဆုံးစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

    ကမ္ဘာ့ အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၄ ခု

    Ref: CNN

  • မက္ကာဒေသမှ သမိုင်းဗလီ ၅ လုံးကို ဆော်ဒီက ပြင်ဆင်ကာ ပြန်လည်ဖွင့်လှစ်

    မက္ကာဒေသမှ သမိုင်းဗလီ ၅ လုံးကို ဆော်ဒီက ပြင်ဆင်ကာ ပြန်လည်ဖွင့်လှစ်

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    ဂျာရီ အလ်-ဘာဂျာလီဗလီ

    -တမန်တော် မုဟမ္မဒ်သခင် လက်ထက်က တည်ဆောက်ထားတဲ့ ဗလီတစ်ချို့အပါအဝင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ စလုံး ပိတ်ထားရတဲ့ သမိုင်းဝင်ဗလီ ၅ လုံးကို ဆော်ဒီက ပြင်ဆင်ကာ အများပြည်သူဝတ်ပြုနိုင်ဖို့အတွက် အခုတစ်ပတ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။

    မက္ကာမြို့ရဲ့ အလ်-ဘာဟာဒေသမှာရှိတဲ့ ဗလီတွေဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက သမိုင်းဝင်ဗလီ ၁၃၀ လောက်ကို ပြုပြင်ထိန်းသိမ်းရေး ဆော်ဒီအစိုးရ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    အခု ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဗလီတွေထဲမှာ သွာအစ်ဖ်မြို့က ဂျာရီ အလ်-ဘာဂျာလီနဲ့ ဆူလိုင်မာနီဗလီ၊ အလ်-ဘာဟာမြို့က အလ်-မာလာဒ့်၊ အလ်-အတာဝီလာဗလီနဲ့ အလ်-ဒါဖီရ်ဗလီတို့ ဖြစ်ပါတယ်။ အဲဒီဗလီတွေဟာ နှစ်ပေါင်း ၄၀ ကနေ ၆၀ လောက်အထိ ပိတ်ထားခဲ့ရတာပါ။

    ဂျာရီ အလ်-ဘာဂျာလီဗလီဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ သာ၀ကကြီးတစ်ပါးဖြစ်တဲ့ ဂျာရီရ် ဘင် အဘ်ဒူလာ အလ်-ဘာဂျာလီ တည်ဆောက်ထားတာဖြစ်ပြီး မက္ကာဒေသမှာ သက်တမ်းအရင့်ဆုံးဗလီလည်း ဖြစ်ပါတယ်။

    စကွဲယားမီတာ ၃၅၀ ကျယ်ဝန်းတဲ့ အဲဒီဗလီဟာ ကျောက်တုန်း၊ ထင်းရှူးသားနဲ့ ကွန်ကရစ်တွေ ပေါင်းစပ်ကာ အလ်-ဆာရတ် ဗိသုကာလက်ရာအတိုင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဝတ်ပြုဆုတောင်းမှုအပြင် တစ်ချိန်က ဒေသရဲ့ တရားရေးဆိုင်ရာ အဆောက်အဦးအဖြစ်လည်း ဒီဗလီကို အသုံးပြုခဲ့ပါတယ်။

    ဆူလိုင်မာနီဗလီကတော့ စကွဲယားမီတာ ၃၉၀ ကျယ်ဝန်းပြီး သွာအစ်ဖ်မြို့ရဲ့ သမိုင်းကြောင်းဆိုင်ရာ အထင်ကရနေရာတစ်ခုအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဘနူစအဒ်မျိုးနွယ်က ဦးလေးတွေစီ တမန်တော်မုဟမ္မဒ်သခင် သွားရောက်လည်ပတ်ပြီး ပြန်အလာ ယခုဗလီရှိရာနေရာကို ရောက်တဲ့အခါ တမန်တော်ဆိုလိုင်မန်သခင်နဲ့ ပတ်သက်ဆက်နွယ်တဲ့နေရာတစ်ခုဖြစ်တယ်လို့ တမန်တော်မုဟမ္မဒ်သခင်ရဲ့ မိန့်ကြားမှုကို အစွဲပြုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ဆူလိုင်မာနီဗလီဟာ တစ်ချိန်က ဒေသရဲ့ ပညာရေးဆိုင်ရာ အချက်အခြာနေရာတစ်ခု ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လစ်လျူရှုခံခဲ့ရပါတယ်။

    အလ်-ဘာဟာမြို့က အလ်-မာလာ့ဒ်ဗလီဟာ လူ ၃၀ ကျော်လောက်သာဆန့်တဲ့ အသေးစားဗလီတစ်ခုဖြစ်ပြီး ဗိသုကာလက်ရာပိုင်းမှာတော့ ဒေသတစ်ခုလုံးမှာ အပြောင်မြောက်ဆုံး ဖြစ်ပါတယ်။ ဒီဗလီဟာ ပညာရေးဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခရာကျတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

    အလ်-အတာဝီလာဗလီကတော့ လူ ၁၃၀ လောက် ဝတ်ပြုနိုင်တဲ့ ဗလီဖြစ်ပြီး၊ ဒေသတွင်းက သက်တမ်းအရင့်ဆုံး သမိုင်းဝင်အဆောက်အဦးတွေထဲကတစ်ခု ဖြစ်ကာ အလ်-ဆာရတ် ဗိသုကာလက်ရာအတိုင်း တည်ဆောက်ထားတာပါ။

    ၂၄၅ စကွဲယားမီတာကျယ်ဝန်းပြီး လူ ၉၀ လောက် ဝတ်ပြုနိုင်တဲ့ အလ်-ဒါဟာ ဗလီဟာ တစ်ချိန်တုန်းက ပညာရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဆော်ဒီအစိုးရရဲ့ သမိုင်းဝင်ဗလီတွေ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ပထမအဆင့်မှာ ဗလီဝတ်ကျောင်းတော်ပေါင်း ၃၀ လောက်ကို တစ်နှစ်ကျော်အတွင်း ကန်ဒေါ်လာ ၁၃ သန်း အကုန်ကျခံ ပြုပြင်ခဲ့ပါတယ်။

    Ref: Arab News

  • အင်္ဂါနေ့ ဘောလုံသတင်းများ

    အင်္ဂါနေ့ ဘောလုံသတင်းများ

    ဇန်နဝါရီ ၁၄၊ ၂၀၂၀
    M-Media

    ဘာစီလိုနာအသင်းက နည်းပြ ဗာလ်ဗာဒီကို ထုတ်ပယ်

    ဘာစီလိုနာအသင်းဟာ နည်းပြ ဗာလ်ဗာဒီကို အသင်းက ထုတ်ပယ်လိုက်ပြီး ရီးရဲလ်ဘက်တစ်နည်းပြဟောင်း ကီ‌ကေး ဆတီယန်ကို အစားထိုးခန့်အပ်လိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ် ဗာလ်ဗာဒီဟာ အသင်းကို ပြီးခဲ့တဲ့ ၂ နှစ်မှာ လာလီဂါချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အခုရာသီမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဖိုင်နယ် ရောက်ရှိအောင်နဲ့ ‌ကောင်းမွန်တဲ့ကစားပုံ ရရှိအောင် မစွမ်းဆောင်နိုင်တာတွေကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ အသက် ၆၁ နှစ်အရွယ် ဆတီယန်ဟာ ပြီးခဲ့တဲ့နှစ်က ဘက်တစ်အသင်းကို ၁၄ နှစ်အတွင်း လာလီဂါမှာ အမြင့်ဆုံးအဆင့် ရရှိအောင်၊ ဘုရင့်ဖလားမှာ ဆီမီးဖိုင်နယ်အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

    လက်တွေ့ကျသည့်နည်းလမ်းမျိုးသာ လိုအပ်ဟု မော်ရင်ဟိုပြော

    စပါးအသင်း ကစားပုံနဲ့ပတ်သက်လို့ ဝေဖန်မှုကို နည်းပြမော်ရင်ဟိုက ပယ်ချလိုက်ပြီး အသင်းအတွက် လက်တွေ့ကျတဲ့ နည်းလမ်းမျိုးသာ လိုအပ်တယ်လို့ ‌တုန့်ပြန်ခဲ့ပါတယ်။ လီဗာပူးလ်ကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ်ပွဲမှာ နောက်ခံလူ ၅ ဦးအထိ မော်ရင်ဟိုက အသုံးပြုခဲ့ပြီး ပထမပိုင်းမှာ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒီအတွက် ဝေဖန်ခံနေရတာပါ။ မော်ရင်ဟိုက နောက်ပိုင်းမှာ အသင်း ကစားပုံကောင်းလာတာကို ထောက်ပြခဲ့ပြီး ဒါဟာ မဟာဗျူဟာအရ နောက်ပွဲအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

    ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ဘာစီလိုနာအသင်း ရပ်တည်

    ပြီးခဲ့တဲ့ဘောလုံးရာသီက ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းစာရင်းကို Deloitte အဖွဲ့က ထုတ်ပြန်ရာမှာ ဘာစီလိုနာအသင်းက ထိပ်ဆုံးမှာရပ်တည်နေပြီး သမိုင်းတစ်လျှောက် ပထမဆုံး ရပ်တည်နိုင်တာလည်းဖြစ်ပါတယ်။ ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်က ဒုတိယနေရာမှာ ရှိနေကာ ပရီးမီးယားလိဂ်က မန်ယူကတော့ တတိယနေရာမှာ ရှိနေပါတယ်။ မန်ယူဟာ လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းနေရာကို ဆုံးရှုံးရဖွယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း ၁၀ သင်းမှာ ပရီးမီးယားလိဂ်က ၅ သင်း၊ လာလီဂါက ၂ သင်း၊ ဘွန်ဒစ်လီဂါ၊ ပြင်သစ်လီဂူးနဲ့ စီးရီး‌အေတို့က ၁ သင်းစီ ပါဝင်ပါတယ်။

    Ref: BBC, Daily Mail

  • ယူကရိန်းလေယာဉ်မှားယွင်းပစ်ချမှုအတွက် တာဝန်ရှိသူတစ်ချို့ကို အီရန် ဖမ်းဆီး

    ယူကရိန်းလေယာဉ်မှားယွင်းပစ်ချမှုအတွက် တာဝန်ရှိသူတစ်ချို့ကို အီရန် ဖမ်းဆီး

    ဇန်နဝါရီ ၁၄၊ ၂၀၂၀
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    -ယူကရိန်းခရီးသည်တင်လေယာဉ် မှားယွင်း‌ပစ်ချမှုအတွက် သံသယရှိသူတစ်ချို့ကို ဖမ်းဆီးထားတယ်လို့ အီရန်တရားရေးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈၀ ကျော် လိုက်ပါသွားတဲ့ အဲဒီလေယာဉ်ဟာ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပျံသန်းဖို့ တီဟီရန်မှာရှိတဲ့ အီမာမ်ခိုမေနီလေဆိပ်ကနေ ပျံတက်စဉ်မှာ ပစ်ချခံလိုက်ရတာဖြစ်ပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

    ဒုံးခွင်းစနစ်နဲ့ မှားယွင်းပစ်ချမှုကို အီရန်က အစောပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝန်ခံခဲ့ပါတယ်။ အီရတ်က အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့တိုက်ခိုက်ပြီးတဲ့နောက် အမေရိကန်ရဲ့ လက်တုန့်ပြန်မှုကို ရင်ဆိုင်ဖို့ ဒုံးခွင်းစနစ်တွေဖွင့်ထားချိန် ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။

    အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုလမ်ဟိုစိန် အစ္စမာအီလီက ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး လူတစ်ချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပေမယ့် အသေစိတ်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    အင်္ဂါနေ့ ရုပ်သံကနေတစ်ဆင့် တိုင်းပြည်ကိုပြောကြားတဲ့မိန့်ခွန်းမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီက လေယာဉ်ပစ်ချမှုဟာ ခွင့်မလွှတ်နိုင်စရာ အမှားတစ်ခုဖြစ်ပြီး ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုမျိုးလုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။

    ထိပ်တန်းတရားသူကြီးတစ်ဦးနဲ့ ကျွမ်းကျင်ပညာရှင် ဒါဇင်နဲ့ချီပါဝင်တဲ့ အထူးခုံရုံးတစ်ခု ဖွဲ့စည်းစစ်ဆေးဖို့လည်း ရူဟာနီက တိုက်တွန်း ဆော်ဩခဲ့ပါတယ်။

    လေယာဉ်ကို မှားယွင်းပစ်ခတ်တယ်လို့ အီရန်အစိုးရက ဝန်ခံခဲ့ပြီးတဲ့နောက် အီရန်ခေါင်းဆောင်ပိုင်းကလူတွေဟာ ဒီကိစ္စအတွက် အကြိမ်ကြိမ် တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera