News @ M-Media

Author: Ko Lay

  • ဘာဘရီဗလီကိစ္စတွင် မွတ်စလင်များအတွက် အိန္ဒိယတရားရုံးချုပ်၏ဆုံးဖြတ်ချက် အကောင်အထည်ပေါ်ရန် မသေချာ

    ဘာဘရီဗလီကိစ္စတွင် မွတ်စလင်များအတွက် အိန္ဒိယတရားရုံးချုပ်၏ဆုံးဖြတ်ချက် အကောင်အထည်ပေါ်ရန် မသေချာ

    နိုဝင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    ဖျက်ဆီးခံခဲ့ရသည့် ဘာဘရီဗလီ

    -၁၉၉၂ ခုနှစ်က အူတာပရာဒက်ရှ်ပြည်နယ် အယွတ်ဒယမြို့မှာ ဖျက်ဆီးခံလိုက်ရတဲ့ ဘာဘရီ ဗလီဝတ်ကျောင်းတော် အငြင်းပွားမှုကိစ္စအတွက် အိန္ဒိယတရားရုံးချုပ်က မွတ်စလင်တွေကို မြေနေရာ ၅ ဧကပေးဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အမိန့်ချခဲ့ပေမယ့် လက်တွေ့မှာတော့ ဒီဆုံးဖြတ်ချက် အကောင်အထည်ပေါ်လာဖို့ ခက်နေတယ်လို့ မွတ်စလင်လူ့အဖွဲ့အစည်းက ထင်မြင်ယူဆနေပါတယ်။

    နိုဝင်ဘာ ၉ ရက်နေ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်မှာ ဘာဘရီဗလီမြေနေရာကို ဟိန္ဒူတွေထံပေးဖို့နဲ့ အဲဒီနေရာမှာ ဟိန္ဒူဘုရားကျောင်းတစ်ခု ဆောက်လုပ်နိုင်ရေး ဂေါပကအဖွဲ့ ဖွဲ့စည်းပေးဖို့ အစိုးရကို အမိန့်ပေးခဲ့ပါတယ်။ မွတ်စလင်တွေအတွက်တော့ ဗလီတစ်လုံး ပြန်လည်ဆောက်လုပ်နိုင်ရေး မြေ ၅ ဧကပေးဖို့လည်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

    အဲဒီမြေနေရာ ၅ ဧကကို “ဘာဘရီဗလီနေရာဟောင်း အကျယ်အဝန်း ၆၇ ဧကကနေ ဖြစ်စေ၊ အယွတ်ဒယမြို့ရဲ့ အခြားနေရာမှာဖြစ်စေ ပြည်နယ်အစိုးရ ဒါမှမဟုတ် ဗဟိုအစိုးရက သတ်မှတ်ပေးရမည်” လို့ တရားရုံးချုပ်ရဲ့ အမိန့်မှာ ဖော်ပြထားပါတယ်။

    ရ၊ မရ မသေချာသေး

    အယွတ်ဒယမြို့ မွတ်စလင်လူ့အဖွဲ့အစည်းက မြို့အတွင်း ၅ ဧကကျယ်တဲ့နေရာ ရှားပါးတာကြောင့် အရင် ဘာဘရီဗလီ မြေနေရာထဲက ၅ ဧကခွဲပေးဖို့ လိုလားနေကြပါတယ်။

    ဘာဘရီဗလီနေရာကို ဖြိုချဖျက်ဆီးမှု မဖြစ်ပွားခင် ၁ နှစ်အလို ၁၉၉၁ ခုနှစ် ခုနှစ်မှာ ဗဟိုအစိုးရက သိမ်းဆည်ခဲ့တာပါ။

    အလယ်ခေတ် ၁၅၂၈ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဘာဘရီဗလီမှာ ၁၉၄၉ ခုနှစ် ဟိန္ဒူတက်ကြွလှုပ်ရှားသူတွေက ရာမနတ်ဘုရားရုပ် လာရောက်ထားရှိတဲ့အချိန် မတိုင်ခင်အထိ အစ္စလာမ်ဘာသာဝင်တွေဟာ အေးချမ်းစွာ ဝတ်ပြုလာခဲ့ကြတာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာတော့ ဟိန္ဒူတွေက ဘာဘရီဗလီနေရာဟာ ရာမနတ်ဘုရားမွေးဖွားရာနေရာလို့ စွပ်စွဲကာ ဟိန္ဒူဘုရားကျောင်းတည်ဆောက်ဖို့ တိုက်တွန်းဆော်ဩလာခဲ့ကြပါတယ်။ ဒီကိစ္စအတွက် အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၁၉၉၂ ခုနှစ်မှာ ဗလီကို ဟိန္ဒူလူအုပ်က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းတွေ ဖြစ်ပွားကာ လူ ၂ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။

    ဗလီနေရာ ပိုင်ဆိုင်ရေးအတွက် ဟိန္ဒူအုပ်စုတွေနဲ့ မွတ်စလင်တွေအကြား တရားတဘောင် ဖြစ်ခဲ့ကြပြီး မြေနေရာကို ၃ ပိုင်းပိုင်းကာ ၂ ပိုင်းကို ဟိန္ဒူ၊ ၁ ပိုင်းကို မွတ်စလင်တွေထံပေးဖို့ ၂၀၁၀ ခုနှစ်မှာ အာလာဟာဘတ်ဟိုက်ကုတ်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို နှစ်ဖက်စလုံးက မကျေနပ်တဲ့အတွက် တရားရုံးချုပ်ကို ဆက်လက်တင်ပြရမှာ နိုဝင်ဘာ ၉ ရက်နေ့က နောက်ဆုံး ဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    မွတ်စလင်ခေါင်းဆောင်တွေ၊ ပညာရှင်တွေကတော့ ဘာဘရီဗလီတည်ရှိရာ နေရာ မြေ ၅ ဧက ခွဲပေးပြီး၊ ဗလီအပြင် အစ္စလာမ့်ရေးရာ တက္ကသိုလ်တစ်ခု ဆောက်လုပ်ပေးဖို့ လိုလားနေကြပါတယ်။

    ဟိန္ဒူအုပ်စုတွေကတော့ ဘာဘရီဗလီနေရာထဲက တစ်စိတ်တစ်ပိုင်းကို မွတ်စလင်တွေထံ ပြန်ပေးရမှာ မလိုလားဘဲ အယွတ်ဒယမြို့ အပြင်မှာပဲ နေရာပေးဖို့ တောင်းဆိုထားကြပါတယ်။

    မွတ်စလင်တွေကို မြေ ၅ ဧက ပေးရေး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် အကောင်အထည်ဖော်မယ့်ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယဗဟိုအစိုးရနဲ့ အူတာပရာဒက်ရှ် ပြည်နယ်အစိုးရတို့က တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    Ref: National Herald of India

  • ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၂ ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

    ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၂ ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

    နိုဝင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသမှာ အင်္ဂါနေ့ကနေစတင်ပြီး အစ္စရေးကပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ပါလက်စတိုင်းအရပ်သားအရေအတွက်ဟာ ၂၄ ဦးအထိ ရှိလာခဲ့ပါတယ်။

    အစ္စရေးဟာ အီရန်ကျောထောက်နာက်ခံပြု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ Islamic Jihad အဖွဲ့က တပ်မှူး ဘာဟာ အဘူ အလ်-အတ္တာနဲ့ သူ့ရဲ့ဇနီးတို့ကို ဂါဇာမှာ အင်္ဂါနေ့က လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီနောက် လွတ်မြောက်ရေးအဖွဲ့က ဒုံးကျည်တွေနဲ့ အစ္စရေးဖက်ကို ပြန်လည်ပစ်ခတ်ခဲ့ပြီး အခြေအနေ တင်းမာလာတာပါ။

    ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ Islamic Jihad တာဝန်ရှိသူ အက္ကရမ် အလ်-အဂျူရီရဲ့ နေအိမ်ကိုလည်း အစ္စရေးက အင်္ဂါနေ့မှာပဲ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အလ်-အဂျူရီရဲ့ သားတစ်ဦးအပါအဝင် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

    ဂါဇာတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ၂ ရက်အတွင်း အစ္စရေးဟာ လေကြောင်းတိုက်ခိုက်မှု ၅၀ ကျော်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၂၁ ခု ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ လယ်ယာတွေ၊ သစ်သီးခြံတွေ၊ Islamic Jihad အဖွဲ့နဲ့ သက်ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့အထိ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၄ ဦးအထိ ရှိလာခဲ့ပြီး အနည်းဆုံး ၆၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဗလီကို ဗုံးခွဲရန် ကြံစည်ထားသည့် အစွန်းရောက်အုပ်စုတစ်ခုကို အီတလီဖမ်းဆီး

    ဗလီကို ဗုံးခွဲရန် ကြံစည်ထားသည့် အစွန်းရောက်အုပ်စုတစ်ခုကို အီတလီဖမ်းဆီး

    နိုဝင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    ယမနေ့စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့သည်များ

    -နိုင်ငံအလယ်ပိုင်းက ဗလီတစ်လုံးကို ဗုံးခွဲဖို့ကြံစည်နေတဲ့ နာဇီထောက်ခံသူ လက်ယာအုပ်စုကို အီတလီရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးလိုက်ပါတယ်။

    Siena မြို့မှာ မနေ့ကမနက်ပိုင်း စီးနင်းမှုအတွင်း လူ ၁၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာပါ။ စီးနင်းမှုအတွင်း ဒုံးကျည်လောင်ချာ၊ သေနတ်မျိုးစုံနဲ့ ဓားတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့အဖွဲ့ဟာ နာဇီဝါဒကို ပုံမှန်လိုလို ထောက်ခံအားပေးပြီး၊ လူမျိုးရေးမုန်းတီးမှုတွေကို ပေါ်ပေါ်ထင်ထင် ဖြန့်ဝေနေတဲ့အဖွဲ့ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီအဖွဲ့ဟာ Siena မြို့က Colle Val d’Elsa ဗလီဝတ်ကျောင်းတော်ကို ဂက်စ်ပိုက်လိုင်းအသုံးပြုကာ ဖောက်ခွဲဖျက်ဆီးဖို့ ကြံစည်ထားကြတာဖြစ်ပါတယ်။ အဖွဲ့မှာပါဝင်တဲ့ လက်ယာစွန်းရောက်တွေဟာ ဒေသတွင်း လက်နက်ကိုင်ဆောင်တဲ့ ကင်းလှည့်အဖွဲ့တစ်ခုဖွဲ့စည်းကာ ရာဇတ်မှုတွေကို ရဲလက်မအပ်ဘဲ ကိုယ်တိုင်ကိုင်တွယ်ဖို့ အစီအစဉ်လည်း ရှိနေပါတယ်။ ဒါပေမယ့် အခြားသော လက်ယာစွန်းရောက်အဖွဲ့တွေနဲ့ ပတ်သက်မှုမရှိဘူးလို့ အီတလီအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းကလည်း အီတလီရဲတပ်ဖွဲ့ဟာ လက်ယာအစွန်းရောက်တွေထံကနေ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်အပါအဝင် အခြားလက်နက်မျိုးစုံ၊ နာဇီဝါဒဖြန့်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

    Ref: TRT World

  • ပါလက်စတိုင်းကိစ္စ မဖြေရှင်းနိုင်လျှင် အကြမ်းဖက်မှု ပိုမြင်ရမည်ဟု မဟာသီ သတိပေး

    ပါလက်စတိုင်းကိစ္စ မဖြေရှင်းနိုင်လျှင် အကြမ်းဖက်မှု ပိုမြင်ရမည်ဟု မဟာသီ သတိပေး

    နိုဝင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    -ပါလက်စတိုင်းပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် အကြမ်းဖက်မှုတွေ ပိုမိုများပြားလာလိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုကပါတယ်။

    မဟာသီဟာ ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် မားမားမတ်မတ်ရပ်တည်သူဖြစ်ပြီး အစ္စရေးကို ဝေဖန်မှုတွေကြောင့် ဂျူးဆန့်ကျင်ရေးသမားလို့ သမုတ်ခံရသူဖြစ်ပါတယ်။

    မလေးရှား အစ္စလာမ့်နားလည်မှုရေးရာအင်စတီကျု (Ikim) က ဒီကနေ့ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ မဟာသီက ပါလက်စတိုင်းတွေကိုဖိနှိပ်ပြီး သူတို့ရဲ့နယ်မြေတွေကို ကျူးကျော်နေတဲ့ အစ္စရေးကို ထောက်ခံကူညီပေးနေတဲ့ အနောက်နိုင်ငံတွေကို ဝေဖန်ခဲ့ပါတယ်။

    “နိုင်ငံတစ်ခုက အခြားနိုင်ငံတစ်ခုထဲဝင် တရားမဝင်အိမ်ယာတွေဆောက်ပြီး အဲဒီအိမ်ယာတွေထဲအိမ်ရှင်တွေ ပေးမဝင်တဲ့ အဖြစ်အပျက်မျိုး သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် အစ္စရေးက ဒါမျိုးလုပ်ဆောင်နေပြီး ကမ္ဘာကြီးကလည်း ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေပါတယ်”

    ပါလက်စတိုင်းတွေရဲ့လုပ်ရပ်ကို ရှုတ်ချမှုတွေရှိပေမယ့် အစ္စရေးရဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ကမ္ဘာ့နိုင်ငံတွေက ခွင့်ပြုထားတယ်လို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ikim က“Demystifying Islamophobia: Towards a Deeper Understanding of Islam”(အစ္စလာမ်ကြောက်ရောဂါကို နားလည်ရေး – အစ္စလာမ်သာသနာကို နက်နက်ရှိုင်းရှိုင်တူးဆွကြည့်ခြင်း) ခေါင်းစဉ်နဲ့လုပ်တဲ့ အဲဒီအခမ်းအနားမှာ နိုင်ငံတကာက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းတွေဟာ ဆုံးရှုံးမှုတွေများပြားကာ မျှော်လင့်ချက်မဲ့နေတာကြောင့် အကြမ်းဖက်မှုတွေ ပိုမိုမြင်လာရနိုင်တယ်လို့လည်း မဟာသီက သတိပေးခဲ့ပါတယ်။

    “ပါလက်စတိုင်းတွေ တရားမျှတမှုရမယ်ဆိုရင် အကြမ်းဖက်တာတွေလည်း လျော့သွားမှာပါ။ ကမ္ဘာကြီးရဲ့ စာနာနားလည်မှုကိုရမှ သူတို့အတွက် ပိုကောင်းမှာပါ။ အမေရိကန်နဲ့ ဥရောပသားတော်တော်များများက အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် စာနာကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က အကြမ်းဖက်မှုတွေကို လုပ်နေတယ်ဆိုရင် သူတို့ကို အစ္စရေးဖက်တွန်းပို့သလို ဖြစ်သွားမယ်”

    ဘာသာစုံလူမျိုးစုံရှိတဲ့ တိုင်းပြည်တစ်ခု တည်ငြိမ်ဖို့ဆိုရင် ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်ဖို့လိုတယ်လို့လည်း မဟာသီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: The Star

  • အီရန်က ယူရေနီယံသန့်စင်မှု ပြန်လုပ်နေဟု IAEA အတည်ပြု

    အီရန်က ယူရေနီယံသန့်စင်မှု ပြန်လုပ်နေဟု IAEA အတည်ပြု

    နိုဝင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်း Fordow မြေအောက် နျူကလီးယားစက်ရုံမှာ အီရန်က ယူရေနီယံ သန့်စင်မှုတွေကို စတင်လုပ်ဆောင်နေပြီး နောက်ထပ်လည်း ထပ်တိုးလုပ်ဆောင်သွားဖို့ရှိတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ၂၀၁၈ ခုနှစ် မေလမှာ ကြေငြာကာ အီရန်အပေါ်ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ပြီးတဲ့နောက်ပိုင်း အီရန်ကလည်း သဘောတူညီချက်ပါ သတ်မှတ်ချက်တွေ လိုက်နာမှုကို တစ်ဆင့်ပြီးတစ်ဆင့် လျော့ချလာခဲ့တာ ဖြစ်ပါတယ်။

    Fordow နျူစက်ရုံမှာ ယူရေနီယံသန့်စင်မှု ပြန်လည်ပြုလုပ်တာဟာ လိုက်နာမှုလျော့ချမှုမှာ သိသာထင်ရှားတဲ့အဆင့် ဖြစ်ပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့အတွက် အီရန်ဟာ Fordow နျူစက်ရုံကို တောင်တစ်ခုအောက်မှာ ဆောက်လုပ်ထားပြီး ၂၀၀၉ ခုနှစ်မှာ IAEA စုံစမ်းစစ်ဆေးမှူးတွေကို ဝင်ခွင့်ပေးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်အရ ဒီစက်ရုံမှာ ယူရေနီယံ သန့်စင်မှုလုပ်ငန်းကို ကန့်သတ်ပေမယ့် သုတေနသလုပ်ငန်းအတွက် အချို့ centrifuge တွေကို‌ အသုံးပြုခွင့်ပေးထားပါတယ်။ ‌IAEA က ထုတ်ပြန်တဲ့ ၃ လပတ်အစီရင်ခံစာမှာတော့ အီရန်ဟာ Fordow စက်ရုံမှာ ယူရေနီယံသန့်စင်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်ကတော့ အီရန်ရဲ့ နျူကိစ္စ၊ ဒုံးကျည်ကိစ္စနဲ့ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ အခန်းကဏ္ဍတွေအားလုံး လွှမ်းခြုံနိုင်မယ့် သဘောတူညီချက်ရအောင် ဖိအားပေးသွားမယ်လို့ ပြောကြားထားပါတယ်။ ဥရောပသမဂ္ဂအပါအဝင် ၂၀၁၅ သဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ အခြားနိုင်ငံတွေကလည်း အီရန်ရဲ့ လုပ်ရပ်တွေအတွက် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera