News @ M-Media

Author: Ko Lay

  • ဆော်ဒီက စတိတ်ရှိုးတစ်ခုတွင် လူတစ်ယောက်က ဓားဖြင့်ဝင်ထိုး

    ဆော်ဒီက စတိတ်ရှိုးတစ်ခုတွင် လူတစ်ယောက်က ဓားဖြင့်ဝင်ထိုး

    နိုဝင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်က စတိတ်ရှိုးမှာ အမျိုးသားတစ်ဦးက စင်ပေါ်တက်ပြီး ဓားနဲ့ထိုးတာကြောင့် သီဆိုဖျော်ဖြေသူ ၃ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

    ရှိုးပွဲကို မနေ့က ကင်းအဘ်ဒူလာပန်းခြံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ယီမင်အမျိုးသားတစ်ဦးက ဓားနဲ့ဝင်ထိုးခဲ့တာပါ။ လူ့အဖွဲ့အစည်းမှာ တင်းကြပ်မှု ဖြေလျော့ပေးရေး၊ ရေနံအပြင် အခြားစီးပွားရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆော်ဒီဟာ ၂ လတာ ဂီတပွဲတော်တွေကို နိုင်ငံတစ်ဝှမ်းမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

    ရှေးရိုးစွဲယဉ်ကျေးမှုကြီးစိုးတဲ့ ဆော်ဒီမှာ အရင်က ဖျော်ဖြေရေးအခမ်းအနားတွေကို ကျင်းပခွင့်မရပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းကစလို့ မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ လူမှုရေး ကန့်သတ်ရေးမှုတွေကို ဖြေလျော့တာ၊ ဖျော်ဖြေရေးဏ္ဍ မြှင့်တင်ပေးတာတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။

    ဒီလို ပြုပြင်ပြောင်းလဲမှုတွေကို ဆော်ဒီလူငယ်တွေက ထောက်ခံကြပေမယ့် သဘောထားတင်းမာတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးရဲတွေက သူတို့ရဲ့‌ဩဇာကျဆင်းမှာကို စိုးရိမ်တာကြောင့် ဆန့်ကျင်မှုတွေ ရှိလာလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    မနေ့က တိုက်ခိုက်မှုဟာ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်မှုကြောင့်လား၊ ယီမင်စစ်ပွဲမှာ ဆော်ဒီက ပါဝင်မှုကို မကျေနပ်လို့ လုပ်ဆောင်တာလားဆိုတာ တိတိကျကျ မသိရပါဘူး။ ဒဏ်ရာရသူတွေက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဆေးကုသမှု ခံယူပြီးတဲ့နောက် အခြေအနေ တည်ငြိမ်သွားပြီလို့ ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    Ref: Aljazeera

  • နျူဓာတ်အားပေးစက်ရုံတွင် အီရန်က ဒုတိယမြောက် ဓာတ်ပေါင်းဖိုဆောက်

    နျူဓာတ်အားပေးစက်ရုံတွင် အီရန်က ဒုတိယမြောက် ဓာတ်ပေါင်းဖိုဆောက်

    နိုဝင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်းက Bushehr က နျူဓာတ်အားပေးစက်ရုံမှာ ဒုတိယမြောက် နျူဓာတ်ပေါင်းဖို တစ်ခုကို အီရန်က မနေ့မှာ ဖောင်ဒေးရှင်းချခဲ့ပြီး ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ပျက်ပြယ်လုဆဲဆဲ အချိန်မှာ ဒီလုပ်ဆောင်မှု ပေါ်ထွက်လာတာပါ။

    နျူဓာတ်ပေါင်းဖို့ စတင်တည်ဆောက်မှု အခမ်းအနားကို တက်ရောက်လာတဲ့ အီရန်အာဏာပိုင်တွေက ဓာတ်ပေါင်းဖိုပြီးစီးသွားရင် နိုင်ငံရဲ့ ဓာတ်အားလိုင်းထဲကို ဓာတ်အား မီဂါဝပ် ၁၀၀၀ ကျော် ပေါင်းထည့်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားရဲ့အကူအညီနဲ့ ဓာတ်ပေါင်းဖိုကို ဆောက်လုပ်တာ ဖြစ်ပါတယ်။ Bushehr နျူဓာတ်အားပေးစက်ရုံက ပထမဆုံး ဓာတ်ပေါင်းဖိုကိုလည်း ရုရှားက ကူညီတည်ဆောက်ပေးခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာ နှောင့်နှေး ကြန့်ကြာခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ စတင် လည်ပတ်နိုင်ခဲ့ပါတယ်။ အီရန်ဟာ ဒီစက်ရုံမှာပဲ တတိယမြောက် ဓာတ်ပေါင်းဖိုတစ်ခုလည်း တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

    အီရန် အနုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ အလီ အက္ကဘာရ် ဆာလေဟီက ‌နျူကလီးယားစွမ်းအင်ဟာ ခိုင်မာတဲ့ ဓာတ်အားရင်းမြစ်တစ်ခုဖြစ်ပြီး၊ စက်ရုံတစ်ခုက တစ်နှစ်ကို ရေနံစည်ပေါင်း ၁၁ ဘီလီယံ၊ ကန်ဒေါ်လာ သန်း ၆၆၀ သက်သာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Bushehr နျူဓာတ်အားပေးစက်ရုံကို နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က စောင့်ကြည့်နေတာပါ။ စက်ရုံလည်ပတ်ဖို့အတွက် ယူရေနီယံကို အီရန်က ၄.၅ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီး ဒါဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ပါ သတ်မှတ်ချက် ၃.၆၇ ရာခိုင်နှုန်းထက် ကျော်လွန်နေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်မေလ အမေရိကန်က သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ကလည်း သဘောတူညီချက်ပါ သတ်မှတ်ချက်တွေကို တစ်ဖြည်းဖြည်းနဲ့ လိုက်နာခြင်း မရှိတော့ပါဘူး။

    ဆာလေဟီက သဘောတူညီချက်ကို မိမိတို့က စတင်ချိုးဖောက်တာမဟုတ်ဘူးလို့ မနေ့က အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးကို လယ်ယာလုပ်ပိုင်ခွင့်ပေးထားသည့် ဒေသနှစ်ခုကို ဂျော်ဒန်ပြန်သိမ်း

    အစ္စရေးကို လယ်ယာလုပ်ပိုင်ခွင့်ပေးထားသည့် ဒေသနှစ်ခုကို ဂျော်ဒန်ပြန်သိမ်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -အစ္စရေးကို ဆယ်စုနှစ်ချီ လယ်ယာလုပ်ပိုင်ခွင့်ပေးထားတဲ့ ဒေသနှစ်ခုကို ဂျော်ဒန်က မနေ့မှာ ပြန်လည် သိမ်းယူလိုက်ပါတယ်။

    အစ္စရေးနဲ့ကပ်နေတဲ့ al-Baqoura နဲ့ al-Ghumar ဒေသတွေဖြစ်ပြီး ၁၉၉၄ ခုနှစ် အစ္စရေး-ဂျော်ဒန် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဒီဒေသတွေရဲ့ အချုပ်အခြာအာဏာကို ဂျော်ဒန်က ပိုင်ဆိုင်ပေမယ့် အစ္စရေးလယ်သမားတွေကို လုပ်ပိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီသဘောတူညီချက်ကို သက်တမ်းမတိုးတော့ဖို့ ဂျော်ဒန်ပြည်သူတွေက ဖိအားပေးလာတာကြောင့် ၂၀၁၈ ခုနှစ်မှာ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က အစ္စရေးကို ၁ နှစ် အချိန်ပေးခဲ့ပါတယ်။

    ငြိမ်ချမ်းရေးစာချုပ် ချုပ်ဆိုထားပေမယ့် အစ္စရေးနဲ့ ဂျော်ဒန်တို့အကြား ပြီးခဲ့တဲ့နှစ်တွေမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဂျော်ဒန်ဟာ ပါလက်စတိုင်းနိုင်ငံ တူထောင်နိုင်ငံရေး အပြည့်အဝေ ထောက်ခံထားပြီး အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

    ပြီးခဲ့တဲ့လမှာ ဂျော်ဒန်ဟာ အစ္စရေးက သူတို့ရဲ့သံမတ်ကို ခေတ္တ ပြန်လည်ခေါ်ယူခဲ့ပြီး ဂျော်ဒန်နိုင်ငံသား ၂ ဦးကို အစ္စရေးက တရားလက်လွတ် ဖမ်းဆီးမှုအတွက် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း ဂျော်ဒန်မြို့တော် အမ်နန်က အစ္စရေးသံရုံးရဲ့ လုံခြုံရေးအစောင့်ဟာ ဂျော်ဒန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

    နယ်စပ်ကမြေတွေကို ပြန်သိမ်းခဲ့ပေမယ့် ဂျေရုစလင်က အစ္စလာမ်နဲ့ ခရစ်ယာန်တို့ရဲ့ သာသနိက အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်နေရတာကြောင့် ဂျော်ဒန်ဟာ အစ္စရေးနဲ့ ဆက်လက်ပတ်သက်နေရအုံးမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • သောကြာဂြိုဟ်ကို အာကာသယာဉ်လွှတ် လေ့လာရန် အိန္ဒိယ စီစဉ်နေ

    သောကြာဂြိုဟ်ကို အာကာသယာဉ်လွှတ် လေ့လာရန် အိန္ဒိယ စီစဉ်နေ

    နိုဝင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -အာကာသ စူးစမ်းလေ့လာရေးစီမံကိန်း ၃ ခု လုပ်ဆောင်ထားတဲ့ အိန္ဒိယနိုင်ငံဟာ သောကြာဂြိုဟ် (Venus) ကို လေ့လာဖို့အတွက် ပစ်မှတ်ထား ဆောင်ရွက်လာပါတယ်။

    အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ISRO က သိပ္ပံပညာရှင်တွေဟာ ဒီလေ့လာမှုအတွက် အိန္ဒိယအစိုးရထံမှာ ခွင့်ပြုချက်တောင်းဖို့ ပြင်ဆင်နေပြီး လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အာကာသယာဉ် လွှတ်တင်သွားဖို့ ရှိနေပါတယ်။

    ISRO အဖွဲ့က သိပ္ပံပညာရှင် နီဂါ ရှာဂျီက ဒီခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်ဟာ သောကြာဂြိုဟ်မျက်နှာပြင်နဲ့ ‌မြေဆီလွှာကို လေ့လာဖို့ဖြစ်တယ်လို့ အခုတစ်ပတ် အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သောကြာဂြိုဟ် ကျွမ်းကျင်သူများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အာကာသယာဉ် တည်ဆောက်ဖို့အတွက် သောကြာဂြိုဟ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တစ်နှစ်အတွင်း ISRO က စုဆောင်းဖို့ ရှိနေပါတယ်။ ခရီးစဉ်အတွင်း ဂြိုဟ်ရဲ့ လေထု၊ သဘာ၀ပတ်ဝန်းကျင်အခြေအနေ စတာတွေကိုလည်း လေ့လာသွားမယ်လို့ ရှာဂျီက ဆိုပါတယ်။

    အစိုးရကသာ ဒီစီမံကိန်းကို ခွင့်ပြုမယ်ဆိုရင် ၂၀၂၃ ခုနှစ်မှာ အာကာသယာဉ် လွှတ်တင်နိုင်ဖို့ ISRO က စီစဉ်ထားပါတယ်။

    အိန္ဒိယနိုင်ငံဟာ ၂၀၀၉ ခုနှစ်မှာ လပတ်လမ်းကို စူးစမ်းလေ့လာရေးယာဉ် စေလွှတ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာတော့ အင်္ဂါဂြိုဟ်ပတ်လမ်းကို စူးစမ်းလေ့လာရေး ယာဉ်တစ်စီး အောင်မြင်စွာ စေလွှတ်နိုင်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ဒုတိယအကြိမ်မြောက် လကမ္ဘာ စူးစမ်းလေ့လာရေး ‌အာကာသယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပြီး လပေါ်ကို ဆင်းသက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ISRO အကြီးအကဲ ဒေါက်တာ ကေ စီဗန်က လပေါ်ကို ဆင်းသက်လေ့လာမယ့် နောက်ထပ်အာကာသယာဉ်တစ်စင်းကို မကြာခင် စေလွှတ်သွားမယ်လို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    Ref: Space.com

  • OIC နှင့် ရုရှားတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

    OIC နှင့် ရုရှားတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

    နိုဝင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -အစ္စလာမ့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအဖွဲ့ချုပ် (OIC) နဲ့ ရုရှားနိုင်ငံက တာဝန်ရှိသူတွေဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ အခုတစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    တွေ့ဆုံမှုအတွင်း OIC အတွင်းရေးမှူး ဒေါက်တာ ယူစွဖ် အလ်-အိုသိုင်မင်က ‌အစ္စလာမ်ဘာသာဝင်ဦးရေ ၂၅ သန်းကျော်ရှိပြီး ဘာသာရေး၊ ယဉ်ကျေးမှု ပေါင်းစုံကာ ဗဟုဝါဒ ထွန်းကားတဲ့ ရုရှားနိုင်ငံရဲ့ မွတ်စလင်ကမ္ဘာအကြား ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် အရေးကြီးမှုကို အလေးထား ပြောကြားခဲ့ပါတယ်။

    ရုရှား မွတ်သီဓမ္မသတ်မှူးများကောင်စီ ဥက္ကဌ ရှိခ် ရာဝီ အီနက်ဒင်းနဲ့ အလ်-အိုသိုင်မင်တို့ရဲ့ အဲဒီတွေ့ဆုံမှုအတွင်း ရုရှားနိုင်ငံနဲ့ OIC အဖွဲ့ဝင်နိုင်ငံများအကြား ပညာရေး၊ ယဉ်ကျေးမှု၊ မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရုရှားနဲ့ မွတ်စလင်ကမ္ဘာတို့အကြား ပိုမိုနီးကပ်လာစေကာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ အလယ်အလတ်တရားကို ရှုမြင်စေမယ့် အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Arab News