News @ M-Media
Author: Ko Lay
  • လတ်တလော ရှမ်းမြောက်တိုက်ပွဲများကြောင့် အရပ်သား ၁၇ ဦးသေဆုံး၊ ၂၇ ဦးဒဏ်ရာရ
    လတ်တလော ရှမ်းမြောက်တိုက်ပွဲများကြောင့် အရပ်သား ၁၇ ဦးသေဆုံး၊ ၂၇ ဦးဒဏ်ရာရ
    စက်တင်ဘာ ၈၊ ၂၀၁၉
    M-Media
    မဟာမိတ် ၃ ဖွဲ့ ဖျက်ဆီးခဲ့သည့် ဂုတ်တွင်းတံတား
    -ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား
    ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဖို့
    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။
    သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇ ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရခဲ့ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။
    အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ကလည်း ၇၅၀၀ လောက်ရှိနေပြီး ၃၅၀၀ က ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။
    ထိခိုက်ခံစားရသူတွေကို အကူအညီပေးရေး ကားတန်းတွေကို အစိုးရစ်စတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုစလုံးက တားဆီးဟန့်တားမှုတွေ ရှိနေတာကြောင့် အစားအသောက်နဲ့ ဆေးဝါး ပြတ်တောက်မှု ဖြစ်နေတယ်လို့ NGO အဖွဲ့အစည်းတွေက HRW ကို ပြောကြားခဲ့ပါတယ်။
    “အရပ်သားတွေကို အကာအကွယ်ပေးရေးဟာ စစ်ပွဲရဲ့ အဓိကလိုက်နာရမယ့် စည်းကမ်း ဖြစ်တယ်ဆိုတာ အစိုးရစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်တွေကပါ အသိအမှတ်ပြုရပါမယ်။ အရပ်သားတွေအပေါ် တရားလက်လွတ် တိုက်ခိုက်တာမျိုး နှစ်ဖက်စလုံးက ရပ်တန့်ပြီး၊ လို အပ်နေတဲ့သူတွေထံ အကူအညီတွေရောက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်က ပြောကြားခဲ့ပါတယ်။
    တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က လာရှိုး၊ နောင်ချိုနဲ့
    ပြင်ဦးလွင်တို့က စစ်ဖက်၊ အရပ်ဖက် ပစ်မှတ်တွေကို သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ပြီးတဲ့နောက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
    Ref: hrw.org
  • ဖိလစ်ပိုင်ရှိ မိုရိုလက်နက်ကိုင်များ ငြိမ်းချမ်းရေးသဘောတူညီချက်အရ လက်နက်စွန့်
    ဖိလစ်ပိုင်ရှိ မိုရိုလက်နက်ကိုင်များ ငြိမ်းချမ်းရေးသဘောတူညီချက်အရ လက်နက်စွန့်
    စက်တင်ဘာ ၈၊ ၂၀၁၉
    M-Media
    လကနက်စွန့်သည့်အခမ်းအနားတွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို တွေ့ရစဥ
    -ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မိုရိုလက်နက်ကိုင်တစ်ချို့ဟာ စက်တင်ဘာ ၇ ရက်နေ့က လက်နက်စွန့်ခဲ့ပြီး ဖိလစ်ပိုင်အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    မိုရို အစ္စလာမ့်မစ်လွတ်မြောက်ရေးတပ်ဦး (MILF) က တပ်ဖွဲ့ဝင် တစ်ထောင်လောက်ဟာ လက်နက်မျိုးစုံ ၉၄၀ လောက်ကို အပ်နှံခဲ့တာဖြစ်ပါတယ်။ MILF က သူတို့မှာ အဖွဲ့ဝင် ၄ သောင်းလောက်ရှိပြီး လာမယ့်နှစ်တွေမှာ တစ်သုတ်ချင်းစီလက်နက်စွန့်ကာ နိုင်ငံရေးပါတီတစ်ခုအဖြစ် ထူထောင်သွားမယ်လို့ ပြောကြားထားပါတယ်။
    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက ဌာနေမိုရိုလူမျိုးစုတွေဟာ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့် ရဖို့အတွက် ၁၉၇၇ ခုနှစ်ကတည်းက ဖိလစ်ပိုင်အစိုးရကို လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    နိုင်ငံရေးဆွေးနွေးမှုတွေကိုတော့ ၁၉၇၆ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ Comprehensive Agreement on Bangsamoro (CAB) သဘောတူညီချက်ကို ဖိလစ်ပိုင်အစိုးရနဲ့ မိုရိုခေါင်းဆောင်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
    သဘောတူညီချက်အရ တောင်ပိုင်းပြည်နယ်တွေကို ဖိလစ်ပိုင်အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်ဖြည်းဖြည်းတိုးမြှင့်ပေးသွားမှာဖြစ်သလို၊ အပြန်အလှန်အားဖြင့် မိုရိုလက်နက်ကိုင်အဖွဲ့ MILF ကလည်း တစ်ဖြည်းဖြည်း လက်နက်စွန့်သွားမှာဖြစ်ပါတယ်။
    မနေ့က လက်နက်စွန့်မှုဟာ ပထမအသုတ်ဖြစ်ပြီး လာမယ့်နှစ်မှာ MILF ရဲ့ အဓိကတပ်ဖွဲ့ လက်နက်စွန့်မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့တပ်ဖွဲ့ဝင်တွေက ၂၀၂၂ ခုနှစ် နောက်ဆုံးထားပြီး လက်နက်စွန့်မှာ ဖြစ်ပါတယ်။
    လက်နက်စွန့်သူတွေဟာ ထောက်ပံ့ကြေး ဖိလစ်ပိုင်ပီဆို ၁ သန်း (ကန်ဒေါ်လာ ၁၉၀၀၀) ထောက်ပံ့ကြေး၊ ပညာသင်ဆု၊ ကျန်းမာရေးအာမခံ စတာတွေ ရရှိမှာဖြစ်သလို၊ အရပ်သားစစ်စစ်တစ်ယောက် ဖြစ်လာရေး သင်တန်းပေးဖို့လည်း ဖိလစ်ပိုင်အစိုးရက စီစဉ်ထားပါတယ်။
    ရာဇ၀တ်မှုစွဲချက်တွေ တပ်ခံထားရသူတွေဟာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမှာဖြစ်ပြီး၊ အစိုးရ လုံခြုံရေးတပ်ဖွဲ့ကို ၀င်ရောက်ဖို့ အရည်အချင်းပြည့်မီသူတွေကတော့ ၀င်ရောက် တာဝန်ထမ်းဆောင်နိုင်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ငြိမ်းချမ်းရေးအကြံပေး ကာလီတို ဂါလ်ဗက်ဇ်က ပြောကြားခဲ့ပါတယ်။
    Ref: AFP
  • ‘မွတ်စလင်ထုတ် ပစ္စည်းများကိုသာ ရွေးဝယ်ပါ’ လှုပ်ရှားမှုကို မလေးရှားတာဝန်ရှိသူများ ရှုတ်ချ
    ‘မွတ်စလင်ထုတ် ပစ္စည်းများကိုသာ ရွေးဝယ်ပါ’ လှုပ်ရှားမှုကို မလေးရှားတာဝန်ရှိသူများ ရှုတ်ချ
    စက်တင်ဘာ ၈၊ ၂၀၁၉
    M-Media
    -‘တိုင်းရင်းသားတွေထုတ်တဲ့ ပစ္စည်းတွေကိုသာ ၀ယ်ယူအသုံးပြုပါ’ ဆိုတဲ့ တိုက်တွန်းမှုထက် ‘ပြည်တွင်းဖြစ်ပစ္စည်းများကို ၀ယ်ယူအသုံးပြုပါ’ ဆိုတဲ့ ဆော်သြမှုက ပိုမိုကောင်းမွန်ပြီး လူတိုင်း တန်းတူညီမျှ အသက်ရှင်ရပ်တည်ခွင့်ရှိရမယ်ဆိုတဲ့ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်လို့ မလေးရှား ကုန်သွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မလေးမွတ်စလင်တွေထုတ်လုပ်တဲ့ ဟာလာလ်ကုန်ပစ္စည်းတွေနဲ့ တိုင်းရင်းသားတွေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ၀ယ်ယူအသုံးပြုဖို့ မလေးလူမျိုးတွေကို တိုက်တွန်းပြီး၊ မွတ်စလင်မဟုတ်တဲ့သူတွေ ဟာလာလ်ထုတ်ကုန် ထုတ်လုပ်မှုကို ပိတ်ပင်ဖို့ဆော်သြတဲ့ လှုပ်ရှားမှုတစ်ခု မလေးရှား ဆိုရှယ်မီဒီယာမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
    မလေးရှားနိုင်ငံသားတွေနဲ့ နိုင်ငံရေးသမားတွေဟာ ဒီပြောဆိုချက်ကို ဝေဖန်ရှုတ်ချခဲ့ပြီး လူမျိုးစုံဘာသာစုံရှိတဲ့ တိုင်းပြည်မှာ သွေးကွဲမှုတွေ ဖြစ်လာစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
    ကုန်သွယ်ရေးဝန်ကြီး ဆိုက်ဖူဒင် နာဆူရှင် အစ္စမာအီလ်က မလေးရှားလို လူမျိုးစုံ၊ ဘာသာစုံရှိတဲ့
    မလေးရှားမှာ ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်မှုကို ထိန်းသိမ်းဖို့အတွက် ဒီလို ပြောကြားမှုတွေကို ရှောင်ရှားဖို့လိုပြီး ပြည်တွင်းဖြစ်ပစ္စည်းကို အားပေးတဲ့ လှုပ်ရှားမှုမျိုးသာ ပိုလုပ်သင့်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့တိုင်းပြည်ရဲ့ အနေအထားနဲ့ဆိုရင် မလေးရှားဖြစ်ပစ္စည်းတွေကို အရင်ဝယ်ပါဆိုတဲ့ လှုပ်ရှားမှုမျိုးကိုသာ ပိုပြီး ဦးစားပေးသင့်ပါတယ်။ ‘မလေးတွေထုတ်တာအရင်ဝယ်’ ‘မွတ်စလင်ထုတ်တာ အရင်ဝယ်’ ဆိုတာမျိုး မလိုအပ်ပါဘူး”
    Ref: CNA
  • စနေနေ့ ဘောလုံးသတင်းများ
    စနေနေ့ ဘောလုံးသတင်းများ
    စက်တင်ဘာ ၇၊ ၂၀၁၉
    M-Media
    ဇန်နဝါရီတွင်လည်း နေးမာကို ခေါ်ယူမည်ဟုတ်ဟု ဘာကာကြေငြာ
    ==========================
    ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူမှာမဟုတ်ဘူးလို့ ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တစ်လျှောက်လုံးမှာ နေးမာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပြောင်းရွှေ့ကြေးအတွက်ညှိနှိုင်းလို့ အဆင်မပြေခဲ့ပါဘူး။ နေးမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပီအက်စ်ဂျီကို စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းသွားပေမယ့် ဒဏ်ရာအနာတရတွေကြောင့် ခြေစွမ်းမပြနိုင်ပါဘူး။ နေးမာက ဘာစီလိုနာရဲ့ အဓိကပစ်မှတ်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေကိုလည်း ဘာတိုမြူက ငြင်းဆိုခဲ့ပြီး ခေါ်ယူနိုင်ရင် ဘောနပ်စ်သာဖြစ်မယ်လို့ ဆိုပါတယ်။
    ဘာစီလိုနာတိုက်စစ်မှူးဟောင်း အီတိုး ဘောလုံးလောကမှ အနားယူတော့မည်
    =====================
    အာဖရိက အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဆင်မြူယဲလ်အီတိုးက သူဟာ ဘောလုံးလောကကနေအနားယူပြီး စိန်ခေါ်မှုအသစ် စတင်တော့မယ်လို့ မနေ့က Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အီတိုးဟာရီးယဲလ်ကို အသက် ၁၆ နှစ်အရွယ် ၁၉၉၆ ခုနှစ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပေမယ့် ၂၀၀၀ ခုနှစ် မာယော့ကာ အသင်းနဲ့ ခြေစွမ်းပြနိုင်ပြီး လူသိများလာတာဖြစ်ပါတယ်။ ဘာစီလိုနာကစားသမားဘ၀ဟာ အီတိုးအတွက်အကောင်မြင်ဆုံးကာလဖြစ်ပြီး လာလီဂါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ လာလီဂါမှာဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ တစ်ဦးတည်းသော အာဖရိကကစားသမားဖြစ်သလို အင်တာမီလန်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား၊ စီးရီးအေဖလားနဲ့ ဖီဖာ ကလပ်အသင်း ကမ္ဘ္ဘာ့ဖလားတွေ ရရှိခဲ့ပါတယ်။
    ရော်နယ်ဒို၏ Nike စပွန်ဆာဝင်ငွေ ပေါက်ကြား
    ====================
    ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အားကစားပစ္စည်းကုမ္ပဏီ Nike နဲ့ ၁၀ နှစ်စာချုပ်အတွက် စုစုပေါင်း စတာလင်ပေါင်း ၁၄၆.၈ သန်း ရရှိခဲ့တယ်လို့ မီဒီယာတွေက ထုတ်ဖော် ရေးသားလာပါတယ်။ အဲဒီ ၁၀ နှစ်စာချုပ်ဟာ ၂၀၁၆ ခုနှစ်ကနေ စတင်ခဲ့တာဖြစ်ပြီး တစ်လ ပေါင် ၁၄.၆၈ သန်း ရရှိတာပါ။ ဒါပေမယ့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဘောနပ်စ်နဲ့ပေါင်းပြီး တစ်လ ပေါင် ၁၈.၃ သန်းအထိ ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ Nike ကုမ္ပဏီက စပွန်ဆာကြေးအများဆုံး ပေးထားရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီသတင်းပေါက်ကြားမှုအတွက် Nike ကရော ရော်နယ်ဒိုဖက်ကပါ အတည်ပြုတာမျိုး မရှိပါဘူး။
    Ref: BBC, Daily Mail
  • အိန္ဒိယ၏ သမိုင်းဝင်မည့် လဆင်းခရီးစဉ် မအောင်မြင်
    အိန္ဒိယ၏ သမိုင်းဝင်မည့် လဆင်းခရီးစဉ် မအောင်မြင်
    စက်တင်ဘာ ၇၊ ၂၀၁၉
    M-Media
    လပေါ်ဆင်းမည့် Vikram
    -လပေါ်ကို ဆင်းသက်ဖို့ စီစဉ်ထားတဲ့ အိန္ဒိယလဆင်းယာဉ်ငယ်ဟာ မြေပြင် ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး သမိုင်းဝင်မယ့် အာကာသအောင်မြင်မှုတစ်ခု လက်တစ်ကမ်းအလိုမှာ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။
    လရဲ့ပတ်လမ်းမှာ ရှိနေတဲ့ Chandrayaan-2 အာကာသယာဉ်ကနေ Vikram လဆင်းယာဉ်ကို အိန္ဒိယက အခုတစ်ပတ်အစောပိုင်းမှာ စေလွှတ်ခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့ (ယနေ့) မှာ လရဲ့ တောင်ဘက် ၀င်ရိုးစွန်းကို ဆင်းသက်ဖို့ စီစဉ်ထားတာပါ။ ဒီဆင်းသက်မှုသာ အောင်မြင်ခဲ့ရင် အိန္ဒိယဟာ လပေါ်ကို ယာဉ်ငယ်စေလွှတ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
    ဒါပေမယ့် လမျက်နှာပြင်ပေါ် ဆင်းသက်ဖို့အချိန် နီးကပ်လာစဉ်မှာပဲ လဆင်းယာဉ်ငယ်နဲ့ ထိန်းချုပ်ရေးစခန်းတို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ ဒီဆင်းသက်မှုကို အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကိုယ်တိုင် ဘန်ဂလောရ်က ထိန်းချုပ်ရေးစခန်းမှာ သွားရောက်ကြည့်ရှုခဲ့တာပါ။
    အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO ဥက္ကဌ ကိုင်လာဆာဗာဒီဗို စီဗန်က စဉ်ထားတဲ့အတိုင်း ဖြစ်ခဲ့ပေမယ့် လမျက်နှာပြင်ပေါ် ၂.၁ ကီလိုမီတာအကွာ အရောက်မှာတော့ လဆင်းယာဉ်ငယ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာပြီး ဘာဖြစ်တယ်ဆိုတာ စစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
    Chandrayaan-2 အာကာသယာဉ်ကို အိန္ဒိယက ဇူလိုင်လ ၂၂ ရက်နေ့မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး အာကာသယာဉ်၊ လဆင်းယာဉ်နဲ့ လသွားယာဉ်၊ လွှတ်တင်တဲ့ ဒုံးပျံတွေ အားလုံးဟာ ပြည်တွင်းဖြစ် ဖြစ်ပါတယ်။
    ISRO က လပေါ်ဆင်းမယ့် ၁၅ မိနစ်တာကာလဟာ ကြောက်စရာကာလ ဖြစ်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ၀န်ကြီးချုပ်မိုဒီက လဆင်းယာဉ်ငယ်ဆင်းမယ့်အစီအစဉ် မအောင်မြင်ပေမယ့် လုပ်ဆောင်ခဲ့တာအားလုံးဟာ ကြီးကျယ်တဲ့ အောင်မြင်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အိန္ဒိယဟာ ၂၀၀၈ ခုနှစ်မှာ ပထမဆုံး လသွားခရီးစဉ်အဖြစ် Chandrayaan-1 အာကာသယာဉ်ကို လွှတ်တင်ခဲ့ပြီး ပတ်လမ်းကနေတစ်ဆင့် လပေါ်မှာ ရေအရင်းမြစ်တွေရှိကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အခု Chandrayaan-2 ခရီးစဉ်ဟာ ဒီရေအရင်းအမြစ်ကို လေ့လာဖို့ ဖြစ်ပါတယ်။
    ၂၀၂၁ ခုနှစ်မှာ အာကာသကို ပထမဆုံး လူလွှတ်ဖို့ အိန္ဒိယက စီစဉ်ထားသလို၊ အင်္ဂါဂြိုဟ်ပေါ်ကို ယာဉ်ငယ်ဆင်းကာ လေ့လာဖို့လည်း ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ အိန္ဒိယဟာ အင်္ဂါဂြိုဟ်ပတ်လမ်းကို အာကာသယာဉ် ပို့ဆောင်နိုင်ခဲ့ပြီး ဒီလိုလုပ်နိုင်တဲ့ ကမ္ဘ္ဘာ့ စတုတ္ထမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    Ref: CNA