News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းအား ကျူးကျော်သိမ်းပိုက်မှုကို အစ္စရေးက တစ်ဆင့်ထပ်တက်မည်

    ပါလက်စတိုင်းအား ကျူးကျော်သိမ်းပိုက်မှုကို အစ္စရေးက တစ်ဆင့်ထပ်တက်မည်

    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -လာမယ့်ရွေးကောက်ပွဲမှာ ပြန်နိုင်ရင် ဂျော်ဒန်ချိုင့်ဝှမ်းနဲ့ ပင်လယ်သေမြောက်ဖက်က ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးပိုင်နက်ထဲ တရားဝင်သွတ်သွင်းသွားမယ်ဆိုတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ပြောကြားမှုကို ကမ္ဘ္ဘာ့နိုင်ငံတွေက ရှုတ်ချလိုက်ပါတယ်။

    မြေဆီသြဇကောင်းတဲ့ အဲဒီဒေသတွေဟာ လက်ရှိမှာ အခြားသော ပါလက်စတိုင်းဒေသတွေလိုပဲ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက် ပိတ်ဆို့မှုကို ခံနေရတာ ဖြစ်ပါတယ်။

    စက်တက်ဘာ ၁၇ ရက်နေ့ကျရင် အစ္စရေးမှာ ရွေးကောက်ပွဲလုပ်ဖို့ရှိနေပြီး နေတန်ယာဟုက အင်္ဂါနေ့ ရွေးကောက်ပွဲအကြိုမိန့်ခွန်းမှာ သူပြန်အာဏာရရင် ဂျော်ဒန်ချိုင့်ဝှမ်းနဲ့ ပင်လယ်သေမြောက်ဖက်က ဒေသတွေကို အစ္စရေးပိုင်နက်ထဲ တရားဝင် သွတ်သွင်းမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒီကိစ္စသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းဟာ အစ္စရေးလက်အောက်ကို တရားဝင်ကျရောက်သွားမှာပါ။ လက်ရှိ အဲဒီဒေသတွေမှာ ပါလက်စတိုင်းပြည်သူ ၆၅၀၀၀ ခန့်ရှိနေပြီး အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်သူက ၁၁၀၀၀ လောက် ရှိနေပါတယ်။

    ပါလက်စတိုင်း

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က နေတန်ယာဟုရဲ့ ဒီပြောကြားမှုဟာ ကုလရဲ့ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေပြီး ဒီလိုသာ တကယ်လုပ်ဆောင်လာမယ်ဆိုရင် အစ္စရေးနဲ့ ရထားတဲ့ သဘောတူညီချက်အားလုံးကို အဆုံးသတ်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ရဲ့ အကြီးတန်းတာဝန်ရှိသူ ဟာနန် အက်ရှ်ရာဝီက သမိုင်းဝင် ပါလက်စတိုင်းဒေသမှာ ‘ဂရိတ်တားအစ္စရေး’ ဖန်တီးနေခြင်းဟာ လူမျိုးစုလိုက် ရှင်းလင်းသုတ်သင်မှု ရည်ရွယ်ချက်ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မလေးရှား

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ နေတန်ယာဟုရဲ့ ဒီပြောကြားမှုကို ပြင်းပြင်းထန်းထန်ရှုတ်ချကြောင်း ဖော်ပြထားပြီး ဒီလို တာဝန်မဲ့တဲ့လုပ်ရပ်တွေဟာ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးရဖို့နဲ့ ရေရှည်အဖြေတစ်ခုရဖို့ ကြိုးပမ်းမှုကို ပျက်ဆီးစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေ၊ ဂျီနီဗာ သဘောတူညီချက်တွေ၊ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ပြေင် ချိုးဖောက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်တို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပါလက်စတိုင်း ပိုင်နက်အဖြစ် သတ်မှတ်ထားပေမယ့် အစ္စရေးက အခုအချိန်အထိ ကျူးကျော်သိမ်းပိုက်ထားမှုကိုလည်း ကြေငြာချက်မှာ ထောက်ပြထားပါတယ်။

    “နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလ လုံခြုံရေးကောင်စီတို့ အနေနနဲ့ အစ္စရေးရဲ့ နိုင်ငံတကာဥပဒေတွေအပေါ် မထီမဲ့မြင်ပြုလုပ်မှုကို တစ်ညီတစ်ညွတ်တည်း တုန့်ပြန်ဖို့ မလေးရှားက တိုက်တွန်းလိုက်ပါတယ်”

    ဆော်ဒီအာရေဗျ

    အစ္စရေးဝန်ကြီးချုပ်ရဲ့ ဒီပြောကြားမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ဆော်ဒီဘုရင် ဆလ်မန်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒါဟာ ပါလက်စတိုင်းတွေအပေါ် အန္တရာယ်ရှိတဲ့ ရန်လိုမှုဖြစ်ပြီး၊ အခွင့်အရေးကို ချိုးဖောက်တာဖြစ်ကြောင်း၊ ကုလရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်ကြောင်းလည်း ဘုရင်ဆလ်မန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘုရင် ဆလ်မန်ဟာ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်ကို ဖုန်းခေါ်ခဲ့ပြီး ဒီကိစ္စအကြောင်း ဆွေးနွေးခဲ့ပါတယ်။

    အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံက နေတန်ယာဟုရဲ့ ဒီပြောစကားဟာ ‘အန္တရာယ်’ ဖြစ်ပြီး OIC အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တစ်ညီတစ်ညွတ်တည်း တုန့်ပြန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နေတန်ယာဟုရဲ့ ဒီပြောကြးမှုဟာ နိုင်ငံတကာဥပဒေတွေ၊ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်နေပြီ ငြိမ်းချမ်းလုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတယ်လို့ ဖော်ပြထားပါတယ်။

    OIC အဖွဲ့က ဆော်ဒီအာရေဗျရဲ့တောင်းဆိုမှုကြောင့် တနင်္ဂနွေနေ့ကျရင် ဂျစ်ဒါမြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အခြားနိုင်ငံများ

    အိမ်ဖြူတော်အကြီးတန်းအကြံပေး ဂျရဒ် ကက်ရှ်နာက မကြာခင်ထွက်လာတော့မယ် သမ္မတထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို သေသေချာချာ လေ့လာသုံးသပ်ပြီးမှ၊ အနောက်ဖက်ကမ်းက အိမ်ယာတွေကို အစ္စရေးပိုင်နက်ထဲသွတ်သွင်းဖို့ ပြောသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ အာရပ်လိဂ်က အင်္ဂါနေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး နေတန်ယာဟုရဲ့ ပြောကြားမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

    ကာတာ၊ ဂျော်ဒန်နဲ့ တူရကီတို့ကလည်း နေတန်ယာဟုရဲ့ ဒီပြောကြားမှုဟာ အန္တရာယ်ရှိကြောင်း
    သတိပေးခဲ့ပြီး၊ ကုလကတော့ ဒီလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ရမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: New Straits Times, Arab, Aljazeera

  • အီရန်က လျှို့ဝှက်နေရာတစ်ခုတွင် နျူထုတ်နေသည်ဟု အစ္စရေးပြော

    အီရန်က လျှို့ဝှက်နေရာတစ်ခုတွင် နျူထုတ်နေသည်ဟု အစ္စရေးပြော

    စက်တင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -လျှို့ဝှက်နေရာတစ်ခုမှာ အီရန်က နျူလက်နက် ထုတ်လုပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့မှာ ပြောကြားလိုက်ပြီး အီရန်ကတော့ ဒါဟာ စစ်တိုက်ဖို့အတွက် အကြောင်းပြချက်ရှာတာလို့ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

    အစ္စဖာဟန်မြို့တောင်ဘက် အဘာဒါဟ်ဆိုတဲ့မြို့မှာ လျှို့ဝှက်နျူစက်ရုံတည်ရှိကာ အစ္စရေးက တွေ့ရှိပြီးတဲ့နောက် အီရန်ဖက်က ဖျက်ဆီးလိုက်တယ်လို့လည်း နေတန်ယာဟုက ဆိုပါတယ်။ နေတန်ယာဟုဟာ အရင်ကလည်း ဒီလိုစွပ်စွဲပြောဆိုဖူးပြီး နေရာအတိအကျကို ထုတ်ဖော်ပြောဆိုမှုကတော့ ပထမဆုံးဖြစ်ပါတယ်။

    ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့ မပါဝင်ဘူး။

    အီရန်က ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာတွေလုပ်နေလဲဆိုတာ အစ္စရေးက သိနေတယ်လို့လည်း အီရန်အာဏာပိုင်တွေကို ရည်ညွှန်းပြီး နေတန်ယာဟုက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပယ်ချ

    အီရန်ကတော့ နေတန်ယာဟုရဲ့ ဒီပြောကြားမှုကို ပယ်ချခဲ့ပြီး စစ်တိုက်ဖို့အတွက် အကြောင်းရှာနေတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “နျူလက်နက်ကို ပိုင်ဆိုင်ထားတဲ့ ၀ံပုလွေက သိုးရေခြုံပြီး ငိုပြနေတာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အီရန်နဲ့ ကမ္ဘ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကို အစ္စရေးက တစ်စိုက်မတ်မတ်ကန့်ကွက်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း တီဟီရန်မြို့စွန်က ကောဇောစက်ရုံးတစ်ခုမှာ ရေဒီယိုသတ္တုကြွပစ္စည်းတွေ လျှို့ဝှက် သိမ်းဆည်းထားတယ်လို့ နေတန်ယာဟုက ထုတ်ပြန်ပြောကြားဖူးပါတယ်။

    Ref: Aljazeera

  • ဗြိတိန်၏ အကောင်းဆုံးဗလီဆုကို ဘာမင်ဟမ်မြို့ ဗလီက ရရှိ

    ဗြိတိန်၏ အကောင်းဆုံးဗလီဆုကို ဘာမင်ဟမ်မြို့ ဗလီက ရရှိ

    စက်တင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    ဘာမင်ဟမ်မြို့မှ ဂရင်းလိန်းဗလီ

    -ယူကေ အစ္စလာမ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Faith Associates က ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် အကောင်ဆုံး ဗလီဝတ်ကျောင်းတော်ဆုကို ဘာမင်ဟမ်က ‘ဂရင်းလိန်း ဗလီဝတ်ကျောင်းတော်’ က ရရှိသွားပါတယ်။

    Beacon Mosque Standards လို့ အမည်ပေးထားတဲ့ အဲဒီဆုကို ၂၀၁၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း အကျိုးပြုမှု၊ စီမံခန့်ခွဲမှု၊ ၀န်ထမ်းခန့်ထားမှု စတာတွေ အပါအ၀င် နိုင်ငံတကာစံချိန်ညွှန်းအတိုင်း အချက် ၁၀ ချက်သတ်မှတ်ကာ၊ ကြယ် ၅ ပွင့် ပုံစံနဲ့ အဆင့်ခွဲတာ ဖြစ်ပါတယ်။

    ဆုတွေကိုတော့ စီမံခန့်ခွဲမှုဆု (Best Run Mosque)၊ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုနိုင်မှုဆု (Best Outreach Programme) ၊ သက်ကြီးရွယ်အို ဂရုစိုက်မှုဆု (Best Elderly Service) အပါအ၀င် ဆုပေါင်း ၁၀ ဆုလောက် ပေးအပ်တာပါ။

    အခုနှစ်မှာ ဂရင်းလိန်းဗလီက Best Run Mosque ဆုကို ရရှိခဲ့တာပါ။ မနှစ်ကလည်း ဒီဗလီဟာ ပရဟိတလုပ်ဆောင်နိုင်မှုဆု (Best Charity Project) ကို ရရှိခဲ့ပါတယ်။

    ဗလီရဲ့ အထွေထွေအတွင်းရေးမှူး ကမ်ရန်ဟူစိန်က အမြင့်ဆုံးဆုကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    “သူတို့ ဆု ၁၀ ခုပေးပြီး အခုနှစ်မှာတော့ ကျွန်တော်တို့ဟာ Best Run Mosque ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုဟာ အမြင့်ဆုံးပါ”

    ၂၀၁၃ ခုနှစ်က ဗလီကနေ မနက်အာရုဏ်တက်ဝတ်ပြုအပြီး ပြန်သွားတဲ့ အဘိုးအိုကို လူဖြူအစွန်းရောက်တစ်ဦးက ဓားနဲ့ထိုးကာ အကြမ်းဖက်သတ်ဖြတ်ခဲ့ပြီးတဲ့နောက် ဂရင်းလိန်းဗလီရဲ့ အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှုကို အဓိကထားကာ ဒီဆုကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Birminghammail

  • ဆော်ဒီဂျာနယ်လစ်အသတ်ခံရမှု အသံမှတ်တမ်းအပြည့်အစုံကို တူရကီမီဒီယာ ထုတ်ပြန်

    ဆော်ဒီဂျာနယ်လစ်အသတ်ခံရမှု အသံမှတ်တမ်းအပြည့်အစုံကို တူရကီမီဒီယာ ထုတ်ပြန်

    စက်တင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    ကောင်စစ်ဝန်ရုံးတွင် အသတ်ခံခဲ့ရသည့် ကာရှိုဂျီ

    -အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုအသံမှတ်တမ်းပါ ပြောစကားအပြည့်အစုံကို တူရကီသတင်းစာ Daily Sabah က မနေ့မှာ ရေးသားထုတ်ပြန်လိုက်ပါတယ်။

    တူရကီ ထောက်လှမ်းရေးအဖွဲ့ထံကနေ ရရှိခဲ့တဲ့ အဲဒီအသံမှတ်တမ်းမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က ကာရှိုဂျီ ကောင်စစ်ဝန်ရုံးထဲ ၀င်သွားတဲ့အချိန်ကနေ၊ အသတ်ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစ်စစီ ဖြတ်တောက်ကာ အလောင်းဖျောက်တဲ့အချိန်အထိ အသံမှတ်တမ်းတွေ ပါဝင်ပါတယ်။

    ဝါရှင်တန်ပို့စ်သတင်းထောက်ဖြစ်တဲ့ ကာရှိုဂျီဟာ ဆော်ဒီအစိုးရနဲ့ တော်ဝင်မိသားစုကို ဝေဖန်ရေးသားလေ့ရှိသူ ဖြစ်ပါတယ်။ အသတ်ခံရမယ့်နေ့က ကာရှိုဂျီဟာ လက်ထပ်ဖို့ လိုအပ်တဲ့ အထောက်အထားတွေကို ကောင်စစ်ဝန်ရုံးမှာ သွားယူခဲ့တာပါ။

    ရုံးထဲကိုဝင်ဝင်ခြင်း အရင်က သူနဲ့ရင်းနှီးနေတဲ့ လူတစ်ဦးက နှုတ်ဆက်ခဲ့ပြီး အခန်းတစ်ခုထဲ ဆွဲသွင်းခဲ့ပါတယ်။ အဲဒီနောက် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ သက်တော်စောင့် ဆော်ဒီ ထောက်လှမ်းရေးတာဝန်ရှိသူ မာဟီရ် အဘ်ဒူလ် အဇစ် မူသ်ရဘ်က နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက အမိန့်ထွက်ထားတာကြောင့် ဆော်ဒီကို ပြန်ခေါ်သွားရမယ်လို့ ကာရှိုဂျီကို ပြောခဲ့ပါတယ်။

    ကာရှိုဂျီက ဒီပြောကြားမှုကိုလက်မခံဘဲ အပြန်အလှန် အချေအတင်ပြောဆိုခဲ့ကြပါတယ်။ မသတ်ခင် နောက်ဆုံး ၁၀ မိနစ်မှာ မူသ်ရဘ်က ဆက်သွယ်လို့မရရင် စိတ်မပူဖို့ပြောတဲ့ စာတိုတစ်စောင် သားဖြစ်သူထံ ပို့ဖို့ ကာရှုဂျီကို ပြောခဲ့ပြီး ကာရှိုဂျီက ဒီပြောကြားမှုကိုလည်း လက်မခံပါဘူး။

    “မစ္စတာ ဂျမာလ်း – ရေးစမ်းပါ။ မြန်မြန်လုပ်။ ကျွန်တော်တို့ကို ခင်ဗျားကူညီမှ ကျွန်တော်တို့လည်း
    ခင်ဗျားကို ကူညီနိုင်မှာ။ နောက်ဆုံးမှာ ခင်ဗျားကို ဆော်ဒီခေါ်သွားရမှာ။ ခင်ဗျားကျွန်တော်တို့ကို
    မကူညီရင် အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာ ခင်ဗျားလည်း သိမှာပါ” လို့ မူသ်ရဘ်က ခြိမ်းခြောက်ခဲ့ကြောင်း အသံမှတ်တမ်းမှာ ကြားရပါတယ်။

    အဲဒီနောက် ကာရှိုဂျီရဲ့ ဦးခေါင်းကို ပလက်စတစ်အိတ်စွပ်ပြီး အသက်ရှုကြပ်အောင်လုပ်ကာ သတ်ဖြတ်ခဲ့ပါတယ်။

    ကာရှိုဂျီရဲ့ နောက်ဆုံးစကားလုံးက “ငါ့မှာ ပန်းနာရင်ကြပ်ရှိတယ်။ မလုပ်ပါနဲ့။ မင်းတို့ ငါ့ကို အသက်ရှူကြပ်အောင် လုပ်နေတာ” ဖြစ်တယ်လို့လည်း Daily Sabah မှာ ရေးသားဖော်ပြထားပါတယ်။

    သတ်ဖြတ်ပြီးတဲ့နောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်းတစ်ခဲ့ပြီး အဲဒီအသံတွေကိုလည်း အသံမှတ်တမ်းမှာ ကြားခဲ့ရပါတယ်။

    ကြိုတင်ကြံရွယ်သတ်ဖြတ်မှု

    ကာရှိုဂျီပျောက်ဆုံးသွားတဲ့သတင်း ထွက်လာပြီးတဲ့နောက် တူရကီအစိုးရက ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲမှာပဲ အသတ်ခံလိုက်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီက ဒီပြောကြားမှုကို ပထမပိုင်းမှာငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ ၀န်ခံခဲ့ပါတယ်။ ၀န်ထမ်းတွေနဲ့စကားများရာကနေ လက်လွန်ပြီးသတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

    တူရကီက ဒီသတ်ဖြတ်မှုဟာ ဆော်ဒီအစိုးရက စီစဉ်ကျူးလွန်တဲ့ သတ်ဖြတ်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ကလည်း အိမ်ရှေ့မင်းသား ဘင် ဆလ်မန်ကိုယ်တိုင် အမိန့်ပေးသတ်ခိုင်းတာလို့ ကောက်ချက်ချခဲ့ပါတယ်။ ဒီပြောကြားမှုတွေကို ဆော်ဒီဖက်က ငြင်းဆိုပါတယ်။

    ကာရှိုဂျီရဲ့ အလောင်းကို အခုအချိန်အထိ မတွေ့သေးပါဘူး။ တူရကီထောက်လှမ်းရေးက အလောင်းကို အပိုင်းပိုင်းတစ်ပြီး ကောင်စစ်ဝန်ရုံးရဲ့နေအိမ်မှာ အက်စစ်ဖျော ဖျောက်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ကာရှိုဂျီသတ်ဖြတ်ခံရမှုအတွက် ၁၁ ဦးကို လူသတ်မှုနဲ့ တရားစွဲဆိုထားပြီး အဲဒီအထဲက ၅ ဦးဟာ သေဒဏ်ချမှတ်ခံရဖွယ်ရှိတယ်လို့ ဆော်ဒီအစိုးရက ဆိုပါတယ်။

    Ref: Aljazeera

  • တနင်္လာနေ့ဘောလုံးသတင်းများ

    တနင်္လာနေ့ဘောလုံးသတင်းများ

    စက်တင်ဘာ ၉၊ ၂၀၁၉
    M-Media

    မန်စီးတီးအသင်း၏ လူစာရင်း ယူရို ၁ ဘီလီယံတန်ဖိုးရှိ
    =====================
    လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းရဲ့ လက်ရှိလူစာရင်းတန်ဖိုးဟာ ယူရို ၁ ဘီလီယံ ကျော်နေပြီး ဘောလုံးလောကမှာ ပထမဆုံး ယူရို ၁ ဘီလီယံကျော်တန် လူစာရင်းရှိတဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားတယ်လို့ ဘောလုံးအားကစား စောင့်ကြည့်ရေးအဖွဲ့ CIES Football Observatory က ထုတ်ပြန်ခဲ့ပါတယ်။မန်စီးတီးအသင်း ကစားသမားစုစုပေါင်းရဲ့ တန်ဖိုးဟာ ယူရို ၁.၀၁၄ ဘီလီယံဖြစ်ပြီး၊ ပီအက်စ်ဂျီက ၉၁၃ သန်းနဲ့ ဒုတိယနေရာ၊ ရီးယဲလ်မက်ဒရစ်က ၉၀၂ သန်းနဲ့ တတိယနေရာ၊ မန်ချက်စတာ ယူနိုက်တက်က ၇၅၁ သန်းနဲ့ စတုတ္တနေရာမှာ ရှိနေပါတယ်။

    ထိပ်ဆုံး ၁၀ သင်းမှာ ပရီးမီးယားလိဂ်က လီဗာပူးလ်၊ အာဆင်နယ်နဲ့ ချယ်ဆီးတို့အပါအ၀င် ၅ သင်း၊လာလီဂါက ၃ သင်း၊ စီးရီးအေက ဂျူဗင်တစ်ပ်တစ်သင်း အသီးသီး ပါဝင်နေပါတယ်။

    ချန်ပီယံလိဂ်ပြိုင်ပွဲ ပြုပြင်ပြောင်းလဲမှုအစီအစဉ် ဖျက်သိမ်းရဖွယ်ရှိ
    ======================
    ၂၀၂၄ ခုနှစ်မှာ ချန်ပီယံလိဂ်ကို ၈ သင်းပါ ၄ အုပ်စုခွဲပြီး စနေ၊ တနင်္ဂနွေ နေ့တွေမှာပါ ထည့်သွင်းကစားဖို့ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေရဲ့ စီစဉ်ထားမှုဟာနောက်ရွှေ့ရမယ့် ဒါမှမဟုတ် ဖျက်သိမ်းရမယ့်အနေအထား ရှိနေပါတယ်။ လက်ရှိမှာ ၄ သင်း ၈ အုပ်စုခွဲကစားတာဖြစ်ပြီး ပြောင်းလဲမယ့်အစီအစဉ် စတင်အဆိုပြုကတည်းက ဥရောပလိဂ် ၅ ခုရဲ့ ကန့်ကွက်မှုကို ခံခဲ့ရတာပါ။ နောက်ပိုင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် ဘုံသဘောတူညီချက်တစ်ခု မရခဲ့ပါဘူး။ ယူအီးအက်ဖ်အေဟာ ၂၀၂၁ ခုနှစ်မှာ ဥရောပတတိအဆင့် ကလပ်တွေ ၀င်ကစားနိုင်မယ့် ယူရိုပါလိဂ် ၂ ကို စတင်ကျင်းပဖို့ရှိနေပြီး ယူရိုပါလိဂ်ကို တန်းတက်၊ တန်းဆင်းစနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။

    Ref: BBC