News @ M-Media
Author: Ko Lay
  • အမေရိကန်ရှိနေသမျှ အရှေ့အလယ်ပိုင်း မတည်ငြိမ်နိုင်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော
    အမေရိကန်ရှိနေသမျှ အရှေ့အလယ်ပိုင်း မတည်ငြိမ်နိုင်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော
    သြဂုတ် ၁၂၊ ၂၀၁၉
    M-Media
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်
    -အရှေ့အလယ်ပိုင်းဒေသမှာ လက်နက်ပြိုင်ဆိုင်မှု ပြင်းထန်လာတာအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သတိပေးလိုက်ပြီး၊ အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေကြောင့် ‘ပေါက်ကွဲလုဆဲဆဲ ယမ်းအိုးကြီး’ ဖြစ်လာတယ်လို့လည်း ပြောကြားလိုက်ပါတယ်။
    ကာတာနိုင်ငံကို ရောက်ရှိနေတဲ့ ဇာရစ်ဖ်ဟာ ဒီကနေ့ အလ်ဂျာဇီးရား သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာပါ။ ပင်လယ်ကွေ့မှာ အမေရိကန်ရဲ့ စစ်သင်္ဘောတွေ ပိုမိုချထားမှုဟာ မတည်ငြိမ်မှုတွေဆီ ပိုမို ဦးတည်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်က အရှေ့အလယ်ပိုင်းဒေသကို လက်နက် ကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုး ရောင်းချခဲ့တာ၊ လူဦးရေ တစ်သန်းသာရှိတဲ့ ယူအေအီးက ၂၀၁၈ ခုနှစ်မှာ ကာကွယ်ရေးအသုံးစားရိတ် ဒေါ်လာ ၂၂ ဘီလီယံ ရှိခဲ့ပြီး၊ အီရန် လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်သာရှိတဲ့ ဆော်ဒီက ဒေါ်လာ ၈၇ ဘီလီယံ သုံးစွဲခဲ့တာတွေကို ဇာရစ်ဖ်က ထောက်ပြခဲ့ပါတယ်။
    စစ်အင်အား တစ်သန်းသာရှိတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်က စစ်ရေးအသုံးစားရိတ် ၁၆ ဘီလီယံသာ ရှိတယ်လို့ ဇာရစ်ဖ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “အရှေ့အလယ်ပိုင်းက ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ဆိုရင် အဲဒီခြိမ်းခြောက်မှုဟာ ဒေသတွင်းမှာ လက်နက်တွေ တောင်ပုံရာပုံ စုဆောင်းထားတဲ့ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေထံကနေသာ လာတာဖြစ်မှာပါ။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်းဟာ ပေါက်ကွဲလုဆဲဆဲ ယမ်းအိုးကြီး ဖြစ်နေပါပြီ”
    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်က ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုဟာ အခုနှစ် မေလနဲ့ ဇွန်လတို့မှာ ပိုမိုဆိုရွားလာခဲ့ပြီး၊ ပင်လယ်ကွေ့ဒေသမှာ အမေရိကန်က တပ်အင်အား ထပ်ဖြည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
    လုံခြုံရေးကို ထိခိုက်
    ပါရှန်ပင်လယ်ကွေ့မှာ အမေရိကန် ရေတပ်သင်္ဘောတွေ ရှိနေတာဟာ မလုံခြုံမှုကို ပိုမိုဖြစ်ပွားစေပြီး၊ နိုင်ငံခြား စစ်သင်္ဘောတွေကြောင့် ပင်လယ်ကွေ့ လုံခြုံတယ်ဆိုတဲ့ သမိုင်းကြောင်းမျိုး မရှိခဲ့ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    “၁၉၈၈ ခုနှစ်က အီရန် ခရီးသည်တင်လေယာဉ်ကို အမေရိကန် စစ်သင်္ဘောက ပစ်ချခဲ့တာကြောင့် လူ ၂၉၀ သေဆုံးခဲ့တဲ့ သမိုင်းဆိုးမျိုးလည်း ရှိထားပါတယ်။ ရေကြောင်းသွားလာရေးကို ကာကွယ်ဖို့ အမေရိကန်တွေ လုပ်ဆောင်နိုင်တာက ဒေသအတွင်းကနေ ထွက်သွားဖို့ပဲဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ၀င်မစွက်ပါနဲ့။ ဒီလိုလုပ်တာမျိုးက အီရန်အပေါ် ရန်စတာမျိုးဖြစ်ပြီး မလုံခြုံတာကလွဲလို့ တစ်ခြား ကောင်းတာ ဘာမှ မရှိပါဘူး”
    Ref: Aljazeera
  • အော်စလိုဗလီ ပစ်ခတ်ခံရမှုကို အကြမ်းဖက်ဝါဒအဖြစ် နော်ဝေ စစ်ဆေးနေ
    အော်စလိုဗလီ ပစ်ခတ်ခံရမှုကို အကြမ်းဖက်ဝါဒအဖြစ် နော်ဝေ စစ်ဆေးနေ
    သြဂုတ် ၁၂၊ ၂၀၁၉
    M-Media
    Al-Noor ဗလီဝတ်ကျောင်းတော်
    -နော်ဝေနိုင်ငံ မြို့တော် အော်စလို ဆင်ခြေဖုံးက ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ စနေနေ့ကသေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒီကိစ္စကို အကြမ်းဖက်ဝါဒအဖြစ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ နော်ဝေ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
    Al-Noor ဗလီမှာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ ဗလီဝတ်ကျောင်းတော်ထဲ လူ ၃ ဦးသာ ရှိပါတယ်။ ဆိုင်ကယ်ဦးထုပ်၊ ကျည်ကာအင်္ကျီတွေ ၀တ်ထားပြီး တစ်လုံးထိုးသေနတ် ၂ လက်၊ ပစ္စတိုတစ်လက် ကိုင်ဆောင်ထားတဲ့ သေနတ်သမားဟာ ဗလီဝတ်ကျောင်းထဲကို ၀င်ရောက်ပစ်ခတ်ခဲ့တာပါ။
    အသက် ၆၅ နှစ်အရွယ် မိုဟာမက် ရဖစ်က သေနတ်သမားကို လုံးထွေးသတ်ပုတ်ကာ ဖမ်းဆီးနိုင်ခဲ့တာကြောင့် ပစ်ခတ်မှုအတွင်း ရဖစ်နဲ့ အခြားတစ်ဦးသာ ဒဏ်ရာအနည်းငယ် ရခဲ့ပါတယ်။
    သေနတ်သမားက ဘယ်သူလဲ
    ရဲတပ်ဖွဲ့က သေနတ်သမားဟာ အသက် ၂၀ အရွယ် နော်ဝေနိုင်ငံသား လူဖြူတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အမည်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ သေနတ်သမားဟာ ဗလီရှိတဲ့ မြို့နယ်မှာပဲ နေထိုင်တာဖြစ်ပါတယ်။
    ရဲတပ်ဖွဲ့ အကြီးအကဲ Rune Skjold သေနတ်သမားကို အရင်က သိရှိထားပေမယ့် ရာဇ၀တ်မှု ကျူးလွန်ဖူးခြင်းမရှိကြောင်း၊ အစွန်းရောက်အမျိုးသားရေးအမြင်တွေ၊ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေးအမြင်တွေ ရှိနေပြီး ဒုတိယကမ္ဘ္ဘာစစ်က နာဇီတို့ နော်ဝေကို သိမ်းပိုက်စဉ် အုပ်ချုပ်ရတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် Vidkun Quisling ကို ထောက်ခံသူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ပစ်ခတ်မှုမလုပ်ခင် အွန်လိုင်းဖိုရမ်တစ်ခုမှာ ရေးသားခဲ့တဲ့ သေနတ်သမားရဲ့စာမှာ မတ်လအတွင်း နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို ၀င်ပစ်တဲ့ သေနတ်သမားကို ချီးကျူးခဲ့တယ်လို့ နော်ဝေမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
    လူမျိုးရေးစစ်ပွဲ ဆင်နွှဲရမယ်လို့လည်း သူက ထည့်သွင်းရေးသားခဲ့ပါတယ်။ နော်ဝေအာဏာပိုင်တွေက ပစ်ခတ်မှုကို သူတစ်ယောက်တည်း ကျူးလွန်ပုံရတယ်လို့ ထုတ်ပြန်ထားပါတယ်။
    သေနတ်သမားနေတဲ့အိမ်မှာ အသက် ၁၇ နှစ်အရွယ် ဖအေတူမအေကွဲညီမ အသတ်ခံထားရတာကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာ သေနတ်သမားကို လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုတွေနဲ့ စွဲချက်တင်ထားပါတယ်။
    “အကြမ်းဖက်ဖို့ ကြိုးစားမှုအဖြစ် သတ်မှတ်ပြီး ဒီကိစ္စကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်” လို့ ရဲအရာရှိ Rune Skjold က ပြောကြားခဲ့ပါတယ်။
    သူရဲကောင်း အဖိုးအို
    မိုဟာမက် ရဖစ်
    သေနတ်သမားဟာ ဗလီထဲကို ၀င်ရောက်ပစ်ခတ်တဲ့အချိန် အသက် ၆၅ နှစ်အရွယ် မိုဟာမက် ရဖစ်က ၀င်ရောက်လုံးထွေးကာ ဖမ်းဆီးနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရမှု မများခဲ့တာ ဖြစ်ပါတယ်။
    ရဖစ်ဟာ ပါကစ္စတန်လေတပ်က အငြိမ်းစားအရာရှိတစ်ဦးလည်းဖြစ်ပါတယ်။
    “ရုတ်တရက် အပြင်ကနေ သေနတ်သံကြားလိုက်တယ်။ ဗလီထဲက အခြားအမျိုးသားနှစ်ဦးကို
    သူ စပစ်တာပါ” လို့ ရဖစ်က ပြောကြားခဲ့ပါတယ်။
    အဲဒီနောက် ရဖစ်က သေနတ်သမားကို ဖမ်းချုပ်ကာ မြေပြင်ပေါ်လှဲချပြီး လက်နက်တွေကို သေနတ်သမားထံကနေ ဖယ်ရှားနိုင်ခဲ့ပါတယ်။
    ဝေဖန်မှုရှိ
    အခင်းဖြစ်ပွားရာ Al-Noor ဗလီဝတ်ကျောင်းတော်ရဲ့ ဒါရိုက်တာဖြစ်သူ မွတ်ရှ်တက်က အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “မွတ်စလင်တွေဟာ တိုင်းပြည်အတွက် အကြီးမားဆုံး အန္တရာယ်လို့ ရဲတပ်ဖွဲ့က နှစ်တော်တော်ကြာ ပြောကြားခဲ့တာပါ။ ဒါပေမယ့် တိုင်းပြည်က ကြီးကြီးမားမား အကြမ်းဖက်တိုက်ခိုက်မှု ၂ ခုကို ကြည့်ရင် မွတ်စလင်တွေလုပ်တာ မဟုတ်ဘူးဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်”
    နော်ဝေနိုင်ငံ ယူတိုယာကျွန်းမှာ ၂၀၁၁ ခုနှစ် ဇူလိုင်လက အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၇၇ ဦး သေဆုံးခဲ့ပါတယ်။
    ဒီတိုက်ခိုက်မှုကို ကျူးလွန်သူဟာ အစွန်းရောက် အမျိုးသားရေးဝါဒီ လူဖြူအမျိုးသား Anders Behring Breivik ဖြစ်ပါတယ်။ သူဟာ လေဘာပါတီရဲ့ လူငယ်အဖွဲ့တွေ့ဆုံပွဲမှာ သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ပြီး၊ နောက်ပိုင်းမှာ ဗုံးတစ်လုံးကိုပါ ဖောက်ခွဲခဲ့ပါတယ်။
    နော်ဝေ အစ္စလာမ့်မစ်ကောင်စီက Al-Noor ဗလီမှာ အခုတိုက်ခိုက်မှုဟာ နိုင်ငံအတွင်း မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုတွေကို ခွင့်ပြုခဲ့တဲ့ရလဒ် ဖြစ်ပြီး၊ အာဏာပိုင်တွေဟာ ဒီကိစ္စကို ထိထိရောက်ရောက် ဟန့်တားခဲ့ခြင်း မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
    နော်ေ၀၀န်ကြီးချုပ် Erna Solberg က နိုင်ငံအတွင်းမှာ ရှိနေတဲ့ အမုန်းတရားတွေ၊ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို တိုက်ဖျက်ပစ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: BBC, Aljazeera
  • အိန္ဒိယအစိုးရ၏ ကက်ရှ်မီးယားလုပ်ရပ် နာဇီဝါဒကို အခြေခံသည်ဟု အင်မရန်းခန်း ပြော
    အိန္ဒိယအစိုးရ၏ ကက်ရှ်မီးယားလုပ်ရပ် နာဇီဝါဒကို အခြေခံသည်ဟု အင်မရန်းခန်း ပြော
    သြဂုတ် ၁၁၊ ၂၀၁၉
    M-Media
    -ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တဲ့ အိန္ဒိယရဲ့ ဆောင်ရွက်ချက်ဟာ နာဇီဝါဒကို အတုခိုးလုပ်ဆောင်တာဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဝေဖန်ပြောကြားလိုက်ပါတယ်။
    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး စစ်ပွဲ ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ တစ်ဝက်စီ ထိန်းချုပ်ထားကြပြီး ကက်ရှ်မီးယားဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ပြောကြားထားတာပါ။
    ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ အခြေခံဥပဒေပုဒ်မ ၃၇၀ ကို အိန္ဒိယက သြဂုတ်လ ၅ ရက်နေ့မှာ ရုပ်သိမ်းခဲ့ပြီး ဒေသကို နှစ်ပိုင်းပိုင်းကာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာထားဖို့ ဆောင်ရွက်နေပါတယ်။
    လက်ရှိမှာတော့ အိန္ဒိယက ကက်ရှ်မီးယားမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်တပ်တွေကို ထပ်တိုး ချထားကာ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယရဲ့ ဒီလုပ်ရပ်တွေဟာ နာဇီတွေရဲ့ အယူအဆကိုအတုယူဆောင်ရွက်တာဖြစ်တယ်လို့ မနေ့မှာ ဝေဖန်ခဲ့ပါတယ်။
    “အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ ဖိနှိပ်တာ၊
    ကက်ရှ်မီးယားပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်လုဆဲဆဲ အခြေအနေမျိုးတွေဟာနာဇီတွေရဲ့ဝါဒကို အားကျတဲ့ RSS ရဲ့ အယူအဆကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်တာပါ”
    ဟိန္ဒူ ကြီးစိုး၊ လွှမ်းမိုးရေးကို အားပေးတဲ့ RSS အဖွဲ့ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အယူဝါဒရေးရာ မိခင်အဖွဲ့အစည်းဖြစ်ပါတယ်။
    ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းတဲ့ကိစ္စကို နိုင်ငံတကာက ကြားဝင်ဖြေရင်းပေးဖို့ ခန်းက အရင်ကလည်း တောင်းဆိုဖူးပါတယ်။
    ပါကစ္စတန်ဟာ ဒီကိစ္စကြောင့် လက်ရှိမှာ အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေးကို တစ်ဆင့် လျှော့ချလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။
    Ref: Aljazeera
  • ဗြိတိန်အောင်မြင်ရန် မွတ်စလင်များ၏ ကူညီပံ့ပိုးမှုကို ၀န်ကြီးချုပ် ချီးကျူး
    ဗြိတိန်အောင်မြင်ရန် မွတ်စလင်များ၏ ကူညီပံ့ပိုးမှုကို ၀န်ကြီးချုပ် ချီးကျူး
    သြဂုတ် ၁၁၊ ၂၀၁၉
    M-Media
    ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်
    -ယနေ့ခေတ် အောင်မြင်တဲ့ ဗြိတိန်နိုင်ငံ ဖြစ်လာရာမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီး ပါဝင်ခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ချီးကျူး ပြောကြားလိုက်ပါတယ်။
    သြဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ‘အီဒွလ်အသွဟာ’ အီးဒ်နေ့ အထိမ်းအမှတ်
    နှုတ်ခွန်းဆက်စကားမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး အီဒွလ်အသွဟာရဲ့ အနှစ်သာရဟာ
    မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
    “အီဒွလ် အသွဟာရဲ့ အနှစ်သာရက စွန့်လွှတ် အနစ်နာခံမှု၊ မိမိတာဝန်ကို မိမိ ကျေပွန်အောင် ဆောင်ရွက်မှု၊ လုပ်သင့်လုပ်ထိုက်တဲ့အရာကို လုပ်ဆောင်မှု ဖြစ်ပါတယ်။ ဒီလို အနှစ်သာရမျိုးကို ယူကေတစ်လွှားက မွတ်စလင် အမျိုးသားတွေ၊ အမျိုးသမီးတွေမှာ ပုံစံမျိုးစုံနဲ့ ကျွန်တော်တို့ နေ့စဉ် တွေ့မြင်နေရပါတယ်။ ဒါဟာ ခေတ်သစ်ဗြိတိန်ကို ပုံဖော်ရာမှာ ကြီးမားတဲ့ ကူညီပံ့ပိုးမှုတွေလည်း ဖြစ်ပါတယ်”
    ဗြိတိန်မွတ်စလင်တွေရဲ့ တိုင်းပြည်အပေါ် ပံ့ပိုးကူညီမှုကို ကဏ္ဍတိုင်းမှာ တွေ့ရတယ်လို့လည်း ၀န်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “စီးပွားရေးမှာကြည့်ကြည့်၊ နိုင်ငံဝန်ထမ်းကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ မီဒီယာ၊ အစိုးရရဲ့ ထိပ်တန်းအဆင့်တွေမှာပဲဖြစ်ဖြစ်၊ နောက်ဆုံး ကမ္ဘ္ဘာ့ဖလားရခဲ့တဲ့ အင်္ဂလန်ခရစ်ကတ်အသင်း စသဖြင့် ယနေ့ခေတ် အောင်မြင်တဲ့ ဗြိတိန်နိုင်ငံ ဖြစ်လာရေးအတွက် မွတ်စလင်တွေဟာ နယ်ပယ်စုံကနေ ပံ့ပိုးကူညီပေးနေကြပါတယ်”
    ဗြိတိန်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ စုစုပေါင်း ၃.၃ သန်းလောက် ရှိပါတယ်။ ဗြိတိန်မွတ်စလင်တွေရဲ့ ရက်ရောမှု၊ အလှူဒါနပြုမှုတွေကိုလည်း ဘောရစ်ဂျွန်ဆင်က ထည့်သွင်း ချီးကျူးခဲ့ပါတယ်။
    ဂျွန်ဆင်ဟာ အရင်က အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် စကားတွေ ပြောကြားခဲ့ဖူးပါတယ်။
    Ref: Independent
  • အမျိုး၊ ဘာသာအတွက် မက္ကဆီကန်များကို သတ်ရသည်ဟု အလ်ပါဆို သေနတ်သမား ထွက်ဆို
    အမျိုး၊ ဘာသာအတွက် မက္ကဆီကန်များကို သတ်ရသည်ဟု အလ်ပါဆို သေနတ်သမား ထွက်ဆို
    သြဂုတ် ၁၀၊ ၂၀၁၉
    M-Media
    -တက္ကဆက်ပြည်နယ် အလ်ပါဆိုမြို့က လူ ၂၂ ဦးသေဆုံးတဲ့ ပစ်ခတ်မှုမှာ မက္ကဆီကန်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး၊ အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့တာလို့ သေနတ်သမား ပက်ထရစ်ခရူးရှက်က ၀န်ခံပြောကြားလိုက်ပါတယ်။
    အသက် ၂၁ နှစ်အရွယ် ခရူးရှက်ဟာ သြဂုတ်လ ၃ ရက်နေ့က မက္ကဆီကိုနယ်စပ် အလ်ပါဆိုမြို့မှာရှိတဲ့ Walmart ဆိုင်ကို ၀င်ရောက် ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုအပြီးမှာ ခရူးရှက်က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။
    ချေမှုန်းရေးရိုင်ဖယ် AK47 နဲ့ ကျည်တွေသယ်ဆောင်ကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ မက္ကဆီကန်တွေကို ပစ်မှတ်ထားခဲ့ကြောင်း ခရူးရှက်က ရဲတပ်ဖွဲ့ထံ ၀န်ခံပြောကြားခဲ့ပါတယ်။ ခရူးရှက်ဟာ သူနေထိုင်ရာ ဒါးလက်စ်မြို့ ဆင်ခြေဖုံးကနေ ၁၀ နာရီကြာ ကားမောင်းလာရောက်ကာ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တာပါ။
    ပက်ထရစ်ခရူးရှက်
    ပစ်ခတ်မှုမကျူးလွန်ခင် မိနစ်ပိုင်းအလို အွန်လိုင်းမှာ ကြေငြာစာတမ်းတစ်ခုကို ခရူးရှက်က လွှင့်တင်ခဲ့ပြီး အဲဒီအထဲမှာ အစွန်းရောက် လူဖြူအမျိုးသားရေးဝါဒ၊ မက္ကဆီကန်တွေအပေါ် မုန်းတီးမှု၊ လူဖြူကြီးစိုးရေးဝါဒ၊ ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေး၊ ဂျူးဆန့်ကျင်ရေးတွေကို ရေးသားဖော်ပြထားပါတယ်။
    မက္ကဆီကန်တွေဟာ တက္ကဆက်ပြည်နယ်ကို ကျူးကျော်သိမ်းပိုက်ကာ၊ သွေးနှောနေတဲ့အတွက်
    ရှင်းပစ်မယ်လို့လည်း ခရူးရှက်က ကြေငြာစာထဲမှာ ကြုံးဝါးထားပါတယ်။
    “ကျူးကျော်သိမ်းပိုက်ကာ လူမျိုးရေးနဲ့ ယဉ်ကျေးမှုကို ဖယ်ထုတ်အစားထိုတာတွေကန ကျွန်တော့်တိုင်းပြည်ကို ကာကွယ်ပေးတာပါပဲ”
    လက်ရှိမှာ ခရူးရှက်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ အမှုကို အမျိုးသားရေးအခြေပြု ပြည်တွင်း အစွန်းရောက်ဝါဒအဖြစ် ကိုင်တွယ်စစ်ဆေးနေတာကြောင့် ခရူးရှက်ကို အမုန်းရာဇ၀တ်မှု
    စွဲချက်တွေနဲ့ ထပ်မံစွဲဆိုသွားဖို့လည်း ရှိနေပါတယ်။
    Ref: Aljazeera