News @ M-Media

Author: Ko Lay

  • ဂါဇာတွင် အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်လုပ်

    ဂါဇာတွင် အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်လုပ်

    ဒီဇင်ဘာ ၁၊ ၂၀၂၃

    M-Media 


    -အစ္စရေးနဲ့ ဟားမက်စ်တို့အကြား ယာယီအပစ်ရပ်ရေး သက်တမ်းကုန်သွားတဲ့ ဒီကနေ့မနက်ပိုင်းက စတင်ပြီး ဂါဇာမှာ အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြန်လုပ်လာပါတယ်။ 

    ဂါဇာတောင်ပိုင်း ရာဖာနယ်ခြားအပါအ၀င် အနည်းဆုံး ပါလက်စတိုင်း ပြည်သူ ဒါဇင်နဲ့ချီ အသတ်ခံလိုက်ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာ၀န်ရှိသူတွေက ပြောပါတယ်။ 

    ဂါဇာမြောက်ပိုင်းမှာ ဟားမက်စ်ကို ချေမှုန်းမှာ ဖြစ်တဲ့အတွက် တောင်ပိုင်းကိုရွှေ့ဖို့ အစ္စရေးက ထုတ်ပြန်ထား တာကြောင့် ပါလက်စတိုင်းပြည်သူတွေအားလုံး တောင်ပိုင်းကို ထွက်ပြေး ခိုလှုံနေရတာပါ။ 

    ဒါပေမယ့် အစ္စရေးက ဂါဇာတောင်ပိုင်းမှာလည်း တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

    ဟားမက်စ်ကို လက်တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးက ဂါဇာမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေရာမှာ ပါလက်စတိုင်းပြည်သူတွေကို အဓိက ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ 

    နှစ်လနီးပါးအတွင်း ပါလက်စတိုင်းပြည်သူ ၁၅၀၀၀ ကျော် အသတ်ခံခဲ့ရပြီး ဂါဇာက ဆေးရုံတွေ၊ ကျောင်းတွေ၊ လူနေအဆောက်အအုံ ၈၀ ရာခိုင်နှုန်းနီးပါး ဖျက်ဆီးခံထားရပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က စတင်ကာ ဟားမက်စ်နဲ့ အစ္စရေးတို့ဟာ အပစ်ရပ်ရေးသဘောတူခဲ့ပြီး ဓားစားခံတွေ အပြန်အလှန်လွှတ်ပေးခဲ့ပါတယ်။ 

    မနေ့က သက်တမ်းကုန်မယ့် အပစ်ရပ်ရေးကို ဆက်လက်သက်တမ်းတိုးဖို့အတွက် သူတို့ဖမ်းထားတဲ့ ဓားစားခံတွေကို ထပ်လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် အစ္စရေးက လက်မခံခဲ့ဘူးလို့ ဟားမက်စ်ဖက်က ထုတ်ပြန်ထားပါတယ်။ 

    Ref: Aljazeera 

  • ဟားမက်စ်၏ ကြိုးပမ်းမှုကြောင့် နို၀င်ဘာ ၃၀ ရက်နေ့တွင် အစ္စရေးလက်မှ လွတ်မြောက်လာကြသည့် ပါလက်စတိုင်းဓားစားခံများ။

    ဟားမက်စ်၏ ကြိုးပမ်းမှုကြောင့် နို၀င်ဘာ ၃၀ ရက်နေ့တွင် အစ္စရေးလက်မှ လွတ်မြောက်လာကြသည့် ပါလက်စတိုင်းဓားစားခံများ။

    နို၀င်ဘာ ၃၀၊ ၂၀၂၃

    M-Media

    ဟားမက်စ်နဲ့ အစ္စရေးဟာ ဂါဇာမှာ ၆ ရက်ကြာ အပစ်ရပ်ရေးနဲ့ ဓားစားခံတွေ အပြန်အလှန်လွှတ်ပေးရေး သဘောတူခဲ့ကြပြီး ကြာသာပတေးနေ့ မနက်ပိုင်းမှာ အစ္စရေးဖက်က ပါလက်စတိုင်း ဓားစားခံ ၃၀၊ ဟားမက်စ်ဖက်က အစ္စရေးဓားစားခံ ၁၆ ဦး အသီးသီး လွှတ်ပေးခဲ့ပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးကို ၀င်ရောက်တိုက်ခိုက်မှုအတွင်း ဟားမက်စ်က ဓားစားခံ ၂၀၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။ အစ္စရေးကတော့ ပါလက်စတိုင်းပိုင်နက်တွေကို နှစ်ပေါင်းများစွာ ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းဓားစားခံပေါင်း ၅ ထာင်ကျော် ဖမ်းဆီးထားပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်း ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းမှာ အစ္စရေးက ထပ်မံဖမ်းဆီးခဲ့တဲ့ ပါလက်စတိုင်း ဓားစားခံ ၃၀၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။

    Ref: Aljazeera

  • ၉ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်ကို အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ အစ္စရေး

    ၉ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်ကို အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ အစ္စရေး

    နို၀င်ဘာ ၃၀၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်း ဂျီနင်မြို့မှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အစ္စရေးတပ်ဖွဲ့တွေက နို၀င်ဘာ ၂၉ ရက်နေ့မှာ ပစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။ 

    အဒမ် ဆာမီရ် အလ်ဂူလ်လို့ခေါ်တဲ့ အဲဒီကလေးငယ်ဟာ သူတို့နေတဲ့ ရပ်ကွက်ကို အစ္စရေးတပ်ဖွဲ့တွေ ရောက်လာလို့ နောက်လှည့်ထွက်ပြေးတဲ့အချိန် ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ 

    ပါလက်စတိုင်းနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်စက်ကာ အလ်ဘန်နီစ်က ‘သွေးအေးအေးနဲ့ လူသတ်မှု’ လို့ ပြောဆိုကာ ဒီကိစ္စကို ၀ေဖန်ရှုတ်ချခဲ့ပါတယ်။ 

    “အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအောက်မှာ ဘယ်ပါလက်စတိုင်းမှ မလုံခြုံပါဘူး” 

    မနေ့က ဂျီနင်မှာ အစ္စရေးရဲ့ ၀င်ရောက်စီးနင်းမှုအတွင်း အသက် ၁၅ နှစ်အရွယ် ဘာစီရ် ဆူလိုင်မန် အလူ အလ်၀ါဆိုတဲ့ လူငယ်လည်း ပစ်သတ်ခံခဲ့ရပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကစတင်ကာ ဂါဇာမှာ အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်နေတဲ့အချိန် အနောက်ဖက်ကမ်းမှာလည်း အစ္စရေးနဲ့ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေကို တိုက်ခိုက်သတ်ဖြတ်နေတာပါ။  

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အနောက်ဖက်ကမ်းမှာ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၂၃၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

    (ဗီဒီယီု – အဒမ်ဆာမီရ် အကြမ်းဖက်သတ်ဖြတ်ခံရမှု မြင်ကွင်း)

  • ဂါဇာတွင် ယာယီအပစ်ရပ်ရေး သက်တမ်းထပ်တိုးပြီး ဓားစားခံများ အပြန်အလှန်လွှတ်ပေး

    ဂါဇာတွင် ယာယီအပစ်ရပ်ရေး သက်တမ်းထပ်တိုးပြီး ဓားစားခံများ အပြန်အလှန်လွှတ်ပေး

    နို၀င်ဘာ ၂၉၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အပစ်ရပ်ရေး နောက်ထပ် သက်တမ်း ၂ ရက်တိုးကာ ဓားစားခံတွေ အပြန်အလှန်လွှတ်ပေးဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်တို့ သဘောတူခဲ့ကြပါတယ်။ 

    တနင်္လာနေ့ သက်တမ်းကုန်မယ့် အပစ်ရပ်ရေးကို နောက်ထပ် ၂ ရက် တိုးလိုက်တာဖြစ်ပါတယ်။ 

    သဘောတူညီချက်အရ ဟားမက်စ်ဟာ ဓားစားခံ ၁၂ ယောက်ကို လွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံခြားသား ၂ ဦး ပါ၀င်ပါတယ်။

    အစ္စရေးလက်ကနေ ပါလက်စတိုင်းဓားစားခံ အမျိုးသမီးနဲ့ ကလေးငယ် ၃၉ ယောက် လွတ်မြောက်လာပါတယ်။ လွတ်မြောက်လာသူတွေထဲကတစ်ချို့ဟာ ဓားစားခံအဖြစ် နှစ်များစွာ ဖမ်းဆီးခံထားရသူတွေပါ။ အစ္စရေးက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းပြည်သူ ၅ ထောင်ကျော် ရှိနေပါတယ်။ 

    အစ္စရေးက ဖျက်ဆီးထားတဲ့ အဆောက်အဦး အုတ်ပုံတွေအောက်ကနေ အလောင်း ၁၆၀ ကို ရှာဖွေတွေ့ရှိတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

    ဒါ့ကြောင့် ဂါဇာမှာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၁၅၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ 

    ဂျူးအစွန်းရောက်ခေါင်းဆောင် ကာကွယ်ရေး၀န်ကြီး ဂါဗီရ် အပါအ၀င် အစ္စရေးအစိုးရ တာ၀န်ရှိသူတွေကလည်း ဂါဇာမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လုပ်ဖို့ ၀န်ကြီးချုပ် နေတန်ယာဟုကို တောင်းဆိုနေပါတယ်။ 

    Ref: Aljazeera 

  • ဆေးဘက်ဆိုင်ရာ အာရပ်နိုဘယ်ဆုကို ဆော်ဒီနှလုံးအထူးကု ဆွတ်ခူး

    ဆေးဘက်ဆိုင်ရာ အာရပ်နိုဘယ်ဆုကို ဆော်ဒီနှလုံးအထူးကု ဆွတ်ခူး

    နို၀င်ဘာ ၂၆၊ ၂၀၂၃

    M-Media 


    -ဒူဘိုင်းဘုရင် ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွမ်က ချီးမြှင့်တဲ့ ၂၀၂၃ ခုနှစ် အာရပ်ကမ္ဘာ ဆေးဘက်ဆိုင်ရာထူးချွန်ဆုကို အမေရိကန်အခြေစိုက် ဆော်ဒီ နှလုံးပါရဂူ ဒေါက်တာ ဟာနီ နဂျမ်က ရရှိသွားပါတယ်။ 

    Arab Minds Award လို့ အမည်ပေးထားတဲ့ အဲဒီထူးချွန်ဆုကို အာရပ်နိုဘယ်ဆုလို့လည်း ခေါ်ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ဒုတိယသမ္မတနဲ့ ၀န်ကြီးချုပ် ရှိခ်မိုဟာမက်က ၂၀၂၂ ခုနှစ်မှာ စတင်ချီးမြှင့်တာပါ။ 

    ယခုနှစ် ဆေးဘက်ဆိုင်ရာဆုကို ရရှိသွားတဲ့ ဒေါက်တာ ဟာနီ နဂျမ်ဟာ အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းဆေးရုံက နှလုံးဌာန အကြီးအကဲ ဖြစ်ပါတယ်။ 

    မိခင်၀မ်းဗိုက်ထဲက ကလေးငယ်ရဲ့ နှလုံးကို ခွဲစိပ်ကုသပေးမှုအပြင် ခက်ခဲတဲ့ နှလုံးခွဲစိပ်မှု တော်တော်များများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သူပါ။ 

    ရှိခ်မိုဟာမက်ရဲ့ ထုတ်ပြန်ချက်မှာ နှလုံးခွဲစိပ်ကုသမှု နယ်ပယ်အတွင်း ဒေါက်တာ နဂျမ်ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ၊ တီထွင်ကြံဆမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ Arab Minds Award ဆု ကို ချီးမြှင့်ခဲ့တာလို့ ဖော်ပြထားပါတယ်။ 

    သက်တမ်းတစ်လျှောက် အောင်မြင်တဲ့ နှလုံးခွဲစိပ်မှုပေါင်း တစ်သောင်းကျောင် ဆောင်ရွက်ခဲ့တဲ့ နဂျမ်ဟာ Arab Minds Award ဆုရဲ့ ဆေးပညာထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူ ဖြစ်ပါတယ်။ 

    Arab Minds Award ဆုဟာ အင်ဂျင်နီယာ၊ စီးပွားရေး၊ စာပေနဲ့ အနုပညာနယ်ပယ်တွေမှာ ထူးချွန်တဲ့ အာရပ်လူမျိုးတွေကို ရွေးချယ်ချီမြှင့်တာ ဖြစ်ပါတယ်။ 

    ဒေါက်တာနဂျမ်ရဲ့ အပြောင်မြောက်ဆုံး ခွဲစိပ်မှုဟာ လွန်ခဲ့တဲ့ ၂ နှစ် ကလိဗ်လန်းဆေးရုံမှာ ပြုလုပ်တဲ့ ခွဲစိပ်မှုပါ။ ၂၆ ပတ်သာရှိတဲ့ သန္ဓေသားလောင်းရဲ့ နှလုံးမှာ အကြိတ်ဖြစ်နေတာကို ဖယ်ရှားပေးခဲ့ရတာဖြစ်ပါတယ်။ 

    မိခင်ဗိုက်ကိုခွဲ သန္ဓေသားလောင်းကိုထုတ်ပြီး ရင်ကိုခွဲ နှလုံးက အကြိတ်ကို ဖယ်ကာ၊ သန္ဓေသားလောင်ကို မိခင်ဗိုက်ထဲ ပြန်ထည့်ပေးရတဲ့ ဒီခွဲစိပ်မှုဟာ အလွန်အဖြစ်နည်းပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဥ် ဖြစ်ပါတယ်။ ကမ္ဘာမှာ ဒီလိုခွဲစိပ်မှု ၂ ခုသာ ရှိပါတယ်။ 

    Ref: Khaleej Times