News @ M-Media

Author: Ko Lay

  • အဆင့်မြှင့်ထားသည့် အသံထက်မြန်သော ဒုံးကျည်ကို အီရန်ထုတ်ပြ

    အဆင့်မြှင့်ထားသည့် အသံထက်မြန်သော ဒုံးကျည်ကို အီရန်ထုတ်ပြ

    နို၀င်ဘာ ၂၀၊ ၂၀၂၃

    M-Media 


    -အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က တီထွင်ထုတ်လုပ်ထားတဲ့ လက်နက်အသစ်အဆန်းတွေကို အဓိပတိ အယာတိုလာ အလီ ခါမေနီက နို၀င်ဘာ ၁၉ ရက်နေ့မှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။  

    အဲဒီအခမ်းအနားမှာ ပြည်တွင်းဖြစ် အသံထက်မြန်တဲ့ဒုံးကျည် Fattah ကို အဆင့်မြှင့်တင်ထားတဲ့ ဒုံးကျည်အပါအ၀င်၊ ဒရုန်းအသစ်၊ လေကြောင်းရန် ကာကွယ်ရေးစနစ် အသစ်တွေကို အီရန်က ထုတ်ပြခဲ့ပါတယ်။ 

    Fattah ဒုံးကျည်ကို အခုနှစ်ဇွန်လမှာ အီရန်က ထုတ်ပြခဲ့ပြီး တစက္ကန့်ကို ၃ ဒဿမ ၂ မိုင်အထိ သွားနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်၊ ရုရှားတို့လို အသံထက်မြန်တဲ့ဒုံးကျည် ပိုင်ဆိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေစာရင်းမှာ အီရန်က ပါ၀င်လာတာပါ။ 

    မနေ့ကပြသတဲ့ Fattah II ဒုံးကျည်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အီရန်က မထုတ်ပြန်ပါဘူး။ 

    အရင်ထုတ်ထားတဲ့ Shahed ဒရုန်းကို အဆင့်မြှင့်တင်ထားတဲ့ ‘Gaza’ ဒရုန်း၊ တာတိုနဲ့ တာလတ်ပစ် ဒုံးခွင်းစနစ် 9-Dey ကို အဆင့်မြှင့်တင်ထားမှုတွေကိုလည်း တော်လှန်ရေးအစောင့်တပ်ဖွဲ့က အဓိပတိ ခါမေနီကို ပြသခဲ့ပါတယ်။ 

    မနေ့က ပြပွဲမှာ ဒုံးခွင်းစနစ်အသစ် Mehran ကိုလည်း အီရန်က ထုတ်ပြပါတယ်။ ဒီစနစ်ဟာ လောင်စာတောင့်အသုံးပြုတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်ပါတယ်။ 

    ခါမေနီဟာ မနေ့က အခမ်းအနားမှာ တစ်လအတွင်း ဂါဇာက ပါလက်စတိုင်းပြည်သူ ၁၃၀၀၀ ကျော်ကို သတ်ဖြတ်ထားတဲ့ အစ္စရေးနဲ့ သူတို့ကိုထောက်ခံတဲ့ အနောက်နိုင်ငံတွေကို ၀ေဖန်ရှုတ်ချခဲ့ပါတယ်။ 

    Ref: Aljazeera 

  • နျူထိပ်ဖူးတပ်နိုင်သည့် ဒုံးကျည်ကို ရုရှားက ဒုံးပစ်စင်ပေါ်တင်၍ အသင့်ပြင်ထား

    နျူထိပ်ဖူးတပ်နိုင်သည့် ဒုံးကျည်ကို ရုရှားက ဒုံးပစ်စင်ပေါ်တင်၍ အသင့်ပြင်ထား

    နို၀င်ဘာ ၁၇၊ ၂၀၂၃

    M-Media 


    -အသံထက်မြန်တဲ့အရှိန်မျိုး တင်နိုင်မယ့် Avangard တောင်ပံ တပ်ဆင်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ရုရှားက ပစ်စင်ပေါ် တင်ထားလိုက်ပါတယ်။ 

    ကာဇက်စတန်နဲ့ ကပ်နေတဲ့ နိုင်ငံတောင်ပိုင်း အိုရန်ဘဂ်မှာ ဒုံးကျည်ကို အသင့်ပြင်ထားလိုက်တာပါ။ ဒီဒုံးကျည်ဟာ နျူထိပ်ဖူးလည်း တပ်ဆင်နိုင်ပါတယ်။

    အသံထက်မြန်တဲ့အရှိန်မျိုး တင်ပေးနိုင်မယ့် Avangard တောင်ပံကို တီထွင်ထားကြောင့် သမ္မတပူတင်က ၂၀၁၈ ခုနှစ်မှာ ကြေငြာခဲ့တာပါ။ အသံထက် ၂၇ ဆမြန်တဲ့ အမြန်နှုန်း (တစ်နာရီ မိုင်ပေါင်း ၂၁၀၀၀) မျိုးကို ဒီတောင်ပံကနေ ရရှိနိုင်ပါတယ်။ 

    Avangard တပ်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည်တစ်လုံးကို ၂၀၁၉ ခုနှစ်မှာ အိုရန်ဘက်က ဒုံးပစ်စင်မှာပဲ တပ်ဆင် အသင့်ပြင်ထားဖူးပြီး အခု ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ 

     လက်နက်မပြန့်ပွားရေးစာချုပ်တွေကို ကမ္ဘာ့နိုင်ငံတွေက လိုက်နာမှု အားနည်းတဲ့အတွက် စိတ်ပျက်ကြောင်း ရုရှားနဲ့ အမေရိကန်တို့က ပြောကြားထားပြီး တစ်ဖက်မှာလည်း ဒီနှစ်နိုင်ငံဟာ လက်နက်အသစ်တွေကို တီထွင်ထုတ်လုပ်နေကြပါတယ်။ 

    အသံထက်မြန်တဲ့လက်နက် ထုတ်လုပ်မှုမှာ တရုတ်နိုင်ငံက ပြိုင်ဘက်ဖြစ်ပြီး၊ ရုရှားကို ခြိမ်းခြောက်မှုတစ်ခုလို့ ရှုမြင်ကြောင်း အမေရိကန်က ထုတ်ပြောထားပါတယ်။ 

    Ref: Aljazeera 

  • တရားမ၀င်ဂျူးများ၏ အကြမ်းဖက်မှုကို တားဆီးရန် အစ္စရေးအား အမေရိကန်တိုက်တွန်း

    တရားမ၀င်ဂျူးများ၏ အကြမ်းဖက်မှုကို တားဆီးရန် အစ္စရေးအား အမေရိကန်တိုက်တွန်း

    နို၀င်ဘာ ၁၇၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းပိုင်နက်တွင် လက်နက်များနှင့်အတူ တွေ့ရသည့် တရားမ၀င်အခြေချ ဂျူးများ)

    -ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းမှာ တရားမ၀င် အခြေချနေထိုင်နေတဲ့ ဂျူးတွေရဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ရေး ဆောင်ရွက်ဖို့ အစ္စရေးကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။ 

    အစ္စရေး စစ်ကောင်စီအဖွဲ့၀င်တစ်ဦးဖြစ်တဲ့ ဘန်နီဂန့်ဇ်နဲ့ မနေ့က ဖုန်းပြောဆိုမှုအတွင်း တရားမ၀င်ဂျူးတွေတဲ့ အကြမ်းဖက်မှု အပါအ၀င် အနောက်ဖက်ကမ်းမှာ မြင့်တက်လာတဲ့ တင်းမာမှုတွေကို လျှော့ချရေး ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ချက်ခြင်း လိုအပ်နေတဲ့အကြောင်း အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

    ဟားမက်စ်ရဲ့ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက တိုက်ခိုက်သတ်ဖြတ်နေတဲ့အချိန် အနောက်ဖက်ကမ်းမှာလည်း ပါလက်စတိုင်းတွေ သတ်ဖြတ်ခံရမှု တိုးလာပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့မတိုင်ခင်က အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်ဖွဲ့နဲ့ တရားမ၀င်ဂျူးတွေရဲ့ တိုက်ခိုက်မှုဟာ ပျမ်းမျှ တစ်ရက်ကို ၃ ခု ရှိနေရာကနေ၊ နောက်ပိုင်းမှာ တစ်ရက်ကို ၇ ခုအထိ မြင့်တက်လာခဲ့ပါတယ်။ 

    ပါလက်စတိုင်းတွေရဲ့ နယ်မြေကို တရားမ၀င်ဂျူးတွေက အကြမ်းဖက် သိမ်းယူမှုတွေလည်း မြင့်တက်လာပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်ဖွဲ့နဲ့ တရားမ၀င်ဂျူးတွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ရာနဲ့ချီ ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာတွင် ဗလီ ၆၀ ကျော်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထား

    ဂါဇာတွင် ဗလီ ၆၀ ကျော်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထား

    နို၀င်ဘာ ၁၃၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ- အစ္စရေးက အကြမ်းဖက်ဖျက်ဆီးထားသည့် ဗလီ၀တ်ကျောင်းတော်တစ်လုံး)

    -အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ အစ္စရေးရဲ့ ဂါဇာကမ်းမြှောင်ကို ကျူးကျော်တိုက်ခိုက်မှုမှာ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ 

    မနေ့က ဂါဇာစီးတီးမှာရှိတဲ့ အလ်-ဆလမ် ဗလီ၀တ်ကျောင်းတော်ကို အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ တစ်လကျော်အတွင်း အစ္စရေးဖျက်ဆီးခဲ့တဲ့ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ရာမှာ ပါလက်စတိုင်း ပြည်သူလူထုအပေါ် အဓိက အကြမ်းဖက်နေတာ ဖြစ်ပါတယ်။ 

    လူနေအိမ်၊ ဆေးရုံတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေ၊ ဒုက္ခသည်စခန်း၊ အကူအညီပေးရေး ယာဥ်မကျန် အစ္စရေးက တိုက်ခိုက်နေတာပါ။ 

    အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တစ်လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၁၁၀၇၈ ဦး သေဆုံးပြီး အများစုက ကလေးငယ်နဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေး၏ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ဂါဇာရှိ အဓိက ဆေးရုံနှစ်ခု ရပ်တန့်

    အစ္စရေး၏ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ဂါဇာရှိ အဓိက ဆေးရုံနှစ်ခု ရပ်တန့်

    နို၀င်ဘာ ၁၃၊ ၂၀၂၃

    M-Media  


    (ဓာတ်ပုံ- အလ်ရှီဖာဆေးရုံမြင်ကွင်း)

    -အစ္စရေးက ပိတ်ဆို့မှုတွေနဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ဂါဇာကမ်းမြှောင်က အဓိက ဆေးရုံနှစ်ခုဟာ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ 

    အလ်ရှီဖာနဲ့ အလ်ကွဒ်စ်တို့ဖြစ်ပြီး ဂါဇာကမ်းမြှောင်က အကြီးဆုံး ဆေးရုံတွေပါ။ 

    အစ္စရေးက ဂါဇာကမ်းမြှောင်ကို အစာဖြတ်၊ ရေဖြတ်၊ လောင်စာဖြတ်၊ မီးဖြတ်စနစ် လုပ်ဆောင်ထားတာကြောင့် ဆေးရုံတွေ မလည်ပတ်နိုင်တော့တာဖြစ်ပါတယ်။ 

    ဆေးရုံကို တင့်ကားတွေ စနိုက်ပါတွေနဲ့ ၀ိုင်းထားပြီး တိုက်ခိုက်သတ်ဖြတ်မှုတွေကိုလည် အစ္စရေးက တိုးမြှင့် လုပ်ဆောင်နေပါတယ်။ 

    ဆေးရုံက လူနာတွေ၊ ၀န်ထမ်းတွေနဲ့ စစ်ဘေးရှောင်တွေဟာ လျှပ်စစ်မီး၊ ရေနဲ့ ထွက်ပြေးနိုင်မယ့် လမ်းကြောင်းတွေ လိုအပ်နေတယ်လို့ အလ်ရှီဖာဆေးရုံက ဆရာ၀န် နီဒါလ် အဘူ ဟဒ်ရက်ဇ်က ပြောပါတယ်။ 

    “ဒီလို အကြာကြီးဖြစ်နေလို့ မရပါဘူး။ ၀န်ထမ်းတွေနဲ့ လူနာတွေကို ချက်ခြင်းကယ်ထုတ်ဖို့ လိုအပ်ပါတယ်” 

    အလ်ရှီဖာဆေးရုံကို အစ္စရေးက အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာကြောင့် ပြီးခဲ့တဲ့ ၃ ရက်အတွင်း သူနာပြု ၃ ဦး သေဆုံးခဲ့ပါတယ်။ 

    ဂါဇာမြောက်ပိုင်းက ကမာလ် အဒ်၀မ် ဆေးရုံလည်း မီးစက်နှိုးစရာ ဆီမရှိတော့တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရပါတယ်။ 

    ဂါဇာကမ်းမြှောင်မှာ ဆေးရုံ ၃၅ လုံးရှိပြီး အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ထက်၀က်ကျော်လောက် ပျက်ဆီးခဲ့ပါတယ်။ 

    တစ်လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၁၁၀၇၈ ဦးကို အစ္စရေးက သတ်ဖြတ်ထားပြီး ထက်၀က်နီးပါးဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera