News @ M-Media

Author: Ko Lay

  • ထိုင်ဝမ်နှင့်ကပ်နေသည့် ကမ်းရိုးတန်းတွင် စစ်ရေးလေ့ကျင့်ခဲ့ဟု တရုတ်ထုတ်ပြန်

    ထိုင်ဝမ်နှင့်ကပ်နေသည့် ကမ်းရိုးတန်းတွင် စစ်ရေးလေ့ကျင့်ခဲ့ဟု တရုတ်ထုတ်ပြန်

    ဇူလိုင် ၁၄၊ ၂၀၁၉
    M-Media

    -နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ထိုမ်ဝမ်ကို လက်နက်ရောင်းမယ့် အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်လာတဲ့အချိန် ဒီသတင်းပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    တရုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ဒီလေ့ကျင့်မှုဟာ နှစ်စဉ်ပြုလုပ်ဖို့ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

    ထိုင်ဝမ်ကို ကန်ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချသွားမယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen ရဲ့ ပြီးခဲ့တဲ့တစ်ပတ် ခရီးစဉ်မှာ အမေရိကန် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ တရုတ်က ဒီအစီအစဉ်ကို ဖျက်သိမ်းဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပြီး၊ လက်နက်ရောင်းချမှုမှာ ပါဝင်တဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ သောကြာနေ့မှာ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    ထိုင်ဝမ်သမ္မတ Tsai Ing-wen ဟာ ကာရစ်ဘီယံဒေသက မဟာမိတ်တွေထံ သွားရောက်တဲ့ ခရီးစဉ်အတွင်း အမေရိကန်ကို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်မစတင်ခင်မှာ Tsai Ing-wen က နိုင်ငံဟာ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

    ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ထိုင်ဝမ်ကို တရုတ်က သူ့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားတာပါ။

    ထိုင်ဝမ်သမ္မတကတော့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို အကြိမ်ကြိမ် ဝေဖန်ပြောဆိုခဲ့ပြီး နိုင်ငံရဲ့ လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူမှုဘ၀တွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကြုံးဝါးထားပါတယ်။

    Ref: Aljazeera

  • နိုင်ငံ၏ ကလေးမွေးနှုန်းကျဆင်းမှုမှာ အိမ်ထောင်မပြုသည့် အမျိုးသမီးအရေအတွက် မြင့်လာခြင်းကြောင့်ဟု ၀န်ကြီးပြော

    နိုင်ငံ၏ ကလေးမွေးနှုန်းကျဆင်းမှုမှာ အိမ်ထောင်မပြုသည့် အမျိုးသမီးအရေအတွက် မြင့်လာခြင်းကြောင့်ဟု ၀န်ကြီးပြော

    ဇူလိုင် ၁၄၊ ၂၀၁၉
    M-Media

    Photo credit – 3mdg.org

    -မြန်မာနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းသွားတာဟာ လက်မထပ်တဲ့ အမျိုးသမီးတွေ များလာတာကြောင့်ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီဌာန ၀န်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။

    ၁၉၈၃ ခုနှစ်က အိမ်ထောင်တစ်ခုမှာ ပျမ်းမျှ ကလေးမွေးဖွားနှုန်း ၅ ဦးအထိ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အရောက်မှာတော့ ပျမ်းမျှမွေးဖွားမှုနှုန်းဟာ ၂.၃ ဦးသာ ရှိပါတော့တယ်။

    နေပြည်တော်မှာ ကြာသာပတေးနေ့ကပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားမှာ ၀န်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံမှာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဟာ ကလေး ၄ ဦးနှုန်း မွေးဖွားနေပေမယ့် အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေ များလာတာကြောင့် ပျမ်းမျှတွက်လိုက်ရင် မွေးဖွားနှုန်း
    ကျဆင်းတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းမှု အကြောင်းအရင်းတွေထဲက တစ်ခုဟာ အိမ်ထောင်မပြုတဲ့ အမျိုးသမီးအရေအတွက် မြင့်တက်လာတာ ဖြစ်ပါတယ်”

    ခေတ်ပေါ် သန္ဓေတားနည်းလမ်းတွေကို အမျိုးသမီးတွေ လက်လှမ်းမီလာတဲ့အခြေအနေမျိုး ရောက်နေတာကလည်း မွေးဖွားနှုန်း လျော့ကျမှု အကြောင်းအရင်တွေထဲကတစ်ခု ဖြစ်ကြောင်း၊ မွေးဖွားနှုန်းလျော့ကျမှုဟာ ကျေးလက်ဒေသထက် မြို့ပြဒေသမှာ ပိုမိုမြင့်မားပြီး၊ ကျေးလက်နေ အမျိုးသမီးတွေထံ သားဆက်ခြားနည်းလမ်းတွေ ရောက်ရှိအောင် အစိုးရက ဦးစားပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ မွေးဖွားပြီးနောက် မိခင်သေဆုံးမှုနှုန်းလည်း ကျဆင်းသွားခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေက အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်ကြား အမျိုးသမီး ၁၀၀ ကလေးမွေးရင် ပျမ်းမျှ ၄၃ ခုမှာ မိခင်တွေ သေဆုံးလေ့ရှိပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ ဒီအရေအတွက်ဟာ ၃၃ ခုအထိ ကျဆင်းသွားခဲ့ပါတယ်။ အဲဒီလိုသေဆုံးမှုဟာလည်း မြို့ပြထက် ကျေးလက်ဒေသတွေမှာ ပိုမိုအဖြစ်များတယ်လို့ ၀န်ကြီးက ဆိုပါတယ်။

    ကျေးလက်ဒေသမှာ မွေးဖွားနှုန်း မြင့်မားရတာဟာ အမျိုးသမီးတွေ အိမ်ထောင်ကျမှု မြင့်မားလို့ဖြစ်ပြီး ပညာရေးအခွင့်အလမ်း နည်းပါးတာကြောင့် မိန်းကလေးငယ်တွေဟာ အိမ်ထောင် စောစောကျကျတယ်လို့လည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် ပညာရေးဆုံးခန်းတိုင်းမှု အချက်အလက်မှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုမြင့်မားပြီး စုစုပေါင်း ဘွဲ့ရမှုရဲ့ ၅၉ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။

    Ref: Myanmar Times

    (Myanmr Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • အလ်ကိုဟောမပါသည့်ဘီယာ မွတ်စလင်များအတွက်မဟုတ်ဟု မလေးရှား Heineken ရှင်းလင်း

    အလ်ကိုဟောမပါသည့်ဘီယာ မွတ်စလင်များအတွက်မဟုတ်ဟု မလေးရှား Heineken ရှင်းလင်း

    ဇူလိုင် ၁၄၊ ၂၀၁၉
    M-Media

    -အလ်ကိုဟောမပါတဲ့ ဘီယာထုတ်လုပ် ရောင်းချတာဟာ မွတ်စလင်တွေ သောက်သုံးဖို့ ရည်ရွယ်တာမဟုတ်ဘဲ မွတ်စလင်မဟုတ်သူတွေကိုပဲ ပစ်မှတ်ထားတာဖြစ်တယ်လို့ ကမ္ဘ္ဘာကျော် ဘီယာတံဆိပ်ဖြစ်တဲ့ Heineken က မလေးရှားနိုင်ငံမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

    Heineken ရဲ့ အလ်ကိုဟောမပါတဲ့ ဘီယာဟာ အသစ်ထွက်ရှိလာတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မလေးရှားမှာ စတင်ရောင်းချခဲ့တာပါ။ ကြော်ငြာမှာ Now You Can (အခုတော့ သောက်လို့ရပြီ) ဆိုတဲ့ စာလုံး ပါလာတာကြောင့် ဒီထုတ်ကုန်ဟာ ဘာသာရေးတားမြစ်ချက်အရ မူးယစ်ထုံထိုင်းစေတဲ့အရာတွေ မှီဝဲသုံးစွဲခွင့်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် ရည်ရွယ်တာလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    မလေးရှား အစ္စလာမ့်ရေးရာအဖွဲ့ Jakim က အဲဒီဘီယာဟာ အလ်ကိုဟော မပါပေမယ့် ရိုးရိုးဘီယာ ချက်လုပ်တဲ့နည်းအတိုင်း ချက်လုပ်တာဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေ သောက်သုံးခွင့်မရှိဘူးလို့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကိစ္စနဲ့ပတ်သက်လို့ Heineken မလေးရှားက ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အလ်ကိုဟောမပါတဲ့ဘီယာဟာ ဟာလာလ် မဟုတ်သလိုမွတ်စလင်တွေ သောက်သုံးဖို့ ထုတ်လုပ်တာမဟုတ်ဘူးလို့ ရှင်းလင်းဖော်ပြခဲ့ပါတယ်။

    “Hineken ရဲ့ အလ်ကိုဟောမပါတဲ့ ထုတ်ကုန်တွေကို မလေးရှား စူပါမားကတ်တွေနဲ့ ကုန်စုံဆိုင်တွေရဲ့ ဟာလာလ် အစားအသောက်ဇုန်မှာ ထားမှာ မဟုတ်ပါဘူး။ အသက် ၂၁ နှစ်နဲ့အထက် မွတ်စလင်မဟုတ်သူတွေအတွက်သာ ဖြစ်တယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ထင်သာမြင်သာတဲ့
    နေရာမှာ ချိတ်ဆွဲသွားမှာပါ။ ဟာလာလ်ဇုန် သီးသန့်မရှိတဲ့ ဆိုင်တွေမှာလည်း အလ်ကိုဟောမပါတဲ့ ဘီယာဟာ အသက် ၂၁ နှစ်အထက် မွတ်စလင်မဟုတ်တဲ့သူတွေအတွက် သီးသန့်ဖြစ်တယ်ဆိုတဲ့ ဆိုင်းဘုတ် တပ်သွားမှာ ဖြစ်ပါတယ်” လို့ Heineken က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အလ်ကိုဟောမပါတဲ့ ဘီယာကို မလေးရှားမှာ ရောင်းချရခြင်းဟာ ဘီယာအရသာကို မမူးဘဲ ခံစားချင်တဲ့ မွတ်စလင်မဟုတ်သူတွေအတွက် ဖြစ်ကြောင်း၊ ဘီယာသောက်သုံးသူတွေ အလ်ကိုဟောမျှတတဲ့ လူနေမှုစနစ်မျိုး ရရှိဖို့ ရည်ရွယ်တာဖြစ်ကြောင်း ကုမ္ပဏီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Heineken က Now You Can ဆိုတဲ့ စကားလုံးဟာ ထမင်းပွဲ၊ လုပ်ငန်းခွင် အစည်းအဝေးနဲ့ ကားမောင်းတဲ့ အချိန်မျိုးတွေမှာပါ မွတ်စလင်မဟုတ်သူတွေ ဘီယာသောက်သုံးနိုင်မယ့် အခြေအနေကို ရည်ညွှန်းတာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

    ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဟာ ထိလွယ်ရှလွယ်ဖြစ်တာကြောင့် အလ်ကိုဟောမပါတဲ့ ဘီယာ ဖြန့်ဖြူးမှု၊ ဈေးကွက်ချဲ့ထွင်မှုတွေမှာ ဘီယာဟာ အစ္စလာမ်ဘာသာဝင်မဟုတ်သူ အသက် ၂၁ နှစ်နဲ့အထက် သူတွေအတွက်သာ သီးသန့်ထုတ်လုပ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်း ထင်သာမြင်သာဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း Heineken ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    မလေးရှား ၀န်ကြီးချုပ်ရုံးဝန်ကြီး မူဂျာဟစ် ယူစွဖ်က နိုင်ငံအတွင်း ဘီယာထုတ်လုပ်သူတွေအနေနဲ့ အလ်ကိုဟောမပါတဲ့ဘီယာ ထုတ်လုပ်တဲ့အခါ မွတ်စလင်တွေအကြား နားလည်မှုလွဲမှားတာမျိုး မဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ ဟာလာလ်
    ဖြစ်၊ မဖြစ် မသေချာတဲ့ စားသုံးကုန်တွေကို သုံးစွဲခြင်းမပြုဖို့လည်း မူဂျာဟစ်က မွတ်စလင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Free Malaysia Today

  • ဝီဂါများအပေါ် တရုတ်ကဖိနှိပ်မှုကို မွတ်စလင်နိုင်ငံများမှလွဲ၍ နိုင်ငံ ၂၀ ကျော်က ကန့်ကွက်ရှုတ်ချ

    ဝီဂါများအပေါ် တရုတ်ကဖိနှိပ်မှုကို မွတ်စလင်နိုင်ငံများမှလွဲ၍ နိုင်ငံ ၂၀ ကျော်က ကန့်ကွက်ရှုတ်ချ

    ဇူလိုင် ၁၃၊ ၂၀၁၉
    M-Media

    ကုလသမဂ္ဂ အထွေထွေညီလာခံမြင်ကွင်း

    -နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရက နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင် ရှုတ်ချတဲ့ ကြေငြာချက်တစ်ခုကို ကမ္ဘ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံက လက်မှတ်ရေးထိုးကာ ကုလလူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့ပြီး လက်မှတ်ထိုးတဲ့နိုင်ငံတွေထဲမှာ မွတ်စလင်အများစုရှိရာ နိုင်ငံတွေ တစ်နိုင်ငံမှ ပါဝင်ခြင်း မရှိပါဘူး။

    ရှင်ကျန်းက ဝီဂါတွေနဲ့ အခြားလူနည်းစုတွေကို တရုတ်အစိုးရက တရားလက်လွတ် ဖမ်းဆီးမှုတွေ၊ သွားလာလှုပ်ရှားမှုကို ကန့်သတ်တာတွေကို ဆက်လက်မလုပ်ဆောင်ဖို့ ကြေငြာချက်မှာ တိုက်တွန်းဆော်သြထားပါတယ်။

    ကြေငြာချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေက သြစတေးလျ၊ သြစတြီးယား၊ ဘယ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အိုက်စလန်၊ ဂျပန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊
    ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ ယူကေတို့ ဖြစ်ပါတယ်။

    တရုတ်အစိုးရဟာ ဝီဂါမွတ်စလင် တစ်သန်းခွဲလောက်ကို အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းထားပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ကမ္ဘ္ဘာ့မီဒီယာတွေက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။ တရုတ်အစိုးရက ဒီသတင်းကို အစောပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၀န်ခံခဲ့ပြီး ဒါဟာ အစွန်းရောက်တိုက်ဖျက်ရေး ဆောင်ရွက်မှုတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်ဟာ အရွယ်ရောက်ပြီးသူတွေသာမကဘဲ ဝီဂါကလေးငယ်တွေကိုလည်း မိဘတွေမသိအောင် ပေါ်တာဆွဲကာ ဦးနှောက်ကျင်းမှု လုပ်ဆောင်နေတယ်လို့ အခုလအစောပိုင်းမှာ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဝီဂါတွေအပေါ် လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့က တင်သွင်းတဲ့ အဲဒီကြေငြာချက်ကြောင့် လူ့အခွင့်အရေးကောင်စီကနေ တရားဝင်ကြေငြာချက် ထွက်လာမှာမဟုတ်ပေမယ့် ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေကိစ္စအတွက် ကမ္ဘ္ဘာ့နိုင်ငံတွေရဲ့ ပထမဆုံး စုပေါင်းတုန့်ပြန်မှု ဖြစ်ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂန့်ရွှမ်က ကုလမှာတင်သွင်းတဲ့ ဒီကြေငြာချက်ဟာ တရုတ်ရဲ့ပြည်တွင်းရေးကို ဆိုးဆိုးဝါးဝါး ၀င်ရောက်စွက်ဖက်မှု ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    မွတ်စလင်နိုင်ငံတွေ တရုတ်ကို ထောက်ခံ

    ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အပါအ၀င် အခြားနိုင်ငံပေါင်း ၃၅ နိုင်ငံကတော့ ရှင်ကျန်းပြည်နယ်မှာ တရုတ်ကဆောင်ရွက်နေတဲ့ ပေါ်လစီတွေကို ထောက်ခံကြောင်း ကုလကို စာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီစာ မိတ္တူကို ရိုက်တာသတင်းဌာနာက သောကြာနေ့မှာ ရရှိခဲ့ပါတယ်။

    တရုတ်ဟာ လူ့အခွင့်အရေးကဏ္ဍမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

    “အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒကို သိသိသာသာ ရင်ဆိုင်လာရတဲ့ တရုတ်ဟာ ရှင်ကျန်းပြည်နယ်မှာ အကြမ်းဖက်တိုက်ဖျက်ရေး၊ အစွန်းရောက်တိုက်ဖျက်ရေးလုပ်ငန်း အများအပြားကို ဆောင်ရွက်နေပြီး အဲဒီအထဲမှာ အသက်မွေးဝမ်းကြောင်း သင်တန်းပေးတာတွေ ပါဝင်ပါတယ်”

    ရှင်ကျန်းဒေသမှာ ပြန်လည် လုံခြုံလာခဲ့ပြီး တိုင်းရင်းသားလူနည်းစုတွေရဲ့ အခြေခံ လူ့အခွင့်အရေးကိုလည်း တရုတ်အစိုးရက ကာကွယ်ပေးထားကြောင်း၊ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အဲဒီဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်တော့ဘဲ ပြည်သူတွေကလည်း ပျော်ရွှင်မှု၊ ပြီးပြည့်စုံမှုတွေကို အပြည့်အ၀ ခံစားနေရကြောင်း ဒီစာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    ကုလကို တင်သွင်းခဲ့တဲ့ တရုတ်ထောက်ခံကြောင်းစာကို ဆော်ဒီ၊ ရုရှားနဲ့ အာဖရိကနိုင်ငံတွေ၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ကျူးဘား၊ ဘီလာရုဇ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဆီးရီးယား၊ ပါကစ္စတန်၊ အိုမန်၊ ကူဝိတ်၊ ကာတာ၊ ယူအေအီးနဲ့ ဘာရိန်းတို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

    ၃ ပတ်တာကြာမြင့်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်တဲ့ မနေ့မှာတော့ တရုတ်သံအမတ် ရှူချန်က အခုလို ထောက်ခံမှုရတဲ့အတွက် လက်မှတ်ရေးထိုးတဲ့နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    တရုတ်ကိုကြောက်ရ

    ဝီဂါတွေအပေါ် တရုတ်က ညှင်းပမ်းမှုတွေကို မွတ်စလင်နိုင်ငံတွေက လူသိရှင်ကြား မဝေဖန်ရဲတာဟာ တရုတ်က စီးပွားရေးနဲ့ ပြန်လည်လက်စားချေမှာကို ကြောက်ရွံ့မှု၊ မွတ်စလင်နိုင်ငံတစ်ချို့မှာ လူ့အခွင့်အရေး မှတ်တမ်းကောင်းတွေ မရှိမှု စတာတွေကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဟာ တရုတ်က ဝီဂါတွေအပေါ် ညှင်းပမ်းမှုရှိတယ်ဆိုတဲ့ သတင်းတွေအတွက် စိုးရိမ်မိတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပြောကြားခဲ့ပေမယ့် အခုနှစ်မတ်လမှာ ဒီစကားကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။
    OIC က သူတို့ဟာ ‘အစ္စလာမ်ကမ္ဘ္ဘာရဲ့ အသံ’ ဖြစ်တယ်လို့ ခံယူထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

    တရုတ်ဟာ သူ့နိုင်ငံက နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေအပေါ် စောင့်ရှောက်တဲ့အတွက် ချီးကျူးတယ်လို့ OIC က နောက်ပိုင်းမှာ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Reuters, Business Insider

  • အိန္ဒိယတွင် ၁၀ နှစ်အတွင်း သန်း ၂၇၀ ကျော် ဆင်းရဲတွင်းမှ လွတ်မြောက်

    အိန္ဒိယတွင် ၁၀ နှစ်အတွင်း သန်း ၂၇၀ ကျော် ဆင်းရဲတွင်းမှ လွတ်မြောက်

    ဇူလိုင် ၁၃၊ ၂၀၁၉
    M-Media

    မွန်ဘိုင်းမြို့ ဆင်ခြေဖုံးမှ ဆင်းရဲသားရပ်ကွက်

    -အိန္ဒိယနိုင်ငံဟာ ၁၀ နှစ်အတွင်း ပြည်သူ သန်းပေါင်း ၂၇၀ ကျော်ကို ဆင်းရဲတွင်းကလွတ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကုလရဲ့ ဆင်းရဲမွဲတွေမှု ဆိုင်ရာ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

    လက်ရှိ ကမ္ဘ္ဘာ့နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှာ လူသန်းပေါင်း ၁.၃ ဘီလီယံလောက်ဟာ ၀င်ငွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုပ်ငန်းခွင်အခြေအနေ၊ ဘေးအန္တရာယ်ကင်းရှင်းမှု စတဲ့ ဘက်ပေါင်းစုံ မပြည့်စုံတဲ့ အနေအထားမှာ နေထိုင်နေရတယ်လို့ ကုလက ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် စုစုပေါင်း လူဦးရေ ၂ ဘီလီယံရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံကတော့ ဘက်စုံ ဆင်းရဲမွဲတွေမှုကို လျော့ချရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘေ္ဘာဒီးယား၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ အိန္ဒိယ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ပီရူးနဲ့ ဗီယက်နိုင်ငံတို့ဖြစ်တယ်လို့ ကုလက ဖော်ပြပါတယ်။

    အိန္ဒိယနိုင်ငံမှာတော့ ၁၀ နှစ်အတွင်း လူသန်းပေါင်း ၂၇၁ သန်းလောက်ဟာ ဆင်းရဲတွင်းကနေ လွတ်မြောက်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အိန္ဒိယဟာ ‘ဘက်စုံဆင်းရဲမွဲတွေမှု အညွှန်းကိန်း’ ကို အမြန်ဆုံး လျှော့ချနိုင်ခဲ့ပြီး ပိုင်ဆိုင်မှု၊ မီးဖိုဆောင်သုံးဓာတ်ငွေ့၊ မိလ္လာစနစ်နဲ့ အဟာရပြည့်ဝရေး၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး ကဏ္ဍတွေမှာ သိသိသာသာ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

    ၂၀၀၅-၂၀၀၆ မှာ ဘက်စုံဆင်းရဲမွဲတေသူဟာ သန်းပေါင်း ၆၄၀ ရှိရာကနေ ၂၀၁၅-၂၀၁၆ ခုနှစ်မှာတော့ ၃၆၉ သန်းသာ ရှိပါတော့တယ်။ အဲဒီ ၁၀ နှစ်တာကာလအတွင်း အဟာရချို့တဲ့မှုနှုန်း၊ မွေးကင်းစကလေး သေဆုံးမှုနှုန်းတွေဟာလည်း ထက်ဝက်အထိ ကျဆင်းခဲ့ပါတယ်။ အိမ်ယာနဲ့
    လျှပ်စစ်မီးရရှိသူ အရေအတွက်လည်း မြင့်တက်လာခဲ့ပါတယ်။

    ဆင်းရဲမွဲတေမှုနှုန်း လျှော့ချနိုင်ခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံစလုံးမှာ ဆင်းရဲမှုဟာ မြို့ပြဒေသထက်၊ ကျေးလက်ဒေသတွေမှာ ပိုမိုများပြားပြီး ကမ္ဘ္ဘာဒီးယား၊ ဟေတီ၊ အိန္ဒိယနဲ့ ပီရူးနိုငံတို့မှာ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုနှုန်းက ပိုမိုကျဆင်းခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကွန်ဂိုနိုင်ငံတို့မှာတော့ မြို့ပြ၊ ကျေးလက် ဆင်းရဲမှုနှုန်း အချိုးညီကျဆင်းခဲ့ကြောင်း ကုလရဲ့ ဆင်းရဲမွဲတေမှု အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

    ဘက်စုံ ဆင်းရဲနေတဲ့ ကမ္ဘ္ဘာ့လူဦးရေ ၁.၃ ဘီလီယံမှာ ၃ ပုံ ၂ ပုံက ၀င်ငွေအလယ်အလတ်ရတဲ့ တိုင်းပြည်တွေကဖြစ်ပြီး တစ်ပုံက ၀င်ငွေနည်းတဲ့ တိုင်းပြည်တွေက ဖြစ်ပါတယ်။ ကလေး ၃ ဦးမှာ ၁ ဦးဟာ ဘက်စုံ ဆင်းရဲမှုဒဏ်ကို ခံစားနေရပြီး၊ ကမ္ဘ္ဘာတစ်ဝှမ်း ဘက်စုံဆင်းရဲသူ စုစုပေါင်းရဲ့
    ထက်ဝက်ဖြစ်တဲ့ ၆၆၃ သန်းက ကလေးငယ်တွေဖြစ်တယ်လို့ ကုလ ဆိုပါတယ်။

    Ref: RT