News @ M-Media

Author: Ko Lay

  • မိမိတို့ရေနံတင်သင်္ဘောကို အီရန်က တားဆီးရန်ကြိုးစားဟု ယူကေ ထုတ်ပြန်

    မိမိတို့ရေနံတင်သင်္ဘောကို အီရန်က တားဆီးရန်ကြိုးစားဟု ယူကေ ထုတ်ပြန်

    ဇူလိုင် ၁၁၊ ၂၀၁၉
    M-Media

    ဂျီဘရော်တာ ရေလက်ကြားတွင် ဖမ်းဆီးခံထားရသည့် အီရန် ရေနံတင်သင်္ဘော

    -ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ မိမိတို့ရဲ့ ရေနံတင်သင်္ဘောကို အီရန် စစ်ရေယာဉ်တွေက တားဆီးဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ဘူးလို့ ယူကေအစိုးရက ဒီကနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

    အဲဒီအဖြစ်အပျက်ဟာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ သင်္ဘော ၃ စီးဟာ British Heritage သင်္ဘောနားကို ချဉ်းကပ်လာခဲ့ပေမယ့် သင်္ဘောကို စောင့်ရှောက်ဖို့ လိုက်ပါလာတဲ့ ယူကေရေတပ်သင်္ဘောက နှုတ်နဲ့ သတိပေးခဲ့ပြီးတဲ့နောက် ပြန်လှည့်သွားကြတယ်လို့ ဆိုပါတယ်။

    ဒီလုပ်ရပ်အတွက် မိမိတို့ စိုးရိမ်မိပြီး ဒေသတွင်းကအခြေအနေတွေကို တင်းမာအောင် မလုပ်ဖို့ အီရန်အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ယူကေက ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ယူကေရဲ့ ပြောကြားမှုတွေကို ငြင်းဆိုခဲ့ပြီး၊ တင်းမာမှုတွေ ဖန်တီးချင်တဲ့အတွက် အခြေအမြစ်မရှိတဲ့ ဒီလိုစကားတွေကို ပြောကြားတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း ဒီကိစ္စမှာ သူတို့ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။

    အမေရိကန်အစိုးရ တာဝန်ရှိသူ ၂ ဦးက တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလို့ ယုံကြည်ရတဲ့ သင်္ဘော ၅ စီး ဒီကိစ္စမှာ ပါဝင်တယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်စစ်တပ်ကလည်း ဒီကိစ္စအတွက် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။

    ပြီးခဲ့တဲ့တစ်ပတ်က စပိန်နိုင်ငံအနီး ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောတစ်စင်းကို ယူကေက ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီအဖြစ်အပျက် ပေါ်ထွက်လာတာပါ။ ဗြိတိသျှအစိုးရက အဲဒီ သင်္ဘောဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယားက အာဆတ်အစိုးရထံ ရေနံတွေ တင်ပို့တာကြောင့် ဖမ်းဆီးရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်ကတော့ သူတို့သင်္ဘောဟာ ဆီးရီးယားကို သွားမယ့်သင်္ဘောမဟုတ်ဘဲ ဖမ်းဆီးမှုဟာ ပင်လယ်ဓားပြလုပ်ရပ် ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • AA ထောက်ခံသူများကို ပြည်နှင်ဒဏ်ပေးမည်ဟု စင်ကာပူ ကြေငြာ

    AA ထောက်ခံသူများကို ပြည်နှင်ဒဏ်ပေးမည်ဟု စင်ကာပူ ကြေငြာ

    ဇူလိုင် ၁၁၊ ၂၀၁၉
    M-Media

    -ရခိုင်လက်နက်ကိုင်အဖွဲ့ AA အတွက် လော်ဘီလုပ်နေတဲ့ မြန်မာနိုင်ငံသားအချို့ကို နေရပ်ပြန်ပို့မယ်လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့မှာ ကြေငြာလိုက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ သူတို့နိုင်ငံက နိုင်ငံရေးပဋိပက္ခတွေကို စင်ကာပူနိုင်ငံအထိ မသယ်လာကြဖို့လည်း
    သတိပေးလိုက်ပါတယ်။

    AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ညီ၊ ရခိုင်အသင်း (စင်ကာပူ) က အဖွဲ့ဝင်တစ်ချို့အပါအ၀င် လူ ၆ ဦးကို AA နဲ့ ဆက်စပ်မှုအတွက် စင်ကာပူအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။ စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန MHA က ဖမ်းဆီးမှုအရေအတွက်ကို အတိအကျ မထုတ်ပြန်ခဲ့ပေမယ့် စစ်ဆေးနေတဲ့သူတွေထဲက တစ်ဦးဟာ ‘AA ခေါင်းဆောင်နဲ့ တိုက်ရိုက်အဆက်အသွယ်ရှိတယ်’ လို့ ဆိုပါတယ်။

    အဲဒီအမျိုးသားဟာ စင်ကာပူရောက် ရခိုင်တွေ AA ကို ထောက်ခံလာရေး တက်တက်ကြွကြွလှုံ့ဆော်တာတွေ၊ AA ကို ထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေကောက်တာတွေ လုပ်တဲ့အပြင်၊ ရခိုင်အသင်း(စင်ကာပူကလည်း) AA နဲ့ သူတို့ရဲ့ နိုင်ငံရေးအဖွဲ့ ULA ကို ရခိုင်လူ့အဖွဲ့အစည်းက ထောက်ခံလာအောင် စည်းရုံးမှုတွေ ရှိတယ်လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရက AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။

    စင်ကာပူရောက် ရခိုင်တစ်ချို့ဟာ AA ကို ဘဏ္ဍာရေးထောက်ပံ့မှုတွေ လုပ်ဆောင်နေပြီး တစ်ဦးဆိုရင် လတိုင်း အလှူငွေထည့်ကြောင်း၊ လူမှုရေးအခမ်းအနားတွေကို အသုံးပြုပြီး AA အတွက် ဝါဒဖြန့်တာတွေ၊ ‘အဖနိုင်ငံတော်’ ကိုထောက်ခံလာအောင် စည်းရုံးတာတွေ လုပ်ကြကြောင်း
    စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    AA နဲ့ ULA တည်ထောင်မှု ၁၀ နှစ်ပြည့်အခမ်းအနားကို စင်ကာပူရောက် ရခိုင်တိုင်းရင်းသားတွေက ကျင်းပခဲ့ပြီး AA တံဆိပ်ပါတဲ့ အင်္ကျီတွေကို ၀တ်ဆင်တာ၊ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ စစ်ဆင်ရေးတွေကို သရုပ်ဖော်တဲ့ ပြကွက်တွေ လုပ်ဆောင်ခဲ့တာတွေကိုလည်း
    မြင်တွေ့ခဲ့ရကြောင်း MHA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သတိပေး

    နိုင်ငံခြားသားတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးပြဿနာတွေကို စင်ကာပူနိုင်ငံထဲ ယူဆောင်မလာဖို့လည်း စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ သတိပေးထားပါတယ်။

    “လက်နက်ကိုင်အကြမ်းဖက်မှုကို ထောက်ခံတဲ့၊ ပံ့ပိုးတဲ့၊ ဆောင်ရွက်တဲ့ ဒါမှမဟုတ် ပြင်ဆင်ပေးတဲ့ ဘယ်သူ့ကိုမဆို စင်ကာပူက အထူးစောင့်ကြည့်သွားမှာပါ။ တိုက်ခိုက်မှုအတွက် ဘယ်လို အကြောင်းချက်မျိုးပေးပေး၊ တိုက်ခိုက်မှု ဘယ်မှာပဲဖြစ်ဖြစ် စင်ကာပူက လစ်လျူရှုမှာ မဟုတ်ပါဘူး။ စင်ကာပူရဲ့ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ရှိစေနိုင်တဲ့ ဒီလိုလုပ်ရပ်မျိုးမှာ ပါဝင်ရင် နိုင်ငံသားဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်”

    စင်ကာပူမှာရှိနေတဲ့ မြန်မာနိုင်ငံသားအများစုဟာ ဥပဒေကို လိုက်နာပြီး စင်ကာပူနိုင်ငံအတွက် အကူအညီပေးနေကြောင်း၊ လူတစ်ချို့ရဲ့ လုပ်ရပ်အတွက် သဟဇာတဖြစ်စွာ နေထိုင်နေတဲ့ ကျန်တဲ့လူများစုကို မထိခိုက်စေဖို့ သတိထားဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း MHA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: CNA

  • မြန်မာကြက်တောင်ကစားသမား သက်ထားသူဇာ ကမ္ဘ္ဘာ့အဆင့် ၈၄ သို့ ရောက်ရှိ

    မြန်မာကြက်တောင်ကစားသမား သက်ထားသူဇာ ကမ္ဘ္ဘာ့အဆင့် ၈၄ သို့ ရောက်ရှိ

    ဇူလိုင် ၁၁၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာ့ ကြက်တောင်ရိုက်အားကစားအဖွဲ့ချုပ် BWF က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာ ကြက်တောင်ကစားသမား သက်ထားသူဇာဟာ အဆင့် ၈၄ နေရာကို ရောက်လာခဲ့ပါတယ်။

    အခုတစ်ပတ်အစောပိုင်းက အိုက်ဗရီကို့စ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်မှာ သက်ထားသူဇာဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ကမ္ဘ္ဘာ့အဆင့် ၈၂ အိန္ဒိယကစားသမားကို ဗိုလ်လုပွဲမှာ ၂ ပွဲပြတ် အနိုင်ကစားပြီး ဗိုလ်စွဲခဲ့ပါတယ်။

    အခု ကမ္ဘ္ဘာ့အဆင့်သတ်မှတ်ချက်မှာ သက်ထားသူဇာဟာ အဆင့် ၁၀၁ ကနေ ၁၇ ဆင့် ခုန်တက်လာခဲ့တာဖြစ်ပြီး အဆင့် ၁၀၀ အတွင်း ၀င်တဲ့ ကစားသမားတွေထဲမှာ အဆင့်အများဆုံး တက်လာနိုင်သူ ဖြစ်ပါတယ်။

    အခုလို အဆင့် ၁၀၀ အတွင်း ၀င်သွားတဲ့အတွက် အိုလံပစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

    Ref: bwfbadminton.com

  • နိုင်ငံခြား လက်နက်ကိုင်အဖွဲ့ ၃ ခုမှ စစ်သွေးကြွ ၄ ဦးကို မလေးရှား ဖမ်းဆီး

    နိုင်ငံခြား လက်နက်ကိုင်အဖွဲ့ ၃ ခုမှ စစ်သွေးကြွ ၄ ဦးကို မလေးရှား ဖမ်းဆီး

    ဇူလိုင် ၁၀၊ ၂၀၁၉
    M-Media

    -ပြည်နယ်နှစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ပြည်ပ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွ ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဆီလန်ဂေါနဲ့ ကဒါဟ် ပြည်နယ်တို့မှာ ဇွန်လ ၁၄ ရက်နေ့က ဇူလိုင်လ ၃ ရက်နေ့အတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ၂ ဦး၊ ဖိလစ်ပိုင် တစ်ဦးနဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။

    မလေးရှားရဲချုပ် ဒါတွတ်ဆရီ အဘ်ဒူလ် ဟာမစ် ဘဒွရ်က ဖိလစ်ပိုင်နိုင်ငံသား အသက် ၅၄ နှစ်အရွယ် အမျိုးသားကို ဇွန်လ ၁၄ ရက်နေ့က ကလန်းမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ ဖိလစ်ပိုင်က အဘူဆယက်ဖ် အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်မှုရှိသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆာဘားပင်လယ်ပြင်မှာ အဘူဆယက်ဖ်အဖွဲ့က ကျူးလွန်တဲ့ ပြန်ပေးဆွဲမှုတွေမှာ ဒီအမျိုးသား ပါဝင်ခဲ့ပြီး အရှေ့ဆာဘား လုံခြုံရေးဌာနချုပ် Esscom က အလိုရှိနေသူလည်းဖြစ်ပါတယ်။

    အသက် ၂၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသားကို အမ်ပန်းမြို့မှာ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်လှေကားပြုပြင်သူအဖြစ် လုပ်ကိုင်နေတဲ့သူဟာ Babbar Khalsa International (BKI) အကြမ်းဖက်အဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ရဲ့ အရှေ့တောင်အာရှ လုပ်ငန်းတွေအတွက် မလေးရှားရင်းဂစ် ၇၆၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။

    မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၂ ဦးကိုတော့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA နဲ့ ဆက်သွယ်မှုရှိတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲချုပ် အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့ပါတယ်။

    အသက် ၄၁ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားကို ကဒါဟ်ပြည်နယ် စွန်ငိုင်း ပက်တာနီမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကို အသက်အန္တရယ်ခြိမ်းခြောက်တဲ့ ဗီဒီယို လွှင့်တင်မှုအတွက် ဖမ်းဆီးခံရတာဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ မလေးရှားကို တရားမ၀င် ၀င်ရောက်လာမှု၊ ၂၀၁၂ ခုနှစ်မှာ ခရီးသွားအထောက်အထားအတု သုံးစွဲမှု၊ လူကုန်ကူးမှုမှာပါဝင်မှု စတဲ့ ရာဇ၀တ်မှုမှတ်တမ်းတွေ ရှိတယ်လို့ မလေးရှားရဲချုပ်က ပြောပါတယ်။

    ဇူလိုင်လ ၃ ရက်နေ့က ကဒါဟ်ပြည်နယ် အေလိုဆီတာမြို့မှာ ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာအမျိုးသားက အသက် ၂၅ နှစ်အရွယ်ရှိနေပြီး ဘူကစ်ပီနန်မြို့ မဒ်ရာဆာ ဘာသာရေးစာသင်ကျောင်းမှာ ကျောင်းဆရာလုပ်နေသူဖြစ်ပါတယ်။ သူဟာ ARSA အဖွဲ့ကို အားပေးထောက်ခံတဲ့အတွက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ရဲချုပ် အဘ်ဒူလ် ဟာမစ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: The Star

  • မောင်တောမှ အိုးအိမ်စွန့်ခွာရသူများအတွက် အိန္ဒိယက နေအိမ် ၂၅၀ ဆောက်ပြီး လွှဲပြောင်းပေးအပ်

    မောင်တောမှ အိုးအိမ်စွန့်ခွာရသူများအတွက် အိန္ဒိယက နေအိမ် ၂၅၀ ဆောက်ပြီး လွှဲပြောင်းပေးအပ်

    ဇူလိုင် ၁၀၊ ၂၀၁၉
    M-Media

    အိန္ဒိယက ဆောက်လုပ်ပေးသည့် နေအိမ်များ

    -ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့မှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခက်ပြေးခဲ့ရတဲ့ ရခိုင်၊ ဟိန္ဒူနဲ့ ရိုဟင်ဂျာမိသားစုတွေ နေထိုင်ဖို့အတွက် ဆောက်လုပ်ပြီးသား အိမ် အလုံး ၂၅၀ ကို အိန္ဒိယနိုင်ငံက မြန်အစိုးရထံ လွှဲပြောင်းပေးခဲ့ပါတယ်။

    အဲဒီအိမ်တွေဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ အိမ်တွေ လွှဲပြောင်းပေးခဲ့မှုအကြောင်းကို နှစ်ဖက် အာဏာပိုင်တွေက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီစီမံကိန်းအတွက် မြန်မာအစိုးရက မြေနေရာ ၃ ခု သတ်မှတ်ပေးခဲ့ပြီး အိမ်တွေကို ဟိန္ဒူ၊ ရိုဟင်ဂျာနဲ့ ရခိုင်လူ့အဖွဲ့အစည်းတွေထံ ခွဲဝေပေးခဲ့ပါတယ်။ အိမ်တွေရဲ့ အကျယ်အ၀န်းဟာ စကွဲယားမီတာ ၄၀ ရှိပါတယ်။ နေအိမ်တွေ ဆောက်လုပ်မှုအတွင်း ဒေသခံလူ့အဖွဲ့အစည်းဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိခဲ့ပါတယ်။

    အိန္ဒိယက ဆောက်လုပ်ပေးခဲ့တဲ့ နေအိမ် ၂၅၀ မှာ ၁၄၈ လုံးက ဟိန္ဒူလူ့အဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ ၆၀ က ရိုဟင်ဂျာ လူ့အဖွဲ့အစည်း၊ ၄၂ လုံးက ရခိုင်လူ့အဖွဲ့အစည်းတွေအတွက် ဖြစ်ပါတယ်။ အိမ်တွေကို မီးလိုင်းတွေ တပ်ဆင်ပေးထားပြီး၊ ရွာသားတွေ လာရောက်နေထိုင်ချိန်အမီ ဇူလိုင်လကုန်ပိုင်းမှာ ရေပိုက်လိုင်းတွေလည်း တပ်ဆင်ဖို့ ရှိနေပါတယ်။

    မြန်မာအာဏာပိုင်တွေဟာ ဟိန္ဒူတွေနေထိုင်တဲ့ ရွှေဇားရွာကိုသာ ဂျာနယ်လစ်တွေကို ခေါ်ဆောင် ပြသခဲ့ပြီး၊ ရိုဟင်ဂျာတွေရဲ့ ကြိမ်ချောင်းတောင်ရွာနဲ့ ရခိုင်တွေရဲ့ နန့်သာတောင်ရွာတို့ကို မပြခဲ့ပါဘူး။

    ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေထိုင်နိုင်ရေးအတွက် တရုတ်နဲ့ ဂျပန်တို့ကလည်း နေအိမ်တွေ ဆောက်လုပ်ပေးနေပါတယ်

    မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ၂၀၁၇ ခုနှစ် သဘောတူညီချက်အရ အိန္ဒိယဟာ နောက်ထပ် အိမ်အလုံးပေါင်း ၇၅၀ ဆောက်လုပ်ပေးဖို့ ကျန်ရှိနေသေးပြီး စီမံကိန်း ပြီးစီးမယ့် အချိန်အတိအကျကို မသတ်မှတ်ရသေးပါဘူး။

    Ref: CNA